အခန်း ၁၅၄၃
Vol. 105 Ch. 1543
အခန်း ၁၅၄၃ သူတို့ သေချာပေါက် လာကြလိမ့်မည်
ခါမီဒါ မာဆာအိုမှာ သူတို့ အချိန်အကြာကြီး ဆွေးနွေးစဉ်းစားခဲ့ရသည့် နည်းလမ်းကို Bossက ဤမျှ မြန်ဆန်စွာဖြင့် စဉ်းစားနိုင်ခဲ့ရုံသာမက ဖြေရှင်းမည့် နည်းလမ်းကိုပါ ရှာတွေ့သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
Bossကတော့ Bossပါပဲ။
"ယုံကြည်မှု ရှိပါပြီ... ပြီးတော့ ဒီလိုလုပ်လိုက်မယ်ဆိုရင် ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီတွေကိုပါ လာရောက်ဖို့ ဖိတ်ကြားနိုင်ပါလိမ့်မယ်... ဒါပေမဲ့ Tata ကားကုမ္ပဏီက လူစီးကား နယ်ပယ်မှာ အဲဒီလောက် အားမကောင်းသေးတော့ ဖိတ်ကြားလို့ လာတဲ့သူတွေက အလေးချိန်ရှိတဲ့ ကိုယ်စားလှယ်တွေ ဖြစ်လာဖို့ မသေချာဘူးနော်..."
"ကိစ္စမရှိပါဘူး... ဒီတစ်ကြိမ်တော့ ငါ ကိုယ်တိုင် နာမည်ခံပြီး ကားကုမ္ပဏီ အသီးသီးက တာဝန်ခံတွေကို လာရောက် ပါဝင်ဖို့ ဖိတ်ကြားလိုက်မယ်... ဘယ်သူကများ မလာဘဲ နေမလဲ ဆိုတာကို ငါလည်း ကြည့်ချင်သေးတယ်..."
"Bossကိုယ်တိုင် ဖိတ်ကြားမယ် ဟုတ်လား... ဒီလိုသာဆိုရင်တော့ ဘယ်ကားကုမ္ပဏီရဲ့ တာဝန်ခံကမှ ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံရဲပါတယ်..."
ခါမီဒါ မာဆာအိုမှာ အလွန် ဝမ်းသာသွားခဲ့သည်။
အလွန်အခက်ခဲဆုံး ပြဿနာကို ဖြေရှင်းနိုင်သွားပြီဖြစ်ရာ ဤဆုကြီးကို ကျင်းပခြင်းက လုံလောက်သော လွှမ်းမိုးနိုင်စွမ်း ရှိသွားပြီဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း အကြီးမားဆုံးသော မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဆုကြီး ဖြစ်လာနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် အခြားသော မည်သည့် မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဆုရွေးချယ်ပွဲကမျှ ကားကုမ္ပဏီ အားလုံး၏ ဥက္ကဋ္ဌများကို လာရောက် ပါဝင်ရန် မဖိတ်ကြားနိုင်သောကြောင့် ဖြစ်သည်။
ဖုန်းယွီလိုချင်နေသည်မှာ ဤရလဒ်မျိုးကိုပင် ဖြစ်သည်။ ကမ္ဘာ့ကားကုမ္ပဏီများ၏ တာဝန်ခံများအားလုံး တရုတ်သို့ စုဝေးရောက်ရှိလာမည်ဆိုပါက ဤလွှမ်းမိုးနိုင်စွမ်းမှာ အလွန်ကြီးမားလှပေမည်။ ပိုမိုများပြားသော လူများကို တရုတ်ကို အာရုံစိုက်လာစေမည်ဖြစ်ပြီး တရုတ်၏ နာမည်ကျော်ကြားမှုကို မြင့်တက်လာစေကာ ကျင်းပမည့်မြို့၏ နာမည်ကျော်ကြားမှုကိုပါ မြင့်တက်လာစေမည် ဖြစ်သည်။
ထို့အပြင် ဤစုဝေးမှုက ကျင်းပမည့်မြို့၏ စီးပွားရေးကိုပါ သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး တရုတ်၏ အင်အားကိုလည်း ပြသနိုင်ပေသည်။
ရေရှည် အကျိုးကျေးဇူးများ ဆိုလျှင်မူ ပို၍ပင် များပြားလှပေသေးသည်။
ဥပမာအားဖြင့် ဤအကြိမ်တွင် အောင်မြင်စွာ ကျင်းပနိုင်မည်ဆိုပါက ၀၈ ခုနှစ် အိုလံပစ်ပွဲတော်အတွက် လာရောက်မည့် ခရီးသွားများအပေါ်တွင်လည်း အတိုင်းအတာ တစ်ခုအထိ တွန်းအားပေးနိုင်မည် ဖြစ်သည်။
သယ်ယူပို့ဆောင်ရေး၊ ပတ်ဝန်းကျင်၊ လုံခြုံရေး၊ ယဉ်ကျေးမှု အစရှိသည်တို့ကို တစ်လောကလုံး၏ ရှေ့မှောက်တွင် ပြသနိုင်မည်ဖြစ်ပြီး တရုတ်၏ ဘက်စုံ အင်အားကို ပြသလိုက်ခြင်းလည်းဖြစ်ရာ အနာဂတ်တွင် တရုတ်က ကမ္ဘာ့အဆင့်မီ ပွဲလမ်းသဘင်များ ကျင်းပရန်အတွက်လည်း အလွန်ကြီးမားသော အကျိုးကျေးဇူး ရှိပေသည်။
ထို့အပြင် Taihua Holdings အုပ်စု၏ လွှမ်းမိုးနိုင်စွမ်းကို မြှင့်တင်ရန်အတွက် ကောင်းမွန်သော အခွင့်အရေး တစ်ရပ်လည်း ဖြစ်ပေသည်။ ဤအကြိမ် ဖိတ်စာများကို Taihua Holdings အုပ်စု၏ အမည်ဖြင့် ပေးပို့မည် ဖြစ်သည်။
...
"မင်း ဘာပြောလိုက်တာလဲ... ကမ္ဘာ့အဆင့်မီ မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဆုကြီးတစ်ခု ကျင်းပချင်တယ် ဟုတ်လား..."
ကျန့်ရွေ့ချန်က ဖုန်းယွီကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
ယခုမှ လဆန်း ငါးရက်နေ့သာ ရှိသေးသည်ကို ဖုန်းယွီက သူ၏အိမ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူကတော့ ဖုန်းယွီတစ်ယောက် နှစ်သစ်ကူး အလည်အပတ် လာသည်ဟုပင် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
"ခင်ဗျားက ဘာဖြစ်လို့ အဲဒီလို မျက်နှာထား ဖြစ်နေရတာလဲ... ကျွန်တော် ဒီဆုကြီးကို ကျင်းပတာက ဘာများ ဆန်းကျယ်နေလို့လဲ..."
ဖုန်းယွီက လုံးဝ မကျေနပ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"မင်းက... ကိုယ့်ကုမ္ပဏီအတွက် ဆုတစ်ခု ထပ်ဖန်တီးချင်နေတာ မဟုတ်လား..."
ကျန့်ရွေ့ချန်က အဖြစ်မှန်ကို ချက်ချင်းပင် ထုတ်ပြောလိုက်သည်။
"ထပ်ဖန်တီးတယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ... ပြီးတော့ အဲဒီဆုတွေထဲက ဘယ်ဆုကများ မွေးရာပါ ပါလာတာ ရှိလို့လဲ... အကုန်လုံးက နောက်ပိုင်းကျမှ ဖန်တီးထားကြတာချည်းပဲ မဟုတ်ဘူးလား... ပြီးတော့ ဒီဆုတွေအတွက် ရွေးချယ်တဲ့ အဖွဲ့အစည်းတွေက အရမ်းတရားမျှတတယ်လို့ မထင်လိုက်နဲ့... သူတို့က အမြဲတမ်း ထိပ်တန်း ကားကုမ္ပဏီတွေ၊ ထိပ်တန်း အမှတ်တံဆိပ် တွေကိုပဲ ဆုပေးနေကြတာ... ဒီအထဲမှာ လျှို့ဝှက်ချက်တွေ မရှိဘူးလို့ ခင်ဗျား ယုံလား..."
ကမ္ဘာပေါ်က ဆုအမျိုးမျိုးမှာ အရှုပ်တော်ပုံတွေ ထွက်ပေါ်လာတာ နည်းလို့လား။ အိုလံပစ်ပွဲတော်တောင် အရှုပ်တော်ပုံတွေ အများကြီး ထွက်ပေါ်ခဲ့သေးတာပဲ မဟုတ်ပါလော။ အခြားအရာများကို ဆိုလျှင်မူ ပို၍ပင် ပြောနေစရာ မလိုတော့ပေ။
ဤအထဲတွင် အကျိုးအမြတ်များ ဆက်စပ်နေသရွေ့ အကြွင်းမဲ့ တရားမျှတမှု ဆိုသည်မှာ မရှိနိုင်ပေ။
နိုင်ငံခြား ကားကုမ္ပဏီတွေဘက်သို့ ယိမ်းယိုင်ပေးလို့ ရနေမှတော့ ဘာဖြစ်လို့ တရုတ်က ကားကုမ္ပဏီတွေဘက်ကို ယိမ်းယိုင်ပေးလို့ မရရမှာလဲ။ သူတို့က အခွင့်အရေး မပေးဘူးလား... ရတယ်လေ... ဒါဆို ကိုယ့်ဘာသာကိုယ် တစ်ခု ဖန်တီးလိုက်မယ်။
ဆုတစ်ခု ဖန်တီးရမည့် ဤကဲ့သို့သော ကိစ္စမျိုးကို ဖုန်းယွီက အလွန်ကျွမ်းကျင်လှပေသည်။ ဘယ်လိုဆုပဲဖြစ်ဖြစ် အရှိန်အဝါ ကြီးမားနေဖို့ပဲ လိုအပ်ပေသည်။
ရုပ်ရှင်လောကက ဆုတွေကိုပဲ ကြည့်လိုက်ပါ။ Oscar က ဘာဖြစ်လို့ အကြီးဆုံး ဖြစ်နေတာလဲ။ Oscar မှာ ဝင်ရောက် ပြသတဲ့ ရုပ်ရှင်တွေ အများဆုံး ဖြစ်ပြီး ကမ္ဘာ့ ရုပ်ရှင်လောကက နာမည်ကျော် သရုပ်ဆောင်တွေ အများဆုံး သွားရောက်ကြသလို အမေရိကန်က ကမ္ဘာ့ ရုပ်ရှင်ဈေးကွက်မှာ လူကြိုက်အများဆုံး ဖြစ်နေလို့ပဲ မဟုတ်ပါလော။
ဒါပေမဲ့ Oscar အစပေါ်လာတုန်းက အကြီးဆုံး ဖြစ်ခဲ့လို့လား... နောက်ပိုင်းကျမှ အဆက်မပြတ် သတင်းလွှင့်ပြီးမှ ကြီးကျယ်ခမ်းနားလာတာ မဟုတ်ဘူးလား... အဲဒီလို သတင်းလွှင့်ခဲ့သူတွေကလည်း အရင်တုန်းက အမေရိကန်ရဲ့ လွတ်လပ်တဲ့ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတွေပဲ... အဲဒီအထဲမှာ MGM လည်း ပါဝင်တာပဲ။
ဒီလိုပြောရရင် ဒီထိပ်တန်း ရုပ်ရှင် ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဇာတ်ကားတွေ မဟုတ်ရင် တစ်ခါမှ ဆုမရခဲ့ဖူးဘူး... မင်းတို့ကို တရားမျှတမှု ရှိကြောင်း ပြသဖို့အတွက် ဆန်ခါတင် စာရင်းထဲတော့ ထည့်ပေးထားလိမ့်မယ်။
ဒါပေမဲ့ နောက်ဆုံးကျရင် မင်းက ဆုမရနိုင်ပါဘူး။
"ဒါပေမဲ့ ငါတို့ တရုတ်ရဲ့ မော်တော်ယာဉ် လုပ်ငန်းက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင် အဆင့်မဝင်သေးဘူးလေ... Songjiang ကားကုမ္ပဏီ ဆိုရင်တောင် နိုင်ငံခြားမှာ နာမည် သိပ်မကြီးသေးဘူး မဟုတ်လား..."
ကျန့်ရွေ့ချန်က မေးလိုက်သည်။
"နာမည်ကြီးတယ် ဆိုတာ ဘာလဲ... သတင်းလွှင့်ထားလို့ ဖြစ်လာတာပဲ မဟုတ်ဘူးလား... ကျွန်တော် ကြွားနေတာ မဟုတ်ဘူးနော်... ဒီ Songjiang ကားကုမ္ပဏီကို နာမည်ကြီးလာအောင် လုပ်မယ်လို့ ပြောရင် သေချာပေါက် နာမည်ကြီးလာမှာပဲ..."
ကျန့်ရွေ့ချန်က ဖုန်းယွီကို စွေကြည့်လိုက်သည်။ ဤလေသံက တကယ်ကြီး ကြွားနေတာ မဟုတ်ဘူးပေါ့။
Songjiang ကားကုမ္ပဏီ ကို မင်း လုပ်ကိုင်လာတာ ဘယ်လောက်ကြာပြီလဲ... အရင်ကလည်း ကြော်ငြာခတွေ နည်းနည်းနောနော သုံးခဲ့တာ မဟုတ်ဘူး... ဒါပေမဲ့ ပြည်ပ ဈေးကွက်မှာ အစပိုင်း ငွေရှုံးတာကနေ နောက်ပိုင်း ငွေရှာနိုင်လာတယ်ဆိုပေမဲ့ ဘယ်လောက်များ ရှာနိုင်လို့လဲ... ရင်းနှီးမြှုပ်နှံထားတဲ့ ကြော်ငြာခတွေကိုတောင် ပြန်ရပြီလား။
နာမည်ကြီးရုံနဲ့ လုံလောက်ပြီလား... သူများတွေ ဝယ်ချင်စိတ် ရှိမှ ရမှာပေါ့။
"ကောင်းပါပြီ... ဒါကလည်း ဆိုးရွားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး... ငါ့အကူအညီ လိုအပ်လို့ အထက်က ထောက်ခံမှု လိုအပ်ရင် ငါ ကူညီပေးပါ့မယ်..."
မည်သို့ပင်ဆိုစေ တရုတ်အတွက်တော့ ကောင်းမွန်သော ကိစ္စဖြစ်ရာ ကျန့်ရွေ့ချန်က သေချာပေါက် ထောက်ခံအားပေးမည် ဖြစ်သည်။
အလုပ်သဘောအရရော ကိုယ်ရေးကိုယ်တာ အရပါ ထောက်ခံအားပေးရမည် ဖြစ်သည်။
"ကျွန်တော်က ဒီဆုပေးပွဲကို ရှန်ဟိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတယ်..."
"ဘာဖြစ်လို့ ပေကျင်းမှာ မဟုတ်ရတာလဲ..." ကျန့်ရွေ့ချန်က ပြန်မေးလိုက်သည်။
"နောက်နှစ်နှစ် နေရင် ပေကျင်းမှာ အိုလံပစ်ပွဲတော် ကျင်းပတော့မယ် မဟုတ်လား... ဘေးပတ်ဝန်းကျင်မှာ ဆောက်လုပ်ရေးတွေ လုပ်နေသေးတာကို အသာထားဦး... နောက်နှစ်နှစ်နေရင် နိုင်ငံတစ်နိုင်ငံလုံးရဲ့ အင်အားနဲ့ ကြော်ငြာပေးတော့မှာကို အခု တခြားမြို့ကို ကြော်ငြာပေးလိုက်တော့ ဘာများ ဆိုးသွားမှာလဲ။ ရှန်ဟိုင်းကလည်း ကျွန်တော်တို့ တရုတ်ရဲ့ စီးပွားရေး မြို့တော်ပဲ မဟုတ်လား..."
ဖုန်းယွီက စိတ်ထဲမှ စကားတစ်ခွန်း ဖြည့်စွက်လိုက်သည်။ Taihua Holdings အုပ်စုရဲ့ဌာနချုပ်ကလည်း ရှန်ဟိုင်းမှာ ရှိနေတာ မဟုတ်လား။ အင်း... ဒီအချက်က အဓိက အကြောင်းရင်း မဟုတ်ပါဘူး... တကယ် မဟုတ်ပါဘူး။
"မင်း ဒီလိုပြောရင်လည်း ယုတ္တိရှိပါတယ်... ပေကျင်းမှာက နေရာအတော်များများ လမ်းပြင်နေတုန်း ဆိုတော့ တကယ်ကို အဆင်မပြေဘူး... ရှန်ဟိုင်းဆိုရင်တော့ ပင်လယ်နဲ့လည်း နီးတယ်... ဆိပ်ကမ်းလည်း ရှိတော့ သူတို့ ပြိုင်ပွဲဝင်မယ့် ကားတွေကို သယ်ယူပို့ဆောင်ရတာ အဆင်ပြေတာပေါ့... ရတယ်... ငါ အဲဒီဘက်ကို ဆက်သွယ်ပေးလိုက်မယ်..."
ကျန့်ရွေ့ချန်က ချက်ချင်းပင် ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
"ခဏနေဦး... အရင် ရှင်းရှင်းလင်းလင်း ပြောထားမယ်... ဒီဆုပေးပွဲမှာ တရားဝင် အစိုးရ အဖွဲ့အစည်းတွေ မပါဝင်ဘူး... ဒါကြောင့် ဘယ်ခေါင်းဆောင်မှ သွားပြီး မိန့်ခွန်းပြောလို့ မရဘူး... ဖွင့်ပွဲ အမှာစကားကို ကျုံးချင်းရှန်က ပြောမှာဖြစ်ပြီး ပိတ်ပွဲ အမှာစကားကို လျူချွမ်းကျစ်က ပြောလိမ့်မယ်..."
"မင်းက ကိုယ်တိုင် မပြောဘူးလား..." ကျန့်ရွေ့ချန်မှာ မျက်မှောင်ကြုတ်သွားခဲ့သည်။ အကယ်၍ ဖုန်းယွီကသာ ထွက်လာမည်ဆိုပါက ခေါင်းဆောင်များ မထွက်လာခြင်းက ပြဿနာ မရှိပေ။
သို့သော် ဖုန်းယွီက မိန့်ခွန်းမပြောဘဲ ကျုံးချင်းရှန်နှင့် လျူချွမ်းကျစ်တို့ကို လွှဲပေးလိုက်မည်ဆိုပါက အခြားအရာများကို မဆိုထားနှင့်၊ ရှန်ဟိုင်းဘက်မှ ခေါင်းဆောင်များလည်း သဘောထား ကွဲလွဲမှုများ ရှိလာနိုင်ပေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာ ဒေသခံတွေဘက်က ငွေတစ်ပြားမှ ထုတ်စရာ မလိုဘူး... ကုန်ကျစရိတ် အားလုံးကို ကျွန်တော်တို့ Taihua Holdings အုပ်စုက ကျခံမှာ... ဒါပေမဲ့ ရရှိလာမယ့် စီးပွားရေး အကျိုးအမြတ်တွေကတော့ ရှန်ဟိုင်းက အမြတ်ထွက်သွားမှာပဲ... သူတို့ သဘောမတူရင်လည်း တခြားမြို့ သွားလုပ်မှာပေါ့..."
ထိုခေါင်းဆောင်များကို မျက်နှာပြခွင့် မပေးသော်လည်း လက်ဆုပ်လက်ကိုင် ပြနိုင်သော အကျိုးအမြတ်များကိုတော့ ပေးထားသည် မဟုတ်ပါလော။ ထို့အပြင် ဤဆုကြီးကသာ တရုတ်၏ တရားဝင် အစိုးရ အဖွဲ့အစည်းများနှင့် ပတ်သက်သွားမည်ဆိုပါက အလွန်အဆင့်အတန်း နိမ့်ကျသွားပေလိမ့်မည်။ ဤသည်မှာ တရုတ်၏ မော်တော်ယာဉ် လုပ်ငန်းတစ်ခုလုံးက မခိုင်မာသေးသောကြောင့် မဟုတ်ပါလော။
အကယ်၍ နောက်ထပ် ဆယ်နှစ်ခန့်၊ မဟုတ်သေးဘူး၊ နောက်ထပ် ငါးနှစ်ခန့် အကြာတွင်ဆိုပါက အခြေအနေက လုံးဝ မတူညီတော့ပေ။ ထိုအချိန်ကျပါက တရုတ်၏ ကားကုမ္ပဏီများ၏ အင်အားများလည်း တောင့်တင်းလာပြီဖြစ်ပြီး ကိုယ်ပိုင်အမှတ်တံဆိပ်များကိုလည်း အခြေတကျ တည်ဆောက်နိုင်ပြီ ဖြစ်ပေမည်။
ကျန့်ရွေ့ချန်က အံကြိတ်လိုက်သည်။ "ကောင်းပြီ... သူတို့ သဘောတူမယ်လို့ ငါထင်ပါတယ်..."
ဖုန်းယွီပြောသကဲ့သို့ပင် ရှန်ဟိုင်းက သဘောမတူပါက အခြားမြို့တစ်မြို့ ပြောင်းလိုက်မည်။ သေချာပေါက် သဘောတူမည့် မြို့များ ရှိနေမည်သာ ဖြစ်သည်။
"ဒါပေမဲ့ မင်း ဒီဆုကို ကျင်းပမယ်ဆိုရင် အဲဒီထိပ်တန်း ကားကုမ္ပဏီတွေ အားလုံး လာရောက် ပါဝင်ဖို့ သေချာပြီလား..."
"သူတို့ သေချာပေါက် လာကြလိမ့်မယ်..." ဖုန်းယွီ၏ မျက်နှာပေါ်တွင် ယုံကြည်မှု အပြည့်ဖြင့် "ဘာဖြစ်လို့လဲ ဆိုတော့ ဒီတစ်ကြိမ် ဖိတ်စာပေါ်မှာ Taihua Holdings အုပ်စုရဲ့ တံဆိပ်တုံးတင် မကဘဲ ကျွန်တော့်ရဲ့ လက်မှတ်ပါ ပါမှာမို့လို့ပဲ..."
...
******