အခန်း ၂၂၅၁
Vol. 140 Ch. 2251
အခန်း (၂၂၅၁) လောကကြီး၏ဆန္ဒကို အောင်မြင်စွာ နှိမ်နင်းလိုက်ခြင်း
ဤတိုက်ခိုက်မှုတွင် အန်းလုရှန်းမှာ အနည်းငယ်မျှ ချန်လှပ်ထားခြင်း လုံးဝ မရှိဘဲ၊ တိုက်ခိုက်ရန် အတွက်သာ အာရုံစိုက်ထားပြီး ခုခံကာကွယ်ရန်အတွက် လုံးဝဂရုမစိုက်တော့ပါချေ။
ယခင်က ဖြစ်ပွားခဲ့သော စစ်ပွဲကြီးများတွင်၊ စစ်ပွဲကြီး တစ်ခုလုံးကို ခြုံကြည့်မည် ဆိုပါက ထိုက်ရှီပေးအပ်ထားသော လောကကြီး၏ စစ်သံချပ်ကာအင်္ကျီကို ပိုင်ဆိုင်ထားခဲ့သည် ဆိုသော်ငြားလည်း၊ အန်းလုရှန်းမှာ ဝမ်ချောင်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရမည့် အခြေအနေမျိုးကို အတတ်နိုင်ဆုံး ရှောင်လွှဲနေခဲ့ပြီး၊ ဝမ်ချောင်ကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ထိုက်ရှီ၏စွမ်းအားများကိုသာ အသုံးပြုနေခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ် ဆုတ်ခွာစရာနေရာ လုံးဝမရှိတော့သည့် အခြေအနေမျိုးတွင်၊ အန်းလုရှန်း၏ကိုယ်ပေါ်မှနေ၍ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အလွန်အမင်း ပြင်းထန်လှသည့် တိုက်ခိုက်လိုစိတ်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဝမ်ချောင်က တကယ်ကို အလွန်အမင်း အစွမ်းထက်လွန်းလှသည်။
ထိုက်ရှီပင်လျှင် ဝမ်ချောင်၏လက်ထဲတွင် အသတ်ခံလိုက်ရခြင်းက ပြဿနာ အားလုံးကို အပြည့်အဝ ရှင်းပြနေပြီပင်ဖြစ်သည်။
အရှေ့မြောက်ပိုင်း ဒေသတစ်ခုလုံးတွင် သူ၏ပြိုင်ဘက် ဖြစ်လာနိုင်စွမ်းရှိသူ လုံးဝရှိမနေတော့ပါချေ။
ဝမ်ချောင်က မည်မျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းနေသနည်းဆိုတာကို အန်းလုရှန်းထက် ပိုပြီးရှင်းလင်းစွာ နားလည်သဘောပေါက်ထားသူ မည်သူမျှရှိမည် မဟုတ်ပါချေ။ လောကကြီး၏စွမ်းအားက သူ့ကို ကူညီ ပံ့ပိုးပေးထားပြီး အဆုံးအစမရှိသော မိုးကြိုး စွမ်းအားများကို ရရှိထားသည်ဆိုလျှင်တောင်မှ၊ ဝမ်ချောင်၏ရှေ့မှောက်တွင် သူ အနိုင်ရရှိနိုင်လိမ့်မည် ဆိုသည့် ယုံကြည်ချက် လုံးဝရှိမနေပါချေ။
ဝမ်ချောင်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဝမ်ချောင်ထက် ပိုပြီးရက်စက်ကြမ်းတမ်းရန် ပင်ဖြစ်သည်။
အရေးကြီးဆုံးသော အချက်မှာ အရာရာတိုင်းကို ဆုံးရှုံးသွားခဲ့ရပြီး နောက်ပိုင်းတွင် သူ၏ဦးနှောက်ထဲ၌ အတွေးတစ်ခုတည်းသာ ကျန်ရှိနေတော့သည်။ ထိုအရာမှာ သူ မည်မျှလောက်အထိ ကြီးမားသော တန်ဖိုးများကို ပေးဆပ်ရပါစေ အတူတူ သေရမည် ဆိုလျှင်တောင်မှ ဝမ်ချောင်ကို သေချာပေါက် သတ်ဖြတ်ပစ်ရန် ပင်ဖြစ်သည်။
သူ၏ အလွန်အမင်း ကြီးမားလှသော အင်ပါယာ တည်ထောင်မည့် အစီအစဉ်ကြီးကို အပြည့်အဝ ဖျက်ဆီးပစ်ခဲ့သော ဤလူမှာ သေချာပေါက် သေရမည်ဖြစ်သည်။
သို့သော် အန်းလုရှန်းမှာ ဝမ်ချောင်၏ ကြောက်မက်ဖွယ် ကောင်းလှသော အတိုင်းအတာကို အထင်သေးလွန်း နေခဲ့သေးသည်မှာ အမှန်ပင် ဖြစ်သည်။
"ဟွန့်…"
အေးစက်စက် လှောင်ပြောင် ရယ်မောသံတစ်ခုမှာ အန်းလုရှန်း၏ နားထဲသို့ တိုးတိုးလေး ဝင်ရောက်လာခဲ့ပြီး၊ ထိုအသံအတွင်း၌ ပြောမပြတတ်အောင် ကြီးမားလှသော လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေတော့သည်။
ဝမ်ချောင်မှာ မူလကတည်းက အန်းလုရှန်းထက် များစွာပိုမိုအစွမ်းထက်နေသူ ပင်ဖြစ်သည်။ ဤသည်ကို လောကကြီး၏ဆန္ဒ၏ စွမ်းအားများနှင့်ပါ ပေါင်းစပ်လိုက်သည့်အခါတွင် အန်းလုရှန်းအနေဖြင့် အနည်းငယ်မျှ ခုခံနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပါချေ။
အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီးနောက် ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ရာ၊ ကောင်းကင်နှင့်မြေကြီးအကြားတွင် အလွန်တောက်ပ လင်းလက်လှသော ဓားစွမ်းအင်ကြီးတစ်ခုမှာ တောင်ကြီးအလား ကြီးမားလေးလံလှသည့် အရှိန်အဟုန်နှင့်အတူ၊ ဓားတစ်ချက်တည်းဖြင့် ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်လိုက်ပြီး ဟင်းလင်းပြင်ကြီးကိုပါ ခုတ်ပိုင်းလိုက်ကာ၊ အန်းလုရှန်းထုတ်လွှတ်လိုက်သော မိုးကြိုး စွမ်းအားများကိုပါ လုံးဝအပြည့်အဝ ခုတ်ပိုင်းဖျက်ဆီးပစ်လိုက်တော့သည်။
"အားးးးးး"
အလွန်အမင်း နာကျင်နေသော အော်ဟစ်သံနှင့်အတူ အန်းလုရှန်းမှာ ကောင်းကင်ပြင်ပမှ ကျဆင်းလာသော ကြယ်ပျံကြီးတစ်ခုအလား ကောင်းကင်ယံမှနေ၍ ပြုတ်ကျလာခဲ့ပြီး၊ ဘုန်းခနဲ မြည်သံနှင့်အတူ နောက်တစ်ကြိမ် ထပ်မံ၍ ဝမ်ချောင်၏အပြင်းအထန် ရိုက်ချမှုကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ပြင်းထန်လှသော မြည်သံကြီးများနှင့်အတူ မြေကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့ရာ၊ ထိုအလွန်ကြီးမားလှသော စွမ်းအားကြီးက ဤနေရာကြီးတစ်ခုလုံးကို ငလျင်လှုပ်သွားသည့်အလား ပြင်းထန်စွာ တုန်ခါသွားစေတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လောကကြီး၏ဆန္ဒမှာ လုံးဝအပြည့်အဝ ဒေါသထွက်သွားခဲ့သည့်အလား၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အလွန်အမင်း ကြီးမားလှသော မိုးကြိုးလျှပ်စီး ခြောက်စင်း၊ ခုနစ်စင်းခန့်မှာ ကောင်းကင်ယံ မှနေ၍ ရုတ်တရက် ပစ်ချလာခဲ့ပြီး အန်းလုရှန်း၏ကိုယ်ပေါ်သို့ အပြင်းအထန် ရိုက်ခတ်သွားတော့သည်။
ဤမျှသာမက ကမ္ဘာမြေကြီးတစ်ခုလုံးလည်း ပြင်းထန်စွာ မြည်ဟည်းသွားခဲ့ပြီး ကြီးမားကျယ်ပြန့်လှသော အရှေ့တာ့ခ်၏ ရေခဲပြင်ကြီး အောက်ရှိ မြေလွှာများ အတွင်းတွင် သိမ်းဆည်းထားသော မြေကြီး၏ မူလစွမ်းအင်များမှာလည်း၊ ဧရာမ ရေလှိုင်းကြီးများအလား အရပ်လေးမျက်နှာမှနေ၍ အန်းလုရှန်း၏ကိုယ်တွင်းသို့ အပြင်းအထန် စီးဝင်သွားတော့သည်။
ဤအခိုက်အတန့်၌ အန်းလုရှန်းမှာ လောကကြီး တစ်ခုလုံး၏စွမ်းအင် ဗဟိုချက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"အားး ငါ မင်းကို သတ်မယ်"
အန်းလုရှန်း၏ အလွန်အမင်း ရက်စက် ကြမ်းတမ်းလှသော အသံကြီးမှာ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် အသံပင် မဆုံးသေးမီ သူ ပြုတ်ကျသွားခဲ့သော နေရာမှနေ၍ ဖုန်လုံးကြီးများ လိပ်တက်လာခဲ့ပြီး၊ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသော အနက်ရောင် စွမ်းအင်အလင်းတိုင်ကြီးတစ်ခုမှာ ကြီးမားကျယ်ပြန့်လှသော အရှိန်အဟုန်နှင့်အတူ ဒြပ်သား တစ်ခုအလား ဖြစ်သွားကာ၊ ကောင်းကင်ယံကို ရုတ်တရက် ထိုးဖောက်သွားခဲ့ပြီး လေထဲတွင် ရှိနေသော ဝမ်ချောင်ရှိရာ အရပ်ဆီသို့ အပြင်းအထန် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
အန်းလုရှန်းကိုယ်တိုင်မှာလည်း စွမ်းအင်အလင်းတိုင်ကြီးနှင့်အတူ အနက်ရောင် အလင်းတိုင်ကြီးအတွင်း၌ ရောနှော လိုက်ပါလာခဲ့ပြီး ဝမ်ချောင်ရှိရာ အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလာတော့သည်။
"အခုထိ အရှုံးမပေးသေးဘူး လား"
ဝမ်ချောင်၏အေးစက်စက်နှင့် ခမ်းနားကြီးကျယ်လှသော အသံကြီးမှာ ကောင်းကင်နှင့် မြေကြီးအကြားတွင် ပဲ့တင်ထပ်သွားတော့သည်။ နောက်တစ်ခဏတွင် ဝီခနဲ မြည်သံနှင့်အတူ ဧရာမမည်းမှောင်နေသော ရွှေဝါရောင် ဟင်းလင်းပြင်နှင့် အချိန်အလင်းစက်ဝန်းများမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ ရွှေကွင်းကြီးများအလား အန်းလုရှန်းပေါက်ကွဲထုတ်လိုက်သော တိုက်ခိုက်မှုကြီးကို တင်းကျပ်စွာ စွပ်ထားလိုက်တော့သည်။
ထိုဟင်းလင်းပြင်နှင့်အချိန် အလင်းစက်ကွင်းများမှာ ချက်ချင်း ကျုံ့ဝင်သွားခဲ့ရာ၊ တဘုန်းဘုန်းမြည်သံ များနှင့်အတူ အလွန်အမင်း ကြီးမားလှသော ဟင်းလင်းပြင်နှင့် အချိန်ပြိုကွဲခြင်း စွမ်းအားများက၊ အန်းလုရှန်းပေါက်ကွဲထုတ်လိုက်သော ကောင်းကင်ယံ သို့တိုင်အောင် ထိုးတက်နေသည့် အနက်ရောင် အလင်းတိုင်ကြီးကို အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားစေတော့သည်။
"ဘုန်း"
အန်းလုရှန်းအနေဖြင့် ပြန်လည်တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ ဝမ်ချောင်၏ခန္ဓာကိုယ်မှာ တစ္ဆေ တစ်ကောင်အလား အလွန်အမင်း လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကာ လက်ထဲရှိ ရွှမ်ယွမ် နတ်ဘုရားဓားဖြင့် အန်းလုရှန်းကို အပြင်းအထန် ခုတ်ပိုင်းလိုက်တော့သည်။ အလွန်အမင်း စူးရှထက်မြက်လှသော ဓားသွားမှာ ဂူကောင်းကင်အဆင့်၏ ကြောက်မက်ဖွယ် ကောင်းလှသော ခွန်အားများနှင့် ပေါင်းစပ်သွားခဲ့ပြီး၊ အန်းလုရှန်း၏ကိုယ်ပေါ်ရှိ လောကကြီး၏ စစ်သံချပ်ကာအင်္ကျီ အပေါ်တွင် လက်မဝက် ခန့် နက်ရှိုင်းသော ဓားရာကြီးတစ်ခုကို ချက်ချင်း ဖန်တီးလိုက်တော့သည်။ ဓားပေါ်မှ ပေါက်ကွဲထွက်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအားများက အန်းလုရှန်းကို နောက်တစ်ကြိမ် ထပ်မံလွင့်စင်သွားစေခဲ့ပြီး မြေပြင်ပေါ်သို့ အပြင်းအထန် ပြုတ်ကျသွားစေတော့သည်။
"အထူး အဖြစ်အပျက်၊ ကံကြမ္မာ အရ တွေ့ဆုံမှု”
ရုတ်တရက် ကံကြမ္မာ ကျောက်တုံး၏ ခေါင်းလောင်းသံကြီးများအလား ကျယ်လောင် ပြတ်သားလှသော အသံကြီးမှာ ဝမ်ချောင်၏နားထဲသို့ ဝင်ရောက်လာတော့သည်။
"မည်မျှပင် သေးငယ်သော မျိုးစေ့လေးပင် ဖြစ်ပါစေ။ ဧရာမ သစ်ပင်ကြီး တစ်ပင် အဖြစ်သို့ ကြီးထွားလာနိုင်စွမ်းရှိပြီး တစ်ထောင့်တစ်နေရာတွင် လွတ်လပ်စွာ ရပ်တည်နိုင်စွမ်း ရှိလာမည့် အချိန် တစ်ခု ရှိပေသည်။ မည်မျှပင် သေးငယ်သော ငှက်ငယ်လေး ပင် ဖြစ်ပါစေ နောက်ဆုံးတွင် သံမဏိတောင်ပံများ ပိုင်ဆိုင်ထားသော လင်းယုန်ကြီး တစ်ကောင် အဖြစ်သို့ ကြီးထွားလာမည်ဖြစ်ပြီး ကောင်းကင်ယံ ကြီး တွင် လွတ်လပ်စွာ ပျံသန်းနိုင်မည် ပင်ဖြစ်သည်။ Hostသည် မွေးဖွားလာခဲ့သည့်အချိန်မှ စတင်၍ ဤလောကကြီး၏ ဖယ်ဉ်ချခြင်း စွမ်းအားများကို အဆက်မပြတ် ခံစားခဲ့ရပြီး အချိန်မရွေး သတ်ဖြတ် ဖျက်ဆီးခံရနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် အချိန်များ ပြောင်းလဲသွားသည်နှင့်အမျှ ကံကြမ္မာ အုပ်ချုပ်သူအဖြစ်သို့ အဆင့်တက်သွားခဲ့ပြီ ဖြစ်သော Hostမှာ ယခုအခါ ကံကြမ္မာကို ပြန်လည်ဆန့်ကျင် တိုက်ခိုက်နိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်နေပြီ ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကံကြမ္မာ၏ လေးစားမှုကိုလည်း ရရှိနေပြီ ပင်ဖြစ်သည်”
"Hostသည် လောကကြီး၏ဆန္ဒနှင့်တိုက်ခိုက်ရာတွင် လောကကြီးဆန္ဒ၏ တိုက်ခိုက်မှုများကို သုံးကြိမ်ဆက်တိုက် အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည့် အတွက်ကြောင့် အထူး စွမ်းရည် တစ်ခု ဖြစ်သော တရားစီရင်ခြင်း စွမ်းအားကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ"
"ရှင်းလင်းချက်.- တရားစီရင်ခြင်း စွမ်းအား၊ ဤသည်မှာ Hostက လောကကြီး၏စွမ်းအားကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန်အတွက် အသုံးပြုနိုင်သော စွမ်းအားဖြစ်ပြီး၊ လောကကြီး၏ဆန္ဒနှင့် တန်းတူ ရင်ဆိုင်နိုင်ရန်အတွက် အလွန်အရေးကြီးလှသော စွမ်းရည်တစ်ခု ပင်ဖြစ်သည်။ ရာခိုင်နှုန်းပြည့် တရားစီရင်ခြင်း စွမ်းအားက Hostကို လောကကြီး၏ဆန္ဒကို လုံးဝ အပြည့်အဝ ပြိုကွဲ ပျက်စီးသွားစေမည့် တိုက်ခိုက်မှု တစ်ခုကို ပေးအပ်နိုင်စွမ်းရှိပြီး၊ လောကကြီး၏ ဆန္ဒကို ရက်ပေါင်း သုံးဆယ်အတွင်း နောက်တစ်ကြိမ် ပြန်လည်နိုးထလာနိုင်စွမ်း မရှိတော့အောင် ပြုလုပ်ပေးနိုင်စွမ်း ရှိပေသည်”
"သတိပြုရန်၊ လောကကြီး၏ ဆန္ဒကို လုံးဝအမြစ်ပြတ် ဖျက်ဆီးပစ်ရန် လုံးဝမဖြစ်နိုင်ပါ၊ လောကကြီးဆန္ဒ၏ တစ်စိတ်တစ်ပိုင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် အဆက်မပြတ် နှိမ်နင်းရန် သို့မဟုတ် အချိန်တစ်ခုအထိ ပိတ်လှောင်ထားရန်သာလျှင် ဖြစ်နိုင်ပါသည်၊ ဤအရာမှာ သာမန်လူ တစ်ယောက်က မိမိ၏ဆံပင်ကို ကိုင်ဆွဲပြီးကိုယ့်ကိုယ်ကိုယ် မြေပြင်ပေါ်မှ မတင်ရန် လုံးဝမဖြစ်နိုင်သကဲ့သို့ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Hostကိုယ်တိုင်မှာလည်း လောကအတွင်း၌သာလျှင် တည်ရှိနေသောကြောင့် ပင်ဖြစ်သည်"
"သတိပြုရန်- Host၏ လက်ရှိ တရားစီရင်ခြင်း စွမ်းအားမှာ သုည ရာခိုင်နှုန်းသာလျှင် ရှိပါသေးသည်၊ လောကကြီးဆန္ဒ၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ဟန့်တား နှိမ်နင်းခြင်း ဖြင့် ဤစွမ်းအားများကို စုဆောင်း ရယူနိုင်ပါသည်"
……
ဤအသံကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မျက်ဝန်းထဲ၌ အလွန်အမင်း အံ့ဩသွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
လောကကြီး၏ဆန္ဒမှာ အန်းလုရှန်း၏အထက်ကောင်းကင်ယံတွင် လှည့်ပတ်နေခဲ့သည်။ ဤကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် လုံးဝမရှိသည့် ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရန်အတွက် ဝမ်ချောင်တွင် လုံးဝကောင်းမွန်သော နည်းလမ်းများ မရှိပါချေ၊ ဤမျှသာမက ရွှမ်ယွမ် နတ်ဘုရားဓားက အန်းလုရှန်း၏ လောကကြီး၏ စစ်သံချပ်ကာအင်္ကျီကို ထိခိုက်ဒဏ်ရာရရှိစေနိုင်စွမ်း ရှိသည်ဆိုသော်ငြားလည်း၊ ဖျက်ဆီးနိုင်သည့် အတိုင်းအတာမှာ ထိုမျှလောက် အထိ ကြီးမားလှသည် မဟုတ်ပါချေ။ ဤ"လိပ်ခွံ" ကြီး၏ အကာအကွယ်ကြောင့် ဝမ်ချောင်အနေဖြင့် အန်းလုရှန်းကို သတ်ဖြတ်မည် ဆိုလျှင်တောင်မှ အချိန်အများအပြား ပေးရမည်မှာ သေချာလှပေသည်။
အလွန်အမင်းကိုင်တွယ် ဖြေရှင်းရန် ခက်ခဲလှသည်မှာ ဝမ်ချောင်၏ တိုက်ခိုက်မှုများ ပို၍ပြင်းထန်လာသည်နှင့်အမျှ အန်းလုရှန်းခံစားရမည့် ထိခိုက်ဒဏ်ရာများလည်း ပို၍ကြီးမားလာမည်ဖြစ်ပြီး၊ မိုးကြိုးတိမ်တိုက်၏အထက်တွင် စုဝေးနေသော လောကကြီး၏ဆန္ဒမှာလည်း ပို၍အစွမ်းထက်လာမည်ဖြစ်ကာ ဝင်ရောက်စွက်ဖက်မှုများလည်း ပိုများပြားလာမည် ပင်ဖြစ်သည်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက အနည်းငယ်မျှ အမှားအယွင်း ဖြစ်သွားခဲ့လျှင် အန်းလုရှန်းတကယ်ကို ထွက်ပြေးလွတ်မြောက်သွားနိုင်မည့် အခြေအနေမျိုးပင် ဖြစ်နေတော့သည်။
သို့သော် ကံကြမ္မာ ကျောက်တုံး က ပြောပြလာသော "တရားစီရင်ခြင်း စွမ်းအား"မှာ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် ဖွင့်လှစ်ပေးလိုက်ခြင်း ပင်ဖြစ်သည်။
"မဟုတ်ဘူး ငါ မင်းကို လုံးဝ အရှုံးမပေးနိုင်ဘူး"
ထိုအချိန်မှာပင် မြေပြင်ပေါ်မှနေ၍ ဒေါသတကြီး အော်ပြောသံတစ်ခု ထွက်ပေါ်လာတော့သည်။ အန်းလုရှန်းမှာ ဝမ်ချောင်၏ကိုယ်ပေါ်တွင် ဖြစ်ပျက်နေသော ကိစ္စများကို လုံးဝမသိရှိပါချေ၊ ဝမ်ချောင်၏လက်ထဲတွင် တစ်ကြိမ်ပြီး တစ်ကြိမ် အဆက်မပြတ် ရှုံးနိမ့်နေရခြင်းများကို လောကကြီးဆန္ဒ၏ တိုက်ခိုက်မှုများနှင့် ပေါင်းစပ်လိုက်မည် ဆိုလျှင်တောင်မှ ဝမ်ချောင်ကို လုံးဝအနိုင်မရနိုင်ခြင်းမှာ အန်းလုရှန်း၏ရင်ထဲ၌ ဒေါသများကို ပို၍ကြီးမားလာစေရုံ သက်သက်သာ ဖြစ်ပေသည်။
"ဝုန်း ဒိုင်း ဒိုင်း"
မိုးကြိုးများ အလွန်တောက်ပလင်းလက်နေခဲ့ပြီး အန်းလုရှန်းမှာ မြေပြင်ပေါ်မှနေ၍ ကောင်းကင်ယံသို့ နောက်တစ်ကြိမ် ထပ်မံပျံတက်သွားခဲ့ရာ၊ များပြားလှသော လောကကြီး၏ စွမ်းအားများကို စုစည်းပြီး ဝမ်ချောင်ရှိရာ အရပ်ဆီသို့ အပြင်းအထန် ဝင်တိုက်လိုက်တော့သည်။
သူတို့နှစ်ဦးမှာ ဟင်းလင်းပြင်ကြီးအတွင်း၌ အလွန်အမင်း ပြင်းထန်စွာ တိုက်ခိုက်နေကြတော့သည်။ အန်းလုရှန်းမှာ ရှိသမျှ ခွန်အား အားလုံးကို အကုန်ထုတ်၍ အသက်ကိုပင် ဂရုမစိုက်တော့ဘဲ ဝမ်ချောင်ကို အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။ ဝမ်ချောင်ကလည်း တစ်ကြိမ်ပြီးတစ်ကြိမ် အဆက်မပြတ် အန်းလုရှန်းကို ကောင်းကင်ယံမှနေ၍ အပြင်းအထန် ရိုက်ချနေတော့သည်။
သူတို့ နှစ်ဦး အကြားရှိ ဤတိုက်ပွဲကြီးတွင် ဝမ်ချောင်မှာ အမြဲတမ်း အသာစီး ရနေခဲ့သည် ချည်းသာ ဖြစ်သည်။
"ဂုဏ်ယူပါတယ် Host လောကကြီး၏ဆန္ဒ တိုက်ခိုက်မှုတစ်ခုကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည့်အတွက်ကြောင့် တရားစီရင်ခြင်းစွမ်းအား တစ်ဆယ်ရာခိုင်နှုန်းကို ဆုချီးမြှင့်လိုက်ပါပြီ"
"ဂုဏ်ယူပါတယ် Host၊ လောကကြီး၏ဆန္ဒ တိုက်ခိုက်မှုနှစ်ခုကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည့် အတွက်ကြောင့် တရားစီရင်ခြင်း စွမ်းအား နှစ်ဆယ် ရာခိုင်နှုန်းကို ဆုချီးမြှင့်လိုက်ပါပြီ"
"ဂုဏ်ယူပါတယ် Host လောကကြီး၏ဆန္ဒ တိုက်ခိုက်မှု သုံးခုကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည့် အတွက်ကြောင့် တရားစီရင်ခြင်း စွမ်းအား သုံးဆယ် ရာခိုင်နှုန်းကို ဆုချီးမြှင့်လိုက်ပါပြီ"
……
အပြင်းအထန် တိုက်ခိုက်နေကြသော အန်းလုရှန်းမှာ မျက်လုံးနှစ်လုံးစလုံး သွေးလို နီရဲနေခဲ့ပြီး ရူးသွပ်နေသူ တစ်ဦးအလား ဖြစ်နေတော့သည်။ ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော မိုးကြိုးများ၏ ကူည ပံ့ပိုးမှုအောက်တွင် တစ်ကြိမ်ပြီးတစ်ကြိမ် အဆက်မပြတ် တိုက်ခိုက်မှုများကို လုပ်ဆောင်နေခဲ့သည်။ ဝမ်ချောင်၏ အပြင်းအထန် ရိုက်ချမှုကြောင့် ကောင်းကင်ယံမှနေ၍ ပြုတ်ကျသွားသည့် အချိန်တိုင်း၌ အရာရာတိုင်းကို ဂရုမစိုက်တော့ဘဲ နောက်တစ်ကြိမ် ထပ်မံ၍ပြေးဝင်လာခဲ့ရာ၊ ဝမ်ချောင်၏ကိုယ်ပေါ်တွင် ဖြစ်ပျက်နေသော အပြောင်းအလဲများကို လုံးဝသတိမပြုမိတော့ပါချေ။
ဤဖြစ်စဉ်ကြီးတစ်ခုလုံးတွင် ဝမ်ချောင်တစ်ဦးတည်းသာလျှင် အလွန်အမင်း အေးဆေးတည်ငြိမ်နေခဲ့ခြင်း ပင်ဖြစ်သည်။
ဝမ်ချောင်က အန်းလုရှန်း၏ တိုက်ခိုက်မှုများကို ဆယ်ကြိမ်မြောက် အောင်မြင်စွာ နှိမ်နင်းလိုက်ပြီးနောက်တွင်မူ ကံကြမ္မာကျောက်တုံး၏အသံမှာ နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာတော့သည်။
"ဂုဏ်ယူပါတယ် Hostတရားစီရင်ခြင်း စွမ်းအား တစ်ရာ ရာခိုင်နှုန်းကို အောင်မြင်စွာ ရရှိသွားခဲ့ပါပြီ၊ လောကကြီး၏ဆန္ဒကို ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်မည့် အခွင့်အရေး တစ်ကြိမ်ကို ရရှိသွားပါပြီ”
ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အလွန်အမင်း ဝမ်းသာ ပျော်ရွှင်နေသော အရိပ်အယောင် လေး တစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။
"ဝမ်ချောင်… ငါ မင်းကို သတ်မယ်"
ထိုအချိန်မှာပင် ကမ္ဘာမြေကြီး ပြင်းထန်စွာ မြည်ဟည်းသွားခဲ့ပြီး လူရိပ်တစ်ခုမှာ အမြောက်ဆံ တစ်လုံးအလား မြေပြင်ပေါ်မှနေ၍ ကောင်းကင်ယံသို့ ရုတ်တရက် ပျံတက်လာခဲ့ကာ၊ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် မုန်တိုင်းကြီးများ နှင့်အတူ ဝမ်ချောင်ရှိရာ အရပ်ဆီသို့ အပြင်းအထန် ပြေးဝင်လာတော့သည်။
အန်းလုရှန်းမှာ တစ်ကြိမ် ရှုံးနိမ့်သွားသည့် အချိန်တိုင်း ၌ သူ၏ကိုယ်ပေါ်ရှိ စွမ်းအားများမှာ တစ်ကြိမ် ပိုမို၍ အစွမ်းထက်လာခဲ့သည်။ ယခု လက်ရှိ အန်းလုရှန်းမှာ ဟင်းလင်းပြင်နှင့် အချိန် စွမ်းအားများကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူး ဆိုသော်ငြားလည်း၊ သူ၏စွမ်းအားသက်သက်ကိုသာ ကြည့်မည်ဆိုပါက ယခုလက်ရှိ အန်းလုရှန်းမှာ ဂူကောင်းကင်အဆင့်၏ အမြင့်ဆုံး အထွတ်အထိပ်သို့ပင်လျှင် ရောက်ရှိနေခဲ့ပြီဖြစ်ပြီး၊ သန့်စင်သော ခွန်အားသက်သက်ဖြင့်ဆိုပါက ထိုက်ရှီထက်ပင်လျှင် အများကြီး နိမ့်ကျနေခြင်း လုံးဝ ရှိမည် မဟုတ်ပါချေ။
ဤသည်မှာ လောကကြီး၏ စွမ်းအား၏ ကူညီပံ့ပိုးမှုက ပေးစွမ်းနိုင်သော အကျိုးသက်ရောက်မှု ပင်ဖြစ်သည်။
ဤကဲ့သို့သော အပြောင်းအလဲကို အန်းလုရှန်းကိုယ်တိုင်ပင်လျှင် လုံးဝတွေးတော မှန်းဆထားခဲ့ခြင်း မရှိပါချေ၊ သို့သော် ယခုလက်ရှိ သူ၏မျက်လုံး နှစ်လုံးစလုံးမှာ သွေးလို နီရဲနေခဲ့ပြီး မျက်နှာ တစ်ခုလုံးမှာလည်း ရှုံ့မဲ့နေကာ၊ ဦးနှောက်ထဲ၌ ဝမ်ချောင်ကို သတ်ဖြတ်ရန် ဆိုသည့် အတွေး တစ်ခုတည် သာ ကျန်ရှိနေတော့ရာ ဤအရာများကို လုံးဝသတိပြုမိခြင်း ရှိမနေတော့ပါချေ။
"တော်ပြီ… အားလုံး အဆုံးသတ်ရမယ့် အချိန် ရောက်ပြီ"
ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အေးစက်စက် အလင်းရောင် တစ်ချက် လတ်သွားခဲ့ပြီး၊ ဟင်းလင်းပြင်နှင့် အချိန်စွမ်းအားများကို ထိန်းချုပ်ကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် အန်းလုရှန်း၏ ခေါင်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ၍ ဓားဖြင့် အပြင်းအထန် ခုတ်ပိုင်းချလိုက်ရာ၊ အလွန်အမင်း ကြီးမားလှသော စွမ်းအားကြီးက အန်းလုရှန်း၏ ခန္ဓာကိုယ် အပြင်ဘက် ရှိ မိုးကြိုး အလင်းစက်ဝန်း များ အားလုံးကို အသီးသီး ပေါက်ကွဲထွက်သွားစေခဲ့ပြီး၊ ထို အလွန်အမင်း ကြီးမားလှသော စွမ်းအားကြီး က အန်းလုရှန်းကို ကမ္ဘာမြေကြီး အတွင်းသို့ နောက်တစ်ကြိမ် ထပ်မံ၍ အပြင်းအထန် ရိုက်ချလိုက်တော့သည်။
"ထပ်လာခဲ့စမ်း"
အန်းလုရှန်းမှာ အလွန်အမင်း ရက်စက် ကြမ်းတမ်းစွာဖြင့် အော်ဟစ်လိုက်သည်။ ဘာမှ မဖြစ်ခဲ့သည့် လူတစ်ယောက်အလား မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင်၊ ရုတ်တရက် ပြန်လည်ခုန်ထွက်လာခဲ့ပြီး ယခင်အကြိမ်များ ကဲ့သို့ပင် လောကကြီး၏ စွမ်းအား၏ "ပြုစုပျိုးထောင်မှု"ကို နောက်တစ်ကြိမ် ထပ်မံ လက်ခံရန် အတွက် ပြင်ဆင်နေတော့သည်။
သို့သော် ဤအချိန် တွင် အန်းလုရှန်းမှာ ခေါင်းမော့လိုက်သည့် အခါ၌ သူ တစ်သက်လုံး ဘယ်တော့မှ မေ့ပျောက်၍ မရနိုင်မည့် မြင်ကွင်းကြီးတစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရတော့သည်။
"အန်းလုရှန်း၊ နောက်တစ်ကြိမ်ဆိုတာ လုံးဝမရှိတော့ဘူး၊ အခု လောကကြီးဆန္ဒ ဆိုရင်တောင်မှ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး"
ဝမ်ချောင်၏စကားများမှာ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး အသံမှာ အလွန်အေးဆေးတည်ငြိမ်နေကာ အလွန်အမင်း ဝေးကွာသော နေရာမှနေ၍ လွင့်ပျံလာသည့်အလား ပင်ဖြစ်နေတော့သည်။
ဝမ်ချောင်မှာ ဟင်းလင်းပြင်ကြီး အတွင်း၌ မတ်မတ်ရပ်နေခဲ့ပြီး နတ်ဘုရား တစ်ပါးအလား ဖြစ်နေတော့သည်။ သူ၏ကိုယ်ပေါ်မှနေ၍ တစ်စထက်တစ်စ ပိုမိုတောက်ပ လင်းလက်လာသော အလင်းစက်ကွင်းကြီးများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသော ရွှေဝါရောင် လက်သီး စွမ်းအင်ကြီး တစ်ခုမှာ ဝမ်ချောင်၏ကိုယ်ပေါ်မှနေ၍ ကောင်းကင်ယံသို့ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ အလွန်အမင်း ကြီးမားကျယ်ပြန့်လှသော အရှိန်အဟုန်နှင့်အတူ အပေါ်သို့ ရုတ်တရက် တက်သွားခဲ့ရာ၊ ကောင်းကင်ယံ အမြင့်ပိုင်း၏ အနက်ရှိုင်းဆုံးသော နေရာရှိ ဧရာမမိုးကြိုးတိမ်တိုက် ဝဲဂယက်ကြီး၏ ဗဟိုချက်ကို အပြင်းအထန် ဝင်တိုက်လိုက်တော့သည်။
ထိုအခိုက်အတန့် မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် အရာရာတိုင်းမှာ လုံးဝတိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးမှာလည်း အသံပင် မထွက်နိုင်တော့ပါချေ။ လောကကြီးတစ်ခုလုံးပင်လျှင် ရပ်တန့်သွားသည့်အလား ပင်ဖြစ်နေတော့သည်။ နောက်တစ်ခဏတွင် ကောင်းကင်နှင့်မြေကြီး ပြင်းထန်စွာ မြည်ဟည်းသွားခဲ့ပြီး မိုးကြိုးတိမ်တိုက် ဝဲဂယက်ကြီး၏ အနက်ရှိုင်းဆုံးသော နေရာ မှနေ၍၊ လောကကြီး၏ဆန္ဒမှာ ရုတ်တရက် လုံးဝမကျေနပ်သော ဟိန်းဟောက်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်ရာ ချက်ချင်းပင် ကောင်းကင်ယံကြီးတစ်ခုလုံး လုံးဝကွဲအက်သွားတော့သည်။
မှန်ပေသည်၊ ဝမ်ချောင် ပေါက်ကွဲထုတ်လိုက်သော ထိုတိုက်ခိုက်မှုကြီးမှာ လောကကြီး၏ ဆန္ဒကိုပင်လျှင် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားစေသည့်အလား ပင်ဖြစ်သည်။ အလွန်အမင်း တိုတောင်းလှသော မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် မိုးကြိုးများအားလုံး ပြန့်ကျဲသွားခဲ့ပြီး၊ အထက်ကောင်းကင်ယံတွင် လှည့်ပတ်နေခဲ့သော ထိုဧရာမ မိုးကြိုးတိမ်တိုက် ဝဲဂယက်ကြီးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားသည့်အလား၊ ချက်ချင်းပင် ပြန့်ကျဲသွားခဲ့ရာ အသက် အနည်းငယ် ရှူစာမျှ အချိန်လေး အတွင်းမှာပင် လုံးဝအမြစ်ပြတ် ပျောက်ကွယ်သွားတော့သည်။
မိုးကြိုးတိမ်တိုက် ဝဲဂယက်ကြီးနှင့်အတူ ပျောက်ကွယ်သွားသည်မှာ ထိုကြီးမားကျယ်ပြန့်လှသော လောကကြီး၏ဆန္ဒကြီးပင်ဖြစ်သည်။
"ဂုဏ်ယူပါတယ် Host လောကကြီး၏ဆန္ဒ)ကိ အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီး လုံးဝ မဖြစ်နိုင်သော အလွန်အမင်း ကြီးမားလှသည့် လုပ်ရပ်ကြီးတစ်ခုကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက်ကြောင့် ကံကြမ္မာ စွမ်းအင်ပွိုင့် သန်းတစ်ရာကို ဆုချီးမြှင့်လိုက်ပါပြီ"
ကံကြမ္မာ ကျောက်တုံး၏အသံမှာ ဝမ်ချောင်၏ ဦးနှောက်ထဲ၌ ထွက်ပေါ်လာတော့သည်။
"ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူး"
မြေပြင်ပေါ်တွင် ထိုအလွန်အမင်း ရင်းနှီးကျွမ်းဝင်နေသော အရှိန်အဝါ ကြီး လုံးဝ ပျောက်ကွယ်သွားသည်ကို ခံစားသိရှိလိုက်ရသည့်အခါ၊ အန်းလုရှန်းမှာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။ ခေါင်းမော့ကာ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ရာ မျက်နှာတစ်ခုလုံးတွင် လုံးဝမယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့ပြီး၊ သူ၏ သွေးလို နီရဲနေသော မျက်လုံးကြီးများပင်လျှင် ဤအခိုက်အတန့်၌ အများအပြား ပြန်လည်ကြည်လင်လာတော့သည်။
ထိတ်လန့် ကြောက်ရွံ့မှု။
တုန်လှုပ် ခြောက်ခြားမှု။
ထို့နောက်တွင်မူ အဆုံးအစမရှိ အလွန်အမင်း အေးစက်လှသော ခံစားချက် ကြီးပင်။
******