အခန်း ၁၅၄၇
Vol. 105 Ch. 1547
အခန်း ၁၅၄၇ ဆုရွေးချယ်မှုပုံစံ ကြေညာခြင်း
"ဘာ... အင်တာနက် မဲပေးမှုကနေတစ်ဆင့် နောက်ဆုံး ဆုရမယ့် ကားကို ရွေးချယ်မယ် ဟုတ်လား... ပေါက်ကရတွေ... ဒါက လုံးဝ ကလေးကစားစရာလို ဖြစ်နေပြီ..."
ဝါတာနာဘေ ကတ်ဆုအာကိသည် သတင်းရရှိပြီးနောက် မျက်တောင်များပင် တဆတ်ဆတ် ခါသွားသလို ခံစားလိုက်ရသည်။ ဤဖုန်းယွီမှာ အလွန်မာနကြီးလွန်းလှပြီး သူတို့ကားကုမ္ပဏီများထဲမှ မည်သူ့ကိုမျှ အထင်ကြီးပုံ မရပေ။
ဤမျှ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် ဤကဲ့သို့သော ကမ္ဘာ့အဆင့်မီ မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဆုကြီး တစ်ခုကို အင်တာနက် မဲပေးမှုဖြင့် ရွေးချယ်သည်၊ သို့မဟုတ် မည်သူမဆို မဲပေးနိုင်သည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပေ။
လုံးဝ ယုတ္တိမရှိတာပဲ... တကယ်ကို အဓိပ္ပာယ် မရှိတာပဲ...
ဝါတာနာဘေ ကတ်ဆုအာကိ ဒေါသထွက်နေချိန်တွင် အခြားသော ကားကုမ္ပဏီများမှ အထက်တန်း စီမံခန့်ခွဲသူများ အားလုံးကလည်း အလွန်ဆိုးရွားသော စော်ကားမှုကို ခံလိုက်ရသည်ဟု ခံစားခဲ့ကြရသည်။
...
Daimler Chrysler ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် CEO တို့ နှစ်ဦးစလုံး ဒေါသထွက်နေကြပြီး သူတို့မှာ အရူးလုပ်ခံလိုက်ရပြီဟု ခံစားနေကြရသည်။
သူတို့ကို လာပြီး မဲပေးပါဆိုပြီးတော့ တကယ်တမ်းကျတော့ သူတို့က သန်းထောင်ချီတဲ့ အင်တာနက် အသုံးပြုသူတွေထဲက တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့လား... ဒါဆို သူတို့ရဲ့ ဒီတစ်မဲလေးက ဘာများ အသုံးဝင်မှာလဲ...
"ဂျာဂန်... Taihua Holdings အုပ်စုက ငါတို့ကို ရှင်းရှင်းလင်းလင်းကြီး အရူးလုပ်နေတာပဲ... မင်း ဒီမဲပေးတဲ့ လင့်ခ်တွေရှိတဲ့ ဝက်ဘ်ဆိုက်တွေကို ကြည့်လိုက်ပါဦး... အများစုက ဖုန်းယွီရင်းနှီးမြှုပ်နှံထားတာတွေချည်းပဲ မဟုတ်ဘူးလား..."
"ဒီတစ်ကြိမ် ဆုရွေးချယ်ပွဲရဲ့ လှုပ်ရှားမှု ကုန်ကျစရိတ်တွေ အားလုံးကို သူတို့ကပဲ ကျခံတယ်လို့ ထင်ရပေမဲ့ သူတို့ကရော အကျိုးအမြတ်တွေ ဘယ်လောက်တောင် ရလိုက်မလဲ... ဒီမဲပေးမှု တစ်ခုတည်းနဲ့တင် သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ အကောင့်ဖွင့်မယ့်သူ ဘယ်လောက်တောင် ရှိမလဲ ဆိုတာကို ပြောကြည့်ပါ... ဒါက သူတို့အတွက် အသုံးပြုသူ အရေအတွက် ဘယ်လောက်တောင် တိုးပွားသွားစေမှာလဲ..."
"ရောဘတ်.. အစတုန်းက ဖိတ်စာပေါ်မှာ Taihua Holdings အုပ်စုက ဒီလှုပ်ရှားမှုရဲ့ ကုန်ကျစရိတ် အားလုံးကို တာဝန်ယူမယ်လို့ ရေးထားကတည်းက သူတို့က အလကား အနစ်နာခံမှာ မဟုတ်ဘူး ဆိုတာကို မင်း တွေးမိသင့်တာပေါ့..." ဂျာဂန် ရှရမ့်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"အစတုန်းကတော့ ငါက သူတို့က အဲဒီ Songjiang ကားကုမ္ပဏီကို ဆုတစ်ဆုလောက် ပေးလိမ့်မယ်လို့ပဲ ထင်ခဲ့တာ... ဒါကိုတော့ ငါတို့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အခုကရော... ငါတို့ ဆုရနိုင်မယ်လို့ မင်း ထင်သေးလား..."
ရောဘတ် အီတန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့ မရနိုင်ရမှာလဲ... ငါတို့က ကုမ္ပဏီရဲ့ အလုပ်သမားတွေကို ငါတို့အတွက် မဲပေးဖို့ ခိုင်းလို့ ရတာပဲ... အခု အစိုးရိမ်ရဆုံးက BMWလို ကုမ္ပဏီတွေပဲ... သူတို့ရဲ့ အလုပ်သမား အရေအတွက်က ငါတို့ကို ဘယ်လိုမှ မမီနိုင်ဘူးလေ..."
...
BMW ကုမ္ပဏီသည် ဤဆုရွေးချယ်မှုပုံစံကို သိရှိသွားပြီးနောက် တကယ်ပင် အဒေါသအထွက်ဆုံး သူများထဲတွင် တစ်ဦး အပါအဝင် ဖြစ်သွားခဲ့သည်။ သူတို့ BMW ၏ အလုပ်သမား အရေအတွက်မှာ အတော်လေး နည်းပါးပြီး အထူးသဖြင့် General Motors၊ Toyota စသည့် ကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက ပို၍ပင် နည်းပါးလှပေသည်။
ဒီဆုရွေးချယ်မှုကို ဒီလိုလုပ်လိုက်ရင် သူတို့ ဆုရရှိနိုင်မယ့် အခွင့်အရေးက မျှော်လင့်ချက် အရမ်းကင်းမဲ့သွားပြီ မဟုတ်ဘူးလား။
ဤအကြိမ် ဆုရွေးချယ်ပွဲကို ယခင်က မည်သည့် မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဆုရွေးချယ်ပွဲများထက်မဆို ပိုမိုကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်ထားရာ အကယ်၍ သူတို့ BMW သာ မည်သည့်ဆုမှ မရရှိဘဲ ပြန်လာရမည်ဆိုပါက သူတို့၏ အမှတ်တံဆိပ် တန်ဖိုးကိုပင် ထိခိုက်လာနိုင်ပေသည်။
မဖြစ်ဘူး... Taihua Holdings အုပ်စုကို သေချာပေါက် ဆက်သွယ်ရမယ်... သူတို့က အိမ်ရှင် ဖြစ်နေမှတော့ BMW ကို ဆုရရှိစေနိုင်မယ့် နည်းလမ်း ရှိသင့်တာပေါ့။
...
General Motors၏ ဥက္ကဋ္ဌသည် ဤဆုရွေးချယ်မှုပုံစံကို မြင်တွေ့လိုက်ရသောအခါ အားရပါးရ ရယ်မောလိုက်သည်။ သူတို့ General Motors မှာ အခြားအရာများ မများသော်လည်း လူတော့ အများဆုံး ရှိပေသည်။ ထို့အပြင် သူတို့တွင် အကြီးမားဆုံးသော ထုတ်လုပ် ရောင်းချမှု ပမာဏ ရှိနေခြင်းက အများဆုံးသော သုံးစွဲသူ အစုအဖွဲ့ ရှိနေခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤသို့ဆိုလျှင် မဲပေးရာတွင် သူတို့ သေချာပေါက် အားသာချက် အပြည့်အဝ ရရှိပေလိမ့်မည်။ သို့သော် တရုတ်ဘက်ကိုလည်း ထည့်မတွက်၍ မရပေ။ ထိုဘက်တွင် လူအလွန် များပြားလွန်းလှရာ မြင်းခွာချော်မှု မဖြစ်စေရန် နည်းလမ်းတစ်ခု စဉ်းစားရမည် ဖြစ်သည်။
အင်း... မဲပေးမည့် လင့်ခ်များ ရှိနေသော ဝက်ဘ်ဆိုက်များနှင့်လည်း ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်ထားရမည်ဖြစ်ပြီး သူတို့၏ မဲပေးမှုတွင် ပြဿနာ မရှိစေရန် အာမခံနိုင်အောင် လုပ်ဆောင်ထားရမည်။ အခြားသော ကားကုမ္ပဏီများ၏ မဲပေးသည့် လမ်းကြောင်းများကိုမူ ပိတ်ဆို့သွားမည် ဆိုလျှင် ပို၍ပင် ကောင်းသေးသည်။
သေချာပေါက် သူတို့၏ မဲအရေအတွက်ကို အလိုအလျောက် တိုးပွားလာအောင် လုပ်ဆောင်နိုင်မည် ဆိုလျှင်တော့ ပို၍ပင်ကောင်းသေးသည်။
...
ကားကုမ္ပဏီကြီး အားလုံးမှာ နည်းလမ်းများကို စဉ်းစားနေကြပြီး Taihua Holdings အုပ်စုကို ဤဆုရွေးချယ်မှုပုံစံ ပြောင်းလဲလာစေရန် လိုလားနေကြသော်လည်း နှမြောစရာကောင်းသည်မှာ Taihua Holdings က လုံးဝမျက်နှာသာ မပေးခဲ့ခြင်းပင် ဖြစ်သည်။
ယခင်က သူတို့အားလုံးက ဤဆုရွေးချယ်ပွဲတွင် ပါဝင်မည်ဟု ကြေညာထားခဲ့ကြပြီး အားလုံးကလည်း ကုမ္ပဏီ၏ တာဝန်ခံ တစ်ဦးဦး ကိုယ်တိုင်သွားရောက်မည်ဖြစ်ကြောင်း အသံကျယ်ကျယ်ဖြင့် ကြေညာထားခဲ့ကြသည်။ ထိုအချိန်က သူတို့ အားလုံးသည် ဖုန်းယွီနှင့် တစ်ကြိမ် တွေ့ဆုံပြီး ဆက်ဆံရေး တည်ဆောက်ချင်ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ဖုန်းယွီ၏ကားကို သူတို့ ကုမ္ပဏီထုတ် ကားအဖြစ် ပြောင်းလဲနိုင်မည်ဆိုပါက မည်မျှကောင်းမွန်သော ကြော်ငြာ တစ်ခု ဖြစ်လာမည်နည်း။
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကတောင် ငါတို့ရဲ့ ကားကို ရွေးချယ်တယ်ဆိုတော့ ငါတို့ရဲ့ကားက ဘယ်လောက်တောင် အရည်အသွေး ကောင်းမွန်တယ် ဆိုတာကို သိနိုင်တာပေါ့။
သို့သော် ယခုအခါတွင်မူ သူတို့သည် နှုတ်ထွက်မည်ဟု ကြေညာရန် နည်းလမ်း မရှိတော့ကြောင်းကို တွေ့ရှိလိုက်ကြရသည်။ အကယ်၍ သူတို့ထဲမှ တစ်ခုခုကသာ နှုတ်ထွက်မည်ဟု ကြေညာလိုက်မည်ဆိုပါက အခြားသော ကုမ္ပဏီများနှင့် မီဒီယာများ၏ လှောင်ပြောင်ခြင်းကို သေချာပေါက် ခံရမည်ဖြစ်ပြီး သူတို့က မသွားရဲဘူးဟု ပြောဆိုကြမည်သာ ဖြစ်သည်။
သူတို့ အားလုံး အတူတကွ နှုတ်ထွက်ကြမည် ဆိုလျှင်တော့ တစ်မျိုးပေါ့...
သို့သော် ထိုသို့ လုပ်လိုက်မည်ဆိုပါက ဖုန်းယွီကို အကြီးအကျယ် စော်ကားလိုက်သလို ဖြစ်သွားပေလိမ့်မည်။
Microsoft ကိုသာ ကြည့်လိုက်ပါ။ ဖုန်းယွီကို စော်ကားလိုက်မိသောကြောင့် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ခြောက်ရာ နီးပါးမှ သုံးရာကျော် အထိ ကျုံ့ဝင်သွားခဲ့ရသည်။ ထို့အပြင် ဖုန်းယွီက တမင်တကာ ဆော့ဖ်ဝဲလ် ကုမ္ပဏီ တစ်ခုကို ဖန်တီးပြီး Microsoft ကို ယှဉ်ပြိုင်ခဲ့သေးသည်။
အကြောက်စရာ အကောင်းဆုံးအချက်မှာ Microsoft က ရှုံးနိမ့်သွားခဲ့ခြင်းပင် ဖြစ်သည်။
ယခုအခါ တရုတ်မှ ထိုSongjiang ကားကုမ္ပဏီ ကို သူတို့က အထင်မကြီးကြပေ။ သို့သော် အကယ်၍ ဖုန်းယွီဒေါသထွက်သွားအောင် လုပ်လိုက်မိပြီး သူက ပုံမှန်လမ်းကြောင်းအတိုင်း မသွားဘဲ ငွေများကို အရူးအမူး ပုံအော သုံးစွဲလာပါက မည်သို့ လုပ်မည်နည်း။
ဘယ်သူ အရင်နှုတ်ထွက်သလဲ ဆိုတာကို ကြည့်ပြီး ဖုန်းယွီက အဲဒီလူကို သေချာပေါက် ပစ်မှတ်ထားလာမှာပဲ။ သူတို့ ကားကုမ္ပဏီတွေထဲက ဘယ်သူကမှ၊ General Motorsလို အင်အားကြီးမားတဲ့ ကုမ္ပဏီတောင်မှ ဖုန်းယွီကို မစော်ကားချင်ဘူးလေ။
ဒီတစ်ကြိမ်တော့ လာရောက် ပါဝင်လိုက်မယ်... ဒါပေမဲ့ နောက်နှစ်တော့ မလာတော့ဘူး။ သူ့ရဲ့ဒီဆုပေးပွဲက တစ်ကြိမ်ပဲ လုပ်နိုင်တဲ့ အခြေအနေ ဖြစ်သွားအောင် လုပ်မယ်။ ဒီလိုဆိုရင် ဖုန်းယွီကို မျက်နှာပေးလိုက်သလိုလည်း ဖြစ်သွားသလို သူတို့ရဲ့ သဘောထားကိုလည်း ပြသလိုက်တာပဲပေါ့။
အဲဒီနောက် သူတို့က မီဒီယာတွေကနေတစ်ဆင့် ဒီပုလဲရတနာ ဆုကြီး ဆိုတာက လုံးဝအခွင့်အာဏာမရှိဘူး... ဘာကိုယ်စားပြုမှုမှလည်း မရှိဘူး ဆိုတာကို သွယ်ဝိုက် ပြောကြားလိုက်ရင် လုံလောက်ပါပြီ။
သူတို့၏ အမြင်တွင်တော့ တရုတ်သို့ သွားပြီး ဤ ပုလဲရတနာ ဆုကြီးဆိုသည်ကို ပါဝင်ရခြင်းကပင် အဆင့်အတန်း လျှော့ချလိုက်ခြင်း ဖြစ်နေပြီ ဖြစ်သည်။ သူတို့က ဖုန်းယွီကို မျက်နှာပေးလိုက်ခြင်း ဖြစ်သော်လည်း ဖုန်းယွီကလည်း အလွန်အကျွံ မလုပ်သင့်ပေ။
အင်တာနက် မဲပေးမှုဆိုသည်မှာ အပြောင်းအလဲ အလွန်များပြားလွန်းလှသည်။ အထူးသဖြင့် သူတို့၏ ကားသစ်များမှာ မည်သို့လုပ်၍ ဆုရရှိနိုင်မည်နည်း။
ဤအကြိမ်တွင် သူတို့ ပါဝင်ယှဉ်ပြိုင်မည့် ကားအများစုမှာ ဈေးကွက်ထဲသို့ ရောက်ရှိလာခြင်း မရှိသေးပေ။ သူတို့ လာရောက် ပါဝင်ရန် သဘောတူလိုက်ရသည့် အကြောင်းရင်းမှာလည်း ကားသစ်များအတွက် ကြော်ငြာရန် ရည်ရွယ်ချက် ရှိနေသောကြောင့်ပင် ဖြစ်သည်။
အကယ်၍ ဤအကြိမ် ဆုရွေးချယ်မှု ရလဒ်များတွင် အခြားသော ကားကုမ္ပဏီများကို ဖိနှိပ်ထားနိုင်မည်ဆိုပါက ကားသစ်များမှာ သေချာပေါက် အကြီးအကျယ် အာရုံစိုက်ခံရမည်ဖြစ်ပြီး ဤသည်မှာ သူတို့အတွက် ကြော်ငြာခ မည်မျှကိုပင် သက်သာသွားစေမည်နည်း။
သူတို့ထဲမှ လူအများအပြားက မိမိတို့ ကုမ္ပဏီ၏ ကားသစ်များအပေါ် အလွန်ယုံကြည်မှု ရှိကြပြီး အခြားသော မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဆုကြီးများတွင် သွားရောက်ယှဉ်ပြိုင်မည်ဆိုပါကလည်း သေချာပေါက် ဆုရရှိနိုင်မည် ဖြစ်သည်။
သို့သော် ဤအကြိမ် ပုလဲရတနာ ဆုကြီးတွင်တော့ သေချာပေါက် ပုလဲရတနာများ မြေကြီးထဲ ရောက်သွားရတော့မည် မဟုတ်ပါလော။
အင်တာနက်ပေါ်တွင် သူတို့၏ ကားသစ်များက မည်သို့ပုံစံ ရှိသည်ကို မည်သူက သိမည်နည်း။ ကြော်ငြာကာလ ဖြစ်သော တစ်လခန့် အချိန်ကို အားကိုး၍ လူမည်မျှ၏ ထောက်ခံမှုကို ရရှိနိုင်မည်နည်း။
သူတို့က Taihua Holdings အုပ်စုကို ချက်ချင်း ဆက်သွယ်ပြီး ဤကဲ့သို့သော စည်းကမ်းချက်များမှာ အလွန်တရားမျှတမှု မရှိကြောင်း မေးခွန်းထုတ်ခဲ့ကြသည်။
သို့သော် Taihua Holdings အုပ်စုက ချက်ချင်းပင် အကြောင်းပြန်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ နောက်ပိုင်းတွင် ထုတ်လုပ်သော မော်ဒယ်များကို တစ်နှစ်တာ ပုလဲရတနာ ကားသစ်ဆု ယှဉ်ပြိုင်မှုတွင် ပါဝင်ခွင့်ပြုမည်ဖြစ်ပြီး အားလုံးမှာ အတူတူပင်ဖြစ်ကာ Songjiang ကားကုမ္ပဏီ တို့သည်လည်း ကားသစ်တစ်မျိုးကို ထုတ်ဖော် ယှဉ်ပြိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ယခုနှစ် အစောပိုင်းက ကားသစ်များ ထုတ်လုပ်ထားသော ကားကုမ္ပဏီများမှာ အသံတိတ်သွားကြသည်။ ဤသည်မှာ သူတို့အတွက် မွေးရာပါ အားသာချက် တစ်ခု ဖြစ်သွားပြီ မဟုတ်ပါလော။
တစ်လကျော်ခန့် အားသာချက်လေးသာ ရှိသည်ဆိုသော်လည်း ၎င်းကလည်း အလွန်ကြီးမားသော အားသာချက် တစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ဤကားကုမ္ပဏီများမှာ ကျေနပ်သွားကြတော့သည်။
ကျန်ရှိနေသော ကုမ္ပဏီများမှာမူ ကားကုမ္ပဏီ အချို့က ဤစည်းကမ်းချက်များကို လက်ခံသွားကြသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့လည်း လက်ခံရန်သာ ရွေးချယ်နိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း အခြားသော ကဏ္ဍများတွင် အထူးအခွင့်အရေးများ ရရှိထားသောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ခရီးသည်တင် ကားများ ရှိသော ကုမ္ပဏီများဆိုလျှင် ဤအကြိမ် ဆုရွေးချယ်ပွဲတွင် ပါဝင်မည့်ခရီးသည်တင် ကားများတွင် မည်သည့် မော်ဒယ်များ ပါဝင်သည်ကို သွယ်ဝိုက် သိရှိခဲ့ရပြီး သူတို့ကို ပစ်မှတ်ထား၍ ကြော်ငြာ အစီအစဉ်များ ပြုလုပ်နိုင်စေရန် အသိပေးခဲ့သည်။
ကုန်တင်ကားများ ရှိသော ကုမ္ပဏီများ ဆိုလျှင်လည်း ကုန်တင်ကား အချို့မှာ အလွန်ကောင်းမွန်ကြောင်းနှင့် မည်သည့်ဆုကို ရရှိနိုင်ကြောင်းကို သွယ်ဝိုက်ပြောဆိုခဲ့သည်။
ဤသို့ဖြင့် မူလက စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသော ကားကုမ္ပဏီ အများအပြားမှာ ယခုအခါတွင် ဤဆုကြီးက မဆိုးလှဘူးဟုပင် ခံစားလာရသည်။
ဆုရရှိပြီးနောက်တွင် သူတို့က ဤဆုကို အမည်းရောင် သုတ်၍မရဘဲ အကြီးအကျယ် မြှောက်ထိုးပင့်ကော် လုပ်ရဦးမည် ဖြစ်သည်။ သူတို့ ရရှိခဲ့သော ဤဆုက အလွန်တရာ အဆင့်အတန်း မြင့်မားကြောင်းကို တစ်ကမ္ဘာလုံးက သိရှိအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
ဤသို့သော အခြေအနေမျိုးအောက်တွင် ဆုကြီး ရွေးချယ်မည့် နေ့ရက်များ ဆိုက်ရောက်လာခဲ့သည်။
...
******