အခန်း ၃၂၀
Vol. 32 Ch. 320
အခန်း (၃၂၀) ဦးနှောက်ခြောက်ရသော အခြေအနေ - ၂၇
“ငါ ဆက်လိုက်မယ်”
ဟုမ်းစ်က ဆေးတံကို ချလိုက်ပြီး စားပွဲဝိုင်းကို ကြည့်ကာ ပြောလိုက်သည်။
“ငါ ယူဆတယ်၊ ပရော်ဖက်ဆာ မိုရီယာတီက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ အရူးတစ်ယောက်ပဲ”
သူ့စကားလုံးများကြောင့် ကစားသမားလေးဦးမှာ သူတို့ကိုယ်သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ဝေခွဲမရ ဖြစ်သွားကြသည်။
ပရော်ဖက်ဆာ မိုရီယာတီ ကိုယ်တိုင်သာလျှင် တည်ငြိမ်စွာ ရှိနေဆဲပင်။
“ကောင်းကောင်း ကြိုးစားခဲ့တာပဲ”
မိုရီယာတီက ပေါ့ပေါ့ပါးပါး ဆိုသည်။
ဟုမ်းစ်က ပြုံးလျက် ပုခုံးတွန့်ပြရင်း ဖုန်းပုကြွယ်၏ လေသံကို အတုခိုး၍ ပြောလိုက်သည်။
“စမ်းကြည့်တာက ပိုက်ဆံကုန်တာမှ မဟုတ်တာ”
ထိုလူနှစ်ယောက် မည်သည့်အရာများ ကြံစည်နေကြမှန်း ကစားသမားများ လုံးဝ ဝေခွဲမရဖြစ်နေကြသော်လည်း စားပွဲပေါ်ရှိ ဖဲချပ်များကတော့ မျှော်လင့်ထားသည့်အတိုင်း လှုပ်ရှားလာခဲ့သည်။ နောက်ကျောတွင် ယူဆချက်ဟု စာသားရိုက်နှိပ်ထားသော ဖဲချပ်တစ်ခုက ဟုမ်းစ်၏ ဘေးနားသို့ ရွေ့လျားသွားလေသည်။ စုံထောက်ကြီးသည် ဖဲချပ်ကို ကောက်မကိုင်ဘဲ အရှေ့ဘက်မှရုပ်ပုံကို ရိုးရိုးရှင်းရှင်း လှန်ပြလိုက်သည်။
ထိုကတ်ပေါ်တွင်မူ... ဗုံးတစ်လုံးကို သရုပ်ဖော်ထားလေသည်။ ကာတွန်းထဲတွင် အတွေ့ရများသည့် လောင်စာကြိုးပါသော အမည်းရောင်ဗုံးမျိုး ဖြစ်သည်။
ဟုမ်းစ်သည် ဖဲချပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး သူနှင့် စားပွဲကြားတွင် အကွာအဝေးတစ်ခု ဖန်တီးလိုက်သည်။
သူ့အိတ်ကပ်များကို စမ်းသပ်ရှာဖွေပြီး ကုတ်အင်္ကျီ၏ ဘယ်ဘက်အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည့် အခိုက်အတန့်တွင်မူ သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“အိုး... ဒီမှာပဲ”
သူပြောရင်း လိမ္မော်သီးတစ်လုံးထက် အနည်းငယ်ပိုကြီးသော အမည်းရောင် ဗုံးတစ်လုံးကို ဆွဲထုတ်လိုက်လေသည်။
ထိုဗုံး၏ ပုံသဏ္ဌာန်မှာ ဖဲချပ်ပေါ်က ပုံစံနှင့် ထပ်တူဖြစ်ပြီး လောင်စာကြိုးမှာလည်း မီးစွဲနေပြီဖြစ်သည်။ အိတ်ကပ်ထဲမှ ထုတ်လိုက်သည့် ထိုအခိုက်အတန့်တွင် လောင်စာကြိုးမှာ လောင်ကျွမ်းလုနီးပါး ဖြစ်ချေပြီ။
ဝုန်း။
ကစားသမားလေးဦး မတုံ့ပြန်နိုင်ခင် ပေါက်ကွဲမှုက ဖြစ်ပွားသွားတော့သည်။ သုံးဦးသား ကြောင်အသွားကြပြီး ဖုန်းပုကြွယ် တစ်ယောက်သာလျှင် အပြုံးတစ်ခုကို ဆင်မြန်းထားဆဲ ဖြစ်သည်...။
ဗုံး၏ ပြင်းအားမှာ ပျမ်းမျှသာဖြစ်ပြီး အချင်းဝက် တစ်မီတာခန့်သာ သက်ရောက်မှု ရှိသည်။ စက်လုံးပုံ အမည်းရောင် မီးခိုးလုံးကြီးတစ်ခုက ဟုမ်းစ်၏ ခန္ဓာကိုယ်အထက်ပိုင်းကို လွှမ်းခြုံသွားပြီး အားလုံး၏ အမြင်အာရုံကို ကာဆီးလိုက်သည်။
မိုရီယာတီကမူ တောင်တစ်လုံးကဲ့သို့ ငြိမ်သက်နေဆဲဖြစ်ပြီး လှည့်ကြည့်ရန်ပင် စိတ်မကူးပေ။
မကြာမီအချိန်အတွင်း မီးခိုးများ လွင့်ပြယ်သွားပြီး ဟုမ်းစ်မှာ ဘာဒဏ်ရာမှမရဘဲ ထိုနေရာတွင် ရပ်နေဆဲပင်။ သူသည် သူ့ကိုယ်ပေါ်က ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး စားပွဲဝိုင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လျှောက်လာကာ သူ့ဆေးတံကို ကောက်ကိုင်လိုက်သည်။
“လူကြီးမင်းတို့... ကျေးဇူးပြုပြီး ဆက်လုပ်ကြပါ”
“ဟေး... ခင်ဗျား ဘာသဘောလဲ၊ ခင်ဗျားရဲ့ အပြစ်ပေးမှုက မျက်လှည့်ပြကွက်တစ်ကွက်လား”
ချိုးဖုန်းက မကျေမနပ် ပြောလိုက်သည်။
“မဟုတ်ဘူး... ဒါက တကယ့် ပေါက်ကွဲမှုအစစ်ပဲ”
ဟုမ်းစ်က ပြန်ဖြေလိုက်သည်။
“တကယ်လို့ ငါသာ စားပွဲမှာ ဆက်ထိုင်နေခဲ့ရင် မင်းတို့အားလုံးကိုပါ ထိခိုက်သွားနိုင်တယ်လေ”
“ဟွန့်... တကယ်လို့ ဒါက မျက်လှည့်သက်သက် မဟုတ်ဘူးဆိုရင် အဓိပ္ပာယ်က သူတို့ဟာ ဒီနေရာလွတ်ထဲမှာ အရမ်းအစွမ်းထက်ပြီး အပြစ်ပေးမှုတွေက သူတို့ကို ဒဏ်ရာမရစေနိုင်ဘူးပေါ့”
ဟုန်ဟူက ပြောလိုက်သည်။
“ဟုတ်တယ်”
ဟုမ်းစ်က ဆေးတံကိုကိုက်ရင်း ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။
“ခွင့်ပြုပါဦး”
ကျိချန်က ဆိုသည်။
“ကျုပ် ရုတ်တရက် သတိထားမိလိုက်တာက ခင်ဗျားတို့ မပြောရသေးတဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခု ရှိနေသေးတယ်ဆိုတာပဲ”
သူက မိုရီယာတီနှင့် ဟုမ်းစ်ကို ကြည့်၍ မေးလိုက်သည်။
“ဒီဂိမ်းရဲ့ အနိုင်အရှုံးကို ဘယ်လို ဆုံးဖြတ်မှာလဲ”
မိုရီယာတီက ပြန်ဖြေလိုက်သည်။
“မင်းတို့ လေးယောက်ထဲက တစ်ယောက်ယောက်သာ အမှန်တရားကို တွေးဆဖော်ထုတ်နိုင်မယ်ဆိုရင် မင်းတို့ နိုင်ပြီပေါ့”
“ပြီးတော့ တကယ်လို့ ကျုပ်တို့ လေးယောက်လုံး အမှန်တရားကိုမသိခင် သေဆုံးသွားခဲ့မယ်ဆိုရင်တော့ ‘အမှန်တရားကို သိတဲ့သူတွေ’ ဖြစ်တဲ့ သူတို့ရဲ့ အောင်ပွဲပေါ့”
ဖုန်းပုကြွယ်က ကျိချန်ဘက်လှည့်ကာ ဆက်ပြောလိုက်သည်။
"ပြောတာ ကောင်းတယ်၊ မင်းအလှည့်ပဲ"
မိုရီယာတီက ဖုန်းပုကြွယ်ကို ကြည့်ရင်း ပြောလိုက်သည်။
“အခြေအနေအသေးစိတ်ကို မသိရဘဲ ဂိမ်းထဲကို စဝင်တဲ့အလှည့်မှာ ပြောလိုက်တဲ့ စကားလုံးတွေကို အရိပ်အမြွက်လို့ သတ်မှတ်တာဆိုတော့...”
ဖုန်းပုကြွယ်သည် သူ့ဓားကို ချ၍ ရှေ့တိုးထိုင်လိုက်သည်။
“ဒီအလှည့်ကစပြီး ကျုပ် ဘယ် ‘ဘာသာစကား’ ကိုမဆို မပြောခင် ဒါဟာ ‘စုံစမ်းမေးမြန်းခြင်း’ လား၊ ‘တွေးဆချက်’ လား ဒါမှမဟုတ် ‘ယူဆချက်’ လားဆိုတာကို အရင်ကြေညာရမယ်၊ ဟုတ်တယ်မလား”
“မှန်တယ်”
မိုရီယာတီက ပြန်ဖြေ၏။
“ဒါနဲ့ စကားမစပ်”
ဖုန်းပုကြွယ်က ထပ်လောင်းမေးမြန်းလိုက်သည်။
“တကယ်လို့ ကျုပ်အခု ထပ်ပြီး ‘အရိပ်အမြွက်’ လို့ ကြေညာရင် ဘာဖြစ်မလဲ”
“ပဉ္စမအလှည့် မတိုင်ခင်အထိ မင်းရဲ့ ‘ထပ်ခါတလဲလဲ ကြေညာမှု’ ကို အတည်မပြုဘူးလို့ သတ်မှတ်တယ်”
မိုရီယာတီက ပြန်ဖြေ၏။
“မင်းက တရားဝင်တဲ့ ရွေးချယ်မှုတစ်ခုကို မကြေညာမချင်း မင်းအလှည့်က ဆက်ရှိနေဦးမှာပဲ”
“အိုး...ကောင်းပြီ ဒါဆို နောက်တစ်ခု ရှိသေးတယ်”
ဖုန်းပုကြွယ်က စားပွဲဝိုင်းကို ညွှန်ပြလိုက်သည်။
“ဒီ မဖွင့်ရသေးတဲ့ ဖဲချပ်တွေကို လှန်ကြည့်လိုက်တာ၊ ဒါမှမဟုတ် ဆုတ်ဖြဲပစ်တာ၊ ဖျက်ဆီးပစ်တာမျိုး လုပ်ရင်ကော...”
“သေရုံပဲပေါ့”
ဟုမ်းစ်က အေးအေးလူလူ ကြားဖြတ်ပြောလိုက်သည်။
ယင်းကိုကြားသောအခါ ဖုန်းပုကြွယ်က ခေါင်းခါယမ်းကာ ခန္ဓာကိုယ်ကို ခဏမျှ ယိမ်းထိုးနေပြီး ရုတ်တရက် စားပွဲကို ဖြောင်းခနဲ ရိုက်ချလိုက်သည်။ သူ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
“စုံစမ်းမေးမြန်းခြင်း”
“မေးရုံပဲမေးပါဟ၊ ဘာလို့ ဒီလောက်ကြောက်စရာကောင်းအောင် လုပ်နေတာလဲ...”
ဟုန်ဟူက ဆိုသည်။
“ဟုတ်တယ် ငါ့မှာ နှလုံးရောဂါ ရှိတယ်ကွ”
ချိုးဖုန်းက သူ့ရင်ဘတ်တွင် စိုက်ဝင်နေသော ဓားရိုးကို ညွှန်ပြရင်း ပြောလိုက်သည်။
ဖုန်းပုကြွယ်သည် သူတို့ကို ဂရုစိုက်မနေဘဲ သူ့မေးခွန်းကို ပစ်ထုတ်လိုက်သည်။
“ဒီနေရာလွတ်ရဲ့ ပုံစံစနစ်က အတိအကျဆို ဘာလဲ”
အစ်ကိုကြွယ်၏ မေးခွန်းမှာ အဓိပ္ပာယ်အရ “ငါ့ကို ပြောပြလိုက်၊ ဒါဆို ငါနိုင်ပြီ” ဆိုသည်နှင့် အတူတူပင် ဖြစ်သည်။ ကိစ္စရပ်များက ထိုမျှလောက် မရိုးရှင်းနိုင်မှန်း သူ သိသည်။ သူသည် စမ်းသပ်ကြည့်ရုံသာ ဖြစ်ပြီး သူ့အသင်းဖော်များ အလှည့်အတွက် လမ်းခင်းပေးနေခြင်း ဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်းပင် သူမေးပြီးနောက် စားပွဲပေါ်ရှိ ဖဲချပ်တစ်ချပ်မှ မလှုပ်ရှားလာချေ။
ပရော်ဖက်ဆာက ရှင်းပြလိုက်သည်။
"မင်း မေးခွန်းတစ်ခု မေးတဲ့အခါ ဆန့်ကျင်ဘက်အသင်းက ကစားသမားတွေက ဖြေဖို့ ဒါမှမဟုတ် မဖြေဖို့ ရွေးချယ်ခွင့် ရှိတယ်"
ဟုမ်းစ်က ဆက်ပြောသည်။
"တကယ်လို့ ငါတို့က မဖြေဖို့ ရွေးချယ်ခဲ့ရင် မင်းက အပြစ်ပေးမှု တစ်ကြိမ်စာ ကင်းလွတ်ခွင့်ရလိမ့်မယ်"
မိုရီယာတီက ဆိုသည်။
"ပြီးတော့ တကယ်လို့ ငါတို့က ဒီမေးခွန်းကို ဖြေခဲ့ရင် စားပွဲဝိုင်းက စတင်ဆုံးဖြတ်တော့မှာ ဖြစ်တယ်..."
သူ တစ်စက္ကန့်မျှ နားလိုက်ပြီး "တကယ်လို့ မေးခွန်းမေးသူက ငါတို့ရဲ့ အဖြေကနေ အသုံးဝင်တဲ့ အချက်အလက်ကို ရယူနိုင်ခဲ့ရင် အဲဒီမေးခွန်းကို တန်ဖိုးရှိတယ်လို့ သတ်မှတ်တယ်၊ မဟုတ်ရင်တော့ အဲဒါကို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းအဖြစ် သတ်မှတ်ပြီး မေးခွန်းမေးသူက အပြစ်ပေးခံရလိမ့်မယ်"
ပရော်ဖက်ဆာ စကားပြောနေစဉ်အတွင်း ဟုမ်းစ်သည် ဆေးတံကို နောက်တစ်ကြိမ် ဖူးခနဲ မှုတ်ထုတ်လိုက်ပြီးမှ ထပ်လောင်းပြောကြားလိုက်သည်။
"ဒါတင်မကသေးဘူး၊ မေးခွန်းတစ်ခုတည်းကို နှစ်ကြိမ် ထပ်မမေးရဘူး၊ အသုံးအနှုန်း ပြောင်းလဲတာ ဒါမှမဟုတ် တူညီတဲ့အဓိပ္ပာယ်မျိုး သက်ရောက်အောင် လုပ်တာကိုလည်း ခွင့်မပြုဘူး၊ မဟုတ်ရင်လည်း မင်း အပြစ်ပေးခံရလိမ့်မယ်"
မိုရီယာတီက ပုခုံးတွန့်ပြရင်း "အခု မင်းရဲ့ မေးခွန်းအတွက်ကတော့ ငါတို့က သဘာဝကျကျပဲ... မဖြေဘူးပေါ့ကွာ"
သူ ထိုသို့ ပြောပြီးသည်နှင့် စားပွဲပေါ်ရှိ စုံစမ်းမေးမြန်းခြင်း ဖဲချပ်တစ်ချပ်က သူ့အလိုလို လှန်သွားပြီး ဖုန်းပုကြွယ်ရှေ့သို့ ရွေ့လျားလာခဲ့သည်။ ဖဲချပ်၏ အရှေ့ဘက်တွင် ရုပ်ပုံမရှိဘဲ အဖြူအမည်းစာသားဖြင့် ကင်းလွတ်ခွင့်ဟုသာ ရေးသားထားလေသည်။
“ဟေး၊ ဟေး၊ ဟေး...”
ချိုးဖုန်းမှာ ဖြတ်မပြောဘဲမနေနိုင်တော့ပေ။
“တကယ်လို့ ခင်ဗျားတို့က မဖြေဘူးဆိုတာကိုပဲ ဆက်တိုက်ရွေးနေမယ်ဆိုရင် အဓိပ္ပာယ်ရှိတဲ့ မေးခွန်းတွေအားလုံး မေးပြီးသွားရင် ‘စုံစမ်းမေးမြန်းခြင်း’ က ကျုပ်တို့အတွက် အသုံးမဝင်တော့ဘူး မဟုတ်လား”
သူ့မေးခွန်းမှာ အခြားကစားသမားများ စဉ်းစားနေသည့်အရာလည်း ဖြစ်၏။
“ဒါကြောင့်မို့ အဓိပ္ပာယ်ရှိတဲ့ မေးခွန်းတွေအားလုံး မေးမပြီးခင် စုံစမ်းမေးမြန်းခြင်းကို အသုံးပြုပြီး ကင်းလွတ်ခွင့်ကတ်တွေကို အတတ်နိုင်ဆုံး ယူထားတာ ပိုကောင်းလိမ့်မယ်”
မိုရီယာတီက ဆိုသည်။
ဟုမ်းစ်ကလည်း ယုံကြည်ချက်ရှိသော အမူအရာဖြင့် အကြံပြုလိုက်သည်။
“မင်းတို့လည်း ထောင်ချောက်ဆင်ဖို့ ကြိုးစားကြည့်လို့ ရပါတယ်၊ အဓိပ္ပာယ်မရှိသလို ထင်ရတဲ့ မေးခွန်းတွေကိုမေးပြီး ငါတို့ဆီကနေ အသုံးဝင်တဲ့ အချက်အလက်တွေ ထွက်လာအောင် ဆွဲဆောင်တာမျိုးပေါ့”
သူ ပြုံးလိုက်သည်။
“ငါတို့ လိမ်ပြောမှာကိုတော့ မစိုးရိမ်ပါနဲ့၊ မင်းတို့ ဖြေဖို့ ရွေးချယ်လိုက်တာနဲ့ အမှန်အတိုင်းပဲ ပြောရမှာ ဖြစ်လို့ပဲ”
“ဒါဆို... ကျုပ်ဖဲချပ်တစ်ခု မရွေးချယ်ခင်မှာ ခင်ဗျားတို့နှစ်ယောက်က တွေးဆချက်တွေနဲ့ ယူဆချက်တွေကိုပါ အသေးစိတ် ရှင်းပြပေးနိုင်မလား”
ဟုန်ဟူက မေးလိုက်သည်။
“အဲဒါကတော့ အနုစိတ်ယူဆချက်တစ်ခု ထုတ်တာပေါ့”
ဟုမ်းစ်က ပြန်ဖြေသည်။
“တကယ်လို့ တွေးဆချက်ရဲ့ အကြောင်းအရာက အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ လုံးဝမသက်ဆိုင်ဘူးဆိုရင် တွေးဆသူက အပြစ်ပေးကတ်ကို တိုက်ရိုက်နှိုက်ရလိမ့်မယ်”
သူ ခဏရပ်လိုက်သည်။
“ကျိုးကြောင်းဆီလျော်ပြီး တည်ဆောက်ပုံကောင်းမွန်တဲ့ တွေးဆချက်တွေကတော့ ဗလာကတ်တစ်ကတ် ရစေလိမ့်မယ်၊ အဲဒီအခါကျရင် ပရော်ဖက်ဆာနဲ့ ငါက မင်းတို့ရဲ့ တွေးဆချက်အပေါ် မလွဲမသွေပြန်ဖြေပေးရမှာဖြစ်ပြီး... ‘မှန်တယ်’၊ ‘မှားတယ်’ ဒါမှမဟုတ် ‘မတိကျဘူး’ ဆိုတာကို ဖြေပေးရမှာပေါ့”
"ဒါကတော့ 'နိဂုံး' တစ်ခု ချပြတာပါပဲ၊ စားပွဲဝိုင်းကပဲ အဲဒါ မှန်၊ မမှန်ကို ဆုံးဖြတ်ပေးမှာ၊ တကယ်လို့ မင်းမှန်ရင် ဗလာကတ်ပြား ရမယ်၊ တကယ်လို့ မင်းမှားရင်တော့... သေဒဏ်ဆိုတဲ့ အပြစ်ပေးမှုကို ခံရမှာပေါ့"
မိုရီယာတီက ထပ်လောင်းပြောလိုက်သည်။
"သေချာတာပေါ့... ဟုမ်းစ်ကတော့ အပြစ်ပေးခံလိုက်ရတယ်လေ၊ ဒါကလည်း သူချပြတဲ့ နိဂုံးက 'အမှန်တရား' နဲ့ လုံးဝ မသက်ဆိုင်လို့ပဲ၊ မင်းတို့ အရင်က တွေးဆခဲ့သလို အခြေအနေကို မသိတဲ့လူတွေရဲ့ 'အရိပ်အမြွက်' က အဓိပ္ပာယ်မရှိသလို အမှန်တရားကို သိတဲ့သူတွေကလည်း 'ယူဆချက်' ထုတ်တဲ့အခါ မသက်ဆိုင်တဲ့ ဒါမှမဟုတ် မှားယွင်းတဲ့ နိဂုံးတွေကိုပဲ ချပြနိုင်တာပေါ့"
ဤရှင်းပြချက် ပြီးဆုံးသွားပြီးနောက် အခန်းတွင်း၌ လုံးဝတိတ်ဆိတ်သွားခဲ့သည်။
ကစားသမားလေးဦးလုံးမှာ အတတ်နိုင်ဆုံး အလျင်အမြန် စဉ်းစားနေကြသည်။ အခြေအနေမှာ မည်မျှဆိုးဝါးနေကြောင်းကို သူတို့အားလုံး သိနေကြသောကြောင့် ဖြစ်သည်။
ဤစားပွဲဝိုင်းဂိမ်း၏ ရှုပ်ထွေးမှုနှင့် ခက်ခဲမှုမှာ မကြုံဖူးလောက်အောင်ပင် ဖြစ်သည်။ ပြီးလျှင် သူတို့၏ ဆန့်ကျင်ဘက်ပြိုင်ဘက်နှစ်ဦးမှာလည်း နတ်ဘုရားအဆင့်ရှိသော ပညာရှိကြီးများ ဖြစ်ပြီး ဇာတ်လမ်းထဲတွင်မူ သူတို့နှစ်ဦးကို အနိုင်မယူနိုင်လုနီးပါး ပုံဖော်ထားခြင်း ဖြစ်သည်။
အနိုင်ရရှိရန်အတွက်မူ သူတို့သည် ကန့်သတ်ထားသော အချိန်အတွင်းနှင့် စည်းမျဉ်းများ၏ ကန့်သတ်ချက်များအောက်တွင် လုံလောက်သော အချက်အလက်များ ရရှိရန် ‘ဘာသာစကား’ ကို အသုံးပြုရမည်ဖြစ်ပြီး ထို့နောက်တွင်မှ ‘အမှန်တရား’ ဤနေရာလွတ်အတွင်းရှိ ဖုံးကွယ်ထားသော ပုံစံစနစ်များကို တွေးဆဖော်ထုတ်ရမည် ဖြစ်သည်။
“ငါ... ငါ မေးမယ်”
ဟုန်ဟူသည် အချိန်အကြာကြီး တုံ့ဆိုင်းမနေတော့ပေ။ အချိန်က တန်ဖိုးရှိမှန်း သူ သိသည်။ ပြီးလျှင် ဤအလှည့်မှ ကင်းလွတ်ခွင့်ကတ်တစ်ကတ် ဦးစွာရယူထားရန် ဖြစ်သည်။
သူ့အသင်းဖော်များကလည်း သူ့ကို နားလည်ကြသည်။ ချိုးဖုန်းမှာ သွေးထွက်လွန်နေပြီ ဖြစ်သဖြင့် အချိန်ဖြုန်းနေခြင်းက သေစေနိုင်ပေသည်။ ပြီးလျှင် လူတစ်ယောက် ဆုံးရှုံးသွားတိုင်း ‘အမှန်တရားကို မသိတဲ့လူတွေ’ ၏ အလှည့်တစ်ခု လျော့သွားခြင်း ဖြစ်၏။
“စုံစမ်းမေးမြန်းခြင်း၊ မစ္စတာဟုမ်းစ်…ခင်ဗျား ပေါက်ကွဲမှုထဲမှာ မသေသွားရတဲ့ အကြောင်းရင်းက ဘာလဲ”
ဗျူဟာမှူးဟုန်ဟူသည် သူ့နာမည်နှင့် လိုက်ဖက်လှသည်။ ဤသို့ မေးမြန်းခြင်းက သူ့အတွက် ကင်းလွတ်ခွင့်ကတ်တစ်ကတ်ကို မုချ ရရှိစေမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤဘော့စ်နှစ်ဦး၏ စွမ်းရည်များသည် ဤနေရာလွတ်၏ နိယာမများဖြင့် နီးကပ်စွာ ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ထိုမေးခွန်းကို မည်သို့မျှ ဖြေဆိုနိုင်မည် မဟုတ်ပေ။
“ဟား... တကယ့်ကို သဘောကျစရာပဲ”
ဟုမ်းစ်က ဘေးနားရှိ မိုရီယာတီဘက်သို့ လှည့်ပြောလိုက်သည်။
“ပရော်ဖက်ဆာ... မင်း ဒီနေ့ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ...”
သူ ဆေးတံကို တစ်ချက်ရှူလိုက်ပြီး ဆေးတံရိုးဖြင့် ဟုန်ဟူဘက်သို့ ညွှန်ပြလိုက်သည်။
“ဥပမာပြောရရင် ဒီတစ်ယောက်ပေါ့၊ ထူးထူးခြားခြား ဉာဏ်ကောင်းရုံတင်မကဘူး၊ ထူးခြားတဲ့ အကဲခတ်မှုနဲ့ တွေးဆနိုင်စွမ်းတွေကိုပါ ပိုင်ဆိုင်ထားသေးတယ်”
မိုရီယာတီက အေးဆေးသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“အမှန်ပဲ၊ ပြီးတော့ ဟိုကောင်လေးလည်း ပါတာပေါ့”
သူ့အကြည့်က ဖုန်းပုကြွယ်ပေါ်သို့ ကျရောက်သွား၏။
“သူက မင်းနဲ့ အရမ်းတူတယ်၊ ထက်မြက်ပြီး ယုတ္တိကျတဲ့ စိတ်ဓာတ်မျိုး ရှိသလို အရမ်းမောက်မာပြီး စိတ်ကူးပေါက်သလို လုပ်တတ်သေးတယ်၊ ကန့်သတ်လို့ မရတဲ့လူမျိုးပဲ”
“ဖြေမှာလား၊ မဖြေဘူးလား”
ဟုန်ဟူက လောဆော်လိုက်သည်။ ပုံရိပ်ယောင်ဂိမ်းထဲက ဇာတ်ကောင်နှစ်ယောက်၏ ချီးကျူးမှုခံရခြင်းကြောင့် သူ ဂုဏ်ယူမနေပေ။ ထိုဘော့စ်နှစ်ဦးသည် စကားများ လှည့်ပတ်ပြောဆိုနေပြီး အချိန်ဖြုန်းနေကြောင်းကိုသာ သူသိသည်။
"ဟေး မလောနဲ့ဦးလေ"
ချိုးဖုန်းက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
"သူတို့က နောက်ကျရင် ငါနဲ့ ကျိချန်ကိုပါ နည်းနည်းလောက် မြှောက်ပင့်ပေးဦးမယ် ထင်တယ်၊ သူတို့ကို ဆက်ပြောပါစေဦး"
"ညီအစ်ကိုချိုးဖုန်း၊ မင်းကတော့ တကယ့်ကို ဘာကောင်းသလဲဆိုတာ မသိတဲ့လူစားပဲ..."
ကျိချန်သည် သူ၏ မယုံနိုင်ဖွယ် ခန့်ညားလှသော ဆံပင်စတိုင်ကို တစ်ချက်ခါထုတ်လိုက်သည်။
"မင်းသာ အဲဒီဓားကြီး စိုက်မနေဘူးဆိုရင် ငါတို့ ဒီလောက် အချိန်လုနေရမှာ မဟုတ်ဘူး"
"ဟားဟားဟားဟား..."
ချိုးဖုန်းက မအောင့်နိုင်ဘဲ ထပ်ရယ်မောမိပြန်သည်။
"ငါ့ကို ဒီလို မပြောစမ်းပါနဲ့ကွာ၊ မင်း ဒီလိုပုံစံဖြစ်နေတာကို ငါရပ်ကြည့်မနေနိုင်တော့ဘူး"
"ဖြူး"
ဟုမ်းစ်က သူ့ဘေးတွင် ထိုင်နေသော ချိုးဖုန်းကို လှည့်ကြည့်လိုက်သည်။
"ကြည့်ရတာ သူတို့က ဒီကိစ္စကို စိတ်ပူနေကြတာကိုး..."
သူစကားပြောရင်း လက်ကို မြှောက်ကာ လက်ချောင်းလေးများဖြင့် လက်ဖျစ်တီးလိုက်လေသည်။
ရုတ်တရက်ဆိုသလို ချိုးဖုန်းရင်ဘတ်ထဲမှ ဓားမြှောင်သည် ဝှစ်ခနဲ အသံနှင့်အတူ ဆွဲထုတ်ခံလိုက်ရပြီး လေထဲတွင် နှစ်စက္ကန့်ခန့် ဝဲပျံနေပြီးနောက် ကြမ်းပြင်ပေါ်သို့ ဒေါက်ခနဲ ပြုတ်ကျသွားတော့သည်။
ချိုးဖုန်း လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ့ဒဏ်ရာကို ဖိထားလိုက်သည်။ သူ မီနူးကို ဖွင့်ကာ တစ်မိနစ်ကျော်ကျော်ခန့် အကဲခတ်ကြည့်လိုက်ရာ သူ၏ သွေးထွက်ခြင်းအခြေအနေမှာ ရှိနေဆဲ ဖြစ်သော်လည်း အသက်အမှတ် ကျဆင်းနေမှုက ရပ်တန့်သွားကြောင်း တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သူ လက်မလွှတ်လိုက်သရွေ့ သွေးထွက်ခြင်းက မရပ်တန့်မည့်ပုံ ပေါ်နေလေသည်။
မိုရီယာတီက ဟုမ်းစ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ဒါက လိုအပ်လို့လား"
ဟုမ်းစ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ခန့်မှန်းလို့မရတဲ့ ပြိုင်ဘက်မျိုးက ဂိမ်းရဲ့ ပျော်ရွှင်စရာတွေကို ပျက်စီးစေလိမ့်မယ်လေ"
"ဟမ့်..."
မိုရီယာတီက နှာခေါင်းရှုံ့လိုက်ပြီး ကစားသမားများကို ကြည့်ကာ ပြောလိုက်သည်။
"လူကြီးမင်းတို့... ငါ ပြောတာကို ကြားပြီးပြီပဲ၊ သေသေချာချာ စဉ်းစားကြပါ၊ မလောကြပါနဲ့"