အခန်း ၁၅၅၃
Vol. 105 Ch. 1553
အခန်း ၁၅၅၃ ပြင်းပြင်းထန်ထန် ကြိမ်းမောင်းခြင်း
ဝန်ကြီးမုန့်မှာ မျက်နှာပေါ်တွင် ဒေါသအမူအရာများ ဖြစ်ပေါ်နေပြီး အခြားသော ကားကုမ္ပဏီများ၏ သူဌေးများကို လှမ်းကြည့်လိုက်သည်။ ဖုန်းယွီပြောသည်နှင့် သူတို့ ပြောသည်က ဘာဖြစ်လို့ လုံးဝမတူညီနေရသနည်း။ ယခု အားလုံး၏ သဘောထားများကို ကြည့်လိုက်သည်နှင့် မည်သူ ပြောသည်က အမှန်ဖြစ်ကြောင်းကို သိသာလှပေသည်။
သူသည် ဤလူများ၏ ဝိုင်းဝန်း လိမ်ညာမှုကို ခံလိုက်ရပြီး ဖုန်းယွီကိုပါ စော်ကားလိုက်မိမည်ဟု ထင်မှတ်မထားခဲ့ပေ။
ဤသည်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ရုံသာမက အထက်လူကြီးများကပါ အလွန်အလေးထားသော ပုဂ္ဂိုလ်ဖြစ်ရာ သူက ဘာဖြစ်လို့များ ဤမျှ ကံဆိုးနေရသနည်း။
သို့သော် ယခု ချက်ချင်း လုပ်ဆောင်ရမည့် အရေးအကြီးဆုံး ကိစ္စမှာ ဆက်ဆံရေးကို အလျင်အမြန် ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ရန် ဖြစ်သည်။
"မန်နေဂျာဖုန်း... ဒီနေ့ ကျွန်တော် သူတို့ကို ခေါ်လာတာက Taihua Holdings အုပ်စုကို တောင်းပန်ဖို့ပါ... ခင်ဗျားတို့ လူတွေကလည်း အခြေအနေ အချိန်အခါကို သိပ်ပြီး နားမလည်ကြဘူး... မန်နေဂျာဖုန်းက ခင်ဗျားတို့အတွက် ဒီလောက် အများကြီး လုပ်ပေးခဲ့တာကို ခင်ဗျားတို့က ဘာတွေ လုပ်ခဲ့ကြတာလဲ... မတောင်းပန်ကြသေးဘူးလား..."
အခြားသူများ အားလုံးက ဝန်ကြီးမုန့် မျက်စိမှိတ်ပြနေသည်ကို မြင်တွေ့လိုက်ရသော်လည်း မည်သူကမျှ အရင်စပြီး မတောင်းပန်ချင်ကြပေ။ အကျိုးအမြတ် ရှိချိန်တွင် သူတို့က သေချာပေါက် အလုအယက် ဖြစ်နေကြမည် ဖြစ်သော်လည်း ဤကဲ့သို့ မျက်နှာပျက်စရာ ကိစ္စမျိုးကိုမူ သေချာပေါက် နောက်ဆုတ်ချင်နေကြပေသည်။
ဖုန်းယွီက မေးဆတ်ပြလိုက်သည်။ "ဝန်ကြီးမုန့်... ခင်ဗျားလည်း အများကြီး ပြောမနေပါနဲ့တော့... သူတို့က အမှားမှန်း သိနေပေမဲ့ လုံးဝ အမှားဝန်ခံမယ့်သူမျိုးတွေ မဟုတ်ပါဘူး... ဒီလိုလူမျိုးတွေသာ ကျွန်တော့် ကုမ္ပဏီမှာဆိုရင် အစောကြီးကတည်းက အလုပ်ထုတ်ခံရပြီးပြီ... သူတို့ ကိုယ်ပိုင် သုတေသနပြု ထုတ်လုပ်ထားတဲ့ ကားတွေနဲ့များ ဆုရချင်နေသေးတယ်... Songjiang ကားကုမ္ပဏီက ထုတ်လုပ်တဲ့ ကစားစရာ ကားလေးတွေလောက်တောင် မကောင်းပါဘူး..."
ဤစကား ထွက်လာသည်နှင့် အခြားသော ကားကုမ္ပဏီ သူဌေးများက လုံးဝ မခံနိုင်တော့ပေ။
မင်းတို့ Songjiang ကားကုမ္ပဏီ က ငါတို့ထက် သာတာတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ငါတို့ရဲ့ ကားတွေက မင်းတို့ရဲ့ ကစားစရာ ကားတွေလောက်တောင် မကောင်းဘူးလို့ ပြောတာကတော့ နည်းနည်း လွန်လွန်းမနေဘူးလား...
ဒီလောက်အထိတော့ လူကို မစော်ကားသင့်ဘူးလေ...
"ဘာလဲ... ခင်ဗျားတို့ ပုံစံကို ကြည့်ရတာ မကျေနပ်ကြသေးဘူးလား... လာ... ဒီကစားစရာ ကားလေးကို ကြည့်လိုက်... ခင်ဗျားတို့ ဘယ်လိုမြင်လဲ..."
ဖုန်းယွီက လက်ကမ်းပေးလိုက်ရာ သူ၏နောက်ကျောမှ လက်ထောက်က ပြင်ဆင်ထားသော ဓာတ်ပုံစာအုပ် တစ်အုပ်ကို ကမ်းပေးလိုက်သည်။ ဖုန်းယွီက တစ်ရွက်ကို ဆွဲထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။
အားလုံးက မကျေမနပ် ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ ကားများက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ မင်းတို့ရဲ့ ကစားစရာ ကားလောက်တော့ ဘယ်လိုလုပ် မကောင်းဘဲ နေမှာလဲ... မင်းတို့ရဲ့ ကစားစရာ ကားကများ ပျံနိုင်လို့လား ဆိုတာကို ကြည့်လိုက်ဦးမယ်...
သူတို့ ကြည့်လိုက်သောအခါ ဤအရာမှာ တကယ်ပင် ကစားစရာ ကားတစ်စီး ဖြစ်နေပြီး ခရီးဆောင်သေတ္တာ တစ်လုံးခန့်သာ အရွယ်အစား ရှိကာ ကားထဲတွင် ကလေးငယ် တစ်ဦး ထိုင်နေသည်။ သို့သော် ဤကားမော်ဒယ်ကို ကြည့်ရသည်မှာ အနည်းငယ် မျက်မှန်းတန်းမိနေသလို ခံစားရသည်။
"ဟေ့... ခင်ဗျားတို့ ကြည့်စမ်း... ဒါက Songjiang B1နဲ့ မတူဘူးလား..." လူတစ်ဦးက အံ့သြတကြီး ရေရွတ်လိုက်သည်။
အခြားသူများကပါ ကြည့်လိုက်သောအခါ တကယ်ပင် ဖြစ်နေသည်။ သို့သော် B1မှာ အမိုးပွင့် မဟုတ်ပေ။ ဤအရှေ့ဘက်နှင့် နောက်ဘက်ကို ကြည့်ရသည်မှာ အတိအကျကို တူညီနေသည်။ ဆုရရှိသော ကားဖြစ်ရာ သူတို့ အနေဖြင့် ပိုမိုအာရုံစိုက်ထားခဲ့ကြပေသည်။
"ဒါဆို B1 က ကစားစရာ ကားကို အခြေခံပြီး တည်ဆောက်ထားတာပေါ့..."
အခြားသူများ အားလုံး အလွန်အံ့အားသင့်သွားကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ ကစားစရာကားကို အခြေခံပြီး ဆလွန်းကားကို တည်ဆောက်ထားသည်ဟု ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။
သို့သော် အဖြစ်မှန်က မျက်စိရှေ့တွင် ရောက်ရှိနေပြီဖြစ်ရာ သူတို့ မယုံ၍ မရတော့ပေ။ ဤဓာတ်ပုံပေါ်ရှိ အချိန်မှာ ထင်ရှားစွာပင် လွန်ခဲ့သည့် တစ်နှစ်က ဖြစ်နေပြီး လွန်ခဲ့သည့် တစ်နှစ်က B1 မရှိသေးပေ။
"ဒါတွေကို ထပ်ကြည့်လိုက်ဦး..."
ဖုန်းယွီက အခြားသော ဓာတ်ပုံများကိုပါ စားပွဲပေါ်သို့ ပစ်ချလိုက်ရာ ထိုကားကုမ္ပဏီ သူဌေးများ အားလုံးက အလျင်အမြန် လုယူလိုက်ကြပြီး သေချာစွာ ကြည့်ရှုလိုက်ကြသည်။
ဟင်... ဒါက Guoao မဟုတ်လား...
ဒီတစ်စီးက အဲဒီ Songjiangရဲ့ ပြိုင်ကား မဟုတ်လား...
ဒါက Oriental Deer လား...
ဓာတ်ပုံ တစ်ပုံကို ကြည့်ပြီးတိုင်း သူတို့၏ အံ့သြမှုမှာ တစ်ဆင့် ပိုမိုတိုးပွားလာရသည်။ ထို့နောက် သူတို့သည် အနည်းငယ် စိမ်းသက်နေသော ဓာတ်ပုံအချို့ကိုပါ မြင်တွေ့လိုက်ရသည်။ ဤအပေါ်မှ ကားများကို အရင်က မမြင်ဖူးခဲ့သလို ဖြစ်နေသော်လည်း အပြင်ပန်း အသွင်အပြင်ကို ကြည့်ရုံမျှဖြင့် တကယ်ကို အလွန် လှပလွန်းလှပေသည်။
"အခု ခင်ဗျားတို့ ယုံကြပြီလား... ဒါတွေက ကျွန်တော်တို့ ပင်းချန် စက်မှုထုတ်လုပ်ရေး အုပ်စုက ထုတ်လုပ်တဲ့ လျှပ်စစ် ကစားစရာ ကားတွေပဲ... နိုင်ငံခြားမှာတော့ အခုလျှပ်စစ် ဆလွန်းကားတွေ ရှိနေပြီ... ဒါပေမဲ့ ဒီနည်းပညာက ကျွန်တော်တို့ ပြည်တွင်းမှာတော့ လစ်ဟာနေဆဲပဲ... ဒါပေမဲ့ လစ်ဟာနေတယ် ဆိုတာက အရင်က အခြေအနေပါ... နောက်နှစ်က စပြီး ကျွန်တော်တို့ Songjiang ကားကုမ္ပဏီက လျှပ်စစ် ဆလွန်းကား အသေးစားလေး တစ်မျိုးကို ထုတ်လုပ်တော့မှာပါ..."
"ကျွန်တော်တို့ ထုတ်လုပ်တဲ့ ကစားစရာ ကားတွေ အားလုံးကို အချိုးအစား အတိုင်း ကြီးမားအောင် လုပ်လိုက်ရင် အဲဒါက ကျွန်တော်တို့ လူစီးကားတွေရဲ့ ဒီဇိုင်းပဲ... ခင်ဗျားတို့ စိတ်ထဲမှာ ကစားစရာ ကားတွေကို အလွန် အထင်သေးနေကြတယ် မဟုတ်လား... ဒါပေမဲ့ ကျွန်တော် ခင်ဗျားတို့ကို ပြောပြမယ်။ ကျွန်တော်တို့ရဲ့ အရာအများအပြားက အစပိုင်းမှာ ကစားစရာတွေကနေ ဆင့်ကဲပြောင်းလဲလာတာပဲ။ ကစားစရာ ကားကို အခြေခံပြီး ကားထုတ်တာကို အသာထားဦး... နိုင်ငံခြားမှာ ရုပ်ပြကာတွန်းတွေပေါ်က အသွင်အပြင်ကို အခြေခံပြီး ကားထုတ်တာတွေတောင် ရှိသေးတယ်..."
ရုပ်ပြကာတွန်းပေါ်က အသွင်အပြင်ကို အခြေခံပြီး ကားထုတ်တယ် ဟုတ်လား... သူတို့ အားလုံး သူတို့၏ကမ္ဘာအမြင်များ ထပ်မံ၍ အကြီးအကျယ် ရိုက်ခတ်ခံလိုက်ရသည်ဟု ခံစားလိုက်ကြရသည်။
ဖုန်းယွီက လိမ်ပြောနေခြင်း မဟုတ်ပေ။ လင်းနို့လူသား၏ ကားနှင့် Men in Black ထဲမှ ကားများမှာ ရုပ်ပြကာတွန်း အရင်ပေါ်လာပြီးမှ တကယ့်ကားများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သေချာပေါက် တကယ့်ကားများကို အခြေခံ၍ ရေးဆွဲထားသော ရုပ်ပြကာတွန်းများလည်း ရှိပေသည်။ ဥပမာ Transformers ကဲ့သို့ပင် ဖြစ်သည်။
"ကျွန်တော်တို့ အစတုန်းက ဆိုင်ကယ် ထုတ်လုပ်တဲ့သူတွေပဲလေ... နောက်တော့ ကျွန်တော်တို့ အိမ်စီးကားတွေ ထုတ်လုပ်လာနိုင်ခဲ့တာပဲ မဟုတ်လား... အခုကော... ကျွန်တော်တို့ရဲ့ အိမ်စီးကားတွေက ပြည်တွင်းမှာ ရောင်းအား အလွန်ကောင်းပြီး နိုင်ငံနဲ့ ဒေသ အတော်များများကိုပါ ပြည်ပ တင်ပို့နေရတယ်။ ကျွန်တော် မှတ်မိသလောက်တော့ ကျွန်တော်တို့ ကုမ္ပဏီ လယ်ယာသုံး စက်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ အချိန်တုန်းက ခင်ဗျားတို့က အိမ်စီးကားတွေ ထုတ်နေကြပြီ မဟုတ်လား..."
"ဒီလောက် နှစ်တွေ အကြာကြီး ဖြတ်သန်းပြီးတဲ့နောက်မှာ ခင်ဗျားတို့ရဲ့ နည်းပညာတွေက ဘယ်လောက်တောင် တိုးတက်လာခဲ့လို့လဲ... ခင်ဗျားတို့ တကယ်ပဲ နည်းပညာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားခဲ့ဖူးလို့လား။ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ် အချိုးအစားတွေကို ကြည့်လိုက်ကြစမ်းပါဦး... အသားတွေ၊ ငါးတွေ အများကြီး စားထားကြတယ် မဟုတ်လား... အရက်ကောင်းတွေ အများကြီး သောက်ထားကြတယ် မဟုတ်လား..."
"ကျွန်တော်တို့က အဲဒါ အလုပ်ကိစ္စနဲ့ ဧည့်ခံရတာပါ..."
လူတစ်ဦးက တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"အလုပ်ကိစ္စနဲ့ ဧည့်ခံရတယ် ဟုတ်လား... ကိုယ့်ထုတ်ကုန်က ကောင်းနေရင် တခြားသူတွေကို သွားပြီး ဧည့်ခံနေစရာ လိုသေးလို့လား... လူတွေကို ထမင်းကျွေးပြီး ကိုယ့်ကားတွေကို အော်ဒါ တင်ခိုင်းရတာက အဲဒီလောက်တောင် ဂုဏ်ယူစရာ ကောင်းနေလို့လား။ ခင်ဗျားတို့ရဲ့ နှစ်စဉ် ဧည့်ခံစရိတ်က ဘယ်လောက် ရှိလဲ ဆိုတာကို ခင်ဗျားတို့ တွက်ကြည့်ဖူးကြရဲ့လား... အကယ်၍ ဒီငွေတွေကို နည်းပညာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်လောက်တောင် အကျိုးသက်ရောက်မှု ကြီးမားမလဲ..."
"ခင်ဗျားတို့ တစ်ယောက်ချင်းစီ အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေကြတာကို အသာထားဦး... စားစရိတ်၊ သောက်စရိတ်၊ အသုံးစရိတ် အားလုံးကို စက်ရုံကနေ ပြန်ထုတ်ယူကြတယ်။ ခင်ဗျားတို့ မိသားစုဝင်တွေရဲ့ အသုံးစရိတ်တွေကိုတောင် ပြန်ထုတ်ယူကြတယ် မဟုတ်လား... ဒီဘက်က အသုံးစရိတ်ကရော တစ်နှစ်ကို ဘယ်လောက် ရှိလဲ... ကျွန်တော်တို့ ပင်းချန် စက်မှုထုတ်လုပ်ရေး အုပ်စုမှာဆိုရင် ဥက္ကဋ္ဌ လီမင်တေတောင်မှ ခင်ဗျားတို့ ဌာနမှူးတစ်ယောက်လောက် ပြန်ထုတ်ယူခွင့် မရဘူး..."
"ခင်ဗျားတို့ လစာတွေလည်း ဒီနှစ်တွေထဲမှာ မနည်းမနော တက်ခဲ့တယ် မဟုတ်လား... ဒါဆို ခင်ဗျားတို့ ကုမ္ပဏီအတွက် ဘယ်လောက်တောင် အကျိုးပြုခဲ့ကြလို့လဲ... ကျွန်တော်တို့ ပင်းချန် စက်မှုထုတ်လုပ်ရေး အုပ်စုရဲ့ အလုပ်သမားတွေရဲ့ လစာက ခင်ဗျားတို့ထက် အမြဲတမ်း သာနေတာ... အဲဒါက ကျွန်တော်တို့ မသုံးသင့်တဲ့ ငွေတွေကို ချွေတာပြီး အားလုံးကို ခွဲဝေပေးလိုက်လို့ပဲ..."
"ကုမ္ပဏီက နောက်ကျကျန်နေရင် နည်းပညာကို ဘယ်လို မြှင့်တင်ရမလဲ ဆိုတာကို မစဉ်းစားဘဲ လမ်းလွဲလမ်းမှားကနေ သွားဖို့ချည်းပဲ စဉ်းစားနေကြတယ်... ခင်ဗျားတို့က ဒီလိုနည်းနဲ့ ကုမ္ပဏီကို ရှေ့ဆက်အောင် ဦးဆောင်နေကြတာလား... ခင်ဗျားတို့က နိုင်ငံပိုင် ကုမ္ပဏီတွေဖြစ်ပြီး အလုပ်သမား ဘယ်လောက်ကို လုပ်ကျွေးနေတယ် ဆိုတာကို လာမပြောနဲ့... ခင်ဗျားတို့ ရှာတဲ့ငွေက အားလုံး ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ငွေတွေချည်းပဲ မဟုတ်ဘူးလား... ခင်ဗျားတို့ အခွန် ဘယ်လောက် ဆောင်ခဲ့ပြီး အမြတ်ငွေ ဘယ်လောက် ပေးသွင်းခဲ့လို့လဲ..."
"နှစ်တိုင်း ခင်ဗျားတို့ နိုင်ငံခြားသွားပြီး လေ့လာရေး လုပ်ကြတယ်... ခင်ဗျားတို့ ဘာတွေကိုများ လေ့လာခဲ့ကြလို့လဲ... ကျွန်တော် ကြည့်ရတာတော့ ခင်ဗျားတို့က ဒါကို အစိုးရစရိတ်နဲ့ ခရီးသွားဖို့ အခွင့်အရေး တစ်ခုလို သဘောထားနေကြတာ လုံးဝအသိသာကြီးပဲ... ကျွန်တော်တို့ ကုမ္ပဏီကလည်း နှစ်တိုင်း နိုင်ငံခြားကို ဖလှယ်ရေး အစီအစဉ်တွေ သွားပါတယ်... ဒါပေမဲ့ ပြန်လာတိုင်း ကျွန်တော်တို့ရဲ့ နည်းပညာတွေက အများကြီးကို တိုးတက်လာခဲ့တာချည်းပဲ..."
"သူတို့ အမြင်မှာတော့ လေ့လာရေး ခရီးဆိုတာ ဖိအား တစ်ခုပါ... ဒါပေမဲ့ ခင်ဗျားတို့ အမြင်မှာတော့ လေ့လာရေး ခရီးဆိုတာ ခံစားခွင့် တစ်ခု ဖြစ်နေတယ်... ရိုးရိုးသားသား ပြောရရင် ကျွန်တော် ခင်ဗျားတို့ကို အရမ်းအထင်သေးပါတယ်... ကျွန်တော့် အမြင်မှာတော့ ခင်ဗျားတို့ ထုတ်လုပ်တဲ့ ကားတွေက တကယ်ကို ကျွန်တော်တို့ရဲ့ ကစားစရာ ကားတွေလောက်တောင် မကောင်းပါဘူး"
ဖုန်းယွီ၏ စကားများမှာ အလွန်ပြင်းထန်လှပြီး ကိုယ့်လက်အောက်ငယ်သားများကို ဆူပူကြိမ်းမောင်းနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် ဤလူများထဲမှ မည်သူကမျှ ကန့်ကွက်ခြင်း မရှိသလို သူ၏ စကားကို ဖြတ်ပြောခြင်းလည်း မရှိပေ။
"ဒီလောက် အများကြီး ပြောခဲ့ပြီးပြီ ဆိုတော့ ခင်ဗျားတို့ ကိုယ်တိုင် ပြန်သွားပြီး စဉ်းစားကြည့်ကြပါ... ဒါမှမဟုတ်ရင် နောက်နှစ် ပုလဲရတနာ ဆုကြီးကို ထပ်ကျင်းပတဲ့ အချိန်ကျရင် ခင်ဗျားတို့ ဆန်ခါတင် စာရင်းဝင်မယ့် အခွင့်အရေးတောင် ရချင်မှ ရတော့မယ်"
ဖုန်းယွီက မတ်တတ်ထရပ်ပြီး ထွက်ခွာသွားသည်။ ဝန်ကြီးမုန့်က ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။
သူသည် ထိုကားကုမ္ပဏီများ၏ သူဌေးများကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဖုန်းယွီပြောသည်များ အားလုံးက မှန်ကန်နေပုံ ရသည်။ ဤကားကုမ္ပဏီများမှာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်သည်။ မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည် ဖြစ်ပြီး ယခုချက်ချင်း ချက်ချင်းကို ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။
...
******