← Chapters

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း ၃၁၉

Vol. 32 Ch. 319

အခန်း (၃၁၉) ဦးနှောက်ခြောက်ရသော အခြေအနေ - ၂၆

လက်ရှိအချိန်သို့ ပြန်သွားကြပါစို့။

ကျိချန်သည် ဖဲချပ်ကို လှန်လိုက်ပြီး မျက်လုံးရှေ့သို့ မြှောက်ကြည့်လိုက်သည်။ သူ၏ အရိပ်အမြွက်ကတ်၏ အရှေ့မျက်နှာပြင်တွင် အနက်ရောင် သိုးမွှေးလုံးတစ်လုံး ရှိနေလေ၏။

"ဒီသိုးမွှေးလုံးနဲ့ ကျုပ်ကို ပတ်တုပ်ထားဖို့ ကြံစည်နေကြတာလား"

ကျိချန်က ထိုပုံရိပ်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

သူ စကားပြောလို့မဆုံးသေးခင်မှာပင် ဟုန်ဟူ၊ ချိုးဖုန်းနှင့် ဖုန်းပုကြွယ်တို့၏ မျက်ဝန်းထဲမှ အကြည့်များက ပြောင်းလဲသွားကြသည်။

"ဘယ်လို..."

ကျိချန်သည် ဘာဖြစ်လို့လဲဟု မေးချင်သော်လည်း သူစကားမပြောလိုက်နိုင်ခင် ဖြစ်ပျက်လာသော အခြေအနေကြောင့် ဆွံ့အသွားရတော့သည်။

ဘေးလူတစ်ဦး၏ အမြင်အရမူ ကျိချန်၏ ဆံပင်များသည် ဂျုံမုန့်ပွလာသကဲ့သို့ ဖောင်းကြွလာပြီး ချက်ချင်းဆိုသလိုပင် ကြီးမားလှပသော အာဖရိုဆံပင်ပွကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဤ "ဧရာမဆံပင်ကြီး" က မိုးတိမ်မည်းကြီးတစ်ခုကဲ့သို့ "ရွာချ" လာလေတော့သည်။ ရွာချလာသည်မှာ မိုးရေမဟုတ်ဘဲ ရှည်လျားလှသော ဆံပင်ရေတံခွန်ကြီးတစ်ခုသာ ဖြစ်၏။

စက္ကန့်သုံးဆယ်ခန့် ကြာပြီးနောက်တွင်မှ ထိုဖြစ်စဉ်က နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။

ကျိချန်၏ မူလ ကတုံးဆံတောက်ကေလေးမှာ ဧရာမမှိုပွင့်ကြီးတစ်ပွင့်အဖြစ်သို့ ပြောင်းလဲသွားပြီး မှိုပွင့်အောက်ခြေမှ မိုးမခပင်၏ အကိုင်းအခက်များကဲ့သို့ ရှည်လျားသော ဆံနွယ်များ တွဲလောင်းကျနေခဲ့သည်။ အကယ်၍ သူ မတ်တပ်ရပ်လိုက်မည်ဆိုပါက သူ့ခန္ဓာကိုယ်ကို ဘယ်သူမှ မြင်ရမည်မဟုတ်ပေ။ အဝေးကကြည့်လျှင်မူ ကြီးမားနက်မှောင်ပြီး အမွှေးအမျှင်များ ထူထပ်နေသော ဂျယ်လီငါးကြီးတစ်ကောင်နှင့် တူနေပေသည်။

“ကိုယ်လိုချင်တဲ့အရာကို ရပြီလို့ ထင်လိုက်တဲ့အချိန်မှာ တကယ်တော့ ပိုပြီးတော့တောင် ဆုံးရှုံးသွားခဲ့ရပြီ”

ကျိချန်သည် သူ့မျက်နှာပေါ်လာစေရန် ကန့်လန့်ကာကဲ့သို့ ကာဆီးနေသော ဆံနွယ်ရှည်ကြီးများကို လက်နှစ်ဖက်ဖြင့် မတင်ရင်း ဤစာကြောင်းကို ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။

“ငါ ဂိမ်းထဲက ကတုံးဆံတောက်ကေကို တခြားပုံစံပြောင်းဖို့ မကြာသေးခင်ကမှ စဉ်းစားနေတာ မှန်ပေမဲ့ (အိပ်မက်ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုက်တွင် ကြေညာထားသည့် သည်းထိတ်ရင်ဖို သုခဘုံ၏ စနစ်အသစ်တစ်ခုမှာ ဆံပင်ပုံစံပြောင်းလဲသော ဝန်ဆောင်မှုကို မကြာခင် မိတ်ဆက်ပေးတော့မည် ဟူ၍ ဖြစ်သည်) ဒါမျိုးတော့ လုံးဝဖြစ်မလာသင့်ဘူးလေ...”

“ဆံပင်ညှပ်တာနဲ့ ပုံသွင်းတဲ့နေရာမှာ ဘုရင်တစ်ပါးလို အဆင့်အတန်းမျိုး ရလာပြီလို့ မင်းထင်နေတဲ့ အချိန်မှာ မင်းရဲ့ ဂုဏ်သိက္ခာနဲ့ အလှအပအာရုံကတော့ ဆုံးရှုံးသွားခဲ့ပြီလေ”

ဖုန်းပုကြွယ်က အေးစက်စွာ သရော်လိုက်သည်။

“ဟားဟားဟားဟား...”

ယင်းကို ကြားသောအခါ ချိုးဖုန်း မနေနိုင်တော့ဘဲ အော်ဟစ်ရယ်မောတော့သည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူ့ရင်ဘတ်တွင် စိုက်ဝင်နေသော ဓားမြှောင်နေရာမှ သွေးများ ပြန်လည် စိမ့်ထွက်လာခဲ့ပြန်သည်။

“အဟွတ်... မဖြစ်ဘူး... ငါ့ကို ရယ်အောင် မလုပ်ပါနဲ့ကွာ၊ မဟုတ်ရင် ငါ တစ်နာရီတောင် ခံမှာမဟုတ်ဘူး”

ဟုန်ဟူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါတို့နဲ့ ယှဉ်ရင် မင်းက တော်သေးတာပဲ”

သူသည် သူ့မျက်နှာရှေ့ရှိ သံတိုင်များကြားထဲသို့ လက်ချောင်းများ လျှိုသွင်းကာ ပုံမှန်အကျင့်အတိုင်း မျက်မှန်ကို ပင့်တင်လိုက်သည်။

“ငါကတော့ ခေါင်းပေါ်မှာ လှောင်ချိုင့်အုပ်ထားရတာကိုပဲ ပိုသဘောကျလိမ့်မယ်”

ကျိချန်သည် သူ့မျက်နှာရှေ့ရှိ ဆံနွယ်ရှည်ကြီးများကို ဖယ်ရှားကာ ပုခုံးအနောက်ဘက်သို့ ပစ်တင်လိုက်ရသည်။ မဟုတ်လျှင် သူ ဘာကိုမှ မြင်ရမည် မဟုတ်ပေ။

"လူကြီးမင်းတို့... ဆက်ကြရအောင်"

ထိုအချိန်တွင် မိုရီယာတီက ပြောလိုက်သည်။

"မစ္စတာယွီ... မင်းလာတာ အချိန်ကိုက်ပါပဲ၊ မင်းမရောက်ခင်မှာ မင်းရဲ့ အဖော်သုံးယောက်လုံးက သူတို့အလှည့်တွေကို အသီးသီး ပြီးဆုံးသွားကြပြီ"

သူ့လေသံမှာ တည်ငြိမ်နေဆဲပင်။

"အခုအချိန်မှာတော့ မင်းတို့အားလုံး ဒီဂိမ်းကို ဘယ်လိုဆော့ရမလဲဆိုတာ မြင်ဖူးသွားကြပြီလို့ ငါ ယုံကြည်ပါတယ်"

"ဖဲချပ်ရဲ့ သက်ရောက်မှုတွေကိုတော့ မြင်ပြီးပါပြီ၊ ဒါပေမဲ့ စည်းမျဉ်းတွေကျတော့ကော"

ဖုန်းပုကြွယ်က ဆိုသည်။

"ကျုပ်တို့က ခင်ဗျားတို့ရဲ့ အမိန့်အောက်မှာပဲ ဒီအတိုင်း ဆက်ဆော့နေလို့ မရဘူး မဟုတ်လား"

မိုရီယာတီက ခေါင်းလှည့်ကြည့်ကာ ဟုမ်းစ်နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် ကစားသမားများဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဘာသာစကားဆိုတာ စွမ်းအားတစ်ခုပဲ"

သူသည် လက်တစ်ဖက်ကို မြှောက်ရင်း လမ်းညွှန်မိတ်ဆက်ပေးသည့် အမူအရာဖြင့် ဆိုသည်။

"ဒါကို စွဲစွဲမြဲမြဲ မှတ်ထားပေးကြပါ၊ ဘာလို့လဲဆိုတော့ ဒီနေရာလွတ်ထဲမှာ ဒါမှမဟုတ် ဒီစားပွဲဝိုင်းဂိမ်းထဲမှာ ဒါက အခြေခံအကျဆုံး အစိတ်အပိုင်း ဖြစ်လို့ပဲ"

သူက စားပွဲပေါ်ရှိ ဖဲချပ်များကို ညွှန်ပြလိုက်သည်။

"ဒီဂိမ်းရဲ့ အခြေခံ စည်းမျဉ်းတွေထဲမှာ ကစားသမားတစ်ယောက်ချင်းစီဟာ ဖဲချပ်အမျိုးအစား လေးမျိုးလုံးကို အသုံးပြုရမယ်၊ အရိပ်အမြွက်၊ စုံစမ်းမေးမြန်းခြင်း၊ တွေးဆချက်နဲ့ ယူဆချက်ပေါ့"

သူ့အကြည့်က ကစားသမားများ၏ မျက်နှာများဆီသို့ ဝေ့ဝဲသွား၏။

"ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေတယ်၊ ဒီစားပွဲမှာ အမှန်တရားကို သိတဲ့သူက ငါနဲ့ မစ္စတာဟုမ်းစ်ပဲ ရှိတာ၊ အဲဒီတော့ အမှန်တရားကို မသိတဲ့သူတွေအနေနဲ့ မင်းတို့က အရိပ်အမြွက်ကတ်ကို ရွေးချယ်ဖို့ အကြောင်းပြချက် မရှိတာ ထင်ရှားတာပေါ့"

"ဒါဆို... ကျုပ်တို့က ဂိမ်းထဲကို ဝင်ဖို့အတွက် အရိပ်အမြွက်ကို မဖြစ်မနေ သုံးရမယ်လို့ ကန့်သတ်ထားတာပေါ့ ဟုတ်လား"

ဟုန်ဟူက မေးမြန်းလိုက်သည်။

"ဟုတ်တယ်"

မိုရီယာတီက ပြန်ဖြေသည်။

"ငါတို့က 'အရိပ်အမြွက်' ဂုဏ်သတ္တိရှိတဲ့ အဲဒီစာကြောင်းအနည်းငယ်ကို နေရာအနှံ့မှာ ချန်ထားခဲ့တာဟာ မင်းတို့ လှေကားအတိုင်း တက်လာတဲ့အခါ ဒီ 'ဘာသာစကား' တွေက နေရာလွတ်ထဲက တခြားဇာတ်ကောင်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှု ရှိလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်အောင်လို့ပဲ"

"ကျုပ် ဒီလိုမျိုး နားလည်လို့ ရမလား... ဒီကမ္ဘာမှာ 'ဘာသာစကား' က စွမ်းအားတစ်မျိုး ဖြစ်ပြီး 'အရိပ်အမြွက်' ကတော့ ဆိုးကျိုးသက်ရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပေါ့ ဟုတ်လား"

ချိုးဖုန်းက မေးလိုက်သည်။

“လုံးဝကြီးတော့ မဟုတ်ဘူး”

ဟုမ်းစ်က ကြားဖြတ်ပြောလိုက်သည်။

“ဒါပေမဲ့ အရမ်းနီးစပ်ပါတယ်”

“ဒီစားပွဲပေါ်မှာတော့ ကောင်းကျိုး၊ ဆိုးကျိုးဆိုတာ မရှိဘူး၊ ဖဲချပ်တစ်ခုရဲ့ သက်ရောက်မှုကို ဆုံးဖြတ်တဲ့ အခြေခံအချက်ကတော့ ပြောလိုက်တဲ့ စကားလုံးတွေက တန်ဖိုးရှိ၊ မရှိ ဆိုတာပဲ”

မိုရီယာတီက ဆက်ပြောလိုက်သည်။

“အခု ငါ့အလှည့် ရောက်ပြီ၊ ငါ အရိပ်အမြွက်တစ်ခုပေးပြီး သရုပ်ပြမယ်”

သူ ခဏရပ်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် ကြေညာလိုက်သည်။

“အရိပ်အမြွက်- ဒီကမ္ဘာမှာ အလိမ်အညာဆိုတာ မရှိဘူး”

ထိုသို့ ပြောပြီးသည်နှင့် အရိပ်အမြွက်ကတ်တစ်ခုက ပရော်ဖက်ဆာ၏ မျက်နှာရှေ့သို့ ရွေ့လျားသွားလေသည်။

မိုရီယာတီက ဖဲချပ်ကို လှန်လိုက်ပြီး အားလုံးကို ပြသလိုက်သည်။ ဖဲချပ်၏ အရှေ့မျက်နှာပြင်မှာ ဗလာဖြစ်နေလေ၏။

"တွေ့လား... ဘာအပြစ်ပေးမှုမှ မရှိဘူး"

ငါးစက္ကန့်ခန့် ကြာပြီးနောက်တွင် ဖုန်းပုကြွယ်၏ ပိန်ချိုင့်နေသော ပါးပြင်များထံမှ အေးစက်စက် ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟမ့်... ငါ သဘောပေါက်ပြီ"

သူသည် သူ့လက်ထဲမှ ဓားမြှောင်အသေးစားလေးကို ကစားနေဆဲဖြစ်ပြီး အလွန်ပင် ပေါ့ပေါ့ပါးပါး ဖြစ်နေပုံရသည်။

"ခင်ဗျားက 'အမှန်တရားကို သိတဲ့သူ' ပဲ၊ ခင်ဗျား အခုပြောလိုက်တဲ့အရာက ကျုပ်တို့ကို 'အမှန်တရား' ဆီ ပိုပြီး ချဉ်းကပ်သွားစေနိုင်တယ်၊ ဒါကြောင့်မို့ ခင်ဗျားရဲ့ 'အရိပ်အမြွက်' က တန်ဖိုးရှိတယ်"

သူ တစ်စက္ကန့်မျှ နားလိုက်ပြီးမှ ဆက်ပြောသည်။

"ကျုပ်တို့လို အမှန်တရားကို မသိတဲ့လူတွေကျတော့ ခင်ဗျားတို့ ချန်ထားခဲ့တဲ့ 'ဘာသာစကား' ကိုပဲ ပြန်ပြောခဲ့တာ၊ အဲဒီ စကားလုံးတွေရဲ့ သဘောသဘာဝက 'အရိပ်အမြွက်' ဖြစ်နေတာ မှန်ပေမဲ့ ဒီစားပွဲပေါ်မှာတော့ ဘာအဓိပ္ပာယ်မှ မရှိဘူး"

"မဆိုးဘူးပဲ၊ မင်း သဘောပေါက်သွားပုံရတယ်"

မိုရီယာတီက ပြုံးလျက် ပြန်ဖြေသည်။

ခဏမျှ စဉ်းစားပြီးနောက် ဖုန်းပုကြွယ်က ကောက်ချက်ချလိုက်သည်။

“ဒါဆို... ဒီဂိမ်းမှာ အမှန်တရားကို မသိတဲ့လူတွေအတွက်တော့ ‘အရိပ်အမြွက်’ ကို ရွေးချယ်တာက မလွဲမသွေ အပြစ်ပေးခံရမှုကို ဖြစ်စေလိမ့်မယ်၊ ဘာလို့လဲဆိုတော့ အမှန်တရားကို သိတဲ့သူတွေက ကျုပ်တို့ရဲ့ အရိပ်အမြွက်တွေကို မလိုအပ်လို့ပဲ၊ ပြီးတော့ အမှန်တရားကို သိတဲ့သူတွေအတွက်ကျတော့ ‘ယူဆချက်’ က တားမြစ်ချက်တစ်ခု ဖြစ်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့က အစကတည်းက အမှန်တရားကို သိနေပြီးသားမို့ ထပ်ပြီး ယူဆနေစရာ မလိုတော့လို့ပဲ”

“ဒါပေမဲ့ ပြဿနာက...”

ဟုန်ဟူက ကြားဖြတ်ပြောလိုက်သည်။

“ကစားသမားတိုင်းက ဖဲချပ်လေးမျိုးလုံးကို မဖြစ်မနေ အသုံးပြုရမှာ မဟုတ်လား”

သူက မိုရီယာတီကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

“ဟုတ်တယ်”

မိုရီယာတီက သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ ငါနဲ့ မစ္စတာဟုမ်းစ်က မတရားညစ်တတ်တဲ့ လူစားမျိုးတွေ မဟုတ်ပါဘူး”

ဟုမ်းစ်က ထပ်လောင်းပြောကြားလိုက်သည်။

“အမှန်တရားကို မသိတဲ့ မင်းတို့အတွက်တော့ ဂိမ်းထဲကို စတင်ဝင်ရောက်ချိန်မှာ ပြောလိုက်တဲ့ ပထမဆုံးစကားလုံးတွေကို အရိပ်အမြွက်အဖြစ် သတ်မှတ်တယ်၊ ဖြူး”

သူ ဆေးလိပ်ငွေ့တစ်ချက် မှုတ်ထုတ်ရင်း ဆက်ပြောသည်။

“ဒါပေမဲ့ အမှန်တရားကို သိတဲ့သူတွေမှာတော့ ဒီကန့်သတ်ချက် မရှိဘူး၊ သူတို့က ကြိုက်တဲ့ ဖဲချပ်နဲ့ စလို့ရတယ်”

သူက ဆေးလိပ်ပြာကို ခါထုတ်လိုက်ရင်း “ဒါပေမဲ့... မင်းတို့က အမှန်တရားကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပထမဆုံး လေးကြိမ်အတွင်းတော့ ဖဲချပ်တစ်ခုတည်းကို ထပ်ခါတလဲလဲ ရွေးလို့မရဘူး”

“ဒါဆို အဓိပ္ပာယ်က... ကစားသမားတိုင်းဟာ ပထမဆုံးလေးကြိမ်အတွင်းမှာ ဖဲချပ်လေးမျိုးလုံးကို မဖြစ်မနေ ရွေးချယ်ရမယ်ပေါ့”

ဟုန်ဟူက ပြန်ပြောပြီးနောက် မေးလိုက်သည်။

“ဒါဆို... ပဉ္စမအကြိမ်ကစပြီး ကျုပ်တို့က ဖဲချပ်တစ်ခုတည်းကို ထပ်ခါတလဲလဲ ရွေးချယ်လို့ ရသွားပြီလား”

မိုရီယာတီက လှောင်ပြုံးပြုံးလိုက်သည်။

“ဟုတ်တယ်၊ ပဉ္စမအကြိမ်ကစရင် မင်း အလှည့်တိုင်းမှာ စုံစမ်းမေးမြန်းခြင်းကိုပဲ ရွေးချယ်မယ်ဆိုရင်တောင် ရပါတယ်”

သူသည် ဟုန်ဟူ စဉ်းစားနေသောအရာကို တိုက်ရိုက်ပင် ထောက်ပြလိုက်လေသည်။

All Chapters