အခန်း ၃၁၄
Vol. 32 Ch. 314
အခန်း (၃၁၄) ဦးနှောက်ခြောက်ရသော အခြေအနေ - ၂၁
ဤစကားဝိုင်းအပြီးတွင် ဖုန်းပုကြွယ်နှင့် ကဝေမတို့သည် "သဘောတူညီချက်" တစ်ခု ရသွားကြသည်။ ထိုအချိန်တွင် ကဝေမသည်သည် မကောင်းဆိုးဝါးအဖြစ်မှ NPC အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့အပေါ် ရန်လိုစိတ်များ လုံးဝမရှိတော့ချေ။
သို့သော်လည်း စနစ်က မည်သည့်သတိပေးချက်မျှ ထုတ်ပြန်ခြင်းမရှိပေ။ သော့ကို ရရှိပြီးနောက် ကဝေမကို ပြန်လွှတ်ပေးရန် သို့မဟုတ် ဆက်လက်ဖမ်းဆီးထားရန်မှာ ဖုန်းပုကြွယ်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်သည်။
"အင်း..."
ဖုန်းပုကြွယ်သည် သော့ကို စက္ကန့်အနည်းငယ်မျှ သေချာကြည့်ရှု၍ အိုင်တမ်ဖော်ပြချက်ကို ဖတ်လိုက်သည်။
အမည် - ကျိန်စာသင့်သော့
အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း
အရည်အသွေး - သာမန်
အာနိသင် - သော့ကိုင်ထားသူသည် ကံဆိုးမှုများနှင့် ဆက်တိုက်ကြုံတွေ့ရမည် (ဤအိုင်တမ်ကို လွှင့်ပစ်ခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် အခြားသူနှင့် အရောင်းအဝယ်ပြုလုပ်ခြင်း မရပါ
ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ
မှတ်ချက် - ဤသော့သည် သက်ဆိုင်ရာ တံခါးကို ဖွင့်ပြီးနောက် အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။
အိုင်တမ်၏ အာနိသင်ကို မြင်လိုက်ရသောအခါ ဖုန်းပုကြွယ်သည် ဒုတိယမြောက် မှတ်ချက်ကို သတိရသွားမိသည်။
‘မင်း လိုချင်တဲ့အရာကို ရပြီလို့ ထင်လိုက်တဲ့အချိန်မှာ တကယ်တော့ မင်း အများကြီး ပိုဆုံးရှုံးလိုက်ရတာ ဖြစ်နိုင်တယ်’
"ဟူး... မင်း ဘာလို့ ငါ့ကုတင်ပေါ်မှာ လာပိတ်မိနေလဲဆိုတာ ငါအခုမှ သဘောပေါက်တော့တယ်"
ဖုန်းပုကြွယ် ရေရွတ်လိုက်မိသည်။
"ငါက ကံဆိုးသွားလို့ပါ"
ကဝေမက ပြန်ပြော၏။
"နင်အခန်းကလည်း အရမ်းကျဉ်းတာပဲ၊ ငါနံရံကို ဖြတ်ပြီးတာနဲ့ ရှေ့ကို တစ်မီတာလောက်ပဲ ပျံရသေးတယ်၊ ကုတင်ပေါ်ကို တည့်တည့်ကျသွားတာပဲ၊ ဘယ်သူက ထင်မှာလဲ... ကုတင်ခင်းပေါ်မှာ ဆော်လမွန်ဘုရင်ရဲ့ မှော်အင်းကွက်ပုံစံကို DIY လုပ်ပြီး ပုံနှိပ်ထားလိမ့်မယ်လို့"
သူမ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဤ "ကျိန်စာသင့်သော့" ၏ သဘာဝကို သူမ သိရှိပုံမရချေ။
ဖုန်းပုကြွယ်အနေဖြင့် ဤအချက်ကို အံ့သြခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် "အခြားကမ္ဘာမှ လာသော ခရီးသွားတစ်ဦး" ဖြစ်သည့် သူ့အမြင်နှင့် ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ဦး၏ အမြင်သည် လုံးဝကွဲပြားခြားနားနေမည်ကို သူ အပြည့်အဝ နားလည်ထားသောကြောင့် ဖြစ်သည် ။
ကဝေမ၏ မျက်စိထဲတွင်မူ ၎င်းမှာ သာမန်သော့တစ်ချောင်းသာ ဖြစ်သည်။ ဤသော့ကို ကိုင်ထားလျှင် ကံဆိုးမှုများ သယ်ဆောင်လာလိမ့်မည်ဟု မည်သူမျှ မပြောပြထားသရွေ့ သူမအနေဖြင့် သိရှိနိုင်မည် မဟုတ်ပေ။ သို့သော် ကစားသမားဖြစ်သည့် ဖုန်းပုကြွယ်၏ အမြင်တွင်မူ ဂိမ်းမီနူးမှတစ်ဆင့် အိုင်တမ်၏ အချက်အလက်နှင့် အာနိသင်ကို တိုက်ရိုက် မြင်တွေ့နေရခြင်း ဖြစ်သည်။
မှန်ပေသည် ကစားသမားအမြင် ရှိနေခြင်းကလည်း သူ့အတွက် ပြဿနာအချို့ သယ်ဆောင်လာပေသည်။ ဥပမာအားဖြင့် ကဝေမက သော့ကို သူ့ထံ ပေးနိုင်သော်လည်း ဖုန်းပုကြွယ်အနေဖြင့် ဤသော့ကို လွှင့်ပစ်ရန် သို့မဟုတ် အခြားသူထံ လွှဲပြောင်းပေးရန် မဖြစ်နိုင်တော့ချေ။
"ဒီသော့ကို ဘယ်ကနေ ရခဲ့တာလဲဆိုတာ ငါ့ကို ပြောပြလို့ ရမလား"
ဖုန်းပုကြွယ်က ထပ်မံ မေးမြန်းလိုက်သည်။
"ဒါက ဘော့စ်က နင့်ကို ပေးခိုင်းလိုက်တာလေ"
ကဝေမက ပြန်ဖြေလိုက်သည်။
"ဟင်..."
ဖုန်းပုကြွယ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သူက ငါ့ကို ပေးခိုင်းတာဆိုရင် မင်းဘာလို့ အစကတည်းက အကောင်းအတိုင်း လာမပေးတာလဲ၊ ပြီးတော့ မင်းထောင်ချောက်ထဲ မိနေတဲ့အချိန်မှာလည်း ငါ့ကို သေကြောင်းကြံဖို့ ဘာလို့ အတင်းဆွဲဆောင်နေရတာလဲ"
"ဘယ်သူက နင့်ကို သတ်ချင်တယ်လို့ ပြောလို့လဲ"
ကဝေမသည် ကုတင်ဘေးကို ပုတ်ရင်း စွဲမက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။
"ငါက နင့်ကို ဒီနားလာဖို့ ခေါ်တာနဲ့ပဲ နင့်ကို သတ်ချင်တာလို့ ပြောလို့ရမလား၊ တခြားအရာတွေ လုပ်လို့ မရဘူးလား... ပြီးမှ သော့ကို နင့်ဆီပေးရင်လည်း ရတာပဲကို"
ဤစကားကို ကြားရသောအခါ ဖုန်းပုကြွယ် ထပ်မံ စဉ်းစားမိပြန်သည်။ ဤစကားသည်ပင် ‘မင်း လိုချင်တဲ့အရာကို ရပြီလို့ ထင်လိုက်တဲ့အချိန်မှာ တကယ်တော့ ပိုပြီး ဆုံးရှုံးရတတ်တယ်’ ဆိုသည့် စကားကို အမှန်တကယ် ထင်ဟပ်နေခြင်း ဖြစ်သည်။
သို့သော်လည်း ဤသည်းထိတ်ရင်ဖို သုခဘုံထဲတွင် မည်သည့် ရမ္မက်ဆန္ဒ ဖြစ်ပေါ်စေမည့် အရာမျိုးမျှ ရှိလာမည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိပေသည်။ ကဝေမ ဤသို့ပြောရခြင်းမှာ ကစားသမားကို အခွင့်အရေးပေးသယောင် လှည့်စားခြင်းသာ ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။ အကယ်၍ သူသာ စောစောက ကုတင်နားသို့ တကယ်သွားမိပါက သေချာပေါက် တိုက်ခိုက်ခံရမည်ဖြစ်ပြီး ချက်ချင်းသေစေနိုင်သည့် အလှည့်အပြောင်းထဲသို့ပင် တည့်တည့် တိုးမိသွားနိုင်သည်။
ဖုန်းပုကြွယ်သည် ဤလှည့်ကွက်မျိုးကို တစ်ယောက်တည်းကစားရသည့် ဂိမ်းများတွင် အကြိမ်ကြိမ် တွေ့ကြုံဖူးသည်။ အချို့သော စိတ်ဓာတ်ကျစရာ ဂိမ်းများသည် ဇာတ်သိမ်းခါနီးတွင် ရွေးချယ်စရာ ပေးတတ်ကြသည်။ သင်က ရွေးချယ်မှု A ကို ရွေးလိုက်လျှင် ဆိုးရွားသောဇာတ်သိမ်းကို ရရှိမည်ဖြစ်ပြီး နောက်တစ်ကြိမ် ဂိမ်းကို ပြန်ဖွင့်ကာ ရွေးချယ်မှု B ကို ရွေးလိုက်ပြန်လျှင်လည်း ပို၍ပင် ရယ်စရာကောင်းပြီး ဆိုးရွားလှသော အစစ်အမှန်ဇာတ်သိမ်းကိုသာ တွေ့မြင်ရတတ်သည်။
၎င်းမှာ တစ်စုံတစ်ဦးက သင့်ရှေ့တွင် ကိတ်မုန့်တစ်ခု ချပြပြီး "စားမလား၊ မစားဘူးလား" ဟု ရွေးချယ်ခိုင်းသကဲ့သို့ပင် ဖြစ်သည်။ သင်က စားလိုက်လျှင် အဆိပ်မိပြီး သေဆုံးမည် ဖြစ်ကာ မစားဘဲ နေပါကလည်း ထိုသူက ကိတ်မုန့်ကို အရသာရှိရှိ စားပြရင်း "အရမ်းစားလို့ ကောင်းတာပဲ၊ မင်း မစားရတာ နှမြောစရာပဲ" ဟု လှောင်ပြောင်ပြောဆိုမည့် သဘောမျိုး ဖြစ်သည်။
ထိုစဉ် မီးဖိုချောင်ထဲရှိ ရေနွေးအိုးမှ ရေများ ဆူပွက်လာပြီး ဝီစီသံ မြည်လာတော့သည်။
ဖုန်းပုကြွယ် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"ဟေး... နင် မပြီးသေး..."
ကဝေမက သူ့ကို တားဆီးရန် ကြိုးစားသည်။
"ငါ မီးဖိုပိတ်ပြီးရင် ချက်ချင်းပြန်လာခဲ့မယ်"
ဖုန်းပုကြွယ်သည် သူမ ဘာပြောမည်ကို သိသဖြင့် စကားဖြတ်ကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်တော့သည်။
နှစ်မိနစ်ခန့် ကြာပြီးနောက် မီးဖိုကို ပိတ်ကာ အိပ်ခန်းထဲသို့ ကတ်ကြေးတစ်ချောင်း ကိုင်ဆောင်၍ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ဘေးကင်းစိတ်ချရစေရန်အတွက် ကုတင်နားသို့ မချဉ်းကပ်မီ ဖုန်းပုကြွယ်သည် သူ၏ ဗာဂျရာခေါင်းလောင်းကို ထုတ်ယူ၍ အာနိသင်ကို အသက်သွင်းလိုက်သည်။ ထွက်ပေါ်လာသော အမိန့်မှာ အမိန့်နံပါတ် (၁) ဖြစ်သည့် (NPC တစ်ဦး၏ အသေးစိတ် အချက်အလက်များကို ကြည့်ရှုခြင်း) ဖြစ်ပေသည်။
အမည် - Succubus
NPC ဂိုဏ်း - စုံထောက်ကလပ်
အဆင့် - ???
အရပ်အမြင့် - ၁၆၅ စင်တီမီတာ
အလေးချိန် - ၄၂ ကီလိုဂရမ်
တိုက်ပွဲ ဖြစ်ပွားနိုင်ခြေ - ရှိသည်
နောက်ဆက်တွဲ ဇာတ်လမ်း - ကျိန်စာသော့
"သူက မကောင်းဆိုးဝါး အချက်အလက်အဖြစ် မပြဘဲ NPC အဖြစ် ပြနေတာမို့ တိုက်ပွဲကို ရှောင်လွှဲလို့ ရနိုင်သေးတယ်၊ ငါ အရင် စမတိုက်သရွေ့တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး..."
ဖုန်းပုကြွယ် စိတ်ထဲမှ တွက်ချက်လိုက်သည်။
"နင်ဘာတွေ အချိန်ဆွဲနေတာလဲ"
ကဝေမက လောဆော်လိုက်သည်။
ပြဿနာများ ပိုမိုမရှုပ်ထွေးစေရန် ဖုန်းပုကြွယ် ဆက်လက်အချိန်မဆွဲတော့ပေ။
"အိုး... ဘာမှမဟုတ်ပါဘူး"
သူသည် ကုတင်ခင်း၏ ထောင့်စွန်းတစ်ခုကိုကိုင်၍ အလယ်တည့်တည့်သို့ ကတ်ကြေးဖြင့် အမြန် ညှပ်ချလိုက်တော့သည်။
ဆော်လမွန်ဘုရင်၏ မှော်အင်းကွက်အတွင်း ပိတ်မိနေသော သတ္တဝါများသည် မိမိတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် ထိုအင်းကွက်ကို မဖျက်ဆီးနိုင်ကြချေ။ ထိုမှော်အင်းကွက်သည် မည်မျှပင် အားနည်းပါစေ၊ သစ်ရွက်ခြောက်များ သို့မဟုတ် အရုပ်တုံးကလေးများနှင့် လုပ်ထား၍ လေတိုက်ရုံဖြင့် ပျက်စီးနိုင်စေဦးတော့ ပိတ်မိနေသူမှာ ဘာမှမတတ်နိုင်ချေ။ သို့သော် အင်းကွက်၏ သက်ရောက်မှုမရှိသော လူသားကဲ့သို့ သတ္တဝါတစ်ဦးသာ ထိုအင်းကွက်ထဲသို့ ဝင်ရောက်လာပါက ပိတ်မိနေသူသည် ထိုသူ၏သွေးကို အသုံးပြု၍ အင်းကွက်ကို ညစ်ညမ်းစေကာ လွတ်မြောက်နိုင်မည် ဖြစ်သည်။
ဖုန်းပုကြွယ်သည် အစကတည်းက မြှူဆွယ်မှုများနောက် ပါမသွားဘဲ တစ်ဖက်လူ ပိတ်မိနေသည့် အခြေအနေကို လျင်မြန်စွာ ရိပ်မိခဲ့သောကြောင့် တိုက်ပွဲမဖြစ်ဘဲ ဇာတ်ကွက်ကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် မှော်အင်းကွက်၏ အပြင်ဘက်အနားစွန်း ပြတ်တောက်သွားသည်နှင့် ဖုန်းပုကြွယ်သည် သူ့ပုခုံးပေါ်သို့ မမြင်နိုင်သော ဖိအားတစ်ခု ရုတ်တရက် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ ကဝေမသည် စွမ်းအားများ ပြန်လည်ရရှိသွားသည့် လက္ခဏာပင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ကဝေမ၏ လင်းနို့တောင်ပံငယ်လေးများ တဖျတ်ဖျတ်ခတ်သွားပြီး လေထဲသို့ မျောလွင့်ပျံတက်သွား၏။
"ဟွန်း... ဒီနေ့တော့ ငါ တကယ်ကံဆိုးတာပဲ"
သူမက မကျေမနပ် ရေရွတ်ရင်း နံရံကို ဖြတ်ကျော်ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။
"ဟူး"
ဖုန်းပုကြွယ်သည် သူ့လက်ထဲက သော့ကို ငုံ့ကြည့်လိုက်မိသည်။
"အခုကစပြီး ငါကံဆိုးမယ့်အလှည့် ရောက်ပြီပေါ့"
သော့ကို အင်္ကျီအိတ်ကပ်ထဲ ထည့်ပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။
မီးဖိုချောင်သို့ ပြန်ရောက်သောအခါ ကတ်ကြေးကို အံဆွဲထဲ ထည့်ပိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ဝဲကြည့်ရှုလိုက်သည်။
"ဒီ 'ကံဆိုးမှု' က ဘယ်လောက်အထိ ပြင်းထန်မှာလဲ..."
သူ့အကြည့်သည် ဓားစင်ဆီသို့ ရောက်ရှိသွားလေသည်။
"Final Destination ရုပ်ရှင်ထဲကလိုမျိုး အချိန်မရွေး သေသွားနိုင်တာလား..."
ထို့နောက် ကြမ်းပြင်ကို ကြည့်လိုက်ပြန်သည်။
"ဒါမှမဟုတ် လမ်းလျှောက်ရင်း သာမန်အတိုင်း ချော်လဲပြီး သွားနှစ်ချောင်း ကျိုးသွားမယ့် ပုံစံမျိုးလား..."
အမှန်တော့ သူအတွေးလွန်နေခြင်း ဖြစ်သည်။ အကယ်၍ ထိုကျိန်စာသင့်သော့သည် ချက်ချင်း သေစေနိုင်လောက်သည့် စွမ်းအားမျိုး ရှိနေပါက ကဝေမအနေဖြင့် လမ်းခရီးတွင် ပုံမှန်မဟုတ်သောအရာကို သတိပြုမိပြီးဖြစ်လိမ့်မည်ဖြစ်ကာ ဖုန်းပုကြွယ်၏ အိပ်ခန်းထဲအထိ ရောက်လာပြီး ထောင်ချောက်ထဲ ပေါ့ပေါ့ဆဆ ကျရောက်သွားမည် မဟုတ်ပေ။
...
ငါးမိနစ်ခန့် ကြာပြီးနောက် ဖုန်းပုကြွယ်သည် ရေနွေးဖြင့် ဖျော်ထားသော ကော်ဖီတစ်ခွက်ကို ကိုင်ကာ ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ ကော်ဖီခွက်ကို စားပွဲပေါ်တင်၍ လဲကျနေသော ဆိုဖာကို အကောင်းအတိုင်း ပြန်ပြင်ပြီး သက်သောင့်သက်သာ ထိုင်ချလိုက်သည်။
သူသည် ကော်ဖီကို တစ်ငုံသောက်လိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် "အာ" ဟု အသံပြုလိုက်သည်။
"ငါ မှတ်မိသလောက်ဆိုရင် စာမျက်နှာ ၅၉၉ ကနေ ၆၀၂ အထိက..."
ဖုန်းပုကြွယ်သည် ခြေထောက်ချိတ်ထိုင်ရင်း စားပွဲပေါ်က စာအုပ်ကို လှန်လိုက်သည်။
"အာဟား တကယ်ပဲ 'The Return' (ရှားလော့ဟုမ်းစ် ပြန်လာပြီ) အပိုင်းပဲကိုး"
မှန်ပါသည်။ စနစ်၏ အရိပ်အမြွက်သည် ဖုန်းပုကြွယ်၏ စာအုပ်စင်ပေါ်ရှိ စာရေးဆရာ အာသာ ကိုနန်ဒွိုင်းလ် ရေးသားသော ‘ရှားလော့ဟုမ်းစ်’ ပေါင်းချုပ်စာအုပ်ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
စာဖတ်ဝါသနာပါခြင်းမှာ တစ်ရက်တည်းဖြင့် ဖြစ်တည်လာခြင်း မဟုတ်ပေ။
ဆိုရိုးတစ်ခု ရှိပေသည်။ မိုင်တစ်ထောင်ကွာဝေးသော ခရီးကို ခြေတစ်လှမ်းဖြင့် စတင်ရသည် ဟူ၏။ ဖုန်းပုကြွယ်အတွက်မူ ဤစာအုပ်သည် သူ၏ ရှည်လျားလှသော စာဖတ်ခြင်း ခရီးစဉ်၏ ကနဦး အစပျိုးရာ ဖြစ်ခဲ့သည်။
သူသည် ငယ်စဉ်ကတည်းက အခြားကလေးများနှင့် အမှန်တကယ်ပင် မတူညီခဲ့ပေ။သူသည် ဂိမ်းကစားခြင်းနှင့် ရုပ်ပြကာတွန်းဖတ်ခြင်းတို့ကို ကြိုက်နှစ်သက်သော်ငြား စာဖတ်ခြင်းတွင် အသက်အရွယ်နှင့်မလိုက်အောင် သူနှင့် အခြားသက်တူရွယ်တူများထက် ပိုမိုထူးချွန်ပြီး ပိုမိုရူးသွပ်ခဲ့သူ ဖြစ်သည်။ ဤစာအုပ်ကို သူ မူလတန်းကျောင်းသားဘဝကတည်းက မုန့်ဖိုးစုပြီး ဝယ်ယူခဲ့ခြင်း ဖြစ်သည်။သူ့မိသားစုသည် မချမ်းသာသော်လည်း မုန့်ဖိုးပမာဏ အနည်းငယ်တော့ပေးနိုင်ပါသည်။ ထို့ကြောင့် သေးငယ်သော တည်းဖြတ်ထားသော စာအုပ်တစ်အုပ် ဝယ်ယူခဲ့ရသည်။ စာအုပ်တွင် စာမျက်နှာ ၁၄၀၀ ကျော်ရှိပြီး ပုံနှိပ်စာလုံးများမှာ အလွန်သေးငယ်ပြီး ဖတ်ရခက်ခဲသော်လည်း သူသည် အကြိမ်ကြိမ် ဖတ်ရှုခဲ့ပြီး အလွန်တန်ဖိုးထား ထိန်းသိမ်းခဲ့သည်။
သူသည် စာဖတ်နေရင်း ဘယ်တော့မှ အစာမစားပေ။ဆီပေနေသော လက်များ သို့မဟုတ် ညစ်ပတ်နေသော လက်များဖြင့် စာရွက်များကို ဘယ်တော့မှ မထိခဲ့ချေ။စာရွက်များကို ဘယ်တော့မှ မခေါက်ခဲ့ချေ။အဘယ်ကြောင့်ဆိုသော် သူဖတ်နေသော စာမျက်နှာမှာ မည်သည့်နေရာသို့ ရောက်နေကြောင်းကို သူအမြဲ မှတ်မိနေသောကြောင့် ဖြစ်ပေသည်။
လွန်ခဲ့သော ဆယ်စုနှစ်များမှ စာအုပ်များသည် သူ့စာအုပ်စင်ပေါ်တွင် ရှိနေဆဲဖြစ်သည်။ စာရွက်သားများက ဝါကျင့်ကျင့်အရောင် ဖြစ်လာသော်ငြား ပုံနှိပ်စာသားများသည် မည်သည့်ခေါက်ရာတစ်ချက်မှ မရှိဘဲ အလွန် ရှင်းလင်းနေဆဲဖြစ်သည်။
“ငါ ဒါကို ပြန်ဖွင့်ရမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး”
ဖုန်းပုကြွယ် ရေရွက်လိုက်သည်။ သူ့အာရုံကို သူ့ရှေ့ရှိ စာသားများထံ လျင်မြန်စွာ အာရုံစိုက်လိုက်လေသည်။
စာမျက်နှာ ၅၉၉ မှ ၆၀၂ အထိသည် ‘The Return’(ပြန်လာခြင်း) စာအုပ်မှ "The Empty House"(အိမ်အလွတ်ကြီး) ဟုခေါ်သော အပိုင်းဖြစ်သည်။
ဝါရင့်စာဖတ်သူတစ်ယောက်ဖြစ်သည့် ဖုန်းပုကြွယ်၏ အမြင်အရ "Return of the Holmes" (ရှားလော့ဟုမ်းစ် ပြန်လာပြီ) ဇာတ်လမ်းတွဲသည် ဤစီးရီး၏ ကျဆင်းမှုအစကို ပြသနေခြင်းဖြစ်သည်။ နောက်ပိုင်းထွက်ရှိသည့် "The Valley of Fear"၊ "The Last Bow" နှင့် "The New Detective" ကဲ့သို့သော လက်ရာများသည် ၎င်းတို့၏ ယုတ္တိဗေဒဆိုင်ရာ ဆင်ခြင်တုံတရားအပိုင်းတွင် အစောပိုင်းလက်ရာများလောက် စေ့စပ်သေချာမှု မရှိတော့ပေ။ ဤကာလအတွင်း ဟုမ်းစ်သည် လူတစ်ယောက်၏ အတွေးအမြင်များနှင့် အမှုတစ်ခု၏ အကြောင်းအကျိုးကို "မျက်နှာအမူအရာ အပြောင်းအလဲများ၊ အကြည့်အာရုံ ရွေ့လျားမှုများ၊ နှုတ်ခမ်းစေ့ပိတ်ပုံများ၊ လက်သီးကို တင်းတင်းဆုပ်ခြင်း သို့မဟုတ် ဖြေလျှော့ခြင်း..." တို့ကို ကြည့်ရုံမျှဖြင့် တိတိကျကျ ဆုံးဖြတ်နိုင်ပုံရနေသည်။
ဤဖြစ်စဉ်သည် တစ်နည်းအားဖြင့် ကိုနန်ဒွိုင်းလ်အနေဖြင့် ထိုကဲ့သို့သော ဇာတ်လမ်းများကို ဖန်တီးရန် စိတ်အားထက်သန်မှု တဖြည်းဖြည်း လျော့နည်းလာပြီး ထုတ်ဝေသူများနှင့် စာဖတ်သူများကို စိတ်ကျေနပ်မှုပေးရန်သက်သက်အတွက်သာ ရေးသားနေခြင်းဖြစ်ကြောင်း ထင်ဟပ်နေပေသည်။ ထို့ကြောင့်ပင် ၁၉၀၂ ခုနှစ်နောက်ပိုင်း ဟုမ်းစ်ဇာတ်လမ်းများသည် သူ၏ အစောပိုင်းလက်ရာများလောက် မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
အမှန်တွင် ဖုန်းပုကြွယ်သည် ကိုနန်ဒွိုင်းလ်၏ ကနဦးအခြေအနေကို အတော်လေး ကိုယ်ချင်းစာမိပေသည်။ စာရေးဆရာ အများအပြားသည် ထိုအတိုင်းပင် ဖြစ်တတ်ကြသည်။ သူတို့ စိတ်အားထက်သန်မှုအပြည့်ဖြင့် ရေးသားနေချိန်တွင် မည်သူမျှ ဂရုမစိုက်ကြသော်လည်း ကျော်ကြားလာပြီးနောက် ဖန်တီးမှုပိုင်း ကျဆင်းနေသည့်တိုင်အောင် လူများသည် ၎င်းတို့၏ စာမူများကို ထုတ်ဝေခွင့်ရရန် မြင့်မားသောစျေးနှုန်းများ ပေးဆောင်ရန် အသင့်ရှိနေကြသည်။
"A Study in Scarlet" ကို ၁၈၈၆ ခုနှစ် ဧပြီလတွင် အပြီးသတ်ခဲ့ပြီး ထိုစဉ်က ကိုနန်ဒွိုင်းလ်သည် နေရာအနှံ့ စာမူတင်ပြခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ၁၈၈၇ ခုနှစ် ခရစ္စမတ်ကာလကျမှသာ ခရစ္စမတ်နှစ်ပတ်လည် မဂ္ဂဇင်းတစ်ခုတွင် ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခွင့် ရခဲ့သည်။
ထို့နောက် ငါးနှစ်အကြာတွင်မူ သူကိုယ်တိုင် ငြင်းပယ်ရန် ကြိုးစားခဲ့သော်လည်း The Strand Magazine က သူ့ကို ဝတ္ထုတို တစ်ဆယ့်နှစ်ပုဒ်အတွက် စတာလင်ပေါင် ၁,၀၀၀ အထိ ကမ်းလှမ်းခဲ့သည်။
စာရေးခြင်းကို ရပ်တန့်ချင်နေသော်လည်း နှစ်ပေါင်းများစွာ "ဖိအားပေးခံရမှု" ကြောင့် ဆက်ရေးနေခဲ့ရသည့် စာရေးဆရာတစ်ယောက်အနေဖြင့် ကိုနန်ဒွိုင်းလ်သည် အမှန်တကယ်ပင် ခက်ခဲသောအချိန်များကို ဖြတ်သန်းခဲ့ရမည် ဖြစ်သည်။
"အိုး... ဒါက ဟုမ်းစ်က ဝပ်ဆင်ကို ရိုက်ခန်ဘတ်ခ်ရေတံခွန်ကနေ သူဘယ်လို လွတ်မြောက်ခဲ့လဲဆိုတာ ပြန်ပြောပြတဲ့ အပိုင်းပဲ..."
ဖုန်းပုကြွယ်သည် စာမျက်နှာ ၅၉၉ ကို ဖတ်ပြီးနောက် နောက်ထပ်သုံးမျက်နှာတွင် မည်သည့်အကြောင်းအရာများ ပါဝင်မည်ကို အခြေခံအားဖြင့် မှတ်မိသွားသော်လည်း ဆက်လက်ဖတ်ရှုလိုက်သည်။
“‘ငါလုံးဝ ပြုတ်မကျခဲ့ဘူး’
‘အဲဒီ ဘေးကင်းလုံခြုံတဲ့နေရာကို ဦးတည်နေတဲ့ လမ်းကျဉ်းလေးပေါ်မှာ ယုတ်မာတဲ့ အမူအရာနဲ့ ရပ်နေတဲ့ ပရော်ဖက်ဆာ မိုရီယာတီကို မြင်လိုက်ရတဲ့အချိန်မှာ ငါ့ရဲ့ နောက်ဆုံးအချိန် ရောက်ပြီဆိုတာ ငါသံသယမရှိခဲ့ဘူး’
‘သူ့ရဲ့ မီးခိုးရောင်မျက်လုံးတွေထဲမှာ ရက်စက်တဲ့ အကြံအစည်တွေကို ငါမြင်ခဲ့ရတယ်’”
ဖုန်းပုကြွယ်သည် ဟုမ်းစ်၏ ဖော်ပြချက်ကို ပြန်လည်ရွတ်ဆိုသည်။
“လုံးထွေးသတ်ပုတ်တဲ့ ဖော်ပြချက်က... တကယ်ကို မရှိသလောက်ပဲ၊ အဲဒီနောက် မိုရီယာတီက ပြုတ်ကျသွားတယ်၊ မြင်ကွင်းကတော့... ‘ငါ ငုံ့ကြည့်လိုက်တော့ သူ အဝေးကြီးကို ပြုတ်ကျသွားတာပဲ၊ ပြီးတော့ ကျောက်ဆောင်တစ်ခုနဲ့ ရိုက်မိပြီး လွင့်ထွက်သွားပြီး နောက်ဆုံးမှာ ရေထဲကို ကျသွားတာကို မြင်လိုက်ရတယ်’ တဲ့”
(TL note - ဘာသာပြန်သူ၏ ရှားလော့ဟုမ်း ဒိုင်ယာလော့အရေးအသားများသည် ဆရာကြီးမြသန်းတင့်၊ ဆရာကြီးရွှေဥဒေါင်းတို့၏ ဘာသာပြန်ဆိုချက်များကဲ့သို့ အဆင်မချောခဲ့ပါ သည်းခံပေးပါရန်)
ဖုန်းပုကြွယ်သည် ကော်ဖီကို ကောက်ယူကာ နောက်ထပ်တစ်ငုံ သောက်လိုက်သည်။
"ဒါကို ကြည့်ခြင်းအားဖြင့် မိုရီယာတီကတော့ သေချာပေါက် သေသွားပြီပဲ၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က ကပ္ပတိန် အမေရိကလောက်နီးပါး သန်မာပြီး ဒီလို ပြင်းထန်တဲ့ ဒဏ်ရာတွေရပြီးမှ ရေတံခွန်ထဲကနေ ပြန်ထွက်လာနိုင်ရင်တော့ တစ်မျိုးပေါ့"
သူ ခဏနားလိုက်သည်။
"ဒါဆိုရင်... စုံထောက်ကလပ်ရဲ့ ပိုင်ရှင်က အခြေခံအားဖြင့် သရဲတစ်ကောင်လား"
သူ့မျက်လုံးထဲတွင် ရုတ်တရက် တစ်စုံတစ်ခု လက်ခနဲ ဖြစ်သွားလေသည်။
"တကယ်လို့ သူ အသက်ရှင်နေသေးတယ်ဆိုရင်... ပြုတ်ကျသွားတဲ့သူက လူစားထိုးတစ်ယောက် ဖြစ်နေမလား၊ ဒါပေမဲ့ ဘယ်လိုလူစားထိုးမျိုးက ဟုမ်းစ်ရဲ့ မျက်စိကို လှည့်စားနိုင်မှာလဲ..."
သူ ကော်ဖီခွက်ကို ပြန်ချလိုက်သည်။
"အင်း... ဒါမှမဟုတ် လူအိုကြီးမိုရီယာတီက မူရင်းဇာတ်လမ်းရဲ့ တချို့တစ်နေရာက မိုရီယာတီရဲ့ ပုံရိပ်ယောင်တစ်ခုသက်သက် ဖြစ်နေမလား၊ စမ်းသပ်မှုအဆောက်အအုံထဲက တခြားပုံပြင်တွေနဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေလိုမျိုးပေါ့"
ဤမေးခွန်းကို ပရော်ဖက်ဆာကိုယ်တိုင်သာ ဖြေဆိုနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဖုန်းပုကြွယ်သည် ၎င်းကို လောလောဆယ် ဘေးဖယ်ထားပြီး ဆက်လက်ဖတ်ရှုလိုက်သည်။
သူသည် တစ်ချက်ကြည့်ရုံဖြင့် စာကြောင်းဆယ်ကြောင်းခန့် ဖတ်ရှုနိုင်သော်လည်း ယခုအခါတွင်မူ စာလုံးတိုင်းကို ဂရုတစိုက်ဖတ်ရှုနေပြီး မူရင်းအင်္ဂလိပ်စာကြောင်းများက မည်သို့ရှိမည်ကို ပြန်လည်တွေးတောနေမိသည် (သူ့တွင် ရှာလော့ဟုမ်းစ် ဇာတ်လမ်းတွဲများ၏ အင်္ဂလိပ်ဗားရှင်း စာအုပ်များလည်း ရှိသော်လည်း ထိုစာအုပ်များသည် စီးရီးလိုက်ဖြစ်ပြီး တစ်အုပ်လျှင် စာမျက်နှာ ၅၀၀ ထက် မပိုပေ)။
“‘ပရော်ဖက်ဆာ ချောက်ထဲကို ပြုတ်ကျသွားတဲ့ အချိန်မှာပဲ၊ ဒါဟာ ကံကြမ္မာက ငါ့အတွက် စီစဉ်ပေးထားတဲ့ ထူးခြားတဲ့ အခွင့်အရေးတစ်ခုဆိုတာ ငါရုတ်တရက် သဘောပေါက်သွားတယ်’ ‘မင်းက မတ်စောက်တဲ့ ချောက်ကမ်းပါးကြီးလို့ အခိုင်အမာ ပြောခဲ့ပေမဲ့ အဲဒီမှာ ကျဉ်းမြောင်းတဲ့ ခြေကုပ်အချို့နဲ့ ကျောက်ဆောင်အစွန်းတစ်ခုလို နေရာမျိုး ရှိနေခဲ့တယ်၊ ဒီလောက်မြင့်တဲ့ ချောက်ကမ်းပါးကြီးပေါ်ကို အဆုံးအထိ တက်ဖို့ဆိုတာ မဖြစ်နိုင်တာ အမှန်ပဲ၊ ဒါပေမဲ့ ခြေရာမချန်ဘဲ အဲဒီ စိုစွတ်ကျဉ်းမြောင်းတဲ့ လမ်းလေးအတိုင်း လျှောက်သွားဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး’”
ဤနေရာကို ဖတ်ရှုပြီးနောက် ဖုန်းပုကြွယ်သည် မှတ်ချက်မပေးဘဲ မနေနိုင်ခဲ့ချေ။
“ငါတို့အတွက် တကယ့်ကို စံပြပုဂ္ဂိုလ်ပဲ၊ တစ်ခါတည်း သေချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်ပြီးတာနဲ့ အဆုံးထိ သွားတော့တာပဲ၊ ခြေရာဖျောက်ဖို့အတွက် ချောက်ကမ်းပါးပေါ်ကို တကယ်သေနိုင်တဲ့ အန္တရာယ်ကို စွန့်စားပြီး တက်ခဲ့တယ်ပေါ့”
ဆက်လက်၍ စာမျက်နှာ ၆၀၀ မှ ၆၀၁ အထိ ဖော်ပြချက်များသည် ဟုမ်းစ်၏ ကျောက်ဆောင်တက်သည့် အတွေ့အကြုံကို အဓိကထားထားသည်။ ဤလုပ်ငန်းစဉ်အတွင်း အနီးအနားတွင် ပုန်းခိုနေသော မိုရီယာတီ၏ ကြံရာပါတစ်ဦးက ဟုမ်းစ်ကို ကျောက်တုံးကြီးများဖြင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။ အကယ်၍ ယင်းသည် စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဆိုပါက ကျွန်ုပ်တို့၏ မဟာစုံထောက်ကြီးသည် ရှုံးနိမ့်သွားပြီးနောက် ချောက်ထဲသို့ ဒရမ်မာဆန်ဆန် ပြုတ်ကျကာ၊ အသက်ရှင်ကျန်ရစ်ပြီး ထူးခြားဆန်းပြားသော စွမ်းအားများ၊ မှော်လက်နက်များ၊ အလှနတ်သမီးများ သို့မဟုတ် ဆရာကြီးတစ်ယောက်ယောက်နဲ့ ဆုံတွေ့ရမည်မှာ သေချာပေသည်။
ကံမကောင်းစွာဖြင့်ပင် ဤ ၂၀ ရာစုအစောပိုင်း ဝတ္ထုတွင်မူ ဇာတ်လိုက်အရှိန်အဝါသည် ဤမျှသာ စွမ်းဆောင်နိုင်ပေသည်။
"ငါ ကျောက်ဆောင်အစွန်းကို အတင်းတွယ်ကပ်ထားပြီး ငါ့ခန္ဓာကိုယ်က လေထဲမှာ တွဲလောင်းဖြစ်နေတုန်း နောက်ထပ်ကျောက်တုံးကြီးတစ်ခုက ငါ့ဘေးနားကို ပြုတ်ကျလာတယ်၊ ငါ့ခြေချော်သွားခဲ့ပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် အောက်က လမ်းပေါ်ကို ပြုတ်ကျသွားခဲ့တယ်၊ ငါဒဏ်ရာအပြင်းအထန် ရခဲ့ပေမဲ့ ပြန်ထပြီး ထွက်ပြေးခဲ့တယ်၊ မှောင်မိုက်နေတဲ့ တောင်တန်းတွေထဲမှာ ဆယ်မိုင်လောက် လမ်းလျှောက်ခဲ့ရတယ်၊ တစ်ပတ်အကြာမှာတော့ ဖလောရင့်စ်ကို ရောက်သွားခဲ့ပြီး အဲဒီအချိန်မှာ ကမ္ဘာပေါ်မှာ ငါဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှ မသိကြတော့ဘူး"
ဤစာပိုဒ်ကို ဖတ်ရှုပြီးနောက် ဖုန်းပုကြွယ်က ဆိုသည်။
"အင်း... ဒီတစ်ပတ်စာ အကြောင်းအရာကို တောတွင်းရှင်သန်ရေးလန်ကြုတ်ဇာတ်လမ်းတစ်ပုဒ် ရေးဖို့ သုံးလို့ရတာပဲ..."
နောက်ဆုံးတွင် စာမျက်နှာ ၆၀၁ မှ ၆၀၂ အထိ ဖြစ်ပြီး ဤဖော်ပြချက်၏ အဆုံးသတ်လည်း ဖြစ်သည်။
ဤအပိုင်းတွင် အဓိကအစိတ်အပိုင်း နှစ်ခု ပါဝင်သည်။ ပထမအပိုင်းသည် ဟုမ်းစ် ပျောက်ဆုံးနေသည့် နှစ်များအတွင်း သူ၏ အရည်အချင်းများကို မြှင့်တင်ရန် မည်သည့်နေရာများသို့ သွားရောက်ခဲ့သည်ကို ဖော်ပြထားသည်။
"ငါ တိဘက်မှာ နှစ်နှစ်ကြာအောင် လှည့်လည်သွားလာခဲ့တယ်၊ လာဆာကို မကြာခဏ သွားရောက်ပြီး ဒလိုင်းလားမားကြီးတွေနဲ့ စကားပြောခဲ့တယ်၊ မင်းလည်း ဆိဂ်ဆင်လို့ခေါ်တဲ့ နော်ဝေလူမျိုးတစ်ယောက် ရေးသားထားတဲ့ အံ့ဩစရာကောင်းတဲ့ သုတေသနအစီရင်ခံစာကို မြင်ဖူးချင်မြင်ဖူးလိမ့်မယ်၊ အဲဒါက မင်းရဲ့ သူငယ်ချင်းဟောင်းဆီက သတင်းစကား ဖြစ်နေလိမ့်မယ်လို့ မင်းဘယ်တော့မှ ရိပ်မိမှာမဟုတ်ဘူး၊ အဲဒီနောက် ငါ ပါရှန်းကို ဖြတ်ပြီး ခရီးနှင်ခဲ့တယ်၊ မက္ကာကို သွားခဲ့ပြီး ဆူဒန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ခါတွမ်က ကလစ်ဖ် (Caliph - အစ္စလာမ်နိုင်ငံတစ်ခု၏ သာသနာပိုင်ခေါင်းဆောင်) ဆီကို စိတ်ဝင်စားစရာကောင်းတဲ့ ခရီးတိုလေးတစ်ခု အလည်သွားခဲ့ပြီး ရလဒ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မျှဝေခဲ့တယ်၊ ဥရောပကို ပြန်ရောက်ပြီးနောက်တော့ ပြင်သစ်တောင်ပိုင်း မောင့်ပဲလီးယားက ဓာတ်ခွဲခန်းတစ်ခုမှာ ကျောက်မီးသွေးကတ္တရာ ဒြပ်စင်တွေကို လေ့လာရင်း လအနည်းငယ် ကုန်ဆုံးခဲ့သေးတယ်၊ အဲ့ဒီသုတေသနကို ငါစိတ်ကျေနပ်တဲ့အထိ အပြီးသတ်နိုင်ခဲ့ပြီး အဲဒီနောက် လန်ဒန်မှာ 'ငါ့ရန်သူ' ထဲက တစ်ယောက်ပဲ ကျန်တော့တယ်လို့ ကြားလိုက်ရတာကြောင့် ပြန်လာဖို့ ပြင်ဆင်ခဲ့တာပဲ"
ဒုတိယအပိုင်းသည် မိုရီယာတီ၏ ကျန်နောက်လိုက်များ၏ အခြေအနေနှင့် သက်ဆိုင်၏။
ဤအပိုင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပေ။ အကြောင်းမှာ စာမျက်နှာ ၆၀၀ တွင် ဟုမ်းစ်က ထိုသို့ဆိုထားသောကြောင့် ဖြစ်သည်။
"ငါ့ကို သတ်ဖို့ ကျိန်ဆိုထားတာ မိုရီယာတီတစ်ယောက်တည်း မဟုတ်ဘူး၊ အနည်းဆုံး တခြားလူ သုံးယောက် ရှိသေးတယ်၊ ပြီးတော့ သူတို့ခေါင်းဆောင် သေဆုံးသွားတာက သူတို့ရဲ့ လက်စားချေလိုစိတ်ကို ပိုပြင်းထန်လာစေတာပဲ"
သို့သော်လည်း "The Final Problem" (နောက်ဆုံးပုစ္ဆာ) ထဲက ဝပ်ဆင်၏ ပြောပြချက်တွင်မူ ဤအရေအတွက်သည် တရားစီရင်မှုကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည့် မိုရီယာတီ ရာဇဝတ်ဂိုဏ်း၏ အဓိကပုဂ္ဂိုလ်များအဖြစ် လူနှစ်ယောက် ဖြစ်သွားကြသည်။
စာမျက်နှာ ၆၀၂ တွင်မူ တစ်ယောက်တည်း ပြန်ဖြစ်သွားပြန်သည်။
ဖုန်းပုကြွယ်သည် စာအုပ်ကို ဖတ်ကတည်းက ဤမေးခွန်းများကို ထည့်သွင်းစဉ်းစားခဲ့ပြီးသား ဖြစ်သည်။ အရှင်းဆုံး ရှင်းလင်းချက်မှာ စာရေးဆရာက ပေါ့ပေါ့ပါးပါး ရေးသွားခဲ့ခြင်းပင်။ အမှန်စင်စစ် ဤလူဦးရေအရေအတွက် ပြောင်းလဲမှုသည် မူရင်းလက်ရာတွင် အရေးမကြီးသလို ပင်မဇာတ်လမ်းဇာတ်ကွက်နှင့်လည်း ဆက်စပ်မှု မရှိပေ။
မိုရီယာတီ၏ ရာဇဝတ်အင်ပါယာသည် ၎င်းတို့ဘုရင် ပြုတ်ကျသွားချိန်တွင် ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ယခု သည်းထိတ်ရင်ဖိုသုခဘုံ ဂိမ်းကမ္ဘာထဲတွင်မူ စိတ်ကူးယဉ်ဇာတ်ကောင် မိုရီယာတီနှင့် တိုက်ရိုက်ရင်ဆိုင်ရမည့် ဇာတ်လမ်းထဲတွင် စနစ်သည် စာမျက်နှာ ၅၉၉ မှ ၆၀၂ ကြား၌ အလွန်ရှင်းလင်းသော အရိပ်အမြွက်တစ်ခုကို ချန်ထားပေးခဲ့သည်။ သို့ဖြစ်ရာ အစ်ကိုကြွယ်အနေဖြင့် ၎င်းကို လက်တွေ့အရှိတရားအဖြစ် ထည့်သွင်းစဉ်းစားရတော့မည် ဖြစ်သည်…။
“နောက်ဆုံးအမှုမှာ ပါဝင်ခဲ့တဲ့ ‘ဆွစ်ကောင်လေး’ ကတော့ လွတ်မြောက်သွားခဲ့တယ်၊ ဝပ်ဆင်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက စိတ်ချရတယ်၊ သူကလည်း မိုရီယာတီရဲ့ နောက်လိုက်တစ်ယောက် ဖြစ်ရမယ်၊ ဒါပေမဲ့ သိသာထင်ရှားတဲ့သူတော့ မဟုတ်ဘူး”
ဖုန်းပုကြွယ်သည် စာအုပ်ကို ပိတ်လိုက်ပြီး ခေါင်းကို နောက်သို့မော့ကာ အသံထွက်ဖတ်လိုက်သည်။
“ကျောက်ဆောင်အစွန်းမှာ ဟုမ်းစ်ကို တိုက်ခိုက်ခဲ့တဲ့သူက ‘သုံးယောက်’ ထဲက တစ်ယောက်လို့ ယူဆရရင် ကျန်တဲ့နှစ်ယောက်က ဘယ်တော့မှ ပေါ်မလာဖူးဘဲ ဖော်ပြချက်တွေထဲမှာပဲ တည်ရှိနေတဲ့ ဇာတ်ကောင်တွေပဲ”
သူ့ဦးနှောက်က အရှိန်အဟုန်ဖြင့် လည်ပတ်နေလေသည်။
“အရေအတွက် နည်းသွားတာက သေသွားလို့လား၊ အဖမ်းခံရလို့လား၊ ဒါမှမဟုတ် ပုန်းအောင်းနေလို့လား…”
ထို့နောက် သူသည် လက်ထဲက သော့ဆီသို့ အကြည့်ရွှေ့လိုက်သည်။
“ပြီးတော့ ဒီစာအုပ်ရဲ့ စာမျက်နှာ လေးမျက်နှာ၊ ဒီသော့၊ ပြီးတော့ ငါ ဒီအခန်းထဲက လွတ်မြောက်ဖို့ကြားမှာ ဘယ်လိုမျိုး တိုက်ရိုက်ပတ်သက်နေတာလဲ”