← Chapters

အခန်း ၁၅၅၂

Vol. 105 Ch. 1552

အခန်း ၁၅၅၂

Vol. 105 Ch. 1552

အခန်း ၁၅၅၂ ထမင်းဝသွားပြီးနောက် ထမင်းချက်ကို အပြစ်တင်ခြင်း

"မန်နေဂျာဖုန်း... ကိုယ်တိုင် လာခဲ့တာကိုး..."

ဖုန်းယွီဝင်လာသည်ကို မြင်သောအခါ စက်မှုလုပ်ငန်း ဝန်ကြီးဌာနမှ ဝန်ကြီးမုန့်က မတ်တတ်ထရပ်ကာ ပြောလိုက်သည်။

Taihua Holdings အုပ်စုနှင့် ပင်းချန် စက်မှုထုတ်လုပ်ရေး အုပ်စုတို့မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း ဖုန်းယွီကိုယ်တိုင် ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ဖုန်းယွီက ကုမ္ပဏီကိစ္စများကို သိပ်ပြီး ဝင်မစွက်ဖက်ဘူး ဆိုသည် မဟုတ်ပါလော။

ဝန်ကြီးမုန့် မတ်တတ်ထရပ်လိုက်သည်နှင့် အခြားသူများလည်း အားလုံး ချက်ချင်း မတ်တတ်ထရပ်လိုက်ကြသည်။ ဖုန်းယွီ၏ နာမည်ဂုဏ်သတင်းက သူတို့ကို အလွန် ကြီးမားသော ဖိအားများ ပေးစွမ်းနေပေသည်။

ဖုန်းယွီက အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ "လူတစ်ချို့က ကျွန်တော်တို့ဆီက အကျိုးအမြတ်တွေ ရသွားပြီးတော့ တစ်ဖက်လှည့်နဲ့ ကျွန်တော်တို့ကို ပြန်ပြီး တိုင်တောနေမှတော့ ကျွန်တော်က ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ..."

အခြားသူများအားလုံး၏အကြည့်များက အနည်းငယ် ရှောင်လွှဲသွားကြပြီး ဖုန်းယွီကို တိုက်ရိုက် မကြည့်ရဲကြပေ။

သို့သော် သူတို့၏ ရည်ရွယ်ချက်ကို ပြန်လည်စဉ်းစားကြည့်ကြသည်။ ရောက်လာခဲ့ပြီဆိုမှတော့ ဖုန်းယွီကို စော်ကားပြီးသား ဖြစ်သွားပြီဖြစ်ရာ ဝန်ကြီးဌာန၏ အရှိန်အဝါကို အားကိုး၍ အကျိုးအမြတ်များ ရရှိအောင် လုပ်ဆောင်ရမည်သာ ဖြစ်သည်။ ယခုနှစ် ဆုပေးပွဲက ပြီးဆုံးသွားပြီ ဖြစ်သော်လည်း နောက်နှစ်အတွက်ကော...

အခြားသူများက ဖိတ်ခေါ်နေရန်ပင် မလိုဘဲ ဖုန်းယွီက တိုက်ရိုက် ဝင်ထိုင်လိုက်သည်။ "အားလုံး မတ်တတ်ရပ်ပြီး ဘာလုပ်နေကြတာလဲ... ထိုင်ကြလေ..."

ဝန်ကြီးမုန့်မှာ ပါးစပ် ဟသွားခဲ့သည်။ ဒီဖုန်းယွီက ဘယ်လိုဖြစ်ပြီး ဧည့်သည်ကနေ အိမ်ရှင် နေရာကို ယူလိုက်တာလဲ...

"မန်နေဂျာဖုန်း... ဒီတစ်ကြိမ် ခင်ဗျားတို့ကို ဖိတ်ခေါ်လိုက်ရတာက ကိစ္စတချို့ ရှိလို့ အားလုံး ဆွေးနွေး တိုင်ပင်ကြရအောင်လို့ပါ..."

"ဆွေးနွေး တိုင်ပင်မယ် ဟုတ်လား... ဒီလိုသဘောထားမျိုးက ဆွေးနွေး တိုင်ပင်မယ့် သဘောထားလို့ ခင်ဗျား သေချာရဲ့လား..." ဖုန်းယွီက ဝန်ကြီးမုန့်၏စကားကို ဖြတ်ပြောလိုက်သည်။ "ပြောစရာ ရှိတာကို တိုက်ရိုက်သာ ပြောပါ... ကျွန်တော်က မိနစ်ပိုင်းအတွင်းမှာ ယွမ် သန်းနဲ့ချီ ဝင်ထွက်နေတာဆိုတော့ ခင်ဗျားတို့နဲ့ အချိန်ဖြုန်းဖို့ အားမနေဘူး..."

'မိနစ်ပိုင်းအတွင်းမှာ ယွမ် သန်းနဲ့ချီ ဝင်ထွက်နေတာ' ဆိုသည့် စကားကြောင့် အခြားသော ကားကုမ္ပဏီများ၏သူဌေးများ အားလုံးမှာ မည်သို့ မှတ်ချက်ပေးရမည်ကိုပင် မသိတော့ပေ။ ဖုန်းယွီ၏ ကြွယ်ဝချမ်းသာမှု အရဆိုလျှင် ဤမျှလောက် ငွေရှာနိုင်သည်မှာ အမှန်တကယ် ဖြစ်သော်လည်း ဤလေသံကတော့ အလွန်မာနကြီးလွန်းလှပေသည်။

"မန်နေဂျာဖုန်း... ဒီနေရာမှာ ဝန်ကြီးမုန့်ရှိနေတယ်လေ... အရင်ဆုံး ဝန်ကြီးမုန့်စကားပြောလို့ ပြီးတဲ့အထိ နားထောင်သင့်တာ မဟုတ်ဘူးလား..."

Modu Motors၏ သူဌေးက တမင်တကာ ပြဿနာ ရှာလိုက်သည်။

ဖုန်းယွီက စွေကြည့်လိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ..."

'ခင်ဗျားက ဘယ်သူလဲ...' ဟုတ်လား။

Modu Motors ၏ သူဌေးမှာ ကြောင်အမ်းသွားခဲ့ပြီး မျက်နှာတစ်ခုလုံး ချက်ချင်း နီရဲသွားခဲ့သည်။

သူသည်လည်း တရုတ်၏ မော်တော်ယာဉ် လုပ်ငန်းတွင် အတော်လေး နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဖုန်းယွီက သူ ဘယ်သူလဲ ဆိုတာကိုတောင် မသိဘူးတဲ့လား... ထိုမျက်နှာထား၊ ထိုလေသံက သူ့ကို မည်သည့်အခါမျှ အာရုံစိုက်ဖို့ မထိုက်တန်ဘူး ဆိုသည့် အဓိပ္ပာယ်မျိုး ပေါက်နေပေသည်။

ဝန်ကြီးမုန့်က ချက်ချင်းပင် ဝင်ဖျန်ဖြေပေးလိုက်သည်။ "အားလုံးပဲ... ကျွန်တော် စကားပြောတာကို အရင်နားထောင်ပေးကြပါ... ကျွန်တော်တို့ တရုတ်မှာ ကမ္ဘာ့ မော်တော်ယာဉ် လုပ်ငန်း ပုလဲရတနာ ဆုကြီးကို အခုလေးတင် ကျင်းပပြီးစီးခဲ့ပါတယ်... ဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ပွဲကြီးပွဲကောင်း တစ်ခုဖြစ်ပြီး အလွန်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်... ဒီအထဲမှာ Taihua Holdings အုပ်စုရဲ့ အခန်းကဏ္ဍက အရမ်းကြီးမားသလို မန်နေဂျာဖုန်းရဲ့ အခန်းကဏ္ဍကလည်း ကြီးမားလှပါတယ်..."

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်..."

သူ၏မျက်နှာပေါ်တွင် အနည်းငယ် ဂုဏ်ယူနေသည့် အမူအရာများ ပေါ်ထွက်နေပြီး ဆက်ပြီး ချီးကျူးပါ၊ မရပ်ပါနဲ့ ဆိုသည့် ပုံစံမျိုး ဖမ်းနေသည်။

ဝန်ကြီးမုန့်၏ နှုတ်ခမ်းများမှာ တွန့်သွားခဲ့သည်။ ပုံမှန်အခြေအနေမျိုးတွင် ဆိုပါက သူ ဤသို့ ပြောသောအခါ တစ်ဖက်လူ အနေဖြင့် အနည်းငယ် နှိမ့်ချသော စကား နှစ်ခွန်း၊ သုံးခွန်းခန့် ပြောသင့်သည် မဟုတ်ပါလော။

'ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်' ဆိုတာက ဘာအဓိပ္ပာယ်လဲ။

သူက ရုတ်တရက် ဆက်ပြီး ဘယ်လို ပြောရမည်ကိုပင် မသိအောင် ဖြစ်သွားခဲ့သည်။ ဤ မန်နေဂျာဖုန်းမှာ တကယ်ကို 'နာမည်ကြားရတာက လူကို မြင်ရတာလောက် မထိရောက်ဘူး' (နာမည်ကြီးတာထက် လူက ပိုဆိုးတယ်) ဆိုသလိုပင် သူ၏ စိတ်ကူးများကို ခန့်မှန်းရ ခက်ခဲလှပေသည်။

အခြားသူများလည်း မျက်တောင်များ တဆတ်ဆတ် ခါသွားကြသည်။ ဤ မန်နေဂျာဖုန်းမှာ ကောလာဟလ ထွက်နေသည်များနှင့် သိပ်မတူညီသလို ခံစားနေကြရသည်။

"အဟမ်း... အဟမ်း... ဒါပေမဲ့ ကျွန်တော်တို့မှာ ပြဿနာ တစ်ခု ရှိနေသေးတယ်... ဒီတစ်ကြိမ် ဆုကြီးက စုစုပေါင်း ၁၂ ခု ရှိတယ်လေ... အဲဒီအထဲမှာ လူစီးကား အတွက် ၈ ခုနဲ့ စီးပွားဖြစ်သုံး ကားအတွက် ၄ ခု မဟုတ်လား..."

ဖုန်းယွီက ဝန်ကြီးမုန့်ကို မျက်စောင်းထိုး ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန် နားမလည်နိုင်သည့် ပုံစံမျိုး ဖြစ်နေသည်။ 'သိနေရဲ့သားနဲ့ ဘာလို့လာမေးနေသေးလဲ... အလကား စကားတွေ ပြောနေတာပဲ မဟုတ်ဘူးလား...'

ဝန်ကြီးမုန့်က စိတ်ရှည်လက်ရှည်ဖြင့် ဆက်ပြောလိုက်သည်။ "ဒါဆိုရင် လူစီးကား ဆု ၈ ခုမှာ ခင်ဗျားတို့ Songjiang ကားကုမ္ပဏီ က ၂ ခု ရသွားတယ် မဟုတ်လား... ကျန်တဲ့ ၆ ခုလုံးကို နိုင်ငံခြား ကုမ္ပဏီတွေက ရသွားတယ် မဟုတ်လား... ပြီးတော့ စီးပွားဖြစ်သုံး ကား ဆု ၄ ခုလုံးကိုလည်း နိုင်ငံခြား ကုမ္ပဏီတွေကချည်းပဲ ရသွားတယ် မဟုတ်လား..."

"ဒီလှုပ်ရှားမှုကို ခင်ဗျားတို့က ကြီးမှူးကျင်းပတာလေ... ခင်ဗျားတို့ ဆုရသွားတယ် ဆိုတာက ခင်ဗျားတို့က ဆုရနိုင်မယ်ဆိုတာကို အပြည့်အဝ ယုံကြည်မှု ရှိနေလို့ မဟုတ်ဘူးလား... ဒါပေမဲ့ ခင်ဗျားတို့က နိုင်ငံခြား ကားတွေကိုသာ ထောက်ခံပေးချင်ပြီး ကျွန်တော်တို့ တရုတ်က ညီအစ်ကို ကားကုမ္ပဏီတွေရဲ့ ကားတွေကိုကျတော့ မထောက်ခံပေးချင်ဘူးပေါ့..."

"ခဏလေး..." ဖုန်းယွီက လက်ကာပြလိုက်သည်။ "ညီအစ်ကို ကားကုမ္ပဏီ ဟုတ်လား... ဘယ်ကားကုမ္ပဏီတွေက ကျွန်တော်တို့ရဲ့ ညီအစ်ကို ကားကုမ္ပဏီတွေ ဖြစ်နေလို့လဲ... ညီအစ်ကို ကားကုမ္ပဏီ ဆိုတာကို ဘယ်လို သတ်မှတ်တာလဲ..."

"မန်နေဂျာဖုန်း... အားလုံးက တရုတ်ကားကုမ္ပဏီတွေ ဖြစ်နေမှတော့ ညီအစ်ကို ကားကုမ္ပဏီတွေ မဟုတ်ဘူးလို့ ပြောလို့ရမလား... ဒါမှမဟုတ် ခင်ဗျားတို့က Tata Motors နဲ့မှ ညီအစ်ကို ကားကုမ္ပဏီ ဖြစ်တာလား..."

Yangcheng Motors ၏ သူဌေးက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

ဖုန်းယွီက သူ့ကို စွေကြည့်လိုက်သည်။ "ကျွန်တော် မှတ်မိသလောက်တော့ ခင်ဗျားတို့က Toyota နဲ့ အပြန်အလှန် ထောက်ခံပေးခဲ့ကြတာ မဟုတ်ဘူးလား... ခင်ဗျားက မီဒီယာတွေ ရှေ့မှာတောင် Toyota ရဲ့ အဲဒီကားကို အကြီးအကျယ် ချီးကျူးခဲ့သေးတယ်လေ... ကျွန်တော်ကတောင် ခင်ဗျားတို့က Toyota နဲ့မှ ညီအစ်ကို ကားကုမ္ပဏီတွေ ဖြစ်နေတယ်လို့ ထင်ခဲ့တာ..."

'တောက်... မင်းတို့က Toyota နဲ့ မျက်လုံးချင်း စကားပြောနေကြတုန်းကကျတော့ ငါတို့ကို ဘာဖြစ်လို့ သတိမရခဲ့တာလဲ... အဲဒီအချိန်တုန်းက မင်းတို့က ငါတို့ Songjiang ကားကုမ္ပဏီ ကို နင်းပြီး တက်ချင်နေခဲ့ကြတာ မဟုတ်ဘူးလား... အခု နောက်ဆုံးမှာ ကျရှုံးသွားတော့မှ ငါတို့က ညီအစ်ကို ကားကုမ္ပဏီတွေ ဖြစ်သွားပြီလား... နောက်ကွယ်ကနေ ဓားနဲ့ ထိုးတုန်းကကျတော့ ညီအစ်ကို သံယောဇဉ်ကို ဘာဖြစ်လို့ မတွေးခဲ့တာလဲ...'

Yangcheng Motors သူဌေး၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ရှက်ရွံ့နေသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။ ထိုအချိန်က သူသည် ဤအခွင့်အရေးကို အသုံးချကာ Songjiang ကားကုမ္ပဏီ ကို နင်းပြီး အောင်မြင်မှု ရရှိရန် ရည်ရွယ်ခဲ့သည်မှာ မှန်ပေသည်။

သို့သော် သူတို့က Toyota နှင့် ပူးပေါင်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ဘဲ Toyota ကလည်း ဆုတစ်ခုမျှ မရရှိခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ကားလေးစီးလုံး မဲပေးရွေးချယ်မှုတွင် ဒုတိယ နေရာ၌သာ ရပ်တည်ခဲ့ပြီး ပထမနေရာနှင့် ကွာဟချက် အလွန်နည်းပါးစွာဖြင့် အားလုံး နှမြောဖွယ်ရာ ရှုံးနိမ့်သွားခဲ့ရသည်။

သို့သော် သူတို့ Yangcheng Motors အနေဖြင့်လည်း အရှုံး မရှိခဲ့ပေ။ Toyota နှင့် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး Toyota ၏ ကားနည်းပညာ နှစ်မျိုးအတွက် ခွင့်ပြုချက် ရရှိခဲ့ရာ ဤနည်းပညာများကို အားကိုး၍ သူတို့ ကိုယ်တိုင် သုတေသနပြု ထုတ်လုပ်ထားသော ကားမော်ဒယ်များ၏ စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်မည် ဖြစ်သည်။

ဖုန်းယွီက တစ်ပတ်လည်အောင် ဝေ့ကြည့်လိုက်သည်။ "ဒီအထဲမှာ နိုင်ငံခြား ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ Yangcheng Motors တစ်ခုတည်းမှ မဟုတ်တာ... ခင်ဗျားတို့ အဲဒီအချိန်တုန်းက ကျွန်တော်တို့ကမှ မိသားစုဝင်တွေ ဖြစ်သင့်တယ်ဆိုတာကို သတိရခဲ့ကြလို့လား... အဲဒီအချိန်တုန်းက အကယ်၍ ကျွန်တော်တို့သာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တာ မဟုတ်ဘူးဆိုရင် ခင်ဗျားတို့က ဖိတ်ကြားခံရမယ့် အရည်အချင်းတောင် မရှိဘူး ဆိုတာကိုကော သတိရခဲ့ကြလို့လား... အဲဒီအချိန်တုန်းက ခင်ဗျားတို့က လာရောက် ပါဝင်ဖို့တောင် မရည်ရွယ်ခဲ့ကြဘဲ နောက်ပိုင်းကျမှ ကိုယ့်ဘာသာ လာပြီးပါဝင်ခွင့် တောင်းခဲ့ကြတာ ဆိုတာကိုကော သတိရခဲ့ကြလို့လား... ကျွန်တော်တို့က မရဘူးလို့ ပြောခဲ့ဖူးလို့လား..."

ဖုန်းယွီ၏လေသံမှာ အလွန်ဆိုးရွားနေသည်။ 'အစတုန်းက ငါ ဒီဆုကြီးကို ကျင်းပမယ် ဆိုတဲ့ အချိန်က ငါ ပထမဆုံး သတိရခဲ့တာက မင်းတို့ကိုပဲ... ဒါပေမဲ့ မင်းတို့က အေးတိအေးစက် သဘောထားမျိုးနဲ့ လာရောက်ပါဝင်ဖို့ လုံးဝစိတ်မဝင်စားခဲ့ကြဘူး... နောက်ပိုင်း ကမ္ဘာ့ ထိပ်တန်း ကားကုမ္ပဏီတွေ အားလုံး လာရောက်ကြတာကို မြင်တော့မှ... ဒီတစ်ကြိမ်က အရမ်းကြီးမားတဲ့ လူသိများမယ့် အခွင့်အရေး ဆိုတာကို သိတော့မှ မင်းတို့ တစ်ယောက်ပြီး တစ်ယောက် အပြေးအလွှား လာရောက် ပါဝင်ခဲ့ကြတာ... ငါတို့က မရဘူးလို့ ပြောခဲ့ဖူးလို့လား...'

'မင်းတို့ အကယ်၍ ဆုရချင်တယ် ဆိုရင်လည်း နည်းလမ်း မရှိတာမှ မဟုတ်တာ... မင်းတို့ ပြည်တွင်းက ကားကုမ္ပဏီတွေ ပူးပေါင်းပြီး Modu Motorsက အဲဒီ အသေးစား ခရီးသည်တင်ကား ပုလဲရတနာ ဆုကြီးကို ရအောင် ကူညီပေးမယ်ဆိုရင် မျှော်လင့်ချက် အများကြီး ရှိခဲ့တာပဲလေ...'

'ဒါပေမဲ့ မင်းတို့က နိုင်ငံခြား ကားကုမ္ပဏီတွေနဲ့ပဲ သွားပြီး ပူးပေါင်းချင်နေခဲ့ကြတာ... ငါတို့ဆီကို ဘယ်သူမှ လာမရှာခဲ့ကြဘူး... အခုကျတော့မှ ငါတို့က မင်းတို့ကို မကူညီဘူး၊ မင်းတို့ကို ဆုရရှိဖို့ အခွင့်အရေး မပေးဘူးလို့ ပြန်ပြီး အပြစ်တင်နေကြတယ်ပေါ့...'

"ပြီးတော့ တခြား ကိစ္စတချို့လည်း ရှိသေးတယ်... အပြင်လူတွေ မသိပေမဲ့ ကျွန်တော်လည်း မသိဘူးလို့ ခင်ဗျားတို့ ထင်နေကြတာလား... ခင်ဗျားတို့ အထဲမှာ ကားကုမ္ပဏီ ဘယ်နှစ်ခုက မဲတွေကို အတုအယောင် လုပ်ပြီး မဲအရေအတွက် တိုးအောင် လုပ်ခဲ့ကြတာလဲ၊ ဒါတွေကို ကျွန်တော်က တစ်ခုချင်းစီ နာမည်တပ်ပြီး ခေါ်ပေးရဦးမလား... လှုပ်ရှားမှု စည်းကမ်းချက်တွေမှာ ဒီလို စည်းကမ်းဖောက်ဖျက်မှုတွေ လုပ်ရင် ဘယ်လို အကျိုးဆက်တွေ ခံစားရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ရေးမထားဘူးလား... ကျွန်တော်က ခင်ဗျားတို့ မျက်နှာကို ထောက်ထားပြီး တရုတ်ကားကုမ္ပဏီတွေ မျက်နှာပျက်မှာ စိုးလို့ ဖွင့်မချခဲ့တာပဲ ရှိတာ..."

"နောက်ဆုံး အနေနဲ့ တစ်ချက် ပြောချင်တာက ခင်ဗျားတို့ ဆုရချင်တယ် ဆိုရင်လည်း ခင်ဗျားတို့ရဲ့ ကားတွေက တကယ် ကောင်းမွန်နေမှ ရမှာပေါ့... ခင်ဗျားတို့ ယူလာတဲ့ အဲဒီပြိုင်ပွဲဝင် ကားတွေကို ခင်ဗျားတို့ ရင်ဘတ်ကို လက်တင်ပြီး ပြန်စဉ်းစားကြည့်ကြ... အကယ်၍ ဆုရသွားခဲ့ရင်တောင်မှ ခင်ဗျားတို့ ကိုယ်တိုင် မျက်နှာမပူဘူးလား... ကိုယ်ပိုင် သုတေသနပြု ထုတ်လုပ်ထားတာ ဟုတ်လား... ခင်ဗျားတို့ ကားတွေထဲမှာ တကယ့်ကို ကိုယ်ပိုင်သုတေသနပြု ထုတ်လုပ်ထားတဲ့ နည်းပညာတွေက ဘယ်လောက်တောင် ရှိလို့လဲ... ဒီတစ်ကြိမ်မှာလည်း ခင်ဗျားတို့က အဲဒီ နိုင်ငံခြား ကားကုမ္ပဏီတွေဆီကနေ မော်ဒယ်သစ် အတော်များများကို ထပ်ပြီး တင်သွင်းခဲ့ကြပြန်ပြီ မဟုတ်လား..."

"ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် အမြတ်ထွက်သွားပြီလို့ ထင်နေကြတာလား... အရမ်းသက်သာတဲ့ ဈေးနှုန်းနဲ့ မော်ဒယ်သစ် နည်းပညာတွေကို တင်သွင်းနိုင်ခဲ့တယ်လို့ ထင်နေကြတာလား... ဒါပေမဲ့ အဲဒီ ဈေးနှုန်းတွေက ဘာဖြစ်လို့ အဲဒီလောက်အထိ ကျသွားတာလဲ ဆိုတာကိုကော ခင်ဗျားတို့ စဉ်းစားဖူးကြရဲ့လား... အဲဒါက ကျွန်တော်တို့ Songjiang ကားကုမ္ပဏီ ရှိနေလို့ပဲ... ပြီးတော့ ခင်ဗျားတို့က တကယ်ပဲ အမြတ်ထွက်သွားတာလား... တခြားသူတွေရဲ့ နည်းပညာကို ဝယ်ယူပြီး သူတို့ကို အကျိုးအမြတ် ဘယ်လောက်တောင် ပေးလိုက်ရလဲ... အမြဲတမ်း ဒီလိုပဲ တင်သွင်းနေမယ် ဆိုရင် ခင်ဗျားတို့က ဘယ်တော့ကျမှ နည်းပညာပိုင်းမှာ သူတို့ကို အမီလိုက်နိုင်မှာလဲ..."

"ဒီတစ်ကြိမ် လှုပ်ရှားမှုမှာ ခင်ဗျားတို့ ကိုယ်တိုင် အကျိုးအမြတ် ဘယ်လောက် ရသွားတယ် ဆိုတာကို ခင်ဗျားတို့ ကိုယ်တိုင် အသိဆုံးပါပဲ... အခုကျမှ ကျွန်တော်တို့ကို ပြန်ပြီးအပြစ်တင်နေတာ... ခင်ဗျားတို့က ထမင်းဝသွားပြီးနောက် ထမင်းချက်ကို အပြစ်တင်နေတာပဲ"

******

All Chapters