အခန်း ၃၁၈
Vol. 32 Ch. 318
အခန်း (၃၁၈) ဦးနှောက်ခြောက်ရသော အခြေအနေ - ၂၅
လွန်ခဲ့သော မိနစ်နှစ်ဆယ်ခန့်က...
ဟုမ်စ်းသည် ဖုန်းပုကြွယ်ဘေးမှ ဖြတ်လျှောက်သွားပြီး ပရော်ဖက်ဆာဘေးနားရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်ကာ သူ၏ဆေးတံကို စားပွဲပေါ် တင်လိုက်သည်။
"ပရော်ဖက်ဆာမှာ အပေါင်းအပါတစ်ယောက် ရှိနေတယ်ဆိုတာ မင်းဘယ်လို တွေးမိသွားတာလဲ"
ဖုန်းပုကြွယ် ပြုံးလိုက်သည်။
"ဒီမှာ ထိုင်ခုံခြောက်ခုံ ရှိနေတယ် မဟုတ်လား"
"ဒါတင်ပဲလား"
မိုရီယာတီက မေးသည်။
"ဒါနဲ့တင် မလုံလောက်သေးဘူးလား"
ဖုန်းပုကြွယ်က ကုလားထိုင်နောက်ကျောကို မှီရင်း လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
"ခင်ဗျားတို့ရဲ့ စနစ်တကျရှိမှုနဲ့ တိကျမှုကို အလိုလို အာရုံခံမိနေတာပဲ၊ ခင်ဗျားတို့ရဲ့ 'အတွင်းကမ္ဘာ' ထဲမှာ အဓိပ္ပာယ်မရှိတဲ့အရာက ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ"
သူ စားပွဲကို လက်ချောင်းများဖြင့် ခပ်ဖွဖွပုတ်လိုက်သည်။
"သီအိုရီအရ ပြောရရင်... ကျုပ်တို့ တခြားကမ္ဘာကလာတဲ့ ခရီးသည်လေးယောက်လုံး ဒီကို ရောက်နေမယ်၊ ပြီးတော့ ခင်ဗျားပါ ရှိနေမယ်ဆိုရင် စုစုပေါင်းငါးယောက်ပဲ ဖြစ်ရမယ်၊ အဲဒီတော့ ဆဌမမြောက် ကုလားထိုင်က ဘာလို့ ရှိနေရတာလဲ၊ ရိုးရိုးလေးပဲလေ... နောက်ထပ် လူတစ်ယောက် ရှိနေသေးလို့ပေါ့"
"ဒါဆိုရင် စားပွဲကို လာမယ့်သူက ပရော်ဖက်ဆာရဲ့ အပေါင်းပါ ဖြစ်ကိုဖြစ်ရမယ်၊ တခြား ဧည့်သည်တစ်ယောက် မဟုတ်ပါဘူးလို့ မင်း ဘယ်လိုလုပ် သေချာနေရတာလဲ"
ဟုန်းစ်က ထပ်မံ မေးမြန်းလိုက်သည်။
"ဘာလို့လဲဆိုတော့ လာမယ့်သူက ခင်ဗျားဖြစ်လိမ့်မယ်လို့ ကျုပ်ခန့်မှန်းမိလို့လေ"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ဖြူး..."
ဟုမ်းစ်က ဆေးလိပ်ငွေ့တစ်ကွင်း မှုတ်ထုတ်လိုက်သည်။
"မင်းက မှော်မှန်ဆီကနေ ပရော်ဖက်ဆာဟာ ဒီနေရာရဲ့ ပိုင်ရှင်ဆိုတာ သိခဲ့တာကိုး၊ ပြီးတော့ အဲဒီ ဗီဒီယိုကို ကြည့်ပြီးတဲ့နောက် ပရော်ဖက်ဆာနဲ့ ငါ နှစ်ယောက်လုံး ဒီနေရာလွတ်ထဲမှာ ရှိနေတယ်ဆိုတာကို တွေးဆမိသွားတာပေါ့"
သူ ခဏရပ်လိုက်သည်။
"ဒါကိုတော့ ငါ နားလည်နိုင်ပါတယ်၊ ဒါပေမဲ့ ငါနဲ့ ပရော်ဖက်ဆာက အပေါင်းပါတွေ ဖြစ်နေတယ်လို့ မင်း ဘာလို့ ထင်ရတာလဲ"
"သူပြောတာ မှန်တယ်"
မိုရီယာတီက ဆက်ပြောသည်။
"လူတွေကတော့ များသောအားဖြင့် ငါတို့နှစ်ယောက်ကို ကမ္ဘာမကြေရန်သူတော်တွေလို့ပဲ ထင်ကြတာလေ"
"ခင်ဗျားတို့ နှစ်ယောက်လုံး သေသွားပြီပဲလေ"
ဖုန်းပုကြွယ်က ဆိုသည်။
"ဘယ်လိုလုပ် ရန်သူတော်တွေလို့ ပြောနိုင်တော့မှာလဲ"
"ဟဲ... ဆက်ပြောပါဦး"
ဟုမ်းစ်က ပြုံးလျက် ဆိုသည်။
"'ရန်သူတော်' ဆိုတဲ့ ပတ်သက်မှုဟာ အပြန်အလှန်လေးစားမှုနဲ့ အသိအမှတ်ပြုမှုအပေါ်မှာ တည်ဆောက်ထားတာ၊ ဒါကြောင့်မို့ ရန်သူတော်ဆိုတာ... တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ရတတ်တဲ့ အရာမျိုးပဲ"
ဖုန်းပုကြွယ်က ပြောလိုက်သည်။
"ဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ မိတ်ဆွေသူငယ်ချင်းဆိုတဲ့ ပတ်သက်မှုကတော့ တည်ဆောက်ရတာ ပိုလွယ်ပါတယ်၊ အပြန်အလှန် နားလည်ပေးဖို့နဲ့ တစ်ယောက်ရဲ့ အကျင့်ဆိုးတွေကို တစ်ယောက်က သည်းခံပေးဖို့ပဲ လိုတာ"
ဖုန်းပုကြွယ် သူတို့နှစ်ဦးကို ကြည့်လိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်က ရန်သူတော်တွေဖြစ်သလို ရန်သူတော်တွေလည်း မဟုတ်ကြဘူး၊ ဟုတ်တယ်... ခင်ဗျားတို့ကြားမှာ မုန်းတီးမှုတွေ ရှိခဲ့ဖူးတာ မှန်ပေမဲ့ သေဆုံးသွားပြီးတဲ့နောက်မှာတော့... အဲဒါတွေက မရှိတော့ဘူးလေ"
သူက ဆက်ပြော၏။
"ဒီကမ္ဘာမှာတော့ ခင်ဗျားတို့က ငှက်တစ်ကောင်တည်းက အမွေးတွေပဲလေ၊ ခင်ဗျားတို့ရဲ့ ရာဇဝတ်မှုအတိုင်ပင်ခံနဲ့ စုံထောက်အတိုင်ပင်ခံဆိုတဲ့ သရုပ်တွေကို ဖယ်ထားလိုက်ရင် ခင်ဗျားတို့ဟာ အရမ်းတူညီတဲ့ လူနှစ်ယောက်ပဲ၊ အခွင့်အရေးသာ ရမယ်ဆိုရင် ခင်ဗျားတို့နှစ်ယောက် ပူးပေါင်းကြံစည်ဖို့ ရာခိုင်နှုန်းက အရမ်းမြင့်မားနေတယ်"
မိုရီယာတီ၏ မျက်နှာအမူအရာမှာ အပြောင်းအလဲမရှိပေ။ သူ အေးစက်စွာ ပြောလိုက်သည်။
"မင်းသာ နည်းနည်းလေး ပိုယဉ်ကျေးတဲ့ အသုံးအနှုန်းကို သုံးခဲ့မယ်ဆိုရင် ငါမင်းကို လက်ခုပ်တီးပြီး ချီးကျူးမိမှာ သေချာတယ်"
ဖုန်းပုကြွယ်သည် သူ့နှုတ်ခမ်းကို ကွေးလိုက်ပြီး သဘောလည်းမတူသလို ငြင်းပယ်ခြင်းလည်း မရှိပေ။
"ဒါဆို... 'ဦးနှောက်နေရာလွတ်' ရဲ့ ကိစ္စကိုကျတော့ မင်းဘယ်လို ကောက်ချက်ချနိုင်တာလဲ"
ဟုမ်းစ်က ထပ်မေးပြန်သည်။
"မှော်မှန်ကြီးက ကျုပ်ကို ပြောပြတာ..."
ဖုန်းပုကြွယ်က ပြန်လည်ဖြေကြားလိုက်သည်။
"ကျုပ် ဒုတိယမြောက်မေးခွန်းကို မမေးရသေးခင် မှော်မှန်က မစောင့်နိုင်တော့ဘဲ 'ဒုတိယမေးခွန်းက ဒီနေရာလွတ်နှစ်ခုရဲ့ စိတ်သခင်တွေက ဘယ်သူတွေလဲ ဆိုတာလား' လို့ ကျုပ်ကို အလောတကြီး မေးလာခဲ့တယ်"
ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
"သူ အဲဒီစကားလုံးတွေကို ပြောလိုက်တဲ့ အခိုက်အတန့်မှာပဲ ကျုပ်ထပ်မေးဖို့ မလိုတော့ဘူးလေ"
"ခင်ဗျားတို့နေရာ၊ ခင်ဗျားတို့ စည်းမျဉ်းပဲ"
ဖုန်းပုကြွယ်က ပရော်ဖက်ဆာကို ကြည့်ရင်း ပြောလိုက်သည်။
"ခင်ဗျား တည်ဆောက်ထားတဲ့ ကမ္ဘာထဲမှာ ကျုပ်ကန့်သတ်ခံထားရတာ ထင်ရှားပါတယ်"
သူသည် သူ၏ ပစ္စည်းသိုလှောင်အိတ်ကို အသုံးပြု၍မရခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
"ကျုပ် ဒီကမ္ဘာထဲကို 'သယ်လာတဲ့' အရာတွေထဲက တစ်ခုမှ သုံးလို့မရဘူး"
သူ စကားပြောရင်း အိတ်ကပ်ထဲမှ ခေါက်ဓားတစ်ချောင်းကို ထုတ်ကာ ရှေ့တွင် ချလိုက်သည်။
"ဒါပေမဲ့ ကျုပ်ရဲ့ ကိုယ်ပိုင် မှတ်ဉာဏ်နေရာလွတ်ကို ပြန်ရောက်တဲ့အခါကျတော့ ကျုပ်မှာ ရှိပြီးသား ပစ္စည်းတွေကို သုံးလို့ရရုံတင်မကဘူး၊ ခင်ဗျားဆီက ရခဲ့တဲ့ ပစ္စည်းတွေကိုပါ သုံးလို့ရနေတယ်၊ ကျုပ်ထင်တာကတော့... ဒါဟာ ဒီကမ္ဘာမှာ ကျုပ်ရခဲ့တဲ့အရာတွေကလည်း ကျုပ် 'မှတ်ဉာဏ်' ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားလို့ပဲ ဖြစ်ရမယ်"
"ဒီကမ္ဘာနှစ်ခုကြားက ကူးပြောင်းမှုကတော့ တကယ့် ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေနဲ့ မသက်ဆိုင်လောက်ဘူး၊ မဟုတ်ရင် ကျုပ်အိတ်ထဲက ပစ္စည်းတွေက ရေတံခွန်ရဲ့ ရေစီးကြောင်းထဲမှာ ပျောက်သွားတာ ကြာပြီပေါ့"
ဖုန်းပုကြွယ်က လက်နှစ်ဖက်ကို သူ့ခေါင်းနောက်ပစ်ရင်း ဆိုသည်။
"ကျုပ် မှတ်ဉာဏ်နေရာလွတ်ထဲမှာ အဲဒီပစ္စည်းတွေ စိုစွတ်နေရတဲ့ အကြောင်းရင်းကတော့ ရေချိုးကန်ထဲက ရေကြောင့်ပဲ ဖြစ်လိမ့်မယ်"
"အင်း... မဆိုးပါဘူး"
ဟုမ်းစ်က ဆိုသည်။
"ဒါပေမဲ့ လုံးဝကြီးတော့ မမှန်သေးဘူး"
"အသေးစိတ်လေး နားထောင်ချင်ပါသေးတယ်"
ဖုန်းပုကြွယ်က ဆိုသည်။
ဟုမ်းစ်က "ပရော်ဖက်ဆာ... မင်းပဲ သူ့ကို ရှင်းပြလိုက်ပါ"
မိုရီယာတီက ဖုန်းပုကျွယ်ကို စိုက်ကြည့်ကာ နက်ရှိုင်းသောအသံဖြင့် ပြောလာ၏။
"ဒါဟာ ငါ့ကိုယ်ပိုင်စိတ်ကမ္ဘာ သက်သက်ပဲ မဟုတ်ဘူး၊ စုပေါင်းစိတ်ဆန္ဒတွေနဲ့ ဖွဲ့စည်းထားတဲ့ အာကာသနေရာလွတ်တစ်ခုပဲ"
သူသည် သူ့အင်္ကျီကော်လာကို ဖြောင့်အောင် ဆန့်လိုက်သည်။
"မစ္စတာ ဟုမ်းစ်နဲ့ ငါဟာ ဒီနေရာမှာရှိနေတဲ့ တခြားစိတ်ဆန္ဒတွေထက် ပိုပြီး ကြံ့ခိုင်သန်မာလို့ပဲ၊ ဒါကြောင့်မို့ ငါတို့က ဦးဆောင်မှုယူပြီး ဒီနေရာလွတ်ရဲ့ အုပ်စိုးသူတွေ ဖြစ်လာခဲ့ကြတာ။
"သဘောပေါက်ပြီ"
ဖုန်းပုကြွယ်က ဆိုသည်။
"ဒါဆို ကျုပ် ဒီလိုယူဆချက်တစ်ခု ထုတ်လို့ရမလား... တကယ်လို့ စိတ်ပိုင်းဆိုင်ရာအရ စက္ကန့်နည်းနည်းလောက်ပဲဖြစ်ဖြစ် ခင်ဗျားတို့ နှစ်ယောက်ထက် ကျုပ်က ပိုသန်မာသွားမယ်ဆိုရင် ကျုပ်က ဒီနေရာရဲ့ အုပ်စိုးသူ ဖြစ်လာမှာလား"
"ဟုတ်တယ်"
မိုရီယာတီက တည်ကြည်လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"မင်း ကြိုက်တဲ့အချိန် စမ်းသပ်ကြည့်နိုင်ပါတယ်"
သူက လှောင်ပြုံးပြုံးရင်း "မင်းသာ ဒီနေရာလွတ်ရဲ့ စည်းမျဉ်းတွေကို ကျွမ်းကျင်ပြီး စိတ်ဆန္ဒပိုင်းမှာ ငါ့ကို ကျော်လွန်နိုင်မယ်ဆိုရင် မင်း လက်ချောင်းလေး တစ်ချက်တောက်လိုက်တာနဲ့ ငါ့ကို ပူဖောင်းတစ်လုံးလို ပေါက်ကွဲသွားအောင် လုပ်လို့ရတယ်"
"ဒါဆို... ဒီနေရာလွတ်ရဲ့ 'စည်းမျဉ်းတွေ' က ဘာလဲ"
ဖုန်းပုကြွယ် မေးလိုက်သည်။
"အဲဒါကတော့ မင်းကိုယ်တိုင်ပဲ ရှာဖွေရမှာပေါ့"
မိုရီယာတီက ပြန်ဖြေလိုက်သည်။
သူတို့ စကားပြောနေစဉ် ဖုန်းပုကြွယ်၏ ဘေးနားရှိ ကုလားထိုင်ပေါ်တွင် လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဟုန်ဟူပင် ဖြစ်သည်။
"အင်း... ဒါ ဘယ်နေရာလဲ..."
ဟုန်ဟူသည် သူ၏ တာဝန် မှတ်တမ်းတွင် ကိုယ်ပိုင်တာဝန်အောင်မြင်သွားကြောင်း တွေ့လိုက်ရသဖြင့် ချက်ချင်း သဘောပေါက်သွားသည်။
"ဒါ သတ္တမမြောက်အလွှာလား"
"စုံထောက်ကလပ်မှ ကြိုဆိုပါတယ်"
ဖုန်းပုကြွယ်သည် ပရော်ဖက်ဆာ စကားမပြောရသေးခင် ဟုန်ဟူကို ဦးအောင် လှမ်းပြောလိုက်သည်။
"ညီအစ်ကိုဖုန်း..."
ဟုန်ဟူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း "ပြီးတော့ ဒီနှစ်ယောက်က..."
"အိုး... မင်း မသိဘူးလား"
ဖုန်းပုကြွယ်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ဒါဆို... လူတိုင်း ကြုံတွေ့ရတဲ့ မှတ်ဉာဏ်နေရာလွတ်တွေက မတူကြဘူးပေါ့ ဟုတ်လား"
ယင်းကို ကြားသောအခါ ဟုန်ဟူက မေးလိုက်သည်။
"ညီအစ်ကိုဖုန်း၊ မင်း ပီတာပန်နဲ့ မတွေ့ခဲ့ဘူးလား"
"ငါကတော့ မှော်မှန်တို့၊ ကဝေမတို့နဲ့ပဲ တွေ့ခဲ့တာ..."
ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။
ဟုန်ဟူမှာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
"ဟူး... ငါကတော့ ပီတာပန်လို့ ကိုယ့်ကိုယ်ကိုခေါ်တဲ့ ထိပ်ပြောင်အဘိုးကြီးတစ်ယောက်နဲ့ ဘဝအကြောင်းပြောရင်း နာရီဝက်လောက် အချိန်ဖြုန်းခဲ့ရတာ"
"ဟင်"
ဖုန်းပုကြွယ်ပင် အံ့အားသင့်သွားရသည်။
"သူပြောတာက သူဟာ Neverland ကနေ ထွက်လာခဲ့ပြီး ကြီးပြင်းဖို့ ရွေးချယ်ခဲ့တယ်၊ အလုပ်ရှာတယ်၊ အိမ်ထောင်ပြုတယ်၊ ကလေးမွေးတယ်၊ အိမ်အရစ်ကျ ပေးနေရတယ်၊ အာမခံကြေး ပေးနေရတယ် တဲ့... ပြီးတော့ ဘဏ္ဍာရေးအကျပ်အတည်းတွေ၊ ရေနံဈေး တက်တာတွေအကြောင်း လျှောက်ပြောနေတာလေ..."
ဟုန်ဟူ၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ထွက်ပေါ်လာလေသည်။
"ဘာကြောင့်မှန်းတော့ ငါလည်း မသိဘူး၊ နားထောင်လေလေ ဘဝအပေါ် မျှော်လင့်ချက်မဲ့လာလေလေပဲ..."
"အိုး... မင်းက တကယ် ကံဆိုးတာပဲ"
ဖုန်းပုကြွယ်က ပြောလိုက်သည်။
"ငါကတော့ ပိုအဆင်ပြေတယ်၊ ပထမဆုံးအနေနဲ့ မှော်မှန်ကြီးက ငါ့ကို ကမ္ဘာပေါ်မှာ အချောဆုံးလူလို့ သွယ်ဝိုက်ပြောခဲ့တယ်၊ ပြီးတော့ စင်ဒရဲလားရဲ့ မိထွေးနဲ့ ညီမနှစ်ယောက်ရဲ့ ဝိညာဉ်တွေကို သတ်ပစ်ခဲ့တယ်၊ နောက်ဆုံးကျတော့ ကဝေမလေးနဲ့ အိပ်ခဲ့သေးတယ်လေ"
ယင်းကို ကြားပြီးနောက် ဟုန်ဟူသည် နောက်ကျောမှ ဓားဖြင့် အထိုးခံလိုက်ရသလိုမျိုးသာ ခံစားလိုက်ရလေသည်။
"ဟားဟား၊ အမှန်တော့ ငါက မင်းရဲ့ တုံ့ပြန်မှုကို ကြည့်ချင်လို့ အလကား လျှောက်ပြောလိုက်တာပါ"
ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
"ငါ သတိပေးလိုက်မယ်၊ ဒီဇာတ်လမ်းပြီးသွားရင် ငါ့ကို သူငယ်ချင်းလာမအပ်နဲ့"
ဟုန်ဟူက အမူအရာကင်းမဲ့စွာဖြင့် အေးစက်စွာ ပြောလိုက်သည်။
"အင်း... မင်းတို့နှစ်ယောက်"
မိုရီယာတီက ချောင်းဟန့်လိုက်သည်။
ဖုန်းပုကြွယ်သည် ဟိုဘက်က ဘော့စ်နှစ်ဦးကို အခုမှ သတိရသွားပုံပေါ်သည်။
"အိုး... ဟုတ်သားပဲ၊ မိတ်ဆက်ပေးဖို့ မေ့သွားတယ်"
သူက ဟုန်ဟူဘက် လှည့်လိုက်သည်။
"ဒါက ပရော်ဖက်ဆာ ဂျိမ်းစ်မိုရီယာတီပဲ"
သူက လက်ဟန်ပြရင်း "သူ့ဘေးနားမှာ ဆေးတံသောက်နေတဲ့သူကတော့ မစ္စတာ ရှားလော့ဟုမ်းစ်ပေါ့"
"အိုး တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"
ဟုန်ဟူသည် အမှန်တကယ်ပင် ထိုသူတို့ထံ သွားရောက်ကာ လက်ဆွဲနှုတ်ဆက်ချင်နေလေသည်။
"မလှုပ်နဲ့"
ဟုမ်းစ် စကားပြောလိုက်သည့် ခဏချင်း မရည်ရွယ်ဘဲ လုပ်လိုက်သည့် အမူအရာတစ်ခုကဲ့သို့ ဆေးတံကို ခါထုတ်လိုက်သည်။ သို့သော် ဟုန်ဟူမှာ မမြင်ရသောအားတစ်ခုကြောင့် ထိုင်ခုံပေါ်သို့ ပြန်ဆွဲချခံလိုက်ရသည်။
"ငါပြောလို့ မပြီးသေးဘူးလေ"
ဖုန်းပုကြွယ်က ဆက်ပြော၏။
"ပရော်ဖက်ဆာက ဒီနေရာရဲ့ ပိုင်ရှင်ဖြစ်ပြီး မစ္စတာဟုမ်းစ်ကတော့ သူ့ရဲ့ ပါတနာပဲ"
ဟုန်ဟူ၏ ဦးနှောက်မှာ စက္ကန့်အနည်းငယ်မျှ လျှပ်စီးပတ်လမ်းပြတ်တောက်သွားပုံရပြီး နောက်ဆုံးတွင် "အဲလိုလား..." ဟုသာ ပြန်ပြောနိုင်တော့သည်။
"ဟုတ်တယ်၊ ဒါအမှန်ပဲ"
ဖုန်းပုကြွယ်က ဆိုသည်။
"လူကြီးမင်းတို့... အခု လူလေးယောက်ထိုင်မိပြီဆိုတော့"
မိုရီယာတီက စကားစလိုက်သည်။
"ဂိမ်းကို စလိုက်ကြရအောင်"
"ဘာဂိမ်းလဲ"
ဟုန်ဟူက မေးမြန်းလိုက်သည်။
"စုံထောက်ကလပ်စုဝေးပွဲတွေမှာ ဖျော်ဖြေရေးအနေနဲ့ ပရော်ဖက်ဆာနဲ့ငါ တီထွင်ထားတဲ့ ဂိမ်းအသေးစားလေးတစ်ခုပါ"
ဟုမ်းစ်က ဆိုသည်။
ဖုန်းပုကြွယ်က မေးလိုက်သည်။
"ကျုပ် မေးပါရစေဦး၊ ခင်ဗျားတို့ ကလပ်မှာ အဖွဲ့ဝင် ဘယ်နှစ်ယောက် ရှိတာလဲ"
"လောလောဆယ်တော့ ငါတို့ နှစ်ယောက်တည်းပဲ"
မိုရီယာတီက ပြန်ဖြေသည်။
"တခြားအဖွဲ့ဝင်တွေအားလုံးက ဒီဖျော်ဖြေရေးကိုဆော့ရင်း သေသွားကြတာတော့ မဟုတ်ပါဘူးနော်"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"ဟဲဟဲ..."
မိုရီယာတီက တစ်ချက်ရယ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ အားလုံးကို နားလည်စေလိုက်သည်။
"ဖုန်းပုကြွယ်ဦ မင်းက ဟုန်ဟူထက် အရင်ရောက်တာဆိုတော့ မင်းအရင် စရမယ်"
ဟုမ်းစ်က ဆိုသည်။
တစ်ချိန်တည်းမှာပင် ပရော်ဖက်ဆာက လက်ညှိုးတစ်ချက်တောက်လိုက်ရာ စားပွဲပေါ်တွင် သေသပ်စွာ ဆင့်ထားသော ဖဲချပ်ပုံတစ်ပုံမှာ လေထဲမှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဝါး တကယ့်ကို ကောင်းတဲ့အရာပဲ"
ဖုန်းပုကြွယ်က ရွဲ့ပြောလိုက်သည်။
"ဒီဂိမ်းက 'အမှန်တရား' ကို သိတဲ့လူ အနည်းဆုံး နှစ်ယောက်လိုအပ်တယ်၊ ပြီးတော့ ဒီစားပွဲမှာ အမှန်တရားကို သိတဲ့သူက ငါနဲ့ ဟုမ်းစ်ပဲ"
မိုရီယာတီက ရှင်းပြလေသည်။
"မင်းတို့ ရှေ့က ဖဲပုံထဲမှာ ဖဲချပ်အမျိုးအစား လေးမျိုးရှိတယ်၊ အရိပ်အမြွက်၊ စုံစမ်းမေးမြန်းခြင်း၊ တွေးဆချက်နဲ့ ယူဆချက်ပေါ့၊ လူသစ်တွေကတော့ အရိပ်အမြွက်နဲ့ အရင်ဝင်ရမယ်"
"ဒါဆို... ကျုပ် အခု အရိပ်အမြွက်တစ်ကတ် နှိုက်ရမှာပေါ့"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"နိုး၊ မင်း ဖဲချပ်ကို ရွေးစရာမလိုဘူး"
မိုရီယာတီ စကားပြောလိုက်သည်နှင့် စားပွဲပေါ်ရှိ ဖဲပုံသည် သူ့အလိုလို ပွင့်ထွက်သွားပြီး စားပွဲတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
"ဖြူး..."
ဟုမ်းစ်က ဆက်ပြောသည်။
"အရိပ်အမြွက်တွေကို မင်းတို့ဆီ ပေးပြီးသားပါ၊ စုစုပေါင်း ငါးခု ရှိတယ်"
ယင်းကို ကြားသောအခါ ဖုန်းပုကြွယ်နှင့် ဟုန်ဟူတို့သည် အရင်က မက်ဆေ့ချ်ငါးခုကို ဆိုလိုခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်သွားကြသည်။
"မင်း မှတ်ဉာဏ်နေရာလွတ်ထဲမှာ လျှောက်သွားနေတုန်းက အဲဒီအရိပ်အမြွက်တွေနဲ့ ကိုက်ညီတဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရလိမ့်မယ်"
ဟုမ်းစ်က ဆိုသည်။
"တစ်ကြိမ် ကြုံတွေ့ရတိုင်း အရိပ်အမြွက်တစ်ခု သုံးစွဲပြီးသားလို့ သတ်မှတ်တယ်"
သူ နှစ်စက္ကန့်ခန့် နားလိုက်ပြီးမှ ဆက်ပြော၏။
"ပြီးတော့ ကျန်နေတဲ့ စာကြောင်းတွေအတွက်ကတော့ စာကြောင်းတစ်ကြောင်းစီတိုင်းက မင်း အရိပ်အမြွက် တစ်ကတ်စီ နှိုက်ရမယ်လို့ အဓိပ္ပာယ်ရတယ်"
"ဒီဖဲချပ်တွေက ကြည့်ရတာ ကောင်းတဲ့အရာတွေ မဟုတ်လောက်ဘူး..."
ဖုန်းပုကြွယ် စကားမဆုံးသေးခင် မိုရီယာတီက ဖြတ်ပြောလိုက်သည်။
"တစ်ခုလောက် ရွတ်ကြည့်လိုက်ပါ၊ မင်း နားလည်သွားလိမ့်မယ်"
"ဘာလဲ... ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ"
ဖုန်းပုကြွယ်သည် စားပွဲကို သူ့လက်ဖြင့် ဖြောင်းခနဲ ရိုက်ချလိုက်သည်။
"ကြေကွဲစရာဖြစ်ရပ်ဆိုးတွေကို အပြုံးနဲ့ ကြိုဆိုပါ၊ ဒီကံဆိုးမှုအားလုံးကို အဆတစ်ရာမကတဲ့ သတ္တိတွေနဲ့ ရင်ဆိုင်ပါ"
သူ စကားပြောပြီးသည်နှင့် အရိပ်အမြွက် တစ်ကတ်သည် သူ့အလိုလို သူ့ရှေ့သို့ ရွေ့လျားလာခဲ့သည်။
"တော်တော်လေး နည်းပညာမြင့်တာပဲ ဟမ့်"
အစ်ကိုကြွယ်က လက်လှမ်း၍ ဖဲချပ်ကို လှန်လိုက်သည်။
"ကျုပ် ကောက်ကိုင်လိုက်ပြီ၊ အဲတော့ ဘာဖြစ်လဲ"
မိုရီယာတီနှင့် ဟုမ်းစ်တို့သည် တိတ်ဆိတ်နေကြပြီး တစ်ယောက်က လှောင်ပြုံးပြုံးနေကာ နောက်တစ်ယောက်ကမူ ဆေးလိပ်သောက်နေလေသည်။
သူတို့၏ တုံ့ပြန်မှုမရှိသည်ကို မြင်သဖြင့် ဖုန်းပုကြွယ်၏ အကြည့်က ဖဲချပ်ပေါ်သို့ ကျရောက်သွားရသည်။
ဖဲချပ်၏ အရှေ့မျက်နှာပြင်တွင် လူပြက်မျက်နှာတစ်ခု ရှိနေလေသည်။
သူတို့ အကြည့်ချင်း ဆုံမိလိုက်သည့် ထိုခဏချင်းမှာပင် ဖဲချပ်သည် ဖုန်းပုကျွယ်လက်ထဲမှ လျှောကျသွားခဲ့သည်။ သူ့လက်သည်... ထိန်းချုပ်၍မရဘဲ စားပွဲပေါ်ရှိ ခေါက်ဓားဆီသို့... လှမ်းအုပ်လိုက်မိလေတော့သည်။