အခန်း ၂၂၄၉
Vol. 140 Ch. 2249
အခန်း (၂၂၄၉) လမ်းဆုံး
"ဝုန်း"
အန်းလုရှန်း၏စကားကို ကြားလိုက်ရသည့်အလား၊ မိုးကြိုးတိမ်တိုက် အနက်ရှိုင်းဆုံး နေရာရှိ လောကကြီး၏ဆန္ဒကလည်း ဟိန်းဟောက်လာခဲ့ပြီး ငွေရောင်မြွေကောင်ရေ သောင်းနှင့်ချီမှာ တိမ်မည်းများကြားတွင် အလွန်အမင်း လျင်မြန်စွာ ကူးလူးသွားလာနေခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧရာမမိုးကြိုးလျှပ်စီးကြီးတစ်ခုမှာ မြစ်ကြီးတစ်စင်းအလား ကောင်းကင်ယံမှနေ၍ ရုတ်တရက် အပြင်းအထန် ပစ်ချလာတော့သည်။
ထိုမိုးကြိုးလျှပ်စီးကြီး ပစ်ချလာသည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် လောကကြီးတစ်ခုလုံးမှာ နေ့ခင်းဘက်အလား ဖြူလင်းသွားတော့သည်။
"ဟုတ်တယ်။ အဲဒီလိုပဲ၊ သူ့ကို မိုးကြိုးပစ်သတ်လိုက်"
အန်းလုရှန်းမှာ အံကို တင်းကျပ်စွာ ကြိတ်ထားရင်း အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။
ဤတိုက်ခိုက်မှု၏ စွမ်းအားမှာ တောင်များကိုပင် ခွဲဖြာပြိုကျစေနိုင်ပြီး၊ ဝမ်ချောင်ပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ပါချေ။
"အန်းလုရှန်း၊ မဖြစ်နိုင်တာတွေကို လျှောက်ပြီး စိတ်ကူးယဉ် မနေနဲ့တော့… မင်းကို ငါ ဘာအခွင့်အရေးမှ ပေးမှာ မဟုတ်ဘူး"
ဝမ်ချောင်၏ အေးစက်စက် အသံကြီးမှာ အဆုံးအစမရှိသော နှင်းမုန်တိုင်းကြီးနှင့် ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော စူးရှလှသည့် မိုးကြိုးအလင်းတန်းများကြားမှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
နောက်တစ်ခဏတွင် အန်းလုရှန်း၏ တုန်လှုပ်နေသော အကြည့်များရှေ့မှာပင် ဝမ်ချောင်မှာ ဟင်းလင်းပြင်ကြီးအတွင်း၌ မတ်မတ်ရပ်နေခဲ့ပြီး၊ မျက်နှာအမူအရာမှာ လုံးဝအေးဆေးတည်ငြိမ်နေကာ ခေါင်းကို ဖြည်းညင်းစွာ မော့၍ လောကကြီး၏ဆန္ဒမှ ပစ်ချလိုက်သော ထို ဧရာမ မိုးကြိုးလျှပ်စီးကြီးကို လှမ်းကြည့်လိုက်တော့သည်။
နားကွဲမတတ် ကျယ်လောင်လှပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ခွဲထုတ်လိုက်သည့်အလား မြည်ဟည်းသံကြီးအတွင်း၌ ထိုကြီးမားလှသော မိုးကြိုးလျှပ်စီးကြီးမှာ ကောင်းကင်ယံမှနေ၍ ကျဆင်းလာခဲ့သည်။ သေချာစွာ ကြည့်ရှုလိုက်မည်ဆိုပါက အလွန်အမင်း တောက်ပနေသော မိုးကြိုးလျှပ်စီးကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်များ ဆုတ်ဖြဲခံရပြီး ကြီးမားကာ အလွန်အမင်း မည်းမှောင်နေသော ဟင်းလင်းပြင်နှင့် အချိန်အက်ကွဲကြောင်းကြီးများ တစ်ခုပြီးတစ်ခု လမ်းတစ်လျှောက်လုံး ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။
ဤအန္တရာယ်များလှသော ဟင်းလင်းပြင်နှင့် အချိန် အက်ကွဲကြောင်းများမှာ မိုးကြိုးလျှပ်စီးများ၏ ကြောက်မက်ဖွယ်အကောင်းဆုံး အရာပင်ဖြစ်သည်။ သံမဏိများကိုပင် လွယ်ကူစွာ မှုန့်မှုန့်ညက်ညက် ကြေမွသွားစေနိုင်ပြီး ဂူကောင်းကင်အဆင့်ရှိ အစွမ်းထက် သိုင်းပညာရှင်များပင်လျှင် အန္တရာယ်ကို ထပ်တူ ခံစားရမည် ပင်ဖြစ်သည်။
သို့သော် လူကို အံ့ဩမှင်တက်သွားစေမည့် ကိစ္စကြီးတစ်ခု ရုတ်တရက် ဖြစ်ပျက်လာတော့သည်။
မိုးကြိုးတိမ်တိုက်၏ အနက်ရှိုင်းဆုံးနေရာမှ ပစ်ချလာသော ထိုအံ့ဩ ထိတ်လန့်ဖွယ်ကောင်းလှသည့် မိုးကြိုးလျှပ်စီးကြီးမှာ လမ်းတစ်လျှောက်လုံး ပစ်ချလာခဲ့ရာ ဝမ်ချောင်၏ ခေါင်းပေါ်နှင့် ပေတစ်ရာကျော်ခန့်သာ ကွာဝေးတော့သည့် အချိန်တွင် ရုတ်တရက် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ဝမ်ချောင်၏ ဘေးပတ်ဝန်းကျင်တွင် မျက်စိဖြင့် မမြင်နိုင်သော အကာအကွယ်အတားအဆီးတစ်ခု ရှိနေသည့်အလား ပင်ဖြစ်ပြီး ဝမ်ချောင်၏အောက်ဘက်ရှိ လေစီးကြောင်းများနှင့် ရေခဲနှင်းများ ပင်လျှင် အနည်းငယ်မျှ လှုပ်ရှား ပြောင်းလဲသွားခြင်း မရှိခဲ့ပါချေ။
အရာရာတိုင်းမှာ စိတ်ကူးယဉ် ထင်ယောင်ထင်မှားဖြစ်နေသည့်အလား ပင်ဖြစ်နေတော့သည်။
"မဖြစ်နိုင်ဘူး"
အန်းလုရှန်းမှာ လုံးဝ မယုံကြည်နိုင်စွာဖြင့် မျက်လုံးကြီးများ ပြူးကျယ်သွားခဲ့ပြီး သူ၏ မက်နှာတစ်ခုလုံးမှာလည်း ရှုံ့မဲ့သွားတော့သည်။
လောကကြီး၏ဆန္ဒဆိုသည်မှာ လောကကြီးတစ်ခုလုံး၏ အသိစိတ်ကိုကိုယ်စားပြုပေသည်။ ဤသည်မှာ အမြင့်မြတ်ဆုံးနှင့် အကြီးကဲဆုံးသော တည်ရှိမှုပင်ဖြစ်ပြီး မည်သည့်လူကိုမဆို အဆပေါင်းများစွာ ကျော်လွန်နေသော တည်ရှိမှုပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုမှာ လောကကြီးတစ်ခုလုံး၏ တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှုကို ကိုယ်စားပြုနေခြင်းဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ကမျှ လောကကြီးတစ်ခုလုံးကို ဆန့်ကျင် တိုက်ခိုက်နိုင်မည် မဟုတ်ပါချေ။
"မဖြစ်နိုင်တာ ဆိုတာ ဘာမှ မရှိဘူး"
ဝမ်ချောင်၏ မျက်နှာအမူအရာမှာ အလွန်အမင်း အေးစက်ပြတ်သားနေခဲ့ပြီး ဆံပင်ရှည်ကြီးများမှာ လေထဲတွင် တလွင့်လွင့် လွင့်ပျံနေကာ တစ်လှမ်းပြီးတစ်လှမ်း အန်းလုရှန်းရှိရာ အရပ်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာတော့သည်။
"ငါ ပြောခဲ့တယ်လေ၊ ငါ မင်းကို သတ်မယ်ဆိုရင် ဘယ်သူမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့၊ မင်းတို့ ပါးစပ်က အမြဲတမ်းပြောနေတဲ့ လောကကြီးဆန္ဒ ဆိုရင်တောင်မှ အတူတူပဲ”
"ထိုက်ရှီတို့က မင်းကို လောကကြီးရဲ့သားတော် လို့ ခေါ်ဆိုကြပေမဲ့၊ အမှန်တကယ်တော့ မင်းက ကံကြမ္မာရဲ့ ကျေးကျွန်၊ ကြိုးဆွဲရာကရတဲ့ ရုပ်သေးရုပ်လေး တစ်ရုပ် သက်သက်ပဲ။ ငါ့ရဲ့တည်ရှိမှုကတော့ ကံကြမ္မာကရော၊ သေခြင်းတရားကပါ လုံးဝ ထိန်းချုပ်လို့ မရတဲ့ တည်ရှိမှုပဲ"
"အန်းလုရှန်း၊ အစကတည်းက ငါတို့ နှစ်ယောက်က တစ်တန်းတည်း အဆင့်အတန်းမှာ ရှိနေတဲ့ တည်ရှိမှုတွေ မဟုတ်ခဲ့ဘူး၊ မင်း လုပ်ခဲ့သမျှ အရာအားလုံးက သေခါနီး အချိန်မှာ အချည်းနှီး ရုန်းကန်နေတာ သက်သက်ပဲ”
"မင်းရဲ့ ကံကြမ္မာကို ဆီးကြိုလိုက်တော့"
"ရွှမ်း…."
ဝမ်ချောင်၏ စကားပင် မဆုံးသေးမီ ညာဘက်လက်ကို တစ်ချက် မြှောက်လိုက်ရာ ရွှမ်ယွမ် နတ်ဘုရားဓား မှာ ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော မိုးကြိုးအလင်းတန်းများကြားတွင် အလွန်အမင်း တောက်ပကာ အေးစက်လှသော အလင်းရောင်များ နောက်တစ်ကြိမ် ထပ်မံ လက်လာတော့သည်။
အန်းလုရှန်း၏ကိုယ်ပေါ်ရှိ သံချပ်ကာအင်္ကျီမှာ သာမန် ပစ္စည်းတစ်ခု လုံးဝမဟုတ်ပါချေ၊ သာမန် တိုက်ခိုက်မှုများဖြင့် သူ့ကို အနည်းငယ်မျှပင် ထိခိုက် ဒဏ်ရာရရှိစေနိုင်မည် မဟုတ်ရာ၊ ရွှမ်ယွမ် နတ်ဘုရားဓားသာလျှင် သူ့ကိုကိုင်တွယ်ဖြေရှင်းရန်အတွက် အကောင်းဆုံးသော လက်နက် ပင်ဖြစ်သည်။
ကျုံးဟွာကို ဖျက်ဆီးပစ်ရန် ကြံရွယ်နေသော ကပ်ဘေးအစကို အမြစ်ပြတ် သတ်ဖြတ်ရန်အတွက် ရွှမ်ယွမ် နတ်ဘုရားဓားက အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်တော့သည်။
"မဟုတ်ဘူး။ ငါ လုံးဝ မကျေနပ်ဘူး"
"လောကကြီးရဲ့ဆန္ဒ၊ သူ့ကို သတ်ပေးစမ်း… သူ့ကို သတ်"
အန်းလုရှန်းမှာ မျက်လုံးကြီးများ သွေးလို နီရဲနေခဲ့ပြီး အနောက်သို့ ဆုတ်ခွာရင်း တစ်ဖက်ရှိ ဝမ်ချောင်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်နေတော့သည်။
ကောင်းကင်ယံတွင် လောကကြီး၏ဆန္ဒမှာလည်း ဝမ်ချောင်၏ မောက်မာမှုကြောင့် ဒေါသထွက်သွားသည့်အလား၊ မရေမတွက်နိုင်သော ပြင်းထန်လှသည့် မိုးကြိုးအလင်းတန်းများ နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ယခင်အကြိမ်ကထက်ပင် များစွာပိုပြင်းထန် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး မိုးကြိုးအလင်းတန်းများ အားလုံးမှာ အလွန်အမင်း ကြီးမားကျယ်ပြန့်လှသော ဧရာမ မိုးကြိုးလျှပ်စီးကြီးတစ်ခုအဖြစ်သို့ ပေါင်းစပ်သွားကာ ကောင်းကင်ယံမှနေ၍ အပြင်းအထန် ပစ်ချလာခဲ့ပြီး၊ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်အလား သေးငယ်နေသော ဝမ်ချောင်ထံသို့ ခုတ်ပိုင်းလာတော့သည်။
သို့သော် လူကို အံ့ဩမှင်တက်သွားစေမည့် ကိစ္စကြီးတစ်ခု နောက်တစ်ကြိမ် ထပ်မံဖြစ်ပျက်လာတော့သည်။
ယခုတစ်ကြိမ်တွင် မိုးကြိုးလျှပ်စီးကြီးမှာ ဝမ်ချောင်နှင့် ပေရာပေါင်းများစွာ ကွာဝေးသော နေရာသို့ တိုက်ရိုက် ပစ်ချသွားခဲ့သည်။ ဝမ်ချောင်ကို လုံးဝချိန်ရွယ်နိုင်စွမ်း မရှိတော့သည့်အလား ပင်ဖြစ်နေတော့သည်။
"လူယုတ်မာ"
"လူယုတ်မာ လူယုတ်မာ"
"ဘာ လောကကြီးရဲ့ ဆန္ဒ လဲ၊ ဘာ လောကကြီးရဲ့ သားတော် လဲ။ အသုံးမကျတဲ့ အရာတွေ၊ အသုံးမကျတဲ့ အရာတွေ"
......
အန်းလုရှန်းမှာ မျက်လုံးကြီးများ သွေးလို နီရဲနေခဲ့ပြီး တစ်စုံတစ်ခု၏ ပြင်းထန်စွာ လှုံ့ဆော်ခံလိုက်ရသည့်အလား မထိန်းနိုင်တော့ဘဲ ရူးသွပ်စွာဖြင့် ဒေါသတကြီး အော်လိုက်တော့သည်။
သို့သော် ယခုတစ်ကြိမ်တွင် သူ ဒေါသတကြီး ဟိန်းဟောက်လိုက်သော ပစ်မှတ်မှာ ဝမ်ချောင်မဟုတ်ပါချေ၊ ကောင်းကင်ယံရှိ ဧရာမ မိုးကြိုးတိမ်တိုက် ဝဲဂယက်ကြီးကို၊ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် မိုးကြိုးတိမ်တိုက်အတွင်းမှ ဆင်းသက်လာသော လောကကြီး၏ ဆန္ဒကို ရည်ရွယ်၍ အော်ဟစ်လိုက်ခြင်း ပင်ဖြစ်သည်။
ထိုက်ရှီက သူ့ကို လောကကြီး၏ သားတော် ဖြစ်ကြောင်း ပထမဆုံးအကြိမ် ပြောပြခဲ့စဉ်က၊ သူ အမှန်တကယ်ပင် လောကကြီး၏ဆန္ဒကို ခေါ်ယူနိုင်ခဲ့ပြီး လောကဖြစ်စဉ်များကိုပါ ထိန်းချုပ်နိုင်ခဲ့သည့်အချိန်တွင် သူသည် အမှန်တကယ်ပင် အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရပေသည်။
ဒါပေမဲ့ ဘာအသုံးဝင်လို့လဲ။
ဘာဖြစ်လို့ လူသားတစ်ယောက်ကိုတောင် သေအောင် မိုးကြိုးပစ်နိုင်စွမ်း မရှိရတာလဲ။
ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများမှာ မိုင်ဆယ်နှင့်ချီသော ဧရိယာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ အန်းလုရှန်း၏ ဒေါသများက လောကကြီး၏ ဆန္ဒကို နောက်တစ်ဆင့် ထပ်မံပြောင်းလဲသွားစေခဲ့ရာ၊ ပို၍အစွမ်းထက်ကြောက်မက်ဖွယ်ကောင်းပြီး၊ သိပ်သည်းမှု ပိုများပြားလှသော မိုးကြိုးလျှပ်စီးများမှာ ကောင်းကင်ယံမှနေ၍ ဝမ်ချောင်ထံသို့ ပစ်ချလာတော့သည်။ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များက ဟင်းလင်းပြင်နှင့် အချိန် အက်ကွဲမှုများကို ဖြစ်ပေါ်စေခဲ့ရာ သောင်းနှင့်ချီသော မည်းမှောင်နေသည့် ဟင်းလင်းပြင်နှင့် အချိန် အက်ကွဲကြောင်းများမှာ ဟင်းလင်းပြင်ကြီးအတွင်း၌ ထွက်ပေါ်လာခဲ့ပြီး ဤနေရာကို အလွန်အမင်း အန္တရာယ်များလှသော နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။
ဝမ်ချောင်ကို တားဆီးရန်နှင့် အန်းလုရှန်းကို ကယ်တင်ရန်အတွက် လောကကြီး၏ ဆန္ဒမှာလည်း အရာအားလုံးကို စွန့်လွှတ်လိုက်သည့်အလား ပင်ဖြစ်သည်။ ဝဲဂယက် မိုးကြိုးတိမ်တိုက်ကြီးမှာ အဆက်မပြတ် ကြီးမားကျယ်ပြန့်လာခဲ့ပြီး ဆင်းသက်လာသော ဆန္ဒများမှာလည်း တစ်စထက်တစ်စ ပိုမို ပြင်းထန်လာတော့သည်။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဤနေရာမှာ ဂူကောင်းကင်အဆင့်ရှိ အစွမ်းထက် သိုင်းပညာရှင်များအတွက်ပင်လျှင် အလွန်အမင်း အန္တရာယ်များလှသော နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ပင်ဖြစ်သည်။
သို့သော် ဝမ်ချောင်မှာ ဟင်းလင်းပြင်ကြီးအတွင်း၌ ခြေလှမ်းများကို လှမ်းလျက် ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော အလွန်အမင်း ပူပြင်းတောက်ပလှသည့် မိုးကြိုးလျှပ်စီးများကြားတွင်၊ မျက်နှာအမူအရာ လုံးဝတည်ငြိမ်နေခဲ့ပြီး ပန်းခြံထဲတွင် လမ်းလျှောက်နေသည့်အလား ပေါ့ပါး လွတ်လပ်နေတော့သည်။
နိုင်ငံအသီးသီးမှ ပူးပေါင်းတပ်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီး ထိုက်ရှီကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် ဝမ်ချောင်မှာ ကံကြမ္မာ စွမ်းအင်ပွိုင့် အမြောက်အမြားကို ရရှိထားခဲ့ရာ၊ ဝမ်ချောင်သည် အစောကြီးကတည်းက နောက်တစ်ဆင့်တက်မည့် စွမ်းရည်များကို အပြည့်အဝ နှိုးဆွထားခဲ့ပြီ ပင်ဖြစ်သည်။
အုပ်ချုပ်သူ၏ စွမ်းအား။
အကယ်၍ သေချာစွာ ကြည့်ရှုလိုက်မည်ဆိုပါက ဝမ်ချောင်၏ ဘေးပတ်ဝန်းကျင်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ရွှေဝါနုရောင် အကာအကွယ်အတားအဆီးတစ်ခု ဝန်းရံထားသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး၊ ထိုအကာအကွယ်အတားအဆီး၏ အတိုင်းအတာမှာ ပေတစ်ရာကျော်ခန့် ကျယ်ဝန်းကာ ထိုမိုးကြိုးလျှပ်စီးများ လုံးဝမထိတွေ့နိုင်သော နယ်ပယ်ပင်ဖြစ်သည်။
ဤသည်မှာ ဝမ်ချောင်ကံကြမ္မာ အုပ်ချုပ်သူအဖြစ်သို့ အဆင့်တက်သွားပြီးနောက် ရရှိလာသော အထူးစွမ်းရည် ပင်ဖြစ်သည်။
အစောဆုံး အချိန်က ကံကြမ္မာ ရုန်းကန်သူနှင့် နောက်ပိုင်းမှ ဖြစ်လာသော ကံကြမ္မာ ထိန်းချုပ်သူတို့နှင့် မတူညီဘဲ၊ ဝမ်ချောင်ပထမဆုံးအကြိမ် ပြန်လည်မွေးဖွားလာခဲ့စဉ်က လောကကြီး၏ ချုပ်နှောင်မှုများကို အဆက်မပြတ် ခံစစ်အနေအထားဖြင့် ခုခံကာကွယ်နေခဲ့ရပြီး လောကကြီး၏ဆန္ဒထံမှ လာသော ဖယ်ဉ်ချမှုများနှင့် တိုက်ခိုက်မှု အမျိုးမျိုးကိုလည်း ရင်ဆိုင်ခဲ့ရသည်။
သို့သော် မဖြစ်နိုင်သော တာဝန်များ အဆက်မပြတ်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးနောက်ပိုင်း၊ အရေးကြီးလှသော ကမ္ဘာ့အဖြစ်အပျက်များကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲပစ်ခဲ့ပြီးနောက်၊ ဝမ်ချောင်အဆင့်တက်သွားခဲ့သော ကံကြမ္မာ အုပ်ချုပ်သူမှာ နောက်ဆုံးတွင် အခြေခံကျသော အပြောင်းအလဲများ ရှိလာခဲ့ပြီး နောက်ဆုံးပေါ် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကို ရရှိသွားခဲ့ပြီ ပင်ဖြစ်သည်။
ဤသည်မှာ အုပ်ချုပ်သူ၏ စွမ်းအား ပင်ဖြစ်တော့သည်
ကံကြမ္မာ အုပ်ချုပ်သူ တစ်ဦးအနေဖြင့် ကံကြမ္မာ၏ ထိန်းချုပ်မှုနယ်ပယ်မှ လွတ်ကင်းသွားခဲ့သည်မှာ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လောကကြီးကိုယ်တိုင်ထံမှ လာသော တိုက်ခိုက်မှုများ ဖြစ်သရွေ့ လောကကြီး၏ချုပ်နှောင်မှု အပါအဝင် မည်သည့်အရာကမျှ ဝမ်ချောင်အပေါ် နောက်ထပ် ထိခိုက်ဒဏ်ရာ ရရှိအောင် လုံးဝလုပ်ဆောင်နိုင်စွမ်း မရှိတော့ပါချေ။
အုပ်ချုပ်သူ၏ စွမ်းအားမှာ ဝမ်ချောင်၏ ဘေးပတ်ဝန်းကျင်တွင် အုပ်ချုပ်သူ၏ အကာအကွယ်အတားအဆီး တစ်ခုကို ဖန်တီးပေးနိုင်စွမ်း ရှိသည်။ တစ်ခုတည်းသော ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန်အမင်း ကြီးမားများပြားလှသော ကံကြမ္မာ စွမ်းအင်ပွိုင့်များကို အသုံးပြုရခြင်း ပင်ဖြစ်သည်။
လက်ရှိ ဝမ်ချောင်အတွက်မူ ဤအရာများ အားလုံးမှာ ပြဿနာတစ်ခု လုံးဝ မဟုတ်တော့ပါချေ။
"အန်းလုရှန်း… မင်းရဲ့ အသက်ကို ပေးလိုက်တော့"
ဝမ်ချောင်၏မျက်နှာအမူအရာမှာ အလွန်အမင်း ရက်စက် အေးစက်နေခဲ့ပြီး မျက်ဝန်းထဲ၌ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားတော့သည်။
သူနှင့် အန်းလုရှန်းတို့အကြား နှစ်ဘဝတိုင်တိုင် ကြာရှည်ခဲ့သော ကျေးဇူးတရားနှင့် ရန်ငြိုးရန်စများမှာ ယခုအချိန်တွင် လုံးဝ အမြစ်ပြတ် အဆုံးသတ်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ပင်ဖြစ်သည်။
"ရွှမ်း"
ဓားကိုယ်ထည်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ထွက်ပေါ်လာသော အသံမှာ ဟင်းလင်းပြင်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဝမ်ချောင်မှာ မူလနေရာမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး အဆုံးအစမရှိသော နှင်းမုန်တိုင်းကြီးအတွင်း၌ပါ လုံးဝ ပျောက်ကွယ်သွားတော့သည်။
"မဟုတ်ဘူး"
အန်းလုရှန်း၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားခဲ့ပြီး အသက်ရှူသံများပင် ရပ်တန့်သွားလုမတတ် ဖြစ်သွားတော့သည်။ ထိုအခိုက်အတန့်၌ သူ ခံစားလိုက်ရသော အန္တရာယ်ကြီးမှာ အလွန်အမင်း ပြင်းထန်လွန်းလှသဖြင့် ထပ်မံ၍ ဖြည့်စွက် ပြောဆိုရန်ပင် စကားလုံး မရှိတော့ပါချေ။
အသေးစိတ် စဉ်းစားတွေးတောရန် အချိန်ပင် မရလိုက်ဘဲ အန်းလုရှန်း၏ မျက်နှာအမူအရာမှာ အလွန်အမင်း ထိတ်လန့်ခြောက်ခြားသွားခဲ့ပြီး၊ အမြောက်ဆံတစ်လုံးအလား သူ၏တစ်သက်တာလုံး တစ်ခါမျှ မကြုံဖူးခဲ့သော အမြန်နှုန်းဖြင့် ကောင်းကင်ယံသို့ ရုတ်တရက် အပြင်းအထန် ပျံတက်သွားခဲ့ကာ မြောက်ဘက်အရပ်ဆီသို့ လျှပ်စီးတစ်တန်းအလား လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
ဤအခိုက်အတန့်၌ အန်းလုရှန်း အမှန်တကယ် ကြောက်ရွံ့သွားခဲ့ပြီ ဖြစ်သည်။
မှန်ပေသည်။
သူ မသေချင်ပါချေ။
ဝမ်ချောင်၏ ရှေ့မှောက်တွင် အသက်ချမ်းသာပေးရန် တောင်းပန်ခဲ့ရခြင်းမှာ မသေချင်သည့် အကြောင်းပြချက် တစ်ခုတည်းကြောင့် သက်သက်သာ ဖြစ်သည်။ အသက်ရှင်ကျန်ရစ်မှသာလျှင် နောက်တစ်ကြိမ် ပြန်လည်အင်အားစုစည်းနိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပြီး ဝမ်ချောင်သူ့အပေါ် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို ပြန်လည် ကလဲ့စားချေနိုင်မည် ပင်ဖြစ်သည်။
"ဟွန့်… မင်းကို သွားဖို့ ငါ ခွင့်ပြုလိုက်လို့လား”
ဝမ်ချောင်၏အသံမှာ ကောင်းကင်ယံမှနေ၍ လွင့်ပျံလာတော့သည်။ အသံမှာ အရိုးထိအောင် အေးစက်နေခဲ့ပြီး လူတစ်ယောက်၏ သွေးများကိုပင် အေးခဲသွားစေလုမတတ် ပင်ဖြစ်နေတော့သည်။
"မဟုတ်ဘူး
အန်းလုရှန်း၏ ဒေါသတကြီးနှင့် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသော အော်ဟစ်သံကြီးများ ကြားထဲမှာပင်၊ ဝမ်ချောင်မှာ ဓားနှင့်လူ ပေါင်းစပ်သွားခဲ့ပြီး ပေရာနှင့်ချီ ရှည်လျားလှသော အလွန်အမင်း ခမ်းနားကြီးကျယ်သည့် ဓားစွမ်းအင်ကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ရာ၊ ဓားတစ်ချက်တည်းဖြင့် ဟင်းလင်းပြင်ကြီးကို ခွဲထုတ်လိုက်ပြီး နှင်းမုန်တိုင်းကြီးကိုပါ ထက်ပိုင်းခွဲကာ အရှိန်အဟုန်ဖြင့် တိမ်တိုက်များအထက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီဖြစ်သော အန်းလုရှန်း၏ကိုယ်ပေါ်သို့ အပြင်းအထန် ခုတ်ပိုင်းချလိုက်တော့သည်။
"ဝုန်း"
ဟင်းလင်းပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက ဝမ်ချောင်၏ ခုတ်ပိုင်းမှုကို ခံလိုက်ရပြီးနောက်၊ အန်းလုရှန်းမှာ သစ်တုံးကြီးတစ်တုံးအလား ကောင်းကင်ယံမှနေ၍ ပြုတ်ကျလာခဲ့ပြီး မြေပြင်ပေါ်သို့ အပြင်းအထန် ရိုက်ခတ်သွားသည်ကို မြင်တွေ့လိုက်ရတော့သည်။
အလွန်အမင်း ကြီးမားလှသော ရိုက်ခတ်မှု စွမ်းအားကြီးက မြေကြီးတစ်ခုလုံးကို ဝုန်းခနဲ တုန်ခါသွားစေခဲ့ပြီး၊ ကြီးမားကျယ်ပြန့်လှသော ရေခဲပြင်ကြီးပေါ်တွင် ပေသောင်းနှင့်ချီသော အတိုင်းအတာအတွင်း၌ မာကျောလှသော ရေခဲတုံးများမှာ တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ တစ်ခုပြီးတစ်ခု အဆက်မပြတ် ကွဲအက်သွားခဲ့ကာ၊ မရေမတွက်နိုင်သော နှင်းပွင့်များနှင့် ရေခဲတုံးများမှာ ပေတစ်ရာနီးပါးခန့် အမြင့်အထိ လွင့်စင်တက်သွားတော့သည်။
"ဘုန်း"
သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး အန်းလုရှန်းမှာ ကောင်းကင်ယံသို့ နောက်တစ်ကြိမ် ထပ်မံပျံတက်သွားခဲ့ကာ၊ ကွေ့ကောက်နေသော လျှပ်စီးတစ်တန်းအဖြစ်သို့ ပြောင်းလဲသွားပြီး လမ်းဘေးခွေးတစ်ကောင်အလား အလွန်အမင်း ထိတ်လန့်ခြောက်ခြားစွာဖြင့် မြောက်ဘက်အရပ်ဆီသို့ နောက်တစ်ကြိမ် ထပ်မံထွက်ပြေးသွားတော့သည်။
သူ ထွက်ပြေးမှ ရမည်၊ ဒီနေရာကနေ ထွက်ပြေး လွတ်မြောက်မှ ရမည်။
လောကကြီးက ဒီလောက်တောင် ကြီးမားကျယ်ပြန့်တာပဲ၊ သူ သေချာပေါက် အခွင့်အရေး ရနိုင်မှာပါ။
မဟုတ်ဘူး၊ မြောက်ဝင်းရိုးစွန်း နေရာဆိုရင် ရပြီ။
ထိုနေရာတွင် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေပြီး ဤနေရာထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုအေးခဲလှသည်။ သူ၏စွမ်းရည်ဖြင့်ဆိုလျှင် ထိုနေရာရှိ အလွန်အမင်း ပြင်းထန်လှသော အအေးဒဏ်ကို သေချာပေါက် ခုခံနိုင်စွမ်း ရှိပေသည်၊ ထို့ပြင် လောကကြီးတစ်ခုလုံးမှာ ဖြူဖွေးနေသော နေရာကြီးတစ်ခု ဖြစ်နေသည့်အတွက် ကုန်းမြေပေါ်တွင် ပုန်းအောင်းနေသည်ဖြစ်စေ၊ သမုဒ္ဒရာအတွင်းသို့ ငုပ်လျှိုးသွားသည်ဖြစ်စေ ဝမ်ချောင်အနေဖြင့် သူ့ကို လွယ်လွယ်ကူကူ ရှာဖွေတွေ့ရှိနိုင်ရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပါချေ။
"ငါ မသေချင်ဘူး။ ငါ ဒီနေရာမှာ လုံးဝ မသေနိုင်ဘူး။ ဝမ်ချောင် ငါ မင်းကို လုံးဝ အလွတ်မပေးဘူး"
အန်းလုရှန်းမှာ တစ်ကိုယ်လုံး တောင့်တင်းနေခဲ့ပြီး မျက်နှာအမူအရာမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကာ ရင်ထဲ၌ အဆက်မပြတ် ဒေါသတကြီး အော်ဟစ်နေတော့သည်။
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း ကြားရှိ အရေးကြီးဆုံးသော အချိန်တွင် အန်းလုရှန်းမှာ သူ၏အလားအလာများ အားလုံးကို အပြည့်အဝ ပေါက်ကွဲထုတ်ပစ်လိုက်တော့သည်။
သူ၏ကိုယ်တွင်းရှိ ဂန်ချီ စွမ်းအင်များမှာ အလွန်အမင်း လျင်မြန်စွာ လောင်ကျွမ်းသွားခဲ့ပြီး သံမဏိများအလား ပြင်းထန်လှသော မြည်ဟည်းသံကြီးများပင် အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာခဲ့ရာ၊ သူ ဖြတ်သန်းသွားသော နေရာတိုင်းရှိ လေထုများ အားလုံးမှာ ဆူနာမီလှိုင်းလုံးကြီးများ ရိုက်ခတ်လာသည့်အလား အလွန်အမင်း စူးရှလှသော အသံကြီးများဖြင့် လိုက်ပါ မြည်ဟည်းနေတော့သည်။
ဂူကောင်းကင်အဆင့်၏အောက်တွင် အန်းလုရှန်း၏ ယခုအမြန်နှုန်းမှာ အမြင့်ဆုံးသော အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ပင်ဖြစ်သည်။ လောကကြီး၏ ဆန္ဒ နှင့် လောကကြီး၏ စွမ်းအားတို့၏ အထောက်အကူပြုမှုအောက်တွင် သူ၏အမြန်နှုန်းမှာ ဝမ်ချောင်၏အရိပ်မိစ္ဆာကိုယ်ဖော့ပညာကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော် ဝမ်ချောင်၏ရှေ့မှောက်တွင်မူ လှောင်ချိုင့်တစ်ခုအတွင်း၌ ထင်ရာစိုင်းပြီး ရမ်းကားနေသော သားရဲတစ်ကောင် သက်သက်သာ ဖြစ်နေဆဲ ပင်ဖြစ်သည်။
ဂူကောင်းကင်အဆင့်ရှိ အစွမ်းထက် သိုင်းပညာရှင်များမှာ ဟင်းလင်းပြင်နှင့် အချိန်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ရာ သာမန် အဓိပ္ပာယ် ဖွင့်ဆိုထားသော အမြန်နှုန်း ဆိုသည်မှာ သူတို့အတွက် အဓိပ္ပာယ် လုံးဝ မရှိတော့ပါချေ။
အန်းလုရှန်းမည်မျှပင် မြန်မြန် ထွက်ပြေးနိုင်ပါစေ၊ မည်မျှပင် ကြီးမားလှသော ခွန်အားများကို အကုန်ထုတ်၍ ရုန်းကန်ပါစေ ဝမ်ချောင်၏ လက်ဖဝါးအောက်မှ လွတ်ကင်းအောင် ထွက်ပြေးနိုင်စွမ်း ရှိဦးမည် မဟုတ်ပါချေ။
နောက်တစ်ခဏတွင် အန်းလုရှန်း၏ မျှော်လင့်ချက် ကင်းမဲ့နေသော အကြည့်များရှေ့မှာပင်၊ အရှေ့ဘက်ရှိ အဆုံးအစမရှိ ကြီးမားကျယ်ပြန့်လှသော နှင်းမုန်တိုင်းကြီးအတွင်း၌ မည်းမှောင်နေသော ရွှေဝါရောင် အလင်းစက်ဝန်းကြီးတစ်ခုမှာ မရှိရာမှနေ၍ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ ရေလှိုင်းများအလား လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ရာ၊ အလင်းတန်းတစ်ချက် လက်သွားပြီးနောက် အေးစက် ပြတ်သားလှသော မျက်နှာအမူအရာရှိသည့် လူငယ်လေးတစ်ဦး၏ပုံရိပ်မှာ ဟင်းလင်းပြင်နှင့် အချိန် စက်ဝန်း ကြီးထဲမှနေ၍ ချက်ချင်း လျှောက်ထွက်လာတော့သည်။
"အန်းလုရှန်း၊ မင်း ဘယ်လောက် အထိ ဝေးဝေး ထွက်ပြေးနိုင်မယ် လို့ ထင်နေတာလဲ”
ဝမ်ချောင်၏အကြည့်များမှာ အပေါ်စီးမှနေ၍ ငုံ့ကြည့်နေသည့်အလား ပင်ဖြစ်ပြီး အန်းလုရှန်းကို ကြည့်နေသော အကြည့်များတွင် သနားဂရုဏာသက်သည့် အရိပ်အယောင်လေး တစ်ခု ပါဝင်နေတော့သည်။
ဝမ်ချောင်မှာ သူ့ကို သတ်ဖြတ်ရန် လုံးဝအလျင်စလို မဖြစ်နေပါချေ။ ဤအတိုင်း သူ့ကို သတ်ပစ်လိုက်မည် ဆိုပါက သူ့အတွက် အရမ်း လွယ်ကူ သက်သာသွားလိမ့်မည်၊ ကျိုကျိုး၏ ဤအပြစ်သည်ကြီးကို သတ်ပစ်ရမည်ဆိုလျှင်တောင်မှ ဝမ်ချောင်အနေဖြင့် သူ့ကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ၊ မျှော်လင့်ချက် ကင်းမဲ့မှုများနှင့် ထွက်ပြေးစရာနေရာ လုံးဝမရှိတော့ဘူးဆိုသည့် အရသာများကို အပြည့်အဝ ခံစားသွားစေရမည် ပင်ဖြစ်သည်။
ဤသည်သာလျှင် အစစ်အမှန် လမ်းဆုံး ပင်ဖြစ်တော့သည်။
******