အခန်း ၁၅၄၁
Vol. 105 Ch. 1541
အခန်း ၁၅၄၁ ဆုကြီးတစ်ခု ဖန်တီးမည်
"အကယ်၍ စီးပွားဖြစ်သုံး ကားတွေကို ထည့်မတွက်ဘဲ လူစီးကားတွေကို သီးသန့် တွက်မယ်ဆိုရင် ကျွန်တော်တို့က ကမ္ဘာ့ထိပ်ဆယ်စာရင်းဝင် ဖြစ်နေသင့်ပြီ... ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျွန်တော်တို့က ကမ္ဘာ့အဆင့် ရှစ် နေရာမှာတောင် ရှိနေသင့်တာ... ဒါပေမဲ့ ဘယ်သူကများ ကျွန်တော်တို့ကို ကမ္ဘာ့အဆင့် ၈ အဖြစ် သတ်မှတ်ပေးလို့လဲ... ကမ္ဘာ့ထိပ်၁၀ကားကုမ္ပဏီ အဆင့်သတ်မှတ်ချက်မှာ ကျွန်တော်တို့ တစ်ခါမှ မပါခဲ့ဖူးဘူး..."
လီမင်တေမှာ လုံးဝကျေနပ်မှု မရှိပေ။ အကယ်၍ Songjiang ကားကုမ္ပဏီက ပြည်တွင်းရှိ ထိုစီးပွားဖြစ်သုံး ကားကုမ္ပဏီများကို သိမ်းပိုက်လိုက်မည်ဆိုပါက အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးငါးခု စာရင်းထဲသို့ပင် တိုးဝင်သွားနိုင်ပေမည်။
သို့မဟုတ် ထိုဖက်စပ်ကားကုမ္ပဏီများကို သိမ်းပိုက်လိုက်မည်ဆိုလျှင်လည်း အဆင့်သတ်မှတ်ချက်ကို နေရာအတော်များများအထိ မြင့်တက်လာစေနိုင်ပေသည်။
နှမြောစရာကောင်းသည်မှာ နိုင်ငံတော်က ဤသို့လုပ်ဆောင်ရန် ခွင့်မပြုခြင်းပင် ဖြစ်သည်။ ကုမ္ပဏီပိုင် စီးပွားရေး လုပ်ငန်းဟု ဆိုသော်လည်း အကယ်၍ သိမ်းပိုက်ခံလိုက်ရမည်ဆိုပါက နိုင်ငံတော်က သဘောတူမည် မဟုတ်ပေ။
အကယ်၍ ပေါင်းစည်းချင်သည် ဆိုလျှင်တော့ ရနိုင်ပြီး ရှယ်ယာများဖြင့် အရောင်းအဝယ် လုပ်ရမည် ဖြစ်သည်။
'ငွေနဲ့ တိုက်ရိုက် ဝယ်မယ် ဟုတ်လား... မင်းတို့က ငွေထုတ်ပေးနိုင်လို့လား... အားနာပါတယ်... မရောင်းဘူး...'
ဆိုလိုသည်မှာ အကယ်၍ Songjiang ကားကုမ္ပဏီ အနေဖြင့် တိုးချဲ့ချင်သည်ဆိုပါက Taihua Holdings အုပ်စုသည် ဤကုမ္ပဏီအပေါ် ထိန်းချုပ်ခွင့်ကို ဆုံးရှုံးသွားရမည် ဖြစ်သည်။ ပင်းချန်မြို့ အစိုးရကလည်း အလွန်လည်လှပေသည်။ သူတို့သည် ရှယ်ယာများကို လုံးဝရောင်းချမည် မဟုတ်ဘဲ ဈေးကွက်ပေါက်ဈေးထက် သုံးဆယ် ရာခိုင်နှုန်း ပိုပေးသော အလွန်မြင့်မားသည့် ဈေးနှုန်းဖြင့် ဝယ်ယူမည်ဆိုလျှင်ပင် ရောင်းချမည် မဟုတ်ပေ။
ငွေရလာလျှင်ကော ဘာကိုရင်းနှီးမြှုပ်နှံရဦးမည်နည်း။ ရှယ်ယာများကို ထိန်းသိမ်းထားပါက နှစ်စဉ်ရရှိသော အမြတ်ဝေစုမှာလည်း နည်းပါးသော ပမာဏ မဟုတ်သည့်အပြင် ကုမ္ပဏီ၏ ဌာနချုပ်ကိုလည်း ပင်းချန်မြို့မှ ပြောင်းရွှေ့သွားခြင်း မရှိစေရန် လုပ်ဆောင်နိုင်ပြီး သူတို့ကို များပြားလှသော အခွန်အခများကိုပါ ရရှိစေနိုင်ပေသည်။
အခြားသော ကားကုမ္ပဏီများကလည်း အတူတူပင် ဖြစ်သည်။ 'ငါတို့ကို ဝယ်ယူချင်တယ် ဟုတ်လား... ရတယ်လေ... ရှယ်ယာနဲ့ လာဝယ်... ငါတို့ ဘာသဘောထားမှ မရှိဘူး... ငွေသားနဲ့ ဆိုရင်တော့ ဆွေးနွေးစရာ အကြောင်းမရှိဘူး...'
ပြီးခဲ့သည့်နှစ်က တရုတ်၏ ကားထုတ်လုပ်ရောင်းချမှု အရေအတွက်မှာ အစီးရေ ခြောက်သန်းကျော် ရှိခဲ့ပြီး လူစီးကား သီးသန့်ကပင် ငါးဆယ် ရာခိုင်နှုန်းကျော် ပါဝင်နေကာ ၎င်းတို့အထဲတွင် Songjiang ကားကုမ္ပဏီ က သုံးပုံတစ်ပုံခန့် ရယူထားနိုင်ခဲ့သည်။
တရုတ်၏ ပုဂ္ဂလိကပိုင် လူစီးကား ပိုင်ဆိုင်မှု အရေအတွက်မှာ ပြီးခဲ့သည့်နှစ်ကပင် သန်းဆယ်ဂဏန်းကျော် ရှိနေခဲ့ပြီဖြစ်ပြီး ဈေးကွက် စစ်တမ်းများအရ ပုဂ္ဂလိကပိုင် ကားများ၊ အထူးသဖြင့် လူစီးကားများ၏ ရောင်းအားမှာ ဆက်လက်၍ လျင်မြန်စွာ တိုးတက်လာဦးမည် ဖြစ်သည်။
အထက်လူကြီးများကလည်း ဤကိန်းဂဏန်းကို အာရုံစိုက်နေကြသည်။ ထို့အပြင် ဖုန်းယွီကလည်း မော်တော်ယာဉ် လုပ်ငန်းကို အဓိက မဏ္ဍိုင် လုပ်ငန်းတစ်ခုအဖြစ် ထားရှိရန် အထက်သို့ အကြံပြုထားခဲ့သေးသည်။ အဓိက မဏ္ဍိုင် လုပ်ငန်းတစ်ခု ဖြစ်နေမှတော့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုတည်းကို မည်သို့လုပ်၍ လက်ဝါးကြီးအုပ်ခွင့် ပေးနိုင်မည်နည်း။
ယခုအခါ Songjiang ကားကုမ္ပဏီ မှာ ဤကဲ့သို့သော ပြဿနာမျိုးနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ တိုးချဲ့လိုသော်လည်း ပြည်တွင်းတွင် မျှော်လင့်ချက် နည်းပါးလှပေသည်။ ဝယ်ယူချင်သော ကုမ္ပဏီများကိုမူ Songjiang ကားကုမ္ပဏီက မဝယ်ယူလိုပေ။ အဘယ်ကြောင့်ဆိုသော် ထိုကားကုမ္ပဏီငယ်လေးများမှာ အလွန်ညံ့ဖျင်းလွန်းပြီး အလုပ်သမားများနှင့် မြေနေရာများမှလွဲ၍ Songjiang ကားကုမ္ပဏီက မည်သည့်အရာကိုမျှ အထင်မကြီးသောကြောင့် ဖြစ်သည်။
မျက်စိကျသည့် ကုမ္ပဏီများကိုမူ ဝယ်ယူ၍ မရနိုင်ပြန်ပေ။ ဤသည်က Songjiang ကားကုမ္ပဏီ ၏ အတိုင်းအတာကို ထိရောက် လျင်မြန်စွာ မတိုးချဲ့နိုင်အောင် ဖြစ်စေခဲ့ပြီး အမှတ်တံဆိပ် အနည်းငယ်နှင့် ကားလိုဂို နှစ်မျိုးသာ (Oriental Deer မှာ သူတို့၏ ကိုယ်ပိုင် ကားလိုဂို ဖြစ်သည်) ဆက်လက် တည်ရှိနေစေခဲ့သည်။
ကမ္ဘာ့ ကားထုတ်လုပ်ရောင်းချမှု အရေအတွက်မှာ လာမည့်နှစ်အနည်းငယ်အတွင်း လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။ အထူးသဖြင့် ဤနှစ်နှစ်အတွင်း ကမ္ဘာ့စီးပွားရေး အခြေအနေက အလွန်ကောင်းမွန်နေရာ သေချာပေါက် အခွင့်ကောင်း တစ်ခုပင် ဖြစ်သည်။
သို့သော် ဤအချိန်တွင် သတင်းကောင်း တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ်မှ စတင်ကာ General Motorsက ဒေဝါလီခံရတော့မည် ဖြစ်ခြင်းပင် ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး အခြေအနေ အလွန်ကောင်းမွန်ပြီး ကားထုတ်လုပ်ရောင်းချမှု အရေအတွက်များ အကြီးအကျယ် မြင့်တက်နေချိန်တွင် General Motors က ကမ္ဘာ့နံပါတ်တစ် ထုတ်လုပ်ရောင်းချမှု ပမာဏနှင့်အတူ စတင် အရှုံးပေါ်လာခဲ့သည်။
ကမ္ဘာ့ထိပ်ဆယ် ကားကုမ္ပဏီများတွင် General Motors တစ်ခုတည်းကသာ အရှုံးပေါ်နေခြင်း ဖြစ်သည်။ သို့သော် မြောက်အမေရိကရှိ နောက်ထပ် ကားကုမ္ပဏီကြီး တစ်ခုဖြစ်သော Ford သည်လည်း ထိုနည်းတူပင် စီးပွားရေး အခြေအနေ သိပ်မကောင်းလှဘဲ အမြတ်အစွန်းများ အကြီးအကျယ် ကျဆင်းနေခဲ့သည်။ ၎င်းနှင့် ဆန့်ကျင်ဘက် အနေဖြင့် Toyota နှင့် Volkswagenတို့၏ ရောင်းအားနှင့် အမြတ်အစွန်းများက လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ဤအတိုင်းသာ ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက General Motors သည် သေချာပေါက် ယခင်ဘဝက လမ်းဟောင်းကြီးအတိုင်း လျှောက်လှမ်းရတော့မည် ဖြစ်သည်။ ဆိုလိုသည်မှာ ဒေဝါလီခံ ကာကွယ်မှုကို လျှောက်ထားခြင်း၊ အမေရိကန်အစိုးရ၏ ကယ်ဆယ်မှုကို မှီခိုခြင်း၊ စက်ရုံများ ပိတ်သိမ်းခြင်း၊ အရောင်းစင်တာများ ပိတ်သိမ်းခြင်း၊ အလုပ်သမား လျှော့ချခြင်း၊ အမှတ်တံဆိပ်များကို ရောင်းချခြင်း အစရှိသည်တို့ပင် ဖြစ်သည်။
ယခင်ဘဝက General Motorsမှာ ပြန်လည် နာလန်ထူလာနိုင်ခဲ့သည် ဆိုသော်လည်း ကမ္ဘာ့နံပါတ်တစ် နေရာကိုတော့ Toyota ထံသို့ ဖယ်ရှားပေးလိုက်ရပြီး ထိုအချိန်မှစ၍ မည်သည့်အခါမျှ ပြန်လည် လုယူနိုင်ခြင်း မရှိတော့ပေ။ ဒုတိယ နေရာကိုပင် Volkswagen က ရယူထားရာ သူတို့တွင် အခွင့်အရေး အနည်းငယ်မျှပင် မရှိတော့ပေ။
General Motors သည် စီမံခန့်ခွဲမှုပိုင်းတွင် ပြဿနာများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ သူတို့တွင် အမှတ်တံဆိပ် နှစ်ဆယ်ကျော် ရှိသော်လည်း ကိုယ့်လမ်းကိုယ် လျှောက်နေကြပြီး ထိရောက်သော ပေါင်းစည်းမှုကို မဖန်တီးနိုင်ခဲ့ကြပေ။ ထုတ်လုပ်မှုနှင့် သုတေသန အရင်းအမြစ်များကိုပင် မည်မျှအထိ ဖြုန်းတီးပစ်ခဲ့ကြသနည်း။ သူတို့ ဝယ်ယူထားသော အမှတ်တံဆိပ် အချို့ကိုမူ ပြောနေစရာပင် မလိုတော့ဘဲ အမြဲတမ်း ငွေမရှာနိုင်ခဲ့ကြပေ။
မူလက သူတို့သည် တကယ့်ကို အမည်နှင့်လိုက်အောင် အားလုံးနှင့် အံဝင်ခွင်ကျ ဖြစ်ချင်ခဲ့ကြသည်။ မည်သည့် ကားအမျိုးအစားကိုမဆို သူတို့က ထုတ်လုပ်နိုင်ချင်ခဲ့ကြသည်။ သို့သော် သူတို့က ဤအချက်ကို လျစ်လျူရှုထားခဲ့ကြသည်။ ရှုပ်ထွေးများပြားလွန်းသောကြောင့် အားလုံးက အသုံးမကျ ဖြစ်သွားခဲ့ရသည်။
General Motors ၏ အကြီးမားဆုံး ပြဿနာမှာ မြောက်အမေရိက ဈေးကွက်တွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့တွင် ကိုယ်ပိုင် General Motors ကားငွေကြေး ကုမ္ပဏီ ရှိနေပြီး ၎င်းမှာ ကားဝယ်ယူရန် ချေးငွေ ထုတ်ပေးခြင်း ဖြစ်သည်။
သူတို့က တစ်ဖက်လူ၏ ယုံကြည်ရမှုကို အသုံးပြု၍ ရောင်းချကြသော်လည်း ကားဖိုးငွေ ပြန်လည် ရရှိရန်အတွက် အကြိမ်ပေါင်းများစွာ အချိန်ယူရပေသည်။ ထို့ကြောင့် သူတို့၏ ရောင်းအားမှာ အများဆုံး ဖြစ်နေသော်လည်း အများစုမှာ ငွေမရရှိကြပေ။
အကယ်၍ အမြဲတမ်း မတော်တဆမှုများ မဖြစ်ပေါ်ပါက သူတို့၏ ဤပုံစံမှာ ကိစ္စမရှိလှပေ။ မည်သို့ပင်ဆိုစေ နောက်ပိုင်းတွင် ငွေများက တဖြည်းဖြည်း ပြန်လည် ဝင်ရောက်လာမည် ဖြစ်ပြီး သူတို့က ဤငွေကြေး ကုမ္ပဏီမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများပင် ပြုလုပ်နိုင်သေးသည်။ သာမန် ချေးငွေ ထုတ်ပေးခြင်းသာ ဖြစ်မည်ဆိုလျှင်ပင် မနိမ့်ကျသော အမြတ်အစွန်းကို ရရှိနိုင်ပေသည်။
သို့သော် ဖုန်းယွီက လေ့လာသိရှိထားသည်မှာ General Motors သည် ယခင်ဘဝကကဲ့သို့ပင် အလွန်ဆိုးရွားသော ခြေလှမ်းတစ်ရပ်ကို လှမ်းခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ဤကားငွေကြေး ကုမ္ပဏီက သေချင်စော်နံကာ အိမ်ခြံမြေ ဈေးကွက်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်းပင် ဖြစ်သည်။
ယခုအချိန်တွင် အိမ်ခြံမြေ ဈေးကွက်၏ အမြတ်အစွန်းက အလွန်မြင့်မားနေသောကြောင့် သူတို့သည် အမေရိကန် တစ်နိုင်ငံလုံးရှိ အိမ်ရာချေးငွေ ထုတ်ပေးသော ထိပ်တန်း ငွေကြေးအဖွဲ့အစည်း ငါးခုထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် ယခုအချိန်တွင် ကြည့်ရသည်မှာ ကားချေးငွေထက်ပင် ပို၍ ငွေရှာနိုင်နေပုံ ရပေသည်။
ကားချေးငွေ၏ အချိန်ကာလမှာ ယေဘုယျအားဖြင့် အတော်လေး တိုတောင်းသည်။ နောက်ထပ် နှစ်နှစ်ခန့် အကြာတွင် အမေရိကန်၌ အိမ်ရာချေးငွေ အကျပ်အတည်း ပေါက်ကွဲလာသောအခါ လူအများအပြားမှာ ယုံကြည်ရမှု ပျက်ပြားသွားကာ ချေးငွေများကို ပြန်လည် ပေးဆပ်နိုင်တော့မည် မဟုတ်ပေ။
အကယ်၍ ကားချေးငွေ တစ်ခုတည်းသာ ဆိုပါက ဆုံးရှုံးမှု သိပ်မကြီးမားနိုင်သော်လည်း အိမ်ရာချေးငွေကိုပါ ထည့်တွက်လိုက်မည်ဆိုပါက ဆုံးရှုံးမှုမှာ အလွန်ကြီးမားသွားပေလိမ့်မည်။ အိမ်တစ်လုံး၏ ရောင်းဈေးမှာ ကားတစ်စီးထက် များစွာပိုမြင့်မားသည့်အပြင် ပြန်လည်ပေးဆပ်ရမည့် သက်တမ်းကလည်း ပိုမိုရှည်လျားပေသည်။ တစ်ကြိမ် ယုံကြည်ရမှု ပျက်ပြားသွားသည်နှင့် ရယူ၍ မရနိုင်သော အကြွေးများ၊ အကြွေးဆိုးများမှာ ပိုမို များပြားလာပေလိမ့်မည်။
မူလက ဖုန်းယွီသည် Songjiang ကားကုမ္ပဏီကို အစီအစဉ်တကျ ဖွံ့ဖြိုးတိုးတက်စေချင်ခဲ့သည်။ သုံးနှစ် အချိန်စောင့်ဆိုင်းပြီး General Motors ဒေဝါလီခံရန် လျှောက်ထားချိန်တွင် သူတို့လည်း ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီ တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်ပေမည်။
သို့သော် သူ မေ့သွားခဲ့သည်မှာ သူတို့က လူစီးကားများကိုသာ ထုတ်လုပ်ခြင်းဖြစ်ပြီး ကမ္ဘာ့ ကားကုမ္ပဏီ အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆယ်စာရင်းကိုပင် ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။ တရုတ်၏ လူစီးကား ဈေးကွက် တစ်ဝက်ကို သိမ်းပိုက်ထားနိုင်ပြီး ဈေးနှုန်း သက်သာကာ အမြတ်နည်းပါးသော Elf ကားလေးများပင် ပါဝင်နေသော်လည်း ထိပ်ဆယ်စာရင်းကို မဝင်သေးခြင်းမှာ အလွန်နှေးကွေးလွန်းလှပေသည်။
အကယ်၍ ဤသို့ ဖြည်းဖြည်းချင်း ဆက်လက် ဖွံ့ဖြိုးတိုးတက်နေမည်ဆိုပါက General Motors ၏ အကျပ်အတည်း ရောက်လာလျှင်ပင် Songjiang ကားကုမ္ပဏီ မှာ အကြီးအကျယ် ပေါက်ကွဲထွက်လာနိုင်မည် မဟုတ်ပေ။
"လောင်လီ... ဒီကိစ္စအတွက် စိတ်မပူပါနဲ့... ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ်..."
ဖုန်းယွီက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
အမှတ်တံဆိပ် နာမည်ကျော်ကြားမှု မလုံလောက်လို့ မဟုတ်ဘူးလား... ဆုကြီးတွေ ရချင်လို့ မဟုတ်ဘူးလား... ဘယ်လောက်တောင် ရိုးရှင်းလိုက်သလဲ။
ကိုယ့်ဘာသာကိုယ် ဆုဖန်တီးလိုက်ပေါ့။
ဒီလိုကိစ္စမျိုးက အရင်က မလုပ်ဖူးတာမှ မဟုတ်တာ။
ကမ္ဘာပေါ်က နာမည်ကြီး ဆုတွေဆိုတာလည်း အကုန်လုံးက ဖန်တီးထားကြတာချည်းပဲ မဟုတ်လား။
သူတို့ လုပ်နိုင်တာကို ငါတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ။
သူတို့ ဖန်တီးထားသော ထိုဆုဆိုသည်မှာလည်း စံနှုန်းတစ်ခုကို ချမှတ်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။ ဆုရရှိသူမှာ စံနှုန်းများထဲတွင် အကောင်းဆုံး ဖြစ်နေခြင်းပင် ဖြစ်သည်။
သူတို့က စံနှုန်း ချမှတ်နိုင်ပြီး ငါတို့က မလုပ်နိုင်ဘူးလား။ ငါတို့က တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်တဲ့ တရုတ်ဈေးကွက်ကို ကျောထောက်နောက်ခံ ပြုထားခြင်းဖြစ်ရာ ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် ဆုတစ်ခု ဖန်တီး၍ မရနိုင်ရမှာလဲ။
လုပ်ရုံတင် မကဘဲ ကမ္ဘာ့အဆင့်မီ ကားဆုကြီး တစ်ခု ဖြစ်လာအောင်ပါ လုပ်ဆောင်ရမည် ဖြစ်သည်။
ဒါပေမဲ့ ဒီဆုကို လုပ်ဖို့အတွက် ခက်ခဲတဲ့အချက် တစ်ချက် ရှိနေတယ်... အဲဒါက တခြားကားကုမ္ပဏီတွေ လာရောက် ပါဝင်ဖို့ လိုအပ်ပြီး လုံလောက်တဲ့ အလေးချိန်ရှိတဲ့ ကားအမျိုးအစားတွေကိုပါ ထုတ်ပြနိုင်မှ ရမှာပင်။
ဒီကိစ္စက နည်းနည်းတော့ ဒုက္ခများတယ်... Songjiang ကားကုမ္ပဏီ က နိုင်ငံခြားမှာ အဲဒီလောက် မျက်နှာပန်း မလှဘူးလေ။
ပြောလို့ မရဘူး... ဒီတစ်ကြိမ်တော့ ဖုန်းယွီကိုယ်တိုင် ထွက်လာမှ ရတော့မယ်။
သူ့ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုတဲ့ ဂုဏ်သိက္ခာကို သုံးပြီး ဖိတ်စာတွေကို ကိုယ်တိုင်ကိုယ်ကျ ပေးပို့မယ်ဆိုရင် အဲဒီကားကုမ္ပဏီတွေ သေချာပေါက် လာရောက် ပါဝင်ကြမှာပဲ။
ဒါပေမဲ့ ဒီဆုကို တိတိကျကျ ဘယ်လို ဖန်တီးရမလဲ... Songjiang ကားကုမ္ပဏီ ကို ဘယ်လိုလုပ်မှ ပေါ်လွင်အောင် လုပ်နိုင်မလဲ ဆိုတာကိုတော့ သေချာ စဉ်းစားရဦးမယ်။
...
******