အခန်း ၃၁၃
Vol. 32 Ch. 313
အခန်း (၃၁၃) ဦးနှောက်ခြောက်ရသော အခြေအနေ - ၂၀
သူ့အမြင်ကို ပြောင်းလဲလိုက်ပြီးနောက် ဖုန်းပုကြွယ်သည် ပုန်းကွယ်နေသော ပထမဆုံး သဲလွန်စကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့သည်…။ ၎င်းမှာ LCD တီဗီပေါ်က အကာအကွယ်ဖလင်ပြား ဖြစ်၏။
သူက တီဗီဖန်သားပြင်အနီးသို့ တိုးကပ်ကာ သေချာကြည့်ရှုလိုက်ရာ ဖလင်ပြားပေါ်တွင် ပုံမှန်မဟုတ်သော အမှတ်အသားအချို့ကို ရှာဖွေတွေ့ရှိလိုက်သည်။ သူသည် တီဗီပေါ်မှ ဖလင်ပြားကို ချက်ချင်း ခွာယူလိုက်ပြီး အလင်းရောင်တွင် မြှောက်ကိုင်ကာ စစ်ဆေးကြည့်သော်လည်း ယင်းပေါ်ရှိ အချက်အလက်များက ဘာကို ဆိုလိုသည်ဆိုသည်ကိုမူ နားမလည်နိုင်သေးချေ။
“ဖလင်ပြားကိုယ်တိုင်က အလင်းပေါက်ဖြစ်နေပြီး အမှတ်အသားတွေကလည်း သိပ်မသိသာလှဘူး…”
သူ စိတ်ဝင်တစားဖြင့် တွေးတောလိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင်မူ စိတ်ကူးတစ်ခု ရရှိသွားတော့သည်။
ဖုန်းပုကြွယ်သည် မီးဖိုချောင်သို့ လျင်မြန်စွာ သွားရောက်ကာ ဗီရိုထဲမှ ဖုန်စုပ်စက်တစ်လုံးကို ထုတ်ယူလိုက်သည်။ သူ စက်ကို ဖွင့်လိုက်ရာ ဖုန်အိတ်မှာ တစ်ဝက်ခန့် ပြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် အခွင့်အရေးရှိသည်ဟု ချက်ချင်း ခံစားလိုက်ရသဖြင့် ဖလင်ပြားကို ယူကာ အပြားလိုက်လှန်ထားလိုက်ပြီးနောက် ယင်းပေါ်သို့ ဖုန်မှုန့်များကို ညီညာစွာ ဖြန်းပက်လိုက်တော့သည်။
မျှော်လင့်ထားသည့်အတိုင်း ဖုန်မှုန့်များအောက်တွင် အင်္ဂလိပ်စာလုံးအချို့ ပေါ်ထွက်လာပြီ ဖြစ်သည်။
“ဟား… ငယ်ငယ်တုန်းက သဲပန်းချီဆွဲပြီး ကစားခဲ့တာကို သတိရမိစေတာပဲ”
ဖုန်းပုကြွယ်က သူ့လက်ပေါ်က ဖုန်မှုန့်များကို ပုတ်ခါရင်း ပြောလိုက်ပြီးနောက် စာလုံးများကို ကြည့်ကာ ပြောလိုက်သည်…။
“m, v, e, m, j… u, n”
ဖလင်ပြားပေါ်က သဲလွန်စများမှာ ထိုအင်္ဂလိပ်စာလုံး ခုနစ်လုံး ဖြစ်သည်။ စာလုံးများကို ရိုးရှင်းသော ပုံစံဖြင့် အလျားလိုက် စီစဉ်ထားပြီး “j” နှင့် “u” ကြားမှလွဲ၍ ကျန်စာလုံးများအားလုံးမှာ ညီညာသော အကွာအဝေးများ ရှိကြသည်။
“စာလုံးခုနစ်လုံးက ဘာကို ဆိုလိုတာလဲ”
ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။
“လူစွမ်းကောင်းညီအစ်ကို ခုနစ်ယောက်ရဲ့ အင်္ဂလိပ်အမည်တွေရဲ့ ပထမဆုံး စာလုံးတွေလား”
သူက နောက်ပြောင်သည့်သဘောဖြင့် ပြောလိုက်ခြင်း ဖြစ်သော်လည်း ဤစကားက စိတ်ကူးတစ်ခုကို လှုံ့ဆော်ပေးလိုက်လေသည်။
“ဟင်… ဖြစ်နိုင်မလား…”
ဖုန်းပုကြွယ်က စာလုံးများကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ရာ သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်ထွက်လာတော့သည်။
“ဟဲ… ဂြိုလ်ကြီးရှစ်လုံးပဲ”
အမှန်တကယ်တွင် ဖုန်းပုကြွယ်၏ နက္ခတ္တဗေဒဆိုင်ရာ အသိပညာမှာ အတော်လေး အကန့်အသတ် ရှိပေသည်…။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် အနည်းဆုံးတော့ ဂြိုလ်ကြီးရှစ်လုံး၏ အစီအစဉ်နှင့် ၎င်းတို့ထဲမှ ခြောက်လုံး၏ အင်္ဂလိပ်စာလုံးပေါင်းကို သိရှိထားပေသည် (သူသည် ယူရေးနပ်စ်နှင့် နက်ပကျွန်းတို့၏ တိကျသော စာလုံးပေါင်းကို မသိသော်လည်း ထိုစကားလုံးများ၏ ပထမဆုံး စာလုံးများကိုမူ မှတ်မိနေခြင်း ဖြစ်သည်)။
ဤယူဆချက်ကို ထည့်သွင်းစဉ်းစားပြီးနောက် သူသည် ဧည့်ခန်းရှိ စာအုပ်စင်ဆီသို့ လျင်မြန်စွာ သွားရောက်ကာ အခြေခံနက္ခတ္တဗေဒဆိုင်ရာ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်တော့သည်။
ဖုန်းပုကြွယ်၏ စာအုပ်စင်မှာ သူ့ဦးနှောက်ကဲ့သို့ပင် အလွန် စနစ်တကျ ရှိသည်။ စာအုပ်များကို အက္ခရာစဉ်၊ အမျိုးအစားနှင့် ခေတ်ကာလကဲ့သို့သော ဦးစားပေးအချက်အမြောက်အမြားအတိုင်း ခွဲခြားသတ်မှတ်ထားရာ သူ လိုအပ်သည့် မည်သည့်အချက်အလက်အတွက်မဆို သက်ဆိုင်ရာ စာအုပ်ကို ချက်ချင်း ရှာဖွေတွေ့ရှိနိုင်စေသည်။
အချို့က မေးကြပေလိမ့်မည်… “အခုက ၂၀၅၅ ခုနှစ်တောင် ရောက်နေပြီပဲ၊ အွန်လိုင်းပေါ်မှာ တိုက်ရိုက် ရှာကြည့်လို့မရဘူးလား”
မှန်ပေသည်၊ ဖုန်းပုကြွယ်သည် အွန်လိုင်းပေါ်တွင် အရာရာကို မကြာခဏ ရှာဖွေလေ့ရှိသော်လည်း အင်တာနက်သည် အရာရာကို တတ်နိုင်စွမ်းမရှိဟု သူက အခိုင်အမာ ယုံကြည်ထားသည်။ လူသားများသည် ကမ္ဘာပေါ်က အချက်အလက်အားလုံးကို ကွန်ပျူတာထဲသို့ ထည့်သွင်းထားနိုင်ခြင်း မရှိသလို ထည့်သွင်းထားသော အချက်အလက်အားလုံးကိုလည်း အွန်လိုင်းပေါ်တွင် ရှာတွေ့နိုင်လိမ့်မည်ဟု အာမမခံနိုင်ချေ။ ထို့ပြင် ပြဋ္ဌာန်းစာအုပ်များ၊ ရည်ညွှန်းစာအုပ်များ သို့မဟုတ် လမ်းညွှန်လက်စွဲစာအုပ်များစွာထဲက အကြောင်းအရာများသည် အများပြည်သူသုံး ဝက်ဘ်ဆိုက်များပေါ်က “စွယ်စုံကျမ်းများ” ထက် ပိုမို အသေးစိတ်ပြီး တိကျလှသည်။
ထို့ပြင် အရေးအကြီးဆုံးအချက်မှာ… ဖုန်းပုကြွယ် လောလောဆယ်တွင် အတည်ပြုထားပြီး ဖြစ်သည်။ ယခုအချိန်တွင် ဤအခန်းထဲရှိ ကွန်ပျူတာ၊ ဂိမ်းစက်၊ တယ်လီဖုန်းနှင့် ဖက်စ်စက်တို့အားလုံးမှာ ချို့ယွင်းနေကြပြီ ဖြစ်သည်…။ တီဗီကို ဖွင့်၍ ရသော်လည်း မည်သည့်လိုင်းမှ ဖမ်းမရနိုင်သလို ဟတ်ဒရိုက်ဗ်ထဲတွင်လည်း မည်သည့်မှတ်တမ်းမှ ရှိမနေချေ။
“နေမင်းကြီးမှ အကွာအဝေး အစီအစဉ်အလိုက်ဆိုပါက… မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာ၊ မားစ်၊ ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်နှင့် နက်ပကျွန်းတို့ဖြစ်ကြသည်”
ဖုန်းပုကြွယ်က စာအုပ်ကို လှန်လှောရင်း အသံထွက်ဖတ်လိုက်သည်။
“ဖလင်ပြားပေါ်က စာလုံးခုနစ်လုံးက ဒီဂြိုလ်တွေထဲက ပထမဆုံးငါးလုံးနဲ့ နောက်ဆုံးနှစ်လုံးကို ရည်ညွှန်းနေတာပဲ၊ ပျောက်ဆုံးနေတဲ့ တစ်လုံးကတော့ သေချာပေါက် စေတန်ပဲ”
သူ စာအုပ်ကို ချလိုက်ပြီး မော့ကြည့်ကာ ဆိုလိုက်သည်…။
“ပျောက်ဆုံးနေတဲ့ စာလုံးက ‘s’ ဖြစ်မလား…”
သူသည် ဖလင်ပြားကို ကောက်ယူကာ မီးဖိုချောင်ကောင်တာပေါ်တွင် ယာယီ တင်ထားလိုက်သည်။ သူသည် ဗီရိုထဲမှ ပန်းကန်လုံးတစ်လုံးကို ကောက်ယူ၍ ဖိထားလိုက်ပြီး… “ဒါမှမဟုတ် အဲဒါက… ‘ကမ္ဘာ’ ဆိုတဲ့ စကားလုံးကို အရိပ်အမြွက်ပြနေတာလား၊ ဒါမှမဟုတ် စနေနေ့ (Saturday) ကို အရိပ်အမြွက်ပြနေတာလား (စေတန်က စနေနေ့ရဲ့ မြစ်ဖျားခံရာ ဖြစ်လို့ပဲ)”
သူသည် ပဟေဠိကို ဖြေရှင်းနိုင်ခဲ့သော်လည်း ထိုအရိပ်အမြွက်က အတိအကျ ဘာကို ဆိုလိုသည်ဆိုသည်ကိုမူ ပြောရခက်ပေသည်…။
“ဒါဆိုရင်တော့… သိသာထင်ရှားတာက သဲလွန်စက တစ်ခုထက်မက ရှိနေတာပဲ”
ဖုန်းပုကြွယ် သူ့မေးစေ့ကို လက်ဖြင့်ထောက်ရင်း ပြောလိုက်သည်…။
“ဒီအဖြေက ပဟေဠိရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်”
ရှာဖွေမှုကို ပြန်လည်စတင်ခဲ့ပြီး နောက်ထပ် ဆယ်မိနစ်ခန့် ကုန်လွန်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူသည် နံရံကပ်နာရီ၏ ကျောဘက်တွင် ထူးဆန်းသောအရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းမှာ ပလတ်စတစ်ဖြင့် ပြုလုပ်ထားပြီး အထဲတွင် အဖြူရောင် လက်တံများနှင့် နံပါတ်များ ရှိကာ အပြာရောင်ရှိသော သေးငယ်၍ ဝိုင်းပြီး ပြားသော နံရံကပ်နာရီတစ်လုံး ဖြစ်သည်။ ယင်းမှာ ယွမ်နှစ်ဆယ်အောက်ဖြင့် ဝယ်ယူနိုင်သော ဈေးပေါပေါ နာရီတစ်လုံးနှင့် ဆင်တူပေသည်။
နာရီ၏ ကျောဘက်မှာ အနက်ရောင်ဖြစ်ပြီး ရိုးရှင်းသော ဒီဇိုင်း ရှိသည်။ “၁၂ နာရီ” အမှတ်အသား၏ ကျောဘက်တွင်မူ ချိတ်ဆွဲရန်အတွက် ထွက်ပေါ်နေသော “U” ပုံသဏ္ဌာန် အပေါက်တစ်ခု ရှိသည်။ ပို၍ အောက်ဘက်ကျသော အလယ်ဗဟိုတွင်မူ အဖုံးမပါသော ဘက်ထရီအကန့်တစ်ခု ရှိပြီး ၎င်းထဲတွင် AA ဘက်ထရီတစ်လုံး ပါရှိသည်။ ဘက်ထရီအကန့်၏ ဘေးတွင်မူ ဝိုင်းဝန်းသော ပလတ်စတစ်ဂီယာ သို့မဟုတ် ဒိုင်ခွက်တစ်ခု ရှိသည်။ ၎င်းမှာ အချိန်ညှိရန်အတွက် ဖြစ်ပြီး မိနစ်လက်တံနှင့် တိုက်ရိုက် ဆက်သွယ်ထားခြင်း ဖြစ်သည်။
ထိုခဏ၌ ဖုန်းပုကြွယ်သည် ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိပြုမိသွားတော့သည်…။ သူ နာရီကျောဘက်က ဒိုင်ခွက်ကို လှည့်လိုက်သောအခါ ရွေ့လျားသွားသည်မှာ မိနစ်လက်တံ မဟုတ်ဘဲ နာရီလက်တံ ဖြစ်နေခြင်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ဤကဲ့သို့သော သဲလွန်စကို သတိပြုမိရန် မည်မျှအထိ ဉာဏ်ကြီးရှင် ဖြစ်ရမည်နည်း…။ လမ်းညွှန်ချက်မပါဘဲ ဇဲလ်ဒါ (Zelda) ဂိမ်းကို အနိုင်ယူနိုင်သူများပင်လျှင် ဤမျှအထိ တတ်နိုင်လိမ့်မည် မဟုတ်ချေ။
“သဲလွန်စက ‘နာရီလက်တံ’ လား”
ဖုန်းပုကြွယ် ရေရွတ်လိုက်သည်…။
“နာရီလက်တံ… နာရီလက်တံ… လီရှစ်ကျန်းလား၊ ပင်ချောင်းကန်းမုလား၊ ဂျေချောင်လား၊ စပိုင်စီကောင်မလေးလား…”
သူ့အတွေးများမှာ စက္ကန့်ပိုင်းအတွင်း ကောင်းကင်ဘုံသို့ ပျံတက်သွားခဲ့ပြီ ဖြစ်သည်။
“အင်း… နာရီလက်တံဆိုတော့ အချိန်ကို ကိုယ်စားပြုတာလား”
သူ့အတွေးများမှာ ဟော့ပေါ့အိုးထဲမှ ပြန်လည်ရောက်ရှိလာခဲ့သည်။
“မဟုတ်ဘူး၊ တကယ်လို့ အချိန်ကို ကိုယ်စားပြုတာဆိုရင် မိနစ်လက်တံ ဒါမှမဟုတ် စက္ကန့်လက်တံလည်း အလုပ်ဖြစ်တာပဲ၊ ငါ့ကို သဲလွန်စ သတိထားမိအောင်လုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတာပဲ၊ ဥပမာ ဒိုင်ခွက်ကို ပြောင်းပြန်လှည့်ခိုင်းတာမျိုးပေါ့”
သူက နာရီကို ပြန်ကြည့်လိုက်သည်။
“ဒါက ‘နာရီ’ကို ဆိုလိုတာလား”
ဖုန်းပုကြွယ်သည် နံရံကပ်နာရီကို ဆိုဖာရှေ့က ကော်ဖီစားပွဲပေါ်တွင် တင်လိုက်သည်။
“ဒီသဲလွန်စက နာရီ ဒါမှမဟုတ် မိနစ်ကို ရည်ညွှန်းတယ်လို့ ယူဆရမလား၊ ဒါဆိုရင် ဖလင်ပြားပေါ်က သဲလွန်စက စနေနေ့ (Saturday) ပေါ့ ဟုတ်လား”
သူ တွေးတောလိုက်သည်။
“ဟူး… စိတ်ဝင်စားဖို့ကောင်းသားပဲ”
ဒုတိယသဲလွန်စ ထွက်ပေါ်လာပြီးနောက်တွင်မူ အခြေအနေမှာ ရှင်းလင်းမသွားသည့်အပြင် ပိုမို ရှုပ်ထွေးလာလေသည်။
ဖုန်းပုကြွယ်သည် ဧည့်ခန်းထဲတွင် ဆက်လက်ရှာဖွေလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူသည် ဆိုဖာကို မှောက်လှန်ပစ်ခဲ့ပြီး ပရိဘောဂများစွာကို ရွှေ့ပြောင်းကာ ဗီဒိုများကို ဖွင့်၊ အံဆွဲများကို ဆွဲထုတ်၊ ရေခဲသေတ္တာကို အကုန်ထုတ်ပစ်ခဲ့ပြီး နေ့စဉ်သုံးပစ္စည်းများစွာကိုပင် ဖြုတ်ပစ်ခဲ့သော်လည်း ဘာမှ ရှာမတွေ့သေးချေ။
“အာ”
ဖုန်းပုကြွယ်သည် ကြောင်အိမ်သာခွက်ဆီသို့ ရောက်ရှိလာသောအခါ ရုတ်တရက် ပြောလိုက်သည်။
“ငါက သဲကို မသုံးဘဲ ဘာလို့ ဖုန်မှုန့်တွေကို သုံးလိုက်ရတာလဲ…”
တကယ်တော့ သူသည် စိတ်ကူးမရှိခဲ့ခြင်း မဟုတ်ဘဲ ဖလင်ပြား၏ ပဟေဠိကို ဖြေရှင်းရန် ကြောင်သဲကို အသုံးပြုနိုင်ကြောင်း တွေးမိသွားခြင်းသာ ဖြစ်သည်။
“ဒါကိုလည်း ရှာကြည့်ရအောင်”
သူသည် ကြောင်သဲဗန်းကို လှန်ပစ်လိုက်ပြီး ယင်းထဲက အရာများကို ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်ရာ သဲအလွှာပါးလေးသာ ကျန်ရှိတော့သည်။
“အဟား”
ဖုန်းပုကြွယ် ဗန်းကိုချပြီး ထွက်ခွာတော့မည့်အချိန်တွင် ယင်း၏ အောက်ခြေတွင် သဲလွန်စတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
ထိုနေရာတွင် ထွင်းထုထားသော နံပါတ်နှစ်စုံ ရှိနေခြင်းဖြစ်သည်။
“ကောင်းပြီ၊ ဒါက ဘာကို ဆိုလိုတာလဲ…”
ဖုန်းပုကြွယ် ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်ရင်း ဆိုလိုက်သည်။
“602 က အချိန်နဲ့ ဆက်စပ်နေပုံရပေမဲ့ 599 ကတော့ နည်းနည်း ဝေးလွန်းသလိုပဲ၊ စာတိုက်ကုဒ်လား၊ ဖုန်းနံပါတ်လား၊ နိုင်ငံသားမှတ်ပုံတင်လား၊ SCP ကုဒ်လား…”
၎င်းက ဘာကို ရည်ညွှန်းသည်ကို ရှာဖွေရန် သူ့ဦးနှောက်က အရှိန်အဟုန်ဖြင့် တွေးတောနေခဲ့သည်။
“နေဦး…”
ဖုန်းပုကြွယ်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားပြီး ထခုန်လုနီးပါး ဖြစ်သွားကာ စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်မိသည်။
“ဒါတွေက စာမျက်နှာနံပါတ်တွေပဲ… စာမျက်နှာ ၅၉၉ ကနေ ၆၀၂ အထိ”
သူသည် စာအုပ်စင်ဆီသို့ ခပ်သွက်သွက် ပြေးသွားပြီး စင်များကို မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ စကန်ဖတ်လိုက်သည်။ အထူအပါးကိုသာ အခြေခံ၍ နှစ်မိနစ်အတွင်းတွင် သူသည် စာမျက်နှာ ၅၀၀ အောက်ရှိသော စာအုပ်များကို ဖယ်ထုတ်လိုက်နိုင်သည်။
“ဟား… ငါ တကယ့်ကို တုံးတာပဲ”
ဖုန်းပုကြွယ်သည် သူ့ညာလက်ကို မြှောက်ကာ ခေါင်းကို အသာပုတ်လိုက်သည်။
“ဖလင်ပြား ပဟေဠိရဲ့ အဖြေက ‘s’ ဖြစ်ပြီး နာရီရဲ့ အရိပ်အမြွက်ကလည်း အတူတူပဲ၊ အဖြေက စာလုံးတစ်လုံးတည်းပဲ…”
သူသည် စာအုပ်စင်၏ ဘေးတစ်ဖက်သို့ သူ့အကြည့်ကို လျင်မြန်စွာ ပို့ဆောင်လိုက်သည်။ ထိုနေရာတွင် ‘s’ သို့မဟုတ် ‘h’ ဖြင့် စတင်သော စာအုပ်များအားလုံး ရှိနေလေသည်။
“စာအုပ်စင်ပေါ်က စာအုပ် ကိုးဆယ်ရာခိုင်နှုန်းက တရုတ်စာအုပ်တွေပဲ၊ စာမျက်နှာ မပြည့်တဲ့ စာအုပ်တွေကို ဖယ်လိုက်ရင် ခေါင်းစဉ်ရဲ့ ပထမဆုံး စာလုံးရဲ့ ဖျင်ယင် (pinyin) ပထမစာလုံးအတိုင်း ရှာလို့ရတယ်၊ ဒါပေမဲ့ အရိပ်အမြွက်က ခေါင်းစဉ်ရဲ့ အင်္ဂလိပ်ဘာသာပြန်ရဲ့ ပထမစာလုံးကို ရည်ညွှန်းတာလည်း ဖြစ်နိုင်တယ်…”
သူ ထိုသို့ တွေးလိုက်မိရုံရှိသေးသည်။ စာအုပ်ခေါင်းစဉ်တစ်ခုက ဖုန်းပုကြွယ်၏ ဦးနှောက်ထဲသို့ ရုတ်တရက် ရောက်ရှိလာတော့သည်။
“ဟွန်း… ဟီးဟီး… ဟားဟားဟား…”
သူသည် ရူးကြောင်ကြောင်ဖြင့် ရယ်မောလိုက်ပြီး သူ၏ အဆက်မပြတ် ရွေ့လျားနေသော အကြည့်က ရပ်တန့်သွား၏။
စက္ကန့်အနည်းငယ်အကြာတွင်မူ သူသည် လက်လှမ်းကာ စင်ပေါ်တစ်နေရာမှ ထူထဲသော စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ သူသည် ထိုစာအုပ်ကို ဧည့်ခန်းသို့ ယူဆောင်လာပြီး ကော်ဖီစားပွဲပေါ်တွင် တင်ထားလိုက်တော့သည်။
ထို့နောက် ဖုန်းပုကြွယ်သည် မီးဖိုချောင်သို့ ပြန်သွားပြီး ဖုန်ထူနေသော ဖလင်ပြားကို ကြည့်ကာ ပေါ့ပေါ့ပါးပါးဖြင့် ကောက်ယူ၍ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက်တွင်မူ သူသည် ဗီရိုထဲမှ အလူမီနီယံ ရေနွေးအိုးတစ်လုံးကိုယူကာ ရေပိုက်ခေါင်းမှ ရေများဖြည့်ပြီးနောက် ဂတ်စ်မီးဖိုပေါ်တွင်တင်ကာ ရေနွေးစတည်တော့သည်။
“အင်း… ရေပွက်ပွက်ဆူဖို့ ငါးမိနစ်ကနေ ဆယ်မိနစ်လောက် ကြာလိမ့်မယ်”
ဖုန်းပုကြွယ်သည် ရှုပ်ပွနေသော ဧည့်ခန်းကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်ရှုလိုက်သည်။
“ဒီသဲလွန်စသုံးခုက ညွှန်ပြနေတဲ့ အဖြေကို ငါ ရှာတွေ့သွားပြီဆိုတော့ ဧည့်ခန်းထဲက ပဟေဠိက ပြေလည်သွားပြီလို့ ပြောရမယ်”
သူ အိပ်ခန်းတံခါးဆီသို့ လှည့်ကြည့်ကာ ဆိုလိုက်သည်။
“ဒီမိနစ်အနည်းငယ်အတွင်းမှာပဲ အထဲကို ခဏလောက် ဝင်ကြည့်လိုက်ပါဦးမယ်”
သူ ဆုံးဖြတ်ချက်ချပြီးနောက်တွင်မူ ဖုန်းပုကြွယ်သည် အိမ်ထဲမှ ကြမ်းတိုက်တံကို အရင်ဆုံး ယူဆောင်လိုက်ပြီးနောက် အိပ်ခန်းတံခါးဆီသို့ သွားကာ တံခါးလက်ကိုင်ကို လှည့်ကြည့်လိုက်သည်။ ပြဿနာမရှိချေ။ တံခါးပွင့်သွား၏။
သူသည် တံခါးကို အလွန်ဂရုတစိုက်ဖြင့် အဟလေးတစ်ခု ဖြစ်အောင် တွန်းဖွင့်လိုက်သည်။ အိပ်ခန်းမီးမှာ လင်းနေလေသည်။ သူသည် မိုင်းကွင်းတစ်ခုကို စစ်ဆေးနေသကဲ့သို့ ကြမ်းတိုက်တံကို အထဲသို့ ထိုးထည့်ကာ အားလုံး အဆင်ပြေမပြေကို ထောင့်ပေါင်းစုံမှ စစ်ဆေးပြီးမှသာ… တံခါးကို အပြည့်အဝ တွန်းဖွင့်လိုက်တော့သည်။
သို့သော် တံခါးကို ဖွင့်လိုက်ပြီး အိပ်ခန်းထဲက မြင်ကွင်းကို မြင်လိုက်ရချိန်တွင်တွင်မူ သူ့ဦးနှောက်ထဲ၌ “ငါဖွင့်တာ မှားသွားပြီ ဖြစ်မယ်” ဟူသော အတွေးတစ်ခုက ချက်ချင်း ပေါ်ထွက်လာတော့သည်။
“ဟိုင်း”
ကုတင်ပေါ်က ချောမောလှပသော အမျိုးသမီးက ဖုန်းပုကြွယ်ကို ချိုသာ၍ ညှို့ယူဖမ်းစားတတ်သော အသံဖြင့် နှုတ်ဆက်လိုက်သည်။
ထိုအမျိုးသမီးသည် ဖုန်းပုကြွယ်၏ ကုတင်ပေါ်တွင် ဘေးတစောင်းလှဲလျောင်းနေပြီး “အလွန်ရိုးရှင်းသော” အဝတ်အစားများကိုသာ ဝတ်ဆင်ထားခြင်းဖြစ်သည်။ ပါးလွှာ၍ ဖောက်ထွင်းမြင်နေရသော ညဝတ်အင်္ကျီအောက်တွင်မူ သူမ၏ ခရမ်းရောင် အတွင်းခံအဝတ်အစားများကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး ပြည့်ဖြိုးမို့မောက်နေသော ရင်သားများမှာလည်း ခပ်ရေးရေး ပေါ်လွင်နေကာ သင်းပျံ့သော ပုခုံးများ၊ သွယ်လျသော ခါးနှင့် ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော ရှည်လျားသည့် ခြေတံတစ်စုံတို့က လှပသော ကောက်ကြောင်းတစ်ခုကို ပုံဖော်ပေးနေလေသည်။
သူမ၏ ရှည်လျားသော လှိုင်းတွန့်ဆံနွယ်များမှာ ကျောပြင်ပေါ်သို့ စီးကျနေပြီး ဖုန်းပုကြွယ်၏ ခေါင်းအုံးအထိပင် ရောက်ရှိနေပေသည်။ သူမ၏ အလှအပမှာ ငြင်းပယ်၍မရနိုင်လောက်အောင် ရှိသော်လည်း အဆွဲဆောင်နိုင်ဆုံးအရာမှာမူ အဆုံးမရှိသော ညှို့ဓာတ်များကို ထုတ်လွှတ်နေသည့် သူမ၏ စူးစိုက်ကြည့်တတ်သော စွဲမက်ဖွယ်မျက်ဝန်းများပင် ဖြစ်သည်။
“ဒီဂိမ်းကတော့ ပိုပိုပြီး လန်းလာတာပဲ”
ဖုန်းပုကြွယ်က တည်ငြိမ်သော အမူအရာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
“လူချောလေး… နင်တစ်ခုခု လိုအပ်လို့လား”
လှပသောအမျိုးသမီးက မေးလိုက်သည်။
“သေချာတာပေါ့… အဲဒါက မင်းရဲ့ လိုအပ်ချက်ပေါ်မှာလည်း မူတည်ပါတယ်”
ဖုန်းပုကြွယ်က အရှက်မရှိဘဲ ပြန်လည်ဖြေကြားလိုက်သည်။
“ဘာများလဲ… ဒီကို လာခဲ့လေ”
လှပသောအမျိုးသမီးက ကုတင်စွန်းကို ပုတ်ရင်း ဆိုလိုက်သည်။
“လာပါ၊ ဒီမှာ ထိုင်ဦးလေ”
“အင်း…”
ဖုန်းပုကြွယ်သည် စက္ကန့်ပိုင်းအတွင်း ဆင်ခြေတစ်ခုကို စဉ်းစားလိုက်ရသည်။
“ငါ ရေနွေးတည်ထားလို့…”
“အိုး နင်က တော်တော်လေး ရှက်တတ်တာပဲ”
လှပသောအမျိုးသမီးက ဆိုသည်။
“နိုး နိုး နိုး… ငါက အရမ်းကို သဘောကောင်းတဲ့လူပါ”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ငါ့ရဲ့ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးအတွက်ကြောင့်သာ မင်းကို ရှောင်နေရတာပါ”
“ဘာလဲ… ငါက နင့်ကို စားပစ်မှာ ကြောက်လို့လား”
လှပသောအမျိုးသမီးက ပြောပြောဆိုဆိုနှင့် နှုတ်ခမ်းကို အနည်းငယ် ကွေးညွတ်လိုက်ကာ မျက်ခုံးကို တွန့်၍ လျှာဖျားလေးဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ သူမသည် ငြင်းပယ်၍မရနိုင်လောက်အောင်ပင် ဆွဲဆောင်မှု ရှိလှသည်။
“ဟုတ်တယ်”
ဖုန်းပုကြွယ် ခေါင်းငြိမ့်လိုက်သည်။
“ဒီလိုသာ မဟုတ်ရင် ငါက အသိတရားတွေ၊ ထိန်းချုပ်မှုတွေနဲ့ သိက္ခာတရားတွေကို စွန့်လွှတ်ပြီး တံခါးပိတ်လိုက်မိတာ ကြာပြီပေါ့”
“နင်ဘာတွေ ပြောနေတာလဲ… ငါ နားမလည်ဘူး…”
လှပသောအမျိုးသမီးက သူမ၏ ခန္ဓာကိုယ်ကို လှုပ်ခါရင်း ပစ်မှတ်ကို ညှို့ယူဖမ်းစားရန် အစွမ်းကုန် ကြိုးစားလျက် ထပ်မံ မေးမြန်းလိုက်သည်။
“ငါက မင်းနဲ့ စကားစမြည်ပြောရင်း မင်းဘာလို့ ငါ့အပေါ်ကို တိုက်ရိုက်ပဲ မလှုပ်ရှားရတာလဲလို့ တွေးနေတာပါ”
ဖုန်းပုကြွယ်က ပြန်လည်ဖြေကြားလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။
“အိုး သဘောပေါက်ပြီ”
သူသည် တစ်ခုခုကို နားလည်သွားသည့်ပုံစံဖြင့် ပြောရင်း အိပ်ခန်းထဲသို့ ခြေလှမ်းလှမ်းလိုက်လေသည်။ သို့သော်လည်း သူသည် ကုတင်အနားသို့ ချဉ်းကပ်မသွားဘဲ လှပသောအမျိုးသမီးနှင့် အတိုင်းအတာတစ်ခုအထိ ကွာဝေးသော နေရာတွင်သာ မတ်တတ်ရပ်နေခဲ့သည်။
“မင်းက အတိအကျပြောရရင် ဘာလဲ…”
ဖုန်းပုကြွယ်က မျက်မှောင်ကြုတ်လျက် သူမကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် ငါသိရမှာပဲ၊ ဒါမှမဟုတ်… စမ်းသပ်ကြည့်ရင် သိရမှာပဲ၊ မင်းဘာသာမင်း ဝန်ခံလိုက်တာက မကောင်းဘူးလား”
အလွန်တိုတောင်းသော အခိုက်အတန့်အတွင်း လှပသောအမျိုးသမီး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူမက အပြုံးတစ်ခုကို လျင်မြန်စွာ ပြန်လည်ဆင်မြန်းလိုက်သည်။
“နင်ဘာတွေ ပြောနေတာလဲ… ငါ နားမလည်ပါဘူး…”
“ဟွန်း… ထွီ”
ဖုန်းပုကြွယ် တံတွေးတစ်ချက် ထွေးလိုက်သည်။ သူသည် ခပ်လှမ်းလှမ်းမှနေ၍ သူမထံသို့ တံတွေးထွေးလိုက်ခြင်း ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် တံတွေးမှာ လှပသောအမျိုးသမီး၏ ပေါင်ပေါ်သို့ ကျရောက်သွားတော့သည်…။
အခန်းထဲတွင် တိတ်ဆိတ်ခြင်းက ကြီးစိုးသွား၏။
“အင်း… ကြည့်ရတာ သရဲတော့ မဟုတ်ဘူးပဲ”
ဖုန်းပုကြွယ်က အလေးအနက် ဆိုလိုက်သည်။
“နင် ဘာလုပ်တာလဲ…”
အမျိုးသမီး၏ မျက်နှာထက်တွင် လူသတ်လိုသော အမူအရာတစ်ခု ထွက်ပေါ်လာပြီ ဖြစ်သည်။
“စမ်းသပ်နေတာလေ”
ဖုန်းပုကြွယ်သည် အဲကွန်းရီမုဒ်နှင့် တီဗီရီမုဒ်တို့ကို ကောက်ယူကာ လက်ဝါးကပ်တိုင် ပုံသဏ္ဌာန် ပြုလုပ်၍ သူမကို ပြသလိုက်သည်။
နောက်ထပ် စိတ်ပျက်စရာကောင်းသော တိတ်ဆိတ်မှုတစ်ခု…။
“ဗန်ပိုင်းယားလည်း မဟုတ်ဘူးပဲ…”
စက္ကန့်အနည်းငယ်အကြာတွင်မူ ဖုန်းပုကြွယ်သည် “လက်ဝါးကပ်တိုင်” ကို ချလိုက်ပြီး တွေးတွေးဆဆဖြင့် ဆိုလိုက်သည်။
“နင့်မှာ တခြားလုပ်စရာမရှိရင် အပြင်ထွက်သွားတော့…”
အမျိုးသမီးက သူ့ကို မောင်းထုတ်ချင်နေပုံရသည်။
“ဘယ်ကို ထွက်ရမှာလဲ”
ဖုန်းပုကြွယ် စကားဖြတ်ပြောလိုက်သည်။
“ဒါက ငါ့အခန်းလေ”
သူ ခဏရပ်လိုက်သည်။
“ဒါပေမဲ့ ငါ တကယ်ပဲ ခဏတော့ အပြင်ထွက်မှာပါ”
သူက နောက်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
“အပြင်က စာအုပ်စင်ပေါ်မှာ သမ္မာကျမ်းစာပုံစံအမျိုးမျိုး ရှိတယ်၊ ငါ ပြန်လာရင် တစ်အုပ် ယူလာခဲ့မယ်၊ ပြီးတော့ ငွေဓားတစ်ချောင်းလည်း ယူလာခဲ့မယ်”
“ကောင်းပြီ”
လှပသောအမျိုးသမီး ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“Succubus ပဲ”
(TL note – succubus ဆိုတာ ယောကျ်ားတွေကို မြူဆွယ်တတ်တဲ့ လှပတဲ့ကဝေမပါ။ ဂျပန်အနိမဲ (NTR) ကြည့်တဲ့လူတွေ သိကြမှာပါ ဟီးဟီး)
“အိုး”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“မင်း စောစောကတည်းက ပြောရောပေါ့”
ထို့နောက် သူက နောက်ကျမှ ထပ်ဖြည့်လိုက်သည်။
“ငါ သိပြီးသားပါ”
“ဒါဆို နင်က ဘာလို့ ငါ့ကို တံတွေးနဲ့ ထွေးရတာလဲ”
“ဘာလဲ…”
ဖုန်းပုကြွယ်က သဘာဝကျကျပင် ပြောလိုက်သည်။
“တကယ်လို့ ငါက အဝတ်အစားအားလုံးကို ချွတ်ပြီး အတွင်းခံပဲနဲ့ပဲ မင်းရဲ့ ကုတင်ပေါ်မှာ လှဲပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံတွေလုပ်နေရင် မင်းကော ငါ့ကို တံတွေးနဲ့ ထွေးမှာ မဟုတ်ဘူးလား”
မကောင်းဆိုးဝါးတစ်ကောင်အနေဖြင့် ထိုအမျိုးသမီးသည် သူ့မေးခွန်းကို မည်သို့ပြန်ဖြေကြားရမည်ကို တကယ်ပင် မသိတော့ချေ။
ထို့နောက် ကဝေမသည် သူမ၏ စစ်မှန်သော ပုံသဏ္ဌာန်ကို ဖော်ထုတ်လိုက်တော့သည်။ သူမ၏ အရေပြားမှာ ခရမ်းနုရောင်သို့ ပြောင်းလဲသွားပြီး နဖူးထက်မှ လိပ်ခွေနေသော သိုးချိုနှစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ ကျောပြင်မှ လင်းနို့တောင်ပံတစ်စုံ ထွက်ပေါ်လာပြီး တင်ပါးဆုံမှ သေးငယ်ချွန်ထက်သော အမြီးတစ်ခု ထွက်ပေါ်လာ၏။ သူမ၏ အဝတ်အစားများပင်လျှင်… ခန္ဓာကိုယ်နှင့် ကပ်ရပ်နေပြီး ရင်ဟိုက်သားရေဝတ်စုံအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
“ငါ့ကို သွားခွင့်ပေးပါ၊ နင့်ကို မနာကျင်စေရဘူးလို့ ငါကတိပေးတယ်”
သူမ၏ အထောက်အထားကို ဖော်ထုတ်ပြီးနောက်တွင်မူ ကဝေမက ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်သည်။
“အခုတော့ ချောင်းမြောင်းတိုက်ခိုက်မှုက ရှုံးနိမ့်သွားပြီး အထောက်အထားကလည်း ပေါ်သွားပြီဆိုတော့ မင်းရဲ့ စကားတွေကို ယုံကြည်လို့ ရပါ့မလား”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“ဒါဆို နင်ဘာလိုချင်လို့လဲ”
ကဝေမက မေးလိုက်သည်။
“မင်း ငါ့ကို ပြောပြနိုင်တဲ့ အရာတစ်ခုခု ရှိလား”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါမှမဟုတ် မင်း ငါ့ကို ပေးနိုင်တဲ့ အရာတစ်ခုခု ရှိလား”
“နင် ဘာလိုချင်လို့လဲ”
ကဝေမက သူမ၏ မျက်နှာထက်တွင် ဆိုးယုတ်သော အပြုံးတစ်ခုကို ပြန်လည်ဆင်မြန်းရင်း မေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါက မင်းခန္ဓာကိုယ်ကိုတော့ မလိုချင်ပါဘူး”
ဖုန်းပုကြွယ်က တည်တည်ငြိမ်ငြိမ်ပင် ပြန်လည်ဖြေကြားလိုက်သည်။
“ဟွန့်… ပျင်းစရာကောင်းလိုက်တာ”
ကဝေမသည် သူမ၏ သားရေဝတ်စုံရှေ့ဘက်သို့ လက်လှမ်းကာ သူမ၏ ရင်နှစ်မွှာကြားမှ သော့တစ်ချောင်းကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ပြီး မြှောက်ကိုင်ကာ ပြောလိုက်သည်။
“နင် ဒါကို လိုချင်တာ မဟုတ်လား”
“ဒီဘက်ကို လွှင့်ပေးလိုက်”
ဖုန်းပုကြွယ်က တိုက်ရိုက်ပင် ပြောလိုက်သည်။
“ဒီကိုလာယူလေ”
ကဝေမက ပြန်ပြောသည်။
“ဟား… မင်းက အဲဒီအကွက်ကို ကြံနေတုန်းပဲလား”
ဖုန်းပုကြွယ် လှောင်ပြုံးပြုံးလိုက်သည်။
“ငါ့ကို ‘ခုနစ်ထောင့်ကြယ်ပုံစံ’ရဲ့ အကွာအဝေးထဲ ရောက်အောင် လုပ်မလို့လား၊ အိမ်မက် မက်နေလိုက်”
“ငါ နင်ကို သော့ပစ်ပေးလိုက်ပြီး နင်သာ ထွက်သွားရင် ငါက ဒီမှာ ထာဝရ ပိတ်မိနေမှာ မဟုတ်ဘူးလား”
ကဝေမက ပြန်လည်ချေပလိုက်သည်။
“ပေါက်ကရတွေ”
ဖုန်းပုကြွယ်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
“တကယ်လို့ ငါ လမ်းလျှောက်လာပြီးမှ မင်းငါ့ကို သော့ပေးရင်ကော၊ အဲဒီအချိန်မှာ မင်းက ငါ့ကို သတ်၊ ငါ့ဦးနှောက်တွေကို သုံးပြီး အင်းကွက်ကို ဖျက်ဆီးပြီး လွတ်မြောက်သွားနိုင်တာပဲလေ”
“တကယ်ပါပဲ… နင့်လိုမျိုး ကုတင်ခင်းပေါ်မှာ မှော်အင်းကွက်တွေ သုံးတတ်တဲ့ ယောကျ်ားတွေကို ငါ လုံးဝစိတ်မဝင်စားပါဘူး…”
ကဝေမက သူမအောက်က စောင်ကို မရင်း ပြောဆိုလိုက်သည်။
အကြောင်းမူကား… အစ်ကိုကြွယ်၏ ကုတင်ခင်းပေါ်က ပုံစံမှာ TN (နတ်ဆိုးများနှင့် ကောင်းကင်တမန်များကို ဆင့်ခေါ်ထိန်းချုပ်သည့် ဓလေ့ထုံးတမ်းများနှင့် မှော်ပညာများ ပါဝင်သော လျှို့ဝှက်ဆန်းကြယ်ကျမ်းစာတစ်စောင်ဖြစ်သည့် ဆော်လမွန်၏ဒင်္ဂါးပြား) ထဲတွင် မှတ်တမ်းတင်ထားသော မှော်အင်းကွက်တစ်ခု ဖြစ်နေသောကြောင့်ပင်။
ဤအရာနှင့်ပတ်သက်၍ ပြောရလျှင်… ၎င်းမှာ အတိတ်က နာကျင်စရာ သမိုင်းတစ်ခုပင် ဖြစ်သည်…
၂၁ ရာစု အလယ်ပိုင်းက လူငယ်များသည် သူတို့၏ ကိုယ်ပိုင်ဟန်ကို ဖော်ထုတ်ရန် အလွန် စိတ်အားထက်သန်ကြပေသည်။ အခြားသူများ၏ ဒီဇိုင်းများသည် သူတို့အတွက် မလုံလောက်တော့ချေ…။ သူတို့၏ ဖုန်းမြည်သံများ၊ ပရိုဖိုင်ပုံများ၊ တီရှပ်ဒီဇိုင်းများ စသည်ဖြင့်ပေါ့။ ထို့ကြောင့် အမျိုးမျိုးသော ကိုယ်တိုင်လုပ် DIY (Do It Yourself) နှင့် သက်ဆိုင်သော လုပ်ငန်းများစွာ ထွက်ပေါ်လာခဲ့သည်။
ဖုန်းပုကြွယ်၏ ကုတင်ခင်းမှာလည်း ထိုကဲ့သို့သော ထုတ်ကုန်တစ်ခု ဖြစ်သည်…
ယင်းကို ပြုလုပ်ပုံမှာ အတော်လေး ရိုးရှင်းပေသည်။ ထိုနေ့က ဖုန်းပုကြွယ်သည် DIY ဆိုင်တစ်ဆိုင်သို့ သွားရောက်ကာ အရောင်ရင့်ကုတင်ခင်းတစ်ထည်ကို ဝယ်ယူခဲ့ရာ ဆိုင်ပိုင်ရှင်က ယင်းပေါ်တွင် မည်သည့်ဒီဇိုင်းကို ပုံနှိပ်ချင်သနည်းဟု မေးမြန်းခဲ့သည်။
ဆိုင်ဝန်ထမ်းက ဝယ်သူအတွက် ရွေးချယ်စရာများ ပေးနိုင်ရန် ကွန်ပျူတာထဲက ပစ္စည်းဖိုင်များကို ဖွင့်လိုက်စဉ်တွင် အစ်ကိုကြွယ်သည် စက္ကူဖြူတစ်ရွက်ကို ကောက်ယူကာ ခုနစ်ထောင့်ကြယ်ပုံစံ (ဆော်လမွန်၏ ကြယ်ခုနစ်ပွင့်နှင့် အဲရက်စ်၏ ကြယ်ငါးပွင့် ပေါင်းစပ်ထားပြီး ခုနစ်ထောင့်ပုံစံ အဓိကခန္ဓာကိုယ်ကို ကွင်းတစ်ခုဖြင့် ဝန်းရံထားကာအထဲတွင် ခြောက်ထောင့်ကြယ်တစ်ခု ပါရှိပြီး အနားတစ်ခုစီတွင် လက်တင်ဂါထာမန္တန်များ ပါဝင်သော အင်းကွက်) ကို အရှိန်အဟုန်ဖြင့် ဆွဲလိုက်တော့သည်။
ဘေးက ကြည့်နေသူများမှာ ချက်ချင်း အံ့အားသင့်သွားကြသည်။ ဆိုင်ဝန်ထမ်းက သူ့ကို မိစ္ဆာဂိုဏ်းဝင်တစ်ဦးဟု ထင်မှတ်သွားပြီး ဆိုင်ပိုင်ရှင်ကမူ အစ်ကိုကြွယ်ကို လမ်းတစ်ဖက်က တက်တူးဆိုင်က လာရောက်နှောင့်ယှက်ရန် ငှားရမ်းထားခြင်း ဖြစ်နိုင်သည်ဟု မသဲမကွဲ သံသယဝင်သွားခဲ့သည်။
အတိုချုပ်ပြောရလျှင်… လူအုပ်ကြီး၏ ရှုပ်ထွေးလှသော အကြည့်များကြားမှ အစ်ကိုကြွယ်သည် ကုတင်ခင်းကို အိမ်သို့ ယူဆောင်လာခဲ့ခြင်း ဖြစ်တော့သည်။
“စကားများမနေနဲ့တော့၊ တကယ်လို့ မင်းငါ့ကို တိုက်ခိုက်ဖို့ မရည်ရွယ်ဘူးဆိုရင် ငါ့ကို ဘာလို့ လာယူခိုင်းနေတာလဲ”
ဖုန်းပုကြွယ်က ဆိုသည်။
“မြန်မြန် ပစ်ပေးလိုက်၊ ဒါမှမဟုတ်ရင် ငါ အပြင်ထွက်ပြီး ရေချိုးကန်အပြည့် မြင့်မြတ်ရေစင် (holy water - မြင့်မြတ်ရေစင်သည် ပြုလုပ်ရလွယ်ကူပြီး ဆုတောင်းခြင်းဖြင့် ပြုလုပ်နိုင်သည်) တွေကို လုပ်၊ ရေသေနတ်ထဲဖြည့်ပြီး ပြန်လာပြီး မင်းကို နှိပ်စက်ပစ်မယ်”
ကဝေမသည် ဖုန်းပုကြွယ်ကို စက္ကန့်အနည်းငယ်မျှ အံ့အားသင့်စွာဖြင့် စိုက်ကြည့်လိုက်ပြီးနောက် သော့ကို သူ့ထံသို့ အမှန်တကယ်ပင် ပစ်ပေးလိုက်တော့သည်။
“ကောင်းပါပြီ… အိမ်မှာ ရေသေနတ်တွေ သိမ်းထားတတ်တဲ့ ယောကျ်ားမျိုးကို ငါတကယ် စိတ်မဝင်စားပါဘူးနော်…”