အခန်း ၃၁၇
Vol. 32 Ch. 317
အခန်း (၃၁၇) ဦးနှောက်ခြောက်ရသော အခြေအနေ - ၂၄
တစ်နာရီကျော်ကြာ ပဟေဠိဖြေရှင်းပြီးနောက်တွင် ကျိချန်သည် နောက်ဆုံး၌ သူ၏ မှတ်ဉာဏ်နေရာလွတ်ထဲမှ ရုန်းထွက်လွတ်မြောက်လာပြီး လင်းခနဲဖြစ်သွားသော အဖြူရောင်အလင်းက ပတ်ဝန်းကျင်ပြောင်းလဲသွားခြင်းကို ကြေညာလိုက်သည်။ သူသည် ထိုအလင်းရောင်နှင့် အသားကျရန် ညှိယူနေစဉ် ဘေးနားမှ ချိုးဖုန်း၏ အသံ ထွက်ပေါ်လာလေသည်။
"အခုတော့ လူစုံပြီပေါ့"
ကျိချိန်လှမ်းကြည့်လိုက်ရာ ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားမိသည်။
ထိုအခိုက်အတန့်တွင် ဓားမြှောင်တိုတစ်စင်းမှာ ချိုးဖုန်း၏ ရင်ဘတ်ထဲသို့ စိုက်ဝင်နေပြီး သူ့ခန္ဓာကိုယ်မှာလည်း ထိုဓားကြောင့် ကုလားထိုင်တွင် "သပ်ရိုက်" ခံထားရသကဲ့သို့ ဖြစ်နေကာ ဒဏ်ရာမှလည်း သွေးများ စီးကျနေဆဲ ဖြစ်သည်။
"မကြောက်ပါနဲ့၊ သူ ဘာမှမဖြစ်ပါဘူး... လောလောဆယ် အသက်အန္တရာယ် မရှိဘူး"
ဟုန်ဟူ၏ လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
၎င်းကို ကြားရသောအခါ ကျိချန်သည် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
ဟုန်ဟူသည် ထက်မြနေသော ဓားသွားကြောင့် ဒဏ်ရာမရထားသော်လည်း သူ့ ဦးခေါင်းတစ်ခုလုံးမှာ သတ္တုသေတ္တာအသေးလေးတစ်ခုထဲတွင် "ပိတ်မိ" နေပြီး ချွတ်မရသော ခေါင်းဆောင်းကြီးတစ်ခုကို ဆောင်းထားရသကဲ့သို့ ဖြစ်နေလေသည်။
ထိုသေတ္တာမှာ ကုဗတုံးပုံသဏ္ဌာန်ဖြစ်ပြီး ဟုန်ဟူ၏ ဦးခေါင်းထက် အနည်းငယ်မျှသာ ပိုမိုကြီးမားပြီး အောက်ခြေတွင်မူ သူ့လည်ပင်းကို ကွက်တိပိတ်ဆို့ထားသည့် အဝိုင်းပေါက်တစ်ခု ပါရှိနေသည်။ အမှန်အတိုင်း ပြောရလျှင် ဤဒီဇိုင်းမှာ ဆန်းကြယ်သလို တစ်ဖက်ကလည်း အတော်လေး ရယ်စရာကောင်းနေ၏။
"ဒါတွေက ဘာကြီးလဲကွာ..."
ကျိချန်သည် သူ့ရှေ့က အခြေအနေကို လျင်မြန်စွာ သဘောပေါက်သွားရသည်။ သူသည် စားပွဲဝိုင်းကြီးတစ်ခုတွင် ထိုင်နေခြင်းဖြစ်ပြီး ၎င်းစားပွဲပေါ်တွင် ထူးဆန်းသော ကတ်ပြားအများအပြား ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ စားပွဲပတ်လည်တွင် ကုလားထိုင် ခြောက်လုံးရှိသည်။ ကစားသမားလေးဦးအပြင် မရင်းနှီးသော NPC နှစ်ကောင်လည်း ဝင်ထိုင်နေကြသည်။
ထို NPC သို့မဟုတ် ဘော့စ်နှစ်ဦးလုံးမှာ တည်ငြိမ်နေပြီး ဒဏ်ရာဒဏ်ချက်များ မရှိပေ။ သို့သော် ကစားသမားများ၏ အခြေအနေမှာကား လုံးဝ ကွဲပြားခြားနားနေလေသည်…။
"ဒီအချိန်ဆိုရင် တာဝန်ကို အဆင့်မြှင့်တင်ပြီးသွားလောက်ပြီ"
ဖုန်းပုကြွယ်က ပြောလိုက်သည်။
ဖုန်းပုကြွယ်၏ လက်ရှိအခြေအနေမှာလည်း လုံးဝစိတ်အေးရမည့် အနေအထားတွင် မရှိပေ။ သူ၏ ပါးနှစ်ဖက်လုံးမှာ ဓားဖြင့် အလှီးခံထားရပြီး နှုတ်ခမ်းထောင့်များမှ အထက်သို့ စောင်းတက်သွားသော ဒဏ်ရာနှစ်ခုကြောင့် သူ့မျက်နှာပေါ်တွင် ထာဝရအပြုံးတစ်ခု စွဲထင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
"မင်းက ဂျိုကာကို အတုခိုးရင်းနဲ့ တကယ်ရူးသွားပြီလား..."
ကျိချန် မပြောဘဲ မနေနိုင်တော့ပေ။
"အတုခိုး" ဆိုသည့် စကားလုံးကို သူသုံးရခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ အကြောင်းမှာ ဖုန်းပုကြွယ်၏ လက်ထဲတွင် သွေးစွန်းနေသော ခေါက်ဓားတစ်ချောင်းကို ကိုင်ဆောင်ထားဆဲ ဖြစ်သောကြောင့် ဤ "အပြုံးမျက်နှာ" ကို သူကိုယ်တိုင် ဓားဖြင့် မွှန်းခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
"ဟင်းဟင်း... ဒီလိုပဲ ဆိုပါတော့"
ဖုန်းပုကြွယ်က အေးစက်စွာ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
“လက်ရှိတာဝန် ပြီးဆုံးပါပြီ”
“အဓိကတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”
စနစ်၏ အကြောင်းကြားချက်အသံက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။
ကစားသမား လေးဦးလုံး၏ တာဝန်မှတ်တမ်းထဲတွင် ‘အသက်ရှင်ကျန်ရစ်သူ ကစားသမားအားလုံး "စုံထောက်ကလပ်" သို့ ဝင်ရောက်ပါ’ ဆိုသည့် တာဝန်မှာ နောက်ဆုံးတွင် အမှန်ခြစ်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အခြားတာဝန်တစ်ခုဖြစ်သည့် "မှတ်ဉာဏ်နေရာလွတ်မှ လွတ်မြောက်ပြီး စမ်းသပ်မှုအဆောက်အအုံ၏ သတ္တမထပ်သို့ ပြန်လည်ရောက်ရှိပါ" ဆိုသည်မှာမူ ကစားသမားတိုင်းတွင် ရှိနေသော်လည်း အများပိုင်တာဝန်မဟုတ်ဘဲ ထပ်တူညီသော တစ်ဦးချင်းတာဝန်လေးခုသာ ဖြစ်သည်။ ထို့ကြောင့် ကစားသမားများသည် ၎င်းကို သီးခြားစီ အောင်မြင်ခဲ့ကြခြင်း ဖြစ်သည်။
"အိုး... အဲ့ဒီလိုပေါ့..."
ဖုန်းပုကြွယ်သည် သူ၏ တာဝန်မှတ်တမ်းထဲတွင် “စားပွဲဝိုင်းဂိမ်းတွင် ဟုမ်းစ်နှင့် မိုရီယာတီတို့ကို အနိုင်ယူပါ” ဆိုသည့် တာဝန်အသစ် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ပြုံးလျက် ပြောလိုက်သည်။
"အတော်လေး ခက်ခဲမယ့်ပုံပဲ..."
"ခက်ခဲတယ်လို့ ပြောပြီး ဘာလို့ ဒီလောက်ပျော်မြူးနေတဲ့ မျက်နှာပေး ဖြစ်နေရတာလဲ..."
ချိုးဖုန်းက အသက်မဲ့နေသောလေသံဖြင့် ဝေဖန်လိုက်သည်။
"ဟား... မင်းကော အတော်လေး ပျော်မနေဘူးလား"
ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
ချိုးဖုန်းက "ဘယ်နေရာမှာ ပျော်စရာ မြင်လို့လဲ၊ ငါက သွေးထွက်နေတုန်းပဲလေ"
ဖုန်းပုကြွယ် ပခုံးတစ်ချက်တွန့်ပြလိုက်သည်။
"ဟဲ... ဟုန်ဟူကတော့ အသက်သာဆုံးပဲ"
ဟုန်ဟူသည် သံတိုင်များကြားမှ ရှုံ့မဲ့သောမျက်နှာဖြင့် ဆိုသည်။
"ဒီလို လှောင်အိမ်ကြီး ဆောင်းထားရတဲ့ ပုံစံကြောင့် ငါ့ရဲ့ အရမ်းအရေးကြီးတဲ့ အရာတစ်ခုခု ဆုံးရှုံးသွားသလို ခံစားနေရတယ်"
ကျိချန်မှာ လုံးဝ စိတ်ရှုပ်ထွေးသွားပြီး ခေါင်းကုတ်လိုက်မိသည်။
"မင်းတို့တွေ တကယ်ပဲ ဘာလုပ်နေကြတာလဲ"
"အဲဒါကို နောက်မှ ပြောကြတာပေါ့"
ဖုန်းပုကြွယ်က ဆိုသည်။
"မှတ်ဉာဏ်နေရာလွတ်ထဲမှာ မင်း 'မတွေ့ခဲ့ရသေးတဲ့' သတင်းစကားတစ်ခုကို ပြောပြစမ်းပါ"
"မကြုံတွေ့ရသေးတာ..."
ကျိချန်၏ မျက်လုံးများ လှုပ်ရှားသွားပြီး ၎င်းမှာ အစ်ကိုကြွယ်ဆီက အရိပ်အမြွက်တစ်ခုလားဟု တွေးမိသွားသည်။
မှတ်ဉာဏ်နေရာလွတ်ထဲတွင် ပဟေဠိဖြေရှင်းနေစဉ်အတွင်း ကျိချန်သည် "ထိုသတင်းစကားများ" တွင် ဖော်ပြထားသော အခြေအနေများနှင့် ထပ်တူကျသည့် ဖြစ်ရပ်အချို့ကို အမှန်တကယ်ပင် ကြုံတွေ့ခဲ့ရသည်။ သူ မကြုံတွေ့ရသေးသည့် သတင်းစကားဆိုလျှင်မူ... နှစ်ခုသာ ကျန်တော့သည်...။
ဟုမ်းစ်က သူ့ဆေးတံကို တစ်ချက်မှုတ်လိုက်သည်။ သူသည် သူ၏ ဗြိတိသျှလေယူလေသိမ်းဖြင့် အသံကျယ်ကျယ် ပြောလိုက်သည်။
"မင်းလည်း ဒီလူကြီးမင်းတွေလိုပဲ အဲဒီ သတင်းစကားငါးခုရဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မှတ်မိနေလိမ့်မယ်လို့ ငါယုံကြည်ပါတယ်၊ ဒါကြောင့် ဂိမ်းကို ဆက်သွားနိုင်ဖို့ တစ်ခုလောက် ရွေးချယ်ပြောဆိုပေးပါ"
မိုရီယာတီက ဆက်ပြောသည်။
"ဒါပေမဲ့ မင်းကြုံခဲ့ပြီးသား သတင်းစကားတွေကိုတော့ မပြောပါနဲ့၊ ဘာလို့လဲဆိုတော့ အဲဒီစာကြောင်းတွေရဲ့ 'အရိပ်အမြွက်' စွမ်းရည်က ကုန်ဆုံးသွားပြီဖြစ်လို့ ဂိမ်းထဲကို ဝင်ဖို့အတွက် အခြေအနေတစ်ခုအဖြစ် သုံးမရတော့လို့ပဲ"
ကျိချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အတွေးပေါင်းများစွာက သူ့ဦးနှောက်ထဲတွင် တဖျတ်ဖျတ် ဖြတ်ပြေးသွား၏။ သူ၏ အသင်းဖော်များအားလုံးသည် သူတို့၏ ကုလားထိုင်များတွင် ငြိမ်သက်စွာ ထိုင်နေကြသည်ကို တွေ့ရသည်။ ရင်ဘတ်တွင် ဓားစိုက်နေသည့်တိုင် မည်သူမျှ အကြမ်းဖက်နည်းလမ်းကို သုံးရန် စိတ်ကူးမရှိကြပေ။ ထို့ကြောင့် လက်ရှိအခြေအနေမှာ အကြမ်းဖက်မှုဖြင့် ဖြေရှင်း၍မရကြောင်း ထင်ရှားပေသည်။
"အင်း... ကိုယ်လိုချင်တဲ့အရာကို ရပြီလို့ ထင်နေတဲ့အချိန်မှာ တကယ်တော့ ကိုယ်က ပိုပြီးတော့တောင် ဆုံးရှုံးသွားခဲ့ရပြီ"
ကျိချန်က ပြောလိုက်သည်။
သူ၏ မှတ်ဉာဏ်နေရာလွတ်ထဲတွင်မူ ဤသတင်းစကား၏ အဓိပ္ပာယ်နှင့် ကိုက်ညီသော ဇာတ်ကွက်မျိုးကို သူ မကြုံတွေ့ခဲ့ရသေးပေ။ သူ စကားပြောပြီးသည်နှင့် စားပွဲပေါ်ရှိ ကတ်ပြားတစ်ချပ်သည် မည်သူမျှ မထိတွေ့ဘဲ အလိုအလျောက် ရွေ့လျားသွားကာ ကျိချန်၏ ရှေ့တည့်တည့်သို့ ဖြည်းညှင်းစွာ ရောက်ရှိလာလေသည်။
"ဖြူး…"
ဟုမ်းစ်က မီးခိုးငွေ့တစ်လိပ် မှုတ်ထုတ်လိုက်သည်။
"အဲ့ဒါကို လှန်လိုက်ပါ၊ မစ္စတာယွီ"
တစ်ဖက်လူက "လှန်လိုက်ပါ" ဟု ပြောဆိုခြင်းကြောင့် ဤကတ်ပြားမှာ လောလောဆယ် မှောက်လျက်သား ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကျိချန်သည် ကတ်ပြားပေါ်သို့ အကြည့်ရွေ့လိုက်သည်။ ကတ်နောက်ကျောဘက်ရှိ အပြာရောင် ဘောင်မဲ့ပုံစံကွက်အပြင် ၎င်းပေါ်တွင် “အရိပ်အမြွက်” ဟူသော စာလုံးကို ရေးသားထားသည်။
ထို့နောက် ကျိချန်သည် သူ့အသင်းဖော်များကို မော့ကြည့်လိုက်သည်။ ဟုန်ဟူနှင့် ချိုးဖုန်းတို့ နှစ်ဦးလုံးမှာ တည်ကြည်လေးနက်သော အမူအရာများ ရှိနေကြပြီး ဖုန်းပုကြွယ်ကမူ ပြုံးနေသော မျက်နှာကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်…။
"ငါ မမှားဘူးဆိုရင်…"
ကျိချန်၏ လက်မှာ ကတ်ပြားပေါ်သို့ ရောက်နေပြီဖြစ်သော်လည်း သူမလှန်သေးပေ။ ထိုအစား သူသည် ဘော့စ်နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
"ညီအစ်ကိုဖုန်း ရွေးချယ်ခဲ့တဲ့ စာသားက… 'ကြေကွဲစရာဖြစ်ရပ်ဆိုးတွေကို အပြုံးနဲ့ ကြိုဆိုပါ၊ ဒီကံဆိုးမှုအားလုံးကို အဆတစ်ရာမကတဲ့ သတ္တိတွေနဲ့ ရင်ဆိုင်ပါ' ဖြစ်ရမယ်၊ ပြီးတော့ ဟုန်ဟူ ရွေးချယ်ခဲ့တာက… 'ကမ္ဘာပေါ်မှာ ကိုယ့်အိမ်ထက် ကောင်းတဲ့နေရာ မရှိဘူး' ဆိုတာပဲ မဟုတ်လား"
"ဟဲ… မှန်လိုက်တဲ့ ဆင်ခြင်သုံးသပ်မှုပဲ"
ဟုမ်းစ်က ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ပါတယ်၊ ဒီကတ်ပြားက 'အရိပ်အမြွက်' ရဲ့ အကြောင်းအရာအပေါ် မူတည်ပြီး သက်ဆိုင်ရာ သက်ရောက်မှုကို ထွက်ပေါ်စေတာ ဖြစ်တယ်"
ကျိချန် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးနောက် ချိုးဖုန်းကို လှမ်းကြည့်လိုက်သည်။
"ချိုးဖုန်း၊ မင်းကော ဘယ်စာသားကို ပြောခဲ့တာလဲ၊ ငါတော့ မခန့်မှန်းတတ်တော့ဘူး"
"ဘာအကျိုးအမြတ်ကိုမှ မျှော်လင့်မနေဘဲ ဖြူစင်တဲ့စေတနာနဲ့ ကူညီခြင်း"
ချိုးဖုန်းက ပျင်းရိပျင်းတွဲဖြင့် ပြန်ဖြေလိုက်သည်။
“ဟမ့်…”
ကျိချန် ရေရွတ်လိုက်သည်။
“ငါ ဘာပဲပြောပြော ကောင်းတဲ့အဆုံးသတ်တော့ ရှိလာမှာ မဟုတ်ဘူး ထင်တယ်”
ထို့နောက် သူက မိုရီယာတီနှင့် ဟုမ်းစ်ဘက်သို့ လှည့်လိုက်သည်။
“ဒါဆို… တကယ်လို့ ကျုပ် ဒီကတ်ပြားကို မလှန်ဘူးဆိုရင်ကော”
“တခြား ဘာလုပ်လို့ရဦးမှာလဲ”
ဖုန်းပုကြွယ်က သူတို့ကိုယ်စား ပြန်လည်ဖြေကြားပေးလိုက်သည်။
“ဂိမ်းက မင်းအလှည့်မှာတင် တန့်သွားပြီး ရှေ့ဆက်လို့ ရတော့မှာ မဟုတ်ဘူး၊ အဲဒီနောက် စနစ်က မင်းကို ဂိမ်းအပေါ်စိတ်မပါသူအဖြစ် မသတ်မှတ်မချင်း ဒါမှမဟုတ် ဂိမ်းချိန်လွန်သွားလို့ အားလုံးလိုင်းပြတ် မသွားမချင်း ဒီအတိုင်း ထိုင်စောင့်နေကြရုံပဲ ရှိတော့တာပေါ့”
ချိုးဖုန်းကလည်း ထပ်လောင်းပြောဆိုလိုက်သည်။
“ဒါနဲ့ စကားမစပ်၊ ငါ့အိတ်ထဲက ပစ္စည်းတွေလည်း ပြန်သုံးလို့မရတော့ဘူး၊ တကယ်လို့ မင်းသာ နောက်ထပ် တစ်နာရီလောက် အချိန်ဆွဲနေမယ်ဆိုရင် ငါ သွေးထွက်လွန်ပြီး သေသွားနိုင်တယ်”
ဟုန်ဟူကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
“ပြီးတော့ မင်းအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့ ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးအပေါ် အကြမ်းဖက်နည်းလမ်းသုံးဖို့ စဉ်းစားနေတယ်ဆိုရင် ပထမထပ်တံခါးဝကို ပိတ်ဆို့ထားတဲ့ အလင်းနံရံကြီးကို ပြန်တွေးကြည့်ဖို့ အကြံပေးချင်တယ်… အဲဒါ ဘယ်သူ့လက်ချက်လဲဆိုတာ ခန့်မှန်းကြည့်လိုက်ပေါ့”
ကျိချန်မှာ ခေါင်းကို ခါယမ်း၍ မချိပြုံး ပြုံးလိုက်ရသည်။
“ကဲပါလေ... ဒါဆိုလည်း ငါလှန်ရတာပေါ့၊ အဆိုးဆုံးဖြစ်လှ ဒဏ်ရာရရုံပဲပေါ့…”
သူ ရေရွတ်ရင်း သူ့ရှေ့က ကတ်ပြားကို လှန်လိုက်တော့သည်။