← Chapters

အခန်း ၁၅၄၅

Vol. 105 Ch. 1545

အခန်း ၁၅၄၅

Vol. 105 Ch. 1545

အခန်း ၁၅၄၅ အားလုံး လာရောက် ပါဝင်ကြသည်

"ရာတန်... ကျွန်တော်တို့ ကုမ္ပဏီက ပို့လိုက်တဲ့ ဖိတ်စာ ရပြီလား... ခင်ဗျားတို့ လက်အောက်က Tata ကားကုမ္ပဏီလာရောက် ပါဝင်ခိုင်းမယ် မဟုတ်လား..."

ဖုန်းယွီသည် အိန္ဒိယ၏ အကြီးဆုံးသော လုပ်ငန်းစုကြီးဖြစ်သည့် Tata Group၏ ဥက္ကဋ္ဌ ရာတန် တာတာထံသို့ ကိုယ်တိုင် ဖုန်းဆက်လိုက်သည်။

"သေချာပေါက်ပေါ့... Tata ကားကုမ္ပဏီရဲ့ ဥက္ကဋ္ဌ လာမယ့်အပြင် ကျွန်တော်လည်း လာမှာပါ... ကျွန်တော်တို့ အမေရိကန်မှာ တစ်ခါပဲ တွေ့ဖူးသေးတယ်လေ... ကျွန်တော်တို့ Tata Groupအနေနဲ့ တရုတ်ဈေးကွက်ထဲ ဝင်ဖို့ ရည်ရွယ်ထားတာမို့ ခင်ဗျားရဲ့ အကူအညီ လိုအပ်ပါသေးတယ်..."

Tata Group သည် နိုင်ငံရပ်ခြား လုပ်ငန်းများကို အားတိုက်ခွန်တိုက် တိုးချဲ့လိုပြီး ဥရောပနှင့် အမေရိကန် ဘက်တွင်လည်း သေချာပေါက် ပူးပေါင်းဆောင်ရွက်မည့်သူများ ရှိပြီးဖြစ်သည်။ တရုတ်ဘက်တွင်မူ သူက သေချာပေါက် Taihua Holdings groupနှင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ထားခြင်း ဖြစ်သည်။

"အထူးပဲ ကြိုဆိုပါတယ်..."

ရာတန်က ကိုယ်တိုင်ကိုယ်ကျ လာရောက်မည်ဆို၍ ဖုန်းယွီလည်း အနည်းငယ် ဝမ်းသာအံ့သြ ဖြစ်သွားခဲ့သည်။ Tata Group မှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုပါက ထိပ်တန်းစာရင်း မဝင်သေးဟု ထင်ရသော်လည်း မည်သူကမျှ သူတို့ကို အထင်သေး၍ မရနိုင်ပေ။

ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ဘီလီယံ တစ်ရာ မပြည့်သေးသော်လည်း နှစ်စဉ် လည်ပတ်ငွေမှာ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးနှင့် မတိမ်းမယိမ်း ရှိနေပြီး သူတို့၏ အဓိက လုပ်ငန်း အတော်များများမှာလည်း ကမ္ဘာ့ထိပ်ဆယ်စာရင်း ဝင်နေကြသည်။

ကမ္ဘာ့ အမှတ်တံဆိပ် ဓာတ်ခွဲခန်းက ဤ Tata အမှတ်တံဆိပ်ကို ကမ္ဘာ့ထိပ်တန်း ရာစာရင်းဝင် အဖြစ် သတ်မှတ်ထားသည်။ ကမ္ဘာ့ထိပ်တန်း စီးပွားရေး လုပ်ငန်း ၅၀၀ စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်သည့်အပြင် မျိုးစုံသော အကဲဖြတ်မှု များတွင်လည်း ထိပ်တန်း အဆင့်များ၌ ရပ်တည်နေသည်။

သေချာပေါက် Tata အမှတ်တံဆိပ်က မဆိုးလှသော်လည်း အမှတ်တံဆိပ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံ ကျော်ခန့်သာ ရှိသည်။

Wind-Rain အမှတ်တံဆိပ်၏ တန်ဖိုးမှာမူ အမေရိကန်ဒေါ်လာ ဘီလီယံ သုံးဆယ်ကျော် ရှိနေပြီဖြစ်ပြီး ကမ္ဘာ့ထိပ်ဆယ်စာရင်း ဝင်နေပြီ ဖြစ်သည်။ သေချာပေါက် ၎င်းတွင် Wind-Rain Holdings အုပ်စု၊ Wind-Rain Electronics နှင့် Wind-Rain Home Appliances စသည်တို့ အားလုံး ပါဝင်နေခြင်း ဖြစ်သည်။

Taihua အမှတ်တံဆိပ် တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံ ကျော်လွန်နေပြီ ဖြစ်သည်။

အမှတ်တံဆိပ် တန်ဖိုးသည် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးနှင့် မညီမျှသော်လည်း ပုံရိပ်နှင့် ဈေးကွက်ရှာဖွေရေး စသည်တို့အတွက် အလွန်ကြီးမားသော အထောက်အကူ ဖြစ်စေသည်။

ဖုန်းယွီက Fortune မဂ္ဂဇင်းကို အထင်မကြီးသော်လည်း Fortune မဂ္ဂဇင်း ကမူ Wind-Rain Holdings အုပ်စု အပါအဝင် ထိုကုမ္ပဏီများကို ကမ္ဘာ့ထိပ်တန်း စီးပွားရေး လုပ်ငန်း ၅၀၀ စာရင်းထဲတွင် မဖြစ်မနေ ထည့်သွင်းပေးရပေသည်။ ထိုသို့မဟုတ်ပါက တရားမျှတမှု မရှိဟု သံသယဝင်ခံရပေလိမ့်မည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ၅၀၀ စာရင်းထဲတောင် မဝင်ဘူးလား။

ဖုန်းယွီက ခေါင်းလှည့်ကာ ခါမီဒါ မာဆာအိုထံသို့ ဖုန်းဆက် အကြောင်းကြားလိုက်သည်။ "ကြော်ငြာလို့ ရပြီ... မစ္စတာ ရာတန် တာတာကိုယ်တိုင် တက်ရောက်ပြီး အမျိုးအစား အစုံအလင် ဆုရွေးချယ်ပွဲတွေမှာ ပါဝင်မယ်လို့ သေချာသွားပြီ..."

...

Toyota ၏ ဥက္ကဋ္ဌသစ် ဝါတာနာဘေ ကတ်ဆုအာကိသည် စားပွဲပေါ်ရှိ ဖိတ်စာကို ကြည့်လိုက်သည်။ ကမ္ဘာ့ မော်တော်ယာဉ် လုပ်ငန်း ပုလဲရတနာ ဆုကြီး ဟုတ်လား။

ဒါက ဘာဆုကြီးလဲ... အရင်က တစ်ခါမှ မကြားဖူးပါဘူး။

သူ ဖွင့်ကြည့်လိုက်သောအခါ Taihua Holdings အုပ်စုက ကြီးမှူးကျင်းပခြင်း ဖြစ်နေသည်။ သူတို့မှာ မော်တော်ယာဉ် လုပ်ငန်းပိုင်းဆိုင်ရာ ဆုကြီး တစ်ခုကို ကြီးမှူးကျင်းပဖို့ ဘာအရည်အချင်းများ ရှိနေလို့လဲ... နေပါဦး... အောက်က လက်မှတ်က ဖုန်းယွီလား။

အကယ်၍ ဖုန်းယွီကိုယ်တိုင် ဖိတ်ကြားခြင်း ဖြစ်မည်ဆိုပါကတော့ သွားရောက် ပါဝင်သင့်ပေသည်။ အကယ်၍ ဖုန်းယွီနှင့်သာ အဆက်အသွယ် ရသွားမည်ဆိုပါက Toyota သည် တရုတ်ဈေးကွက်ထဲသို့ ဘက်စုံ ဝင်ရောက်နိုင်ပေလိမ့်မည်။

ထိုအချိန်ကျပါက Toyota ၏ ရောင်းအားနှင့် အမြတ်အစွန်းများမှာ သေချာပေါက် စံချိန်သစ် တင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့နံပါတ်တစ်ပင် ဖြစ်လာနိုင်ချေ ရှိပေသည်။

သူ၏ ရှေ့မှ ဥက္ကဋ္ဌဟောင်းမှာ အာရှဈေးကွက်၊ အထူးသဖြင့် တရုတ်ဈေးကွက်တွင် ကျရှုံးခဲ့သောကြောင့် ရာထူးမှ ဆင်းပေးခဲ့ရခြင်း ဖြစ်ပြီး သူ့အတွက် အခွင့်အရေး ရရှိသွားစေခဲ့ခြင်း ဖြစ်သည်။ Toyota တွင် ၄၂ နှစ်တိုင်တိုင် အလုပ်လုပ်လာခဲ့သော အသက် ၆၂ နှစ်အရွယ် လူအိုကြီး သူ့ကို Toyota ၏ ဥက္ကဋ္ဌသစ် ဖြစ်လာစေခဲ့ပြီး လူအများကို မျက်လုံးပြူးသွားစေခဲ့သည်။

ယခင်က လူအများ အာရုံအစိုက်ခံရဆုံး အရာမှာ သူ ဦးဆောင်ခဲ့သော Toyota ၏ ကုန်ကျစရိတ် ထိန်းချုပ်ရေး အစီအစဉ်များက အလွန်အောင်မြင်ခဲ့ခြင်းပင် ဖြစ်သည်။ သူ့ကို လူအများအပြားက "ကုန်ကျစရိတ် လူသတ်သမား" ဟု ခေါ်ဆိုခဲ့ကြပြီး Toyota အတွက် မနည်းလှသော အမြတ်အစွန်းများကို ယူဆောင်လာပေးခဲ့သည်။

ဝါတာနာဘေ ကတ်ဆုအာကိက စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်လိုက်သည်။ "အောက်ကို အကြောင်းကြားလိုက်... ၁၅ မိနစ်နေရင် အစည်းအဝေး လုပ်မယ်..."

...

Daimler Chrysler အုပ်စု၏ ဥက္ကဋ္ဌ ဂျာဂန် ရှရမ့်သည် ဖိတ်စာကို ကြည့်လိုက်ပြီးနောက် ဖုန်းကို ကောက်ကိုင်ကာ ကုမ္ပဏီ၏ CEO ရောဘတ် အီတန်ထံသို့ ဖုန်းဆက်လိုက်သည်။

"ရောဘတ်... ငါ မင်းကို ပြောစရာ တစ်ခု ရှိတယ်... ငါ ဖိတ်စာ တစ်စောင် လက်ခံရရှိထားတယ်... အပေါ်မှာ ဖုန်းရဲ့ နာမည်ပါတယ်... ဟုတ်တယ်... အဲဒီအချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီပဲ... ဘာ... မင်းလည်း ရတယ်လား... ဒါဆို ငါတို့ သွားသင့်တယ်လို့ မင်း ထင်လား..."

"အင်း... Tata Group ဥက္ကဋ္ဌနဲ့ Tata ကားကုမ္ပဏီဥက္ကဋ္ဌလည်း လာမယ် ဟုတ်လား... ပြီးတော့ Toyota အုပ်စုရဲ့ ဥက္ကဋ္ဌ ဝါတာနာဘေ ကတ်ဆုအာကိလည်း ပါဝင်မယ်ပေါ့... Hondaရဲ့ ဥက္ကဋ္ဌပါ လာမယ်..."

"ဒါဆို ကောင်းပြီ... ငါတို့လည်း ပါဝင်တာပေါ့... အဲဒီ အာရှက ကားကုမ္ပဏီတွေကို ငါတို့ Daimler Chrysler ကုမ္ပဏီရဲ့ အင်အားကို ပြသပေးလိုက်တာပေါ့..."

...

Bavarian Motor Works သို့မဟုတ် တရုတ်ဘက်တွင် BMW ဟု ခေါ်ဆိုသော ကုမ္ပဏီ... ထိုအချိန်တွင် ကုမ္ပဏီ၏ဥက္ကဋ္ဌမှာလည်း ဖုန်းယွီ၏လက်မှတ် ပါဝင်သော ဤဖိတ်စာကို ကြည့်နေပြီး ခေတ္တမျှ စဉ်းစားကာ အခြားသော ကုမ္ပဏီများသို့ ဖုန်းဆက်၍ ဤကမ္ဘာ့ မော်တော်ယာဉ် လုပ်ငန်း ပုလဲရတနာဆုကြီးက ဤမျှ မြင့်မားသော အဆင့်အတန်းဖြင့် သွားရောက် ပါဝင်သင့်၊ မသင့် မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

သူ ဖုန်းမဆက်မီ ဖိတ်စာပေါ်ရှိ ဝက်ဘ်ဆိုက် လိပ်စာအတိုင်း ဝက်ဘ်ဆိုက် တစ်ခုကို အရင် ဖွင့်ကြည့်လိုက်ရာ ထိုအပေါ်တွင် ဤဆုနှင့် ပတ်သက်သော မိတ်ဆက်စာများ ပါရှိနေသည်။

အောက်ဘက်ရှိ လာရောက် ပါဝင်မည်ဟု ကြေညာထားသော ကုမ္ပဏီများကို မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

Toyota... Honda... Tata... Daimler Chrysler... Hyundai Kia... ဒီ ကမ္ဘာ့ ထိပ်တန်း ကားကုမ္ပဏီ ၂၀ အားလုံး လာရောက် ပါဝင်ကြမယ်တဲ့လား...

ထို့အပြင် သွားရောက် ပါဝင်ရုံ သက်သက်မဟုတ်ဘဲ ကိုယ်စားလှယ်များ၏ အဆင့်အတန်းကလည်း သာမန်မဟုတ်ပေ။ ဥက္ကဋ္ဌ၊ CEO သို့မဟုတ် ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် လာရောက်ကြမည်ဖြစ်ပြီး အားလုံးမှာ အဆင့်အတန်း အမြင့်မားဆုံးများသာ ဖြစ်ကြသည်။

သို့သော် ဤဖိတ်စာမှာ ဖုန်းယွီကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်ကို စဉ်းစားကြည့်မည်ဆိုပါက ထိုလူများ သွားရောက် ပါဝင်ကြသည်မှာလည်း ပုံမှန်ပင် ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ကားကုမ္ပဏီ အားလုံးက တရုတ်မော်တော်ယာဉ် ဈေးကွက်၏ ဧရာမ အလားအလာများကို မြင်တွေ့ထားကြပြီးဖြစ်ရာ ဤမျှကြီးမားသော ဈေးကွက်ကြီးတွင် မည်သူကများ ခြေဆန့်လက်ဆန့် မလုပ်ချင်ဘဲ နေမည်နည်း။

ထိုကားကုမ္ပဏီများ အားလုံးက တရုတ်တွင် နာမည်ကျော်ကြားအောင် ပြုလုပ်ပြီး သူတို့၏ အမှတ်တံဆိပ် နာမည်ကျော်ကြားမှုနှင့် ရောင်းအားများ မြင့်တက်လာစေရန်အတွက် သူတို့ ကားကုမ္ပဏီများ၏ အင်အားကို တရုတ်ပြည်သူများ သိရှိလာအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားကြပုံ ရပေသည်။ ထိုကားကုမ္ပဏီများ အားလုံး လာရောက် ပါဝင်ကြပြီး ဤမျှ ကျယ်ကျယ်လောင်လောင် ဖြစ်နေမှတော့ ငါတို့လည်း ပါဝင်ရမည် ဖြစ်သည်။

ဤသို့ဖြင့် ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီများ အားလုံး လာရောက် ပါဝင်လာကြသည်။

Fiat၊ Ford၊ General Motors၊ Renault-Nissan၊ PSA Peugeot Citroen၊ Volkswagen အစရှိသည့် ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီ အားလုံးက လာရောက် ပါဝင်မည်ဟု ကြေညာခဲ့ကြပြီး ဦးဆောင်လာမည့်သူများမှာ ဥက္ကဋ္ဌ မဟုတ်လျှင် CEO များသာ ဖြစ်ကြသည်။

ထို့အပြင် Mitsubishi၊ Isuzu၊ Volvo၊ Morgan၊ Rover အစရှိသည့် ကားကုမ္ပဏီကြီး အများအပြားကလည်း ဤဆုကြီး၏ ယှဉ်ပြိုင်မှုတွင် လာရောက်ပါဝင်မည်ဟု ကြေညာခဲ့ကြသည်။

ဝက်ဘ်ဆိုက် ပေါ်တွင်လည်း ကုမ္ပဏီကိုယ်စားလှယ်များ၏နာမည်များမှာ အဆက်မပြတ် အပ်ဒိတ် ဖြစ်နေပြီး အပ်ဒိတ် ဖြစ်သွားတိုင်း ဤဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနေသူများမှာ အံ့သြမှုများ တိုးပွားလာရပေသည်။

မူလက တရုတ်ရှိ ထိုကားကုမ္ပဏီများမှာ လာရောက် ပါဝင်ရန် ရည်ရွယ်ထားခြင်း မရှိပေ။ သူတို့က ဤသည်မှာ Songjiang ကားကုမ္ပဏီက ကိုယ့်မျက်နှာကိုယ် ရွှေကပ်ရန် လုပ်ဆောင်ထားခြင်းဟုသာ ထင်မှတ်ခဲ့ကြပြီး သူတို့ သွားလျှင်လည်း အရံအဖြစ်သာ ပါဝင်ရမည် ဖြစ်သည်။

ဘာကမ္ဘာ့အဆင့်လဲ... ဟာသတစ်ခုပါပဲ... ဥရောပနဲ့ အမေရိကန်က ကားကုမ္ပဏီတွေ လာပါ့မလား။

မည်သို့ပင်ဆိုစေ Songjiang ကားကုမ္ပဏီ က သူတို့ကို အုပ်ချုပ်၍ မရသလို ယခုအခါ သူတို့အသီးသီး၏ တိုးတက်မှုများကလည်း ပိုပိုပြီးကောင်းမွန်လာကြပြီဖြစ်ရာ သဘာဝကျကျပင် အတော်လေး မာနကြီးလာခဲ့ကြသည်။

အထူးသဖြင့် စီးပွားဖြစ်သုံး ကားများကို ထုတ်လုပ်သော ကုမ္ပဏီများ ဖြစ်သည်။ သူတို့မှာ အလွန်မကျေမနပ် ဖြစ်နေကြပြီး မင်းတို့ Songjiang ကားကုမ္ပဏီက စီးပွားဖြစ်သုံး ကားတွေကိုတောင် မထုတ်လုပ်ဘဲနဲ့ ဘာဖြစ်လို့ ငါတို့ကို လာပြီး အကဲဖြတ် ရွေးချယ်ပေးမှာလဲ။

သို့သော် သူတို့သည် ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီများအားလုံး ဖိတ်ကြားခံထားရသည်ကို မြင်တွေ့လိုက်ရသောအခါ အလွန်လျင်မြန်စွာပင် တက်ကြွလာခဲ့ကြသည်။

ဤသည်မှာ သေချာပေါက် ကမ္ဘာ့ မော်တော်ယာဉ် လုပ်ငန်း သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ပွဲကြီးပွဲကောင်း တစ်ခုဖြစ်ပြီး နိုင်ငံတကာရှိ မော်တော်ယာဉ် လုပ်ငန်းပိုင်းဆိုင်ရာ ဆုကြီးများထက် များစွာပိုမိုကြီးကျယ်ခမ်းနားပေသည်။

သူတို့သည် ဆုရရှိရန် မလိုအပ်ဘဲ ဆန်ခါတင် စာရင်းထဲ ပါဝင်ရုံဖြင့် မျက်နှာပန်း လှနေပြီ ဖြစ်သည်။ ထို့အပြင် တခြားကားကုမ္ပဏီများနှင့် ဆက်သွယ်မှုများ ပြုလုပ်နိုင်ပြီး ဖက်စပ် စက်ရုံတစ်ခုခုများ တည်ထောင်နိုင်မည်ဆိုပါက သူတို့၏ နည်းပညာများမှာလည်း သေချာပေါက် အကြီးအကျယ် တိုးတက်လာမည် ဖြစ်သည်။

တရုတ်တွင် သူတို့၏ ဈေးကွက် ဝေစုကို မြှင့်တင်နိုင်ရုံသာမက နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေများပင် ရှာဖွေနိုင်မည် မဟုတ်ပါလော။

ဤသို့ဖြင့် မူလက သိပ်ပြီးစိတ်အားထက်သန်မှု မရှိခဲ့သော တရုတ်ကားကုမ္ပဏီများမှာ ရုတ်တရက် အလွန်တရာ တက်ကြွလာခဲ့ကြပြီး ထိုသူဌေးများ ကိုယ်တိုင် ရှန်ဟိုင်းသို့ ရောက်ရှိလာကာ နေရာကောင်းတစ်ခု ရရှိရန် မျှော်လင့်နေခဲ့ကြသည်။

ယခုအခါတွင် သူတို့သည် Songjiang ကားကုမ္ပဏီ ၏ အတင်းအဖျင်းများကိုလည်း မပြောဆိုကြတော့ဘဲ ဤကဲ့သို့သော ကောင်းမွန်သည့် ကိစ္စရပ်မျိုးကို နောင်အနာဂတ်တွင်လည်း အမြဲတမ်း ဆက်လက် ကျင်းပသွားသင့်ကြောင်း ဝိုင်းဝန်း ပြောဆိုနေကြတော့သည်။

...

******

All Chapters