အခန်း ၁၅၄၆
Vol. 105 Ch. 1546
အခန်း ၁၅၄၆ သုံးစွဲသူကသာ အရေးအကြီးဆုံး ဖြစ်သည်
"ဥက္ကဋ္ဌကြီး... ဒီ ဘဏ္ဍာရေး အစီရင်ခံစာကို တစ်ချက်လောက် ကြည့်ပေးပါဦး... အကယ်၍ ပြဿနာ မရှိဘူးဆိုရင် လက်မှတ်ထိုးပြီး အတည်ပြုပေးပါ..."
ဖုန်းယွီက လှမ်းယူပြီး ကြည့်လိုက်ရာ ကမ္ဘာ့မော်တော်ယာဉ်လုပ်ငန်း ပုလဲရတနာ ဆုကြီး ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မှု ဘတ်ဂျက် ငွေစာရင်းဖြစ်ပြီး ငွေပမာဏမှာ ယခင်က ပြောထားသည်များနှင့် ကိုက်ညီမှု ရှိပေသည်။
သူက လက်မှတ်ထိုးပြီးနောက် ငွေစာရင်းမှူးကို ပြန်ပေးလိုက်သည်။ "လောင်ကျုံးနဲ့ လောင်လျူတို့ မရှိကြဘူးလား..." ဤကဲ့သို့သော အစီရင်ခံစာမျိုးကို ယေဘုယျအားဖြင့် သူတို့ နှစ်ဦးကသာ လက်မှတ်ထိုး အတည်ပြုပေးလိုက်လျှင် ရပြီမဟုတ်ပါလော။
"လောင်လျူက Lenovo Kingsoftဘက်ကို သွားပြီး မဲပေးမယ့် ဝက်ဘ်ဆိုက်ရဲ့ စမ်းသပ်မှု ရလဒ်တွေကို သွားကြည့်နေပါတယ်... လောင်ကျုံးကတော့ ကြော်ငြာအတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်နေပါတယ်..."
"ကောင်းပြီ... ငါ သိပြီ... မင်း သွားလုပ်စရာ ရှိတာ သွားလုပ်တော့... အော်... ဒါနဲ့ ဝူကျိကန်းကို ငါ့ဆီ ခေါ်လိုက်ဦး..."
ငါးမိနစ်ပင် မပြည့်သေးမီ ဝူကျိကန်းက တံခါးခေါက်ပြီး ဝင်လာခဲ့သည်။
"သူဌေး... ကျွန်တော့်ကို ခေါ်တယ်ဆို..."
"ကျိကန်း... အဲဒီကားကုမ္ပဏီ ကိုယ်စားလှယ်တွေရဲ့ ထိုင်ခုံနေရာတွေကို စီစဉ်ပြီးပြီလား... နောက်တစ်ပတ်ဆိုရင် သူတို့ အားလုံး ရောက်လာကြတော့မှာနော်..."
"စီစဉ်ပြီးပါပြီ... သူဌေး မှာထားတဲ့အတိုင်း အင်အားချင်း နီးစပ်တဲ့ ကုမ္ပဏီတွေကို အတူတူ ထားပေးထားပါတယ်... ပြီးတော့ တစ်နိုင်ငံတည်းက ကားကုမ္ပဏီတွေကိုလည်း ကပ်လျက် မထားပါဘူး..."
ဖုန်းယွီက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "အရမ်းကောင်းတယ်..."
အင်အားချင်း နီးစပ်သော ကားကုမ္ပဏီများကို အတူတူ ထားရှိခြင်းက သူတို့ကို အချင်းချင်း နှိုင်းယှဉ်ချင်စိတ်များ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ တစ်နိုင်ငံတည်းမှ ကားကုမ္ပဏီများကို ခွဲခြားထားခြင်းက နိုင်ငံအလိုက် ထိုင်ခုံ နေရာချထားပေးသည်ဟု သူတို့ ထင်မြင်ယူဆခြင်းမှ ထိရောက်စွာ ရှောင်ရှားနိုင်ပေသည်။
မည်သို့ပင်ဆိုစေ ဤအကြိမ်တွင် Taihua Holdings အုပ်စုက အိမ်ရှင်အဖြစ် ကျင်းပခြင်း ဖြစ်သော်လည်း Songjiang ကားကုမ္ပဏီ ၏ အတိုင်းအတာနှင့် အမှတ်တံဆိပ် အင်အားမှာ ဒုတိယ အဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။
ဥပမာအားဖြင့် ယခုအချိန်တွင် BMW ၏ နှစ်စဉ် ထုတ်လုပ် ရောင်းချမှု ပမာဏမှာ အစီးရေ တစ်သန်းကျော်ခန့်သာ ရှိသော်လည်း သူတို့၏ အမှတ်တံဆိပ် တန်ဖိုးမှာ Songjiang ကားကုမ္ပဏီထက် ဆယ်ဆကျော် ရှိနေသည်ကို မဆိုထားနှင့်၊ အမြတ်အစွန်းမှာလည်း ပိုမို မြင့်မားပေသည်။
သေချာပေါက် Taihua Holdings အုပ်စု၏ အရည်အချင်းအပေါ် သံသယ ဝင်မည့်သူများ ရှိလာမည် ဖြစ်သည်။ အထူးသဖြင့် ဖုန်းယွီက ဖွင့်ပွဲ အမှာစကား ပြောကြားခြင်း မရှိသောအခါမျိုးတွင် ဖြစ်သည်။
ထို့အပြင် ထိုကားကုမ္ပဏီများမှာ ယခုအချိန်အထိ အမှောင်ထဲတွင် ရှိနေကြဆဲ ဖြစ်သည်။ သူတို့ လက်ခံရရှိထားသော ဖိတ်စာတွင် ရေးသားထားသည်မှာ ဆုရရှိမည့် ကားများကို ရွေးချယ်ရာတွင် ပါဝင် မဲပေးကြရန် ဖိတ်ကြားထားခြင်း ဖြစ်သည်။
ထိုအချိန်က သူတို့ အားလုံးက ဤအကြိမ်တွင် ထိုကားကုမ္ပဏီများက မဲပေးကြပြီး မည်သည့်ကားက ဆုရရှိမည်ကို ရွေးချယ်ရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။ အထူးသဖြင့် General Motorsက အပျော်ဆုံး ဖြစ်နေသည်။ သူတို့၏ လက်အောက်ခံ ကားကုမ္ပဏီများ အားလုံးကလည်း ကိုယ်စားလှယ်များ စေလွှတ်ကြမည်ဖြစ်ရာ ထိုအချိန်ကျပါက မဲအရေအတွက်က သေချာပေါက် အများဆုံး ဖြစ်နေမည်ဖြစ်သည်။ ထို့နောက် ကားကုမ္ပဏီကြီး တစ်ခု နှစ်ခုခန့်နှင့် အနည်းငယ် ပူးပေါင်းလိုက်မည်ဆိုပါက သူတို့ သေချာပေါက် ဆုရရှိမည် ဖြစ်သည်။
ထိုကားကုမ္ပဏီငယ်များထဲမှ အများအပြားမှာ ကားကုမ္ပဏီကြီးများ၏ အင်ဂျင်များနှင့် အဓိက အစိတ်အပိုင်းများကို ဝယ်ယူအသုံးပြုကြခြင်းဖြစ်ရာ သူတို့၏ ခြေလှမ်းအတိုင်း လိုက်ပါရမည်သာ ဖြစ်သည်။
သို့သော် သူတို့ အားလုံး ထင်မှတ်မထားခဲ့ကြသည်မှာ သူတို့လည်း မဲပေး၍ ရသလို သူတို့နှင့် ရင်းနှီးကျွမ်းဝင်သော ကားကုမ္ပဏီငယ်များကိုလည်း မဲပေးခိုင်း၍ ရနိုင်သော်လည်း ဤမဲအရေအတွက် အနည်းငယ်မျှက တကယ်ကို မည်သည့်အရာကိုမျှ အဆုံးအဖြတ် မပေးနိုင်ခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအကြိမ်မှာ အင်တာနက် အသုံးပြုသူ အားလုံးက မဲပေးရွေးချယ်ကြခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
"သူဌေး... ကျွန်တော်တို့ ကားကုမ္ပဏီ ကိုယ်စားလှယ်တွေရဲ့ မဲအရေအတွက် အလေးချိန်ကို နည်းနည်း တိုးမြှင့်ပေးလိုက်ရင် မကောင်းဘူးလား... ဥပမာ သူတို့ရဲ့ မဲပေးရွေးချယ်မှု ရလဒ်က တစ်ဝက်၊ အင်တာနက် မဲပေးမှုက တစ်ဝက် ယူပြီး နောက်ဆုံး ဆုရမယ့် ကားကို စုပေါင်း ရွေးချယ်တာမျိုးပေါ့..."
ဝူကျိကန်းသည် ထိုကားကုမ္ပဏီ ကိုယ်စားလှယ်များ၏ မကျေနပ်မှုများကို ရှောင်ရှားနိုင်ပြီး Songjiang ကားကုမ္ပဏီ အတွက်လည်း ဆုရရှိရန် အခွင့်အရေး ကြီးမားနေသေးသည့် နည်းလမ်းတစ်ခုကို စဉ်းစားမိသွားခဲ့သည်။
ဖုန်းယွီက ခေါင်းခါပြလိုက်သည်။ "မကောင်းဘူး... မင်းက ဒီကားကုမ္ပဏီ ကိုယ်စားလှယ်တွေကို ဒီလောက် မြင့်မားတဲ့ အလေးချိန် ပေးလိုက်ရင် အဲဒီ သတင်းထောက်တွေက ဘယ်လိုလုပ်မလဲ... သူတို့ကလည်း အရည်အချင်းကို အကြောင်းပြပြီး ပိုမြင့်မားတဲ့ အလေးချိန်ကို တောင်းဆိုလာကြလိမ့်မယ်... အဲဒီအချိန်ကျရင် ငါတို့ရဲ့ ဒီပုလဲရတနာ ဆုကြီးက တန်ဖိုးရှိတဲ့ ပုလဲရတနာကနေ ဖန်ပုတီးစေ့ ဖြစ်သွားလိမ့်မယ်..."
စည်းကမ်း သတ်မှတ်ပြီးပြီ ဆိုမှတော့ လွယ်လွယ်ကူကူ မပြောင်းလဲသင့်ပေ။ ထို့အပြင် ထိုကားကုမ္ပဏီများကို မျက်နှာချိုသွေးနေ၍လည်း အလကားပင် ဖြစ်သည်။ သူတို့က Songjiang ကားကုမ္ပဏီ အပေါ် မည်သည့် အကူအညီမှ ပေးမည် မဟုတ်ဘဲ Songjiang ကားကုမ္ပဏီ ကို ရန်သူအဖြစ်သာ ဆက်လက် သတ်မှတ်ထားမည်ဖြစ်ပြီး Songjiang ကားကုမ္ပဏီ ကို နင်းခြေ ဖျက်ဆီးပစ်ရန် နည်းလမ်းမျိုးစုံ ရှာဖွေကြမည်သာ ဖြစ်သည်။
"ဒါပေမဲ့ ဒီလိုဆိုရင် သူတို့က ကျွန်တော်တို့ကို သေချာပေါက် ပစ်မှတ်ထားလာကြမှာပေါ့... ကျွန်တော်တို့ရဲ့ ဒီပုလဲရတနာ ဆုကြီးက နောက်တစ်ကြိမ် ရှိနိုင်ပါဦးမလား..."
ဝူကျိကန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ဖုန်းယွီက ဝူကျိကန်းကို ကြည့်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။ "ကျိကန်း… ကိစ္စတချို့ကို မင်း သေချာပေါက် ရှင်းလင်းအောင် လုပ်ထားဖို့ လိုတယ်... ကားဝယ်တာက သုံးစွဲသူတွေပါ... အဲဒီသတင်းထောက်တွေ၊ ဒီဇိုင်နာတွေနဲ့ ကားကုမ္ပဏီ ကိုယ်စားလှယ်တွေ မဟုတ်ဘူး... သူတို့ရဲ့ ကားတွေကို ဘယ်သူကများ ကိုယ်ပိုင် ငွေထုတ်ပြီး ဝယ်စီးလို့လဲ..."
အခြားသော မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဆုများတွင် မဲပေးခွင့်ရှိသော ထိုသတင်းထောက်များထဲတွင် မည်သူကများ နာမည်မကြီးဘဲ နေသနည်း။ ထို့အပြင် မော်တော်ယာဉ် မဂ္ဂဇင်း အများအပြားမှာပင် ကားကုမ္ပဏီများ၏ ရှယ်ယာများ ပါဝင်နေခြင်း သို့မဟုတ် ကားကုမ္ပဏီ တစ်ခုခုမှ ရှယ်ယာရှင်က အဓိက ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။
သူတို့က အမှတ်တံဆိပ် တစ်ခုတည်းက ကားကိုသာ မောင်းနှင်မည့်သူများဖြစ်ပြီး အများစုမှာ လက်ဆောင် ရရှိထားခြင်း ဖြစ်ရာ မည်သည့် တရားမျှတမှုများ ရှိနေသနည်း။ သူတို့၏ အမြင်များက ဘာကို ကိုယ်စားပြုနိုင်သနည်း။
"ကျွန်တော်တို့ရဲ့ Elf ကားလေးလိုမျိုးဆိုရင် ဒီတစ်ကြိမ်မှာ သေချာပေါက် ဆုရမှာပဲ... အဲဒီသတင်းထောက်တွေက ဘယ်လိုပဲ ဝေဖန်နေပါစေ... တခြား ကားကုမ္ပဏီတွေက ဘယ်လောက်ပဲ အထင်သေးနေပါစေ... သုံးစွဲသူတွေက ဘယ်လောက်တောင် သဘောကျနေကြလဲ ဆိုတာက ကျွန်တော်တို့ ကိုယ်တိုင် ဖြီးလုံးနေတာ မဟုတ်ဘူး မဟုတ်လား..."
"ရုပ်ရှင်တွေလိုမျိုးပဲလေ... အထူးသဖြင့် ပြည်တွင်းက အနုပညာကား ဆိုတာတွေပေါ့... သူတို့က ဝေဖန်ရေး ကောင်းပေမဲ့ ရုံတင်ငွေ မကောင်းဘူးလို့ ပြောကြတယ်... အဲဒီ အကောင်းဆိုတာက ပရိသတ်တွေက ကောင်းတယ်လို့ ပြောတာလား... သူတို့ ကိုယ်တိုင်က ကောင်းတယ်လို့ ထင်နေကြတာပါ..."
"ကျွန်တော်တို့ ပြည်တွင်းမှာ ရုပ်ရှင် အကဲဖြတ်တဲ့ ဝက်ဘ်ဆိုက် တစ်ခုကို ရင်းနှီးမြှုပ်နှံထားတယ်လေ... Doubanလို့ ခေါ်တယ်... အမေရိကန် ဘက်မှာလည်း အရင်က Rotten Tomatoes ဆိုတဲ့ ဝက်ဘ်ဆိုက် တစ်ခုကို ရင်းနှီးမြှုပ်နှံပြီး အဓိက ရှယ်ယာရှင်အဖြစ် ယူထားတယ်... ဒါတွေ အကုန်လုံးက ပရိသတ်တွေက ရုပ်ရှင်တွေကို အကဲဖြတ် အမှတ်ပေးကြတာချည်းပဲ... အမှတ်များတဲ့ ရုပ်ရှင်တွေ အားလုံးက ရုံတင်ငွေ မဆိုးကြဘူး... အကယ်၍ ရုံတင်ငွေ သိပ်မကောင်းရင်တောင်မှ နောက်ပိုင်း အခွေ ရောင်းရငွေက အလွန် ကောင်းမွန်ကြတယ်..."
"ဒီမှာ ဆုရသွားတဲ့ ရုပ်ရှင် အများအပြားက အမှတ် သိပ်မမြင့်ကြဘူး... ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်တွေက ဒါရိုက်တာတွေ မဟုတ်ဘူး... ဇာတ်ညွှန်းရေးဆရာတွေ မဟုတ်ဘူးလေ... သူတို့ရဲ့အကြိုက်က တိုက်ရိုက်ကျတယ်... ဘာတင်စားချက်တွေ၊ အနုပညာတွေ ဘာတွေညာတွေ မရှိဘူး..."
"ဒီဝက်ဘ်ဆိုက်တွေရဲ့ အကဲဖြတ် အမှတ်ပေးမှုတွေက ပရိသတ် အများအပြားရဲ့ ရုပ်ရှင် ကြည့်ရှုဖို့ ရွေးချယ်မှုအပေါ် သက်ရောက်မှု ရှိတယ်... ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က အဲဒီ ဒါရိုက်တာတွေ ပြောတဲ့စကားကို မယုံကြည်ကြလို့ပဲ... အကုန်လုံးက ကိုယ့်ပေါင်ကိုယ် သွေးယပ်နေကြတာ... ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မြှောက်ပင်နေကြတာပဲလေ... ပရိသတ်တွေရဲ့ အမြင်ကသာ အရေးအကြီးဆုံးပဲ..."
"ဒီအမြင်ကို ကျွန်တော်တို့ရဲ့ ကားတွေအပေါ်မှာ အသုံးချကြည့်ရင်လည်း အတူတူပါပဲ... ဒီဇိုင်နာတွေ၊ သတင်းထောက်တွေရဲ့ အမြင်က အရေးမကြီးပါဘူး... အရေးကြီးတာက သုံးစွဲသူတွေရဲ့ အမြင်ပဲ... သုံးစွဲသူတွေ ကားရွေးချယ်တဲ့ အကြောင်းရင်းတွေက အများကြီးပဲ... သူတို့က အကြောင်းရင်း တစ်ခုတည်းကြောင့်နဲ့တောင် ဒီကားကို ဝယ်ယူဖို့ ရွေးချယ်တတ်ကြတယ်... အဲဒီ ဒီဇိုင်နာတွေက ဘယ်လောက်ပဲ မိုးပျံအောင် ဖြီးနေပါစေ... ကားကို မမြင်ရဘူး၊ စမ်းသပ် မမောင်းရသေးခင်မှာ သူတို့လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်မှာ မဟုတ်ဘူး..."
"ကားတစ်စီးအတွက် အရေးကြီးတဲ့ အချက်တွေ အများကြီး ရှိတယ်... လုံခြုံရေး၊ အပြင်ပန်း အသွင်အပြင်၊ သက်တောင့်သက်သာ ရှိမှု၊ ထိန်းချုပ်မောင်းနှင်နိုင်စွမ်း၊ ဈေးနှုန်း စတဲ့ အချက်တွေ အများကြီး ပါဝင်တယ်... ကျွန်တော်တို့က အဲဒီအထဲက အချက်တစ်ချက်ကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ရင်ကိုပဲ ထူးထူးခြားခြား ပေါ်လွင်လာနိုင်ပြီ..."
"ဥပမာ Elf ကားလေး ဆိုရင် အမေရိကန်ဒေါ်လာ နှစ်ထောင်နဲ့ ကားတစ်စီး ဝယ်လို့ရတယ်... အရင်တုန်းက ဒီလိုမျိုး ဖြစ်နိုင်မယ်လို့ ဘယ်သူ တွေးမိမှာလဲ... ဒီဈေးနှုန်းက လူတော်တော်များများကို ဆွဲဆောင်နိုင်လွန်းတယ်လေ..."
"ကျွန်တော်တို့ရဲ့ ဒီပုလဲရတနာ ဆုကြီးက အဲဒီကားကုမ္ပဏီတွေကို မျက်နှာချိုသွေးဖို့ မဟုတ်ဘူး... အဲဒီသတင်းထောက်တွေ၊ ဒီဇိုင်နာတွေကို မျက်နှာချိုသွေးဖို့လည်း မဟုတ်ဘူး... ကျွန်တော်တို့ မျက်နှာချိုသွေးရမှာက သုံးစွဲသူတွေပဲ... သုံးစွဲသူတွေ ကျွန်တော်တို့ကို အသိအမှတ်ပြုလာအောင် လုပ်ရမှာပဲ..."
"အဲဒီသတင်းထောက်တွေ၊ ဒီဇိုင်နာတွေဆိုတာ ဖြေရှင်းရ အရမ်းလွယ်ကူပါတယ်... ငွေကြေး လုံလုံလောက်လောက် ပေးလိုက်ရင် အားလုံး ပြေလည်သွားမှာပါ... အဲဒီကားကုမ္ပဏီတွေကိုကျတော့ ဆုတချို့ ပေးလိုက်ပေါ့..."
"ဟင်... သူဌေး... သူတို့ကို ဆုပေးမယ် ဟုတ်လား..."
ဖုန်းယွီက ဝူကျိကန်းကို စွေကြည့်လိုက်သည်။ "ငါတို့က ဘာကားတွေ ထုတ်တာလဲ... လူစီးကားတွေလေ... အဲဒီထိပ်တန်း ကားကုမ္ပဏီတွေ အများစုက ဘက်စုံ ကားကုမ္ပဏီတွေ ဖြစ်ကြတယ်... သူတို့မှာ စီးပွားဖြစ်သုံး ကားတွေလည်း ရှိတယ်လေ... စီးပွားဖြစ်သုံး ကားဆုတွေကိုတော့ သူတို့ကို ပေးလိုက်ပေါ့... မည်သို့ပင်ဆိုစေ ငါတို့ဆီမှာလည်း မရှိဘူးလေ... လူစီးကား ဆုတွေကိုကျတော့ ငါတို့က နှစ်ခုလောက် ယူထားလိုက်ပြီး ကျန်တာတွေကို သူတို့ အချင်းချင်း ယှဉ်ပြိုင်ပါစေပေါ့..."
"ပြည်တွင်းက တခြား ကားကုမ္ပဏီတွေကိုကျတော့ တရားမျှတစွာ ယှဉ်ပြိုင်ခိုင်းလိုက်... တကယ်လို့ သူတို့မှာ ကမ္ဘာ့အဆင့်မီ နည်းပညာတွေ တကယ် ရှိနေတယ်ဆိုရင် သူတို့ရဲ့နာမည်ကျော်ကြားမှု မလုံလောက်ရင်တောင်မှ ငါတို့က ကူညီပေးလို့ ရပါတယ်..."
ဆုတစ်ဆုလောက် ရသွားရုံနှင့်ပင် ဤအကြိမ်၏ ဂယက်ရိုက်မှု အရှိန်အဝါကို အားကိုး၍ Songjiang ကားကုမ္ပဏီ ၏ နာမည်ကျော်ကြားမှုကို တစ်ဟုန်ထိုး မြင့်တက်လာစေနိုင်သည်။ ငါးနှစ်ပင် အချိန်မယူဘဲ Songjiang ကားကုမ္ပဏီ ကို အစစ်အမှန် ကမ္ဘာ့ထိပ်ဆယ် ကားကုမ္ပဏီ တစ်ခု ဖြစ်လာစေရန် ဖုန်းယွီတွင် ယုံကြည်မှု အပြည့်ရှိပေသည်။
...
******