အခန်း ၂၂၅၉
Vol. 140 Ch. 2259
အခန်း (၂၂၅၉) အနောက်မြောက်ပိုင်းတွင်ကိုယ်ထင်ပြခြင်း
"ငါ က အနောက်တာ့ခ်၊ ခီတန်၊ဂိုဂူလျောနဲ့ ရှီ မျိုးနွယ်စုတွေရဲ့ ပြည်သူတွေကို ယိုကျိုးထဲ ဝင်ခွင့် ပြုပြီး အအေးဒဏ်ကနေ ရှောင်တိမ်းခွင့် ပေးမယ်၊ မင်းတို့ကိုလည်း ငါ အသက်ချမ်းသာ ပေးမယ်၊ မသတ်ဘူး၊ မင်းတို့ကို စားစရာတွေပါ ပေးမယ်၊ ဒါပေမဲ့ အချက် တစ်ချက်တော့ ရှိတယ်"
"ဒီနေ့က စပြီး ကုန်းမြေဒေသကြီး တစ်ခုလုံးမှာ အနောက်တာ့ခ်၊ ခီတန်၊ ဂိုဂူလျောနဲ့ ရှီ မျိုးနွယ်စု ဆိုတာ လုံးဝရှိတော့မှာ မဟုတ်ဘူး"
"ကုန်းမြေဒေသကြီးတစ်ခုလုံးမှာ နောင်အနာဂတ်ကျရင် အင်ပါယာကြီးတစ်ခုတည်းသာ ရှိတော့မယ်၊ အဲဒီအင်ပါယာရဲ့ နာမည်က မဟာထန် ပဲ"
နောက်ဆုံး စကားကို ပြောလိုက်သည့်အခါတွင် ဝမ်ချောင်၏မျက်နှာအမူအရာမှာ အလွန်အေးစက်ပြတ်သားနေခဲ့ပြီး ခန္ဓာကိုယ်မှာ အနည်းငယ်မျှ ရပ်တန့်သွားခဲ့ကာ၊ သူ၏ကိုယ်ပေါ်မှနေ၍ သဘာဝကျကျပင် ခမ်းနားကြီးကျယ်လှပြီး ပြိုင်ဘက်ကင်း အစွမ်းထက်လှသော အရှိန်အဝါကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ခန်းမကြီး၏အတွင်း၌ လူတိုင်းမှာ အနည်းငယ် မှင်တက်သွားခဲ့ကြပြီး ဝမ်ချောင့်စကား၏ အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်သဘောပေါက်သွားကြတော့သည်။
သံသယဖြစ်စရာ လုံး မလိုပါချေ၊ ဝမ်ချောင်က မဟာထန်ကိုကိုယ်စားပြုပြီး နိုင်ငံအသီးသီးကို အပြည့်အဝ သိမ်းသွင်းကာ ကုန်းမြေဒေသကြီးတစ်ခုလုံးကို လုံးဝအပြည့်အဝ အုပ်စိုးရန် ရည်ရွယ်ထားခြင်း ပင်ဖြစ်သည်။ ဤမျှသာမက အနောက်တာ့ခ် အင်ပါယာ၊ဂိုဂူလျော အင်ပါယာ၊ ရှီ နှင့် ခီတန် တို့ အားလုံးမှာ မဟာထန်၏ လက်အောက်သို့ သေချာပေါက် ဝင်ရောက် ခိုလှုံရမည် ပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤအရာက သူတို့ အားလုံးမှာ နောင် အနာဂတ် တွင် နိုင်ငံအသီးသီးမှ ဧကရာဇ်များအဖြစ် လုံးဝဆက်လက်ရပ်တည်နိုင်တော့မည်မဟုတ်ဘဲ မဟာထန်၏ ပြည်သူများ အဖြစ်သို့ ပြောင်းလဲသွားရမည် ဆိုတာကိုကိုယ်စားပြုနေခြင်း ပင်ဖြစ်သည်။
ထိုမျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် လူတိုင်း၏မျက်နှာအမူအရာများမှာ အလွန်အမင်း ရှုပ်ထွေးသွားတော့သည်။
အောင်နိုင်သူက ဘုရင်၊ ရှုံးနိမ့်သူက သူပုန်ဆိုသည့် အတိုင်းပင်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူတို့အားလုံးမှာ တကယ်ကို အပြည့်အဝ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ရင်ထဲ၌ အလွန်အမင်း ခါးသီးနေသည် ဆိုသော်ငြားလည်း လူတိုင်းအနေဖြင့် အချိန် အကြာကြီး တွန့်ဆုတ် မနေခဲ့ကြပါချေ။
တစ်ဖက်တွင် မဟာထန်ထံသို့ ဝင်ရောက် ခိုလှုံအညံ့ခံခြင်း ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ဤဧရာမ ရေခဲခေတ် ကြီး၏ အလွန်အမင်း ပြင်းထန်လှသော နှင်းမုန်တိုင်းကြီး များ၏ အတွင်း၌ လူသေဆုံးပြီး တိုင်းပြည် လုံးဝပြိုကွဲပျက်စီးသွားရခြင်း ပင်ဖြစ်သည်။ နိုင်ငံအသီးသီး အတွက်မူ ရွေးချယ်စရာ လမ်းကြောင်း လုံးဝ ရှိမနေတော့ပါချေ။
"မျိုးနွယ်ခြားဘုရင် ကျွန်တော်တို့အားလုံး လိုလိုလားလားနဲ့ အညံ့ခံ ပါတယ်"
ခန်းမကြီး၏အတွင်း၌ လူတိုင်းမှာ တစ်ပြိုင်နက်တည်းပင် ခေါင်းကို နိမ့်ကျစွာ ငုံ့လိုက်ကြတော့သည်။
ဝမ်ချောင်မှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အေးဆေးတည်ငြိမ်စွာဖြင့် အနည်းငယ် ပြုံးလိုက်တော့သည်။
ဤအရာများ အားလုံးမှာ သူ၏တွေးတော မှန်းဆချက်များအတွင်း၌ အစောကြီးကတည်းက ရှိနေခဲ့ပြီး ပင်ဖြစ်သည်။ နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာခဲ့သည့် အချိန်မှစတင်၍ ယခုတိုင်အောင် စစ်ပွဲ ဆိုသည်မှာ အပြင်ပန်း သဏ္ဌာန်တစ်ခု သက်သက်သာဖြစ်ပြီး၊ ယခုအခိုက်အတန့်လေး သာလျှင် ဝမ်ချောင် အမှန်တကယ် လိုချင်တောင့်တခဲ့သော ရည်မှန်းချက်ကြီးပင်ဖြစ်သည်။
ယခုအချိန်အထိ အရှေ့တာ့ခ်နှင့် အနောက်တာ့ခ် အင်ပါယာ၊ ရှီ နှင့် ခီတန်၊ ဂိုဂူလျော အင်ပါယာအားလုံးမှာ မဟာထန်၏ လက်အောက်သို့ အပြည့်အဝ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပြီး၊ ယိုကျိုး၏ ပုန်ကန်သော စစ်တပ်ကိုလည်း အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပြီ ပင်ဖြစ်သည်။ မဟာထန်ကြီးမှာ သမိုင်းတစ်လျှောက် ဧကရာဇ်အဆက်ဆက်၏ အလွန်အမင်း လိုချင်တောင့်တခဲ့ကြပြီး တစ်ကြိမ်တစ်ခါမျှပင် အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သော ဤကြီးမားလှသည့် အိပ်မက်ကြီးကို အမှန်တကယ် အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့ပြီ ပင်ဖြစ်သည်။
ကုန်းမြေဒေသကြီးတစ်ခုလုံး၏ အမှန်တကယ် စည်းလုံးညီညွတ်သော ခမ်းနားကြီးကျယ်လှသည့် အင်ပါယာကြီးတစ်ခုမှာ တဖြည်းဖြည်းနှင့် အပြည့်အဝ ပုံပေါ်လာခဲ့ပြီ ပင်ဖြစ်သည်။
ပြင်းထန်လှသော မြည်ဟည်းသံကြီး နှင့်အတူ ဝမ်ချောင်ခေါင်းညိတ်လိုက်ပြီး သိပ်မကြာမီ အချိန်လေး အတွင်းမှာပင်၊ မိုးကြိုးများအလား ပြင်းထန်လှသော မြင်းခွာသံကြီးများမှာ အရပ်လေးမျက်နှာမှနေ၍ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး၊ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် နိုင်ငံအသီးသီးမှ အသက်ရှင် ကျန်ရစ်နေသေးသော စစ်တပ် များနှင့် ပြည်သူများအားလုံးမှာ နေရာအနှံ့အပြားမှနေ၍ ယိုကျိုး နယ်မြေအတွင်းသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်လာကြတော့သည်။
"လက်နက်တွေ အားလုံး ချထားခဲ့ကြ"
ယိုကျိုး နယ်မြေအတွင်း၌ အပြည့်အဝ လက်နက် တပ်ဆင်ထားသော မဟာထန်၏ စစ်သည်အမြောက်အမြားမှာ အစောကြီး ကတည်းက နေရာယူထားခဲ့ပြီး ရှေ့သို့ ထွက်လာကြတော့သည်။
သတ္တု အချင်းချင်း ရိုက်ခတ်သော အသံကြီးများ နှင့်အတူ မရေမတွက်နိုင်သော လက်နက်များမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကြပြီး၊ နိုင်ငံအသီးသီးမှ စစ်သည်များ အားလုံးမှာလည်း လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြတော့သည်။
ယိုကျိုးနယ်မြေအတွင်း၌ သူတို့ကို လက်နက်ကိုင်ဆောင်ခွင့် ဝမ်ချောင်က လုံးဝ ခွင့်ပြုပေးမည် မဟုတ်ပါချေ။
"အခု ယွီစန်း အင်ပါယာ တစ်ခုတည်းပဲ ကျန်တော့တယ်"
ဝမ်ချောင်သည် ယိုကျိုး အန်းတုံ စစ်အုပ်ချုပ်ရေးမှူးရုံး၏အခန်းအတွင်း၌ မတ်တပ်ရပ်နေခဲ့ပြီး ဖွင့်ထားသော ပြတင်းပေါက်မှနေ၍ အပြင်ဘက်တွင် ရှုပ်ထွေး များပြားနေသော လူအုပ်ကြီး၏အလုပ်များနေသော မြင်ကွင်းကို ကြည့်ရင်း တိတ်ဆိတ်စွာ ရေရွတ်လိုက်တော့သည်။
……
တစ်ချိန်တည်း လိုလိုပင် အနောက်မြောက်ပိုင်း၏ သံမဏိ မြို့တော်။
လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး နှင်းပွင့်များ အဆက်မပြတ် ကျဆင်းနေခဲ့ရာ နေရာတိုင်းမှာ လုံးဝဖြူဖွေးနေတော့သည်။
ယခင်က ဖြစ်ပွားခဲ့သော စစ်ပွဲကြီး ပြီးဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရက်အနည်းငယ်မျှ ပြုပြင မွမ်းမံမှုများကို လုပ်ဆောင်ပြီးနောက်၊ မူလက အလွန်အမင်း ပျက်စီး ယိုယွင်းနေခဲ့သော သံမဏိ မြို့တော်ကြီးမှာ ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ပြီး၊ အလွန်ခိုင်မာလှသော သံမဏိမြို့ရိုးများနှင့် အခြားသော ခုခံကာကွယ်ရေး အဆောက်အအုံများကိုလည်း ပြန်လည် ပြုပြင် မွမ်းမံပြီး ပိုမို ခိုင်မာအောင် လုပ်ဆောင်ထားခဲ့ပြီ ပင်ဖြစ်သည်။
"ဟီး ဟီး"
အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက သံမဏိမြို့တော်ကြီး၏ ဘေးပတ်ဝန်းကျင်တွင် ဝူရှန်းသံချပ်ကာမြင်းစီးတပ် စစ်သည် များမှာ အဆက်မပြတ် လှည့်လည် သွားလာနေခဲ့ပြီး အရပ်လေးမျက်နှာကို အပြည့်အဝ စောင့်ကြပ် ကြည့်ရှုနေကြတော့သည်။
တာ့လုံချင်းလင်က ယွီစန်း စစ်တပ် ကြီးကို ဦးဆောင်ပြီး နောက်ပြန် ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည် ဆိုသော်ငြားလည်း၊ သံမဏိ မြို့တော် ကြီး၏ အတွင်း၌မူ အလွန်အမင်း တင်းကျပ်လှသော လုံခြုံရေး အစီအမံ များကို ဆက်လက် ချမှတ်ထားဆဲ ပင်ဖြစ်သည်။ မြို့ရိုး၏ အထက်တွင် မရေမတွက်နိုင်သော စစ်သည်များမှာ အပြည့်အဝ လက်နက်တပ်ဆင်ထားကြပြီး ဘေးပတ်ဝန်းကျင်၏ လှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်နေကြတော့သည်။
သို့သော် ယခင်နေ့ရက်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယနေ့ သံမဏိမြို့တော်ကြီးမှာ အနည်းငယ် ကွဲပြားခြားနား နေတော့သည်။
သံမဏိ မြို့တော် ကြီး၏ အရှေ့ဘက်၊ အရှေ့ဘက် မြို့တံခါး နှင့် မလှမ်းမကမ်း နေရာတွင် ချင်းယန်သခင်လေး၊ လီကျွင်းရှန်းတို့အပြင် ဟူးဘားရှ်တို့ အားလုံးမှာ စုဝေးနေကြပြီး၊ သူတို့၏နောက်ကျောဘက်တွင် မဟာထန်နှင့် အနောက်တာ့ခ်မှ ဗိုလ်ချုပ် အများအပြားလည်း စုံလင်စွာ ရှိနေကြကာ အတန်းပေါင်းများစွာ စီတန်း ရပ်နေကြပြီး၊ တစ်စုံတစ်ခုကို တိတ်ဆိတ်စွာ မျှော်လင့်စောင့်စားနေသည့်အလားပင်ဖြစ်နေတော့သည်။
ခဏမျှ အချိန်လေး အတွင်းမှာပင် အနည်းငယ်မျှ ကြိုတင်သတိပေးချက်လုံးဝမရှိဘဲ၊ သူတို့သုံးဦး၏ရှေ့မှောက်ရှိ မြေပြင်ပေါ်တွင် လေစီးကြောင်းများ ရုတ်တရက် လှုပ်ရှား ပြောင်းလဲလာခဲ့ပြီး နှင်းပွင့်များ လေထဲသို့ လွင့်စင်တက်သွားကာ လျင်မြန်စွာပင် စက်ဝိုင်းပုံစံ ဝဲဂယက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မြေပြင်ပေါ်တွင် ရေလှိုင်းလေးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။
နောက်တစ်ခဏတွင် အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုမှာ မြေအောက်မှနေ၍ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ အကြည့်များရှေ့သို့ ရောက်ရှိလာတော့သည်။
"အရှင်"
ပေါ်ထွက်လာသော ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏မျက်ဝန်းများ တောက်ပလင်းလက်သွားခဲ့ပြီး တစ်ပြိုင်နက်တည်းပင် ရှေ့သို့ တိုးသွားကာ ခေါင်းငုံ့အရိုအသေ ပေးလိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင် အလွန်ဝမ်းသာ ပျော်ရွှင်နေသော အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။
မြေအောက် မှနေ၍ ရုတ်တရက် ပေါ်ထွက်လာသော ထို ပုံရိပ်မှာ အခြား သူ လုံးဝ မဟုတ်ဘဲ ဝမ်ချောင်၏ ပထမကိုယ်ပွားဖြစ်သော ကမ္ဘာမြေ ရှန်ထိုက်ပင်ဖြစ်သည်။
ဝမ်ချောင်၏ ကမ္ဘာမြေ ရှန်ထိုက်မှာ မြေအောက်တွင် လွတ်လပ်စွာ သွားလာနိုင်စွမ်း ရှိပြီး၊ ဤကဲ့သို့သော ရာသီဥတုမျိုးတွင် လေအေးများနှင့် ရေခဲနှင်းများ၏ သက်ရောက်မှုကို လုံးဝခံစားရမည် မဟုတ်ပါချေ။ ဤမျှသာမက မြေအောက်မှနေ၍ ခရီးသွားလာနိုင်သော အမြန်နှုန်းမှာလည်း လုံးဝတွေးတော မှန်းဆ၍ပင် မရနိုင်လောက်အောင် လျင်မြန်လွန်းလှရာ၊ ဤသည်မှာ ဝမ်ချောင်က သူ့ကို ဤနေရာရှိ အခက်အခဲများကို ဖြေရှင်းရန်အတွက် သံမဏိမြို့တော်ကြီးဆီသို့ ဦးစွာစေလွှတ်လိုက်သည့် အဓိကအကြောင်းအရင်း ပင်ဖြစ်သည်။
"ထကြပါ၊ အားနာစရာ တွေ လုပ်နေဖို့ မလိုပါဘူး"
ဝမ်ချောင်က လက်ဝှေ့ယမ်းပြလိုက်သည်၊ လျင်မြန်စွာ ပင် မြေအောက် မှနေ၍ ခြေထောက် များကို ဆွဲထုတ်လိုက်ပြီး လူတိုင်း ရှိရာအရပ်ဆီသို့ လျှောက်လာတော့သည်။
"တာ့လုံချင်းလင်ဆီက သတင်း ရပြီလား”
အရှေ့မြောက်ပိုင်း ယိုကျိုး၏ စစ်ပွဲကြီး အဆုံးသတ်သွားသည့်အချိန်မှစတင်၍ ဝမ်ချောင်၏ကိုယ်ပွားမှာ ဤနေရာသို့ လျင်မြန်စွာ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် သံမဏိ မြို့တော်ကြီး၏ အတွင်း၌ အတိအကျ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို သူ လုံးဝမသိရှိခဲ့ရဘူး ဆိုသော်ငြားလည်း၊ ဝမ်ချောင်က မြို့တွင်း ရှိ အခြေအနေ များကို တစ်ချက် လှမ်းကြည့်လိုက်ရုံ ဖြင့်ပင်၊ သူ၏စစ်ဗျူဟာမှာ အောင်မြင်မှု ရရှိသွားခဲ့ပြီ ဆိုတာကို အပြည့်အဝ နားလည် သဘောပေါက်လိုက်တော့သည်။
"မရသေးပါဘူး၊ ဝမ်ရယ်ရဲ့စာကို ရရှိပြီး ကတည်းက တာ့လွန်ချင်းလင်က ယွီစန်း အင်ပါယာ ရဲ့ စစ်တပ်တွေကို ဦးဆောင်ပြီး အားလုံး နောက်ပြန်ဆုတ်ခွာသွားခဲ့ပါတယ်၊ ဘယ်နေရာကို ရောက်သွားလဲ ဆိုတာကိုတော့ လုံးဝ မသိရသေးပါဘူး"
ချင်းယန်သခင်လေး က ရိုသေလေးစားစွာ ဖြင့် ဆိုလိုက်တော့သည်။
"အင်း"
ဝမ်ချောင်မှာ ခေါင်းညိတ်ပြလိုက်သည်၊ အနည်းငယ်မျှ အံ့ဩသွားခြင်း လုံးဝ မရှိပါချေ။
"ဝမ်ရယ်၊ ရှေ့ဆက် ပြီး ယွီစန်းကို သွားရောက် တိုက်ခိုက်ဖို့ လိုအပ် သေးလား”
ဟူးဘားရှ်မှာ ရှေ့သို့ တစ်လှမ်း တိုးကာ ရုတ်တရက် မေးမြန်းလိုက်တော့သည်။
ဝမ်ချောင်သံမဏိ မြို့တော်ကြီဆီသို့ ရောက်ရှိလာခြင်း အတွက် အပျော်ရွှင်ဆုံး သူမှာ ဟူးဘားရှ် ပင်ဖြစ်မည်မှာ သေချာလှပေသည်။
အနောက်မြောက်ပိုင်း စစ်ပွဲတွင် ယွီစန်းနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရရာ ဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်ခဲ့ရသည်မှာ အနောက်တာ့ခ် အင်ပါယာ ပင်ဖြစ်သည်။ သံမဏိ မြို့တော်ကြီး၏ အတွင်းရှိ အဓိက စစ်တပ် ကြီးမှာ အနောက်တာ့ခ်မှ စစ်တပ်များသာလျှင် ဖြစ်ပေသည်။
အနောက်တာ့ခ်များမှာ သူတို့၏အသက်များကို ရင်းပြီး ယွီစန်းများ၏ တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်ခိုက်လာမှု များကို အသေအလဲ ဟန့်တားခုခံခဲ့ရခြင်းပင်ဖြစ်သည်။
သို့သော် ယခုဝမ်ချော င်ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ အရာရာတိုင်းမှာလည်း လုံးဝ အပြည့်အဝ အဆုံးသတ်သွားခဲ့ပြီ ပင်ဖြစ်သည်။
အနောက်မြောက်ပိုင်း စစ်ပွဲမှာ အမှန်တကယ်ပင် အနိုင်ရရှိသွားခဲ့ပြီ ပင်ဖြစ်သည်။
ဤမျှသာမက ယိုကျိုးတွင် ကြီးမားလှသော အောင်ပွဲကြီးကို ရရှိသွားခဲ့ပြီဖြစ်ရာ၊ အရပ်လေးမျက်နှာလုံးတွင် မဟာထန်ကို အညံ့မခံသေးသည့် အင်အားစုဆို၍ တာ့လွန်ချင်းလင် ဦးဆောင်သော ယွီစန်းအင်ပါယာတစ်ခုတည်းသာလျှင် ကျန်ရှိနေတော့သည်။
အနောက်တာ့ခ်မှာ မိမိ၏အင်ပါယာ၏ ကံကြမ္မာကို မဟာထန်၏အပေါ်တွင် လောင်းကြေးထပ်ခဲ့ပြီး ဤသမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော အလွန်အမင်း ကြီးမားလှသည့် အင်ပါယာကြီး၏ စစ်ပွဲကြီးအတွင်း၌ ပါဝင်ခဲ့သည်။ နောက်ဆုံးတွင်မူ အရာရာတိုင်းက ဟူးဘားရှ်၏ အစောပိုင်းရွေးချယ်မှုမှာ လုံးဝမှန်ကန်နေခဲ့ကြောင်းကို အပြည့်အဝ သက်သေပြနေပြီ ပင်ဖြစ်သည်။
ဘေးပတ်ဝန်းကျင်ရှိ အင်ပါယာများထဲတွင် မဟာထန်၏ တစ်ခုတည်းသော မဟာမိတ်ဖြစ်သည့် အတွက်ကြောင့်၊ နောင်အနာဂတ်တွင် မဟာထန်က လောကကြီး တစ်ခုလုံးကို အုပ်စိုးသည့်အချိန် တွင်၊ အနောက်တာ့ခ် အနေဖြင့် လည်း ဤအရာ မှနေ၍ အကျိုးအမြတ်များစွာ ရရှိလိမ့်မည်ဟု ဟူးဘားရှ် အပြည့်အဝ ယုံကြည်နေတော့သည်။
ပျောက်ကွယ်သွားသော တာ့လွန်ချင်းလင်နှင့် ပတ်သက်၍မူ ဟူးဘားရှ်အနေဖြင့် အများကြီး စိုးရိမ် ပူပန်နေခြင်း လုံးဝမရှိပါချေ။ ဝမ်ချောင်ဤနေရာ တွင် ရှိနေသရွေ့ သူတို့အနေဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ရန် လုံးဝ မဖြစ်နိုင်ပါချေ။
"မလိုတော့ဘူး၊ တာ့လွန်ချင်းလင်က သူ့ဘာသာသူ လာလိမ့်မယ်၊ ပြီးတော့ ယွီစန်း အင်ပါယာက အစောကြီး ကတည်းက ရှုံးနိမ့်သွားခဲ့ပြီးသား ပါ"
ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် အသံနိမ့်နိမ့်ဖြင့် ဆိုလိုက်တော့သည်။
"အာ.."
ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ အလွန်အမင်း အံ့ဩသွားကြတော့သည်။
ဝမ်ချောင်က သံမဏိ မြို့တော်ကြီးသို့ လာရောက်ခဲ့ခြင်းမှာ တာ့လွန်ချင်းလင်ကို ကိုင်တွယ် ဖြေရှင်းရန်အတွက် လာရောက်ခဲ့ခြင်း မဟုတ်ဘူးလား။ ဘာဖြစ်လို့ ယွီစန်းအင်ပါယာက အစောကြီး ကတည်းက ရှုံးနိမ့်သွားခဲ့ပြီလို့ ပြောရတာလဲ။
"ချင်းယန်သခင်လေး၊ ငါ မင်းကို လုပ်ခိုင်းထားတဲ့ ကိစ္စ ပြီးပြီလား”
ဝမ်ချောင်က ဆက်လက် ရှင်းပြနေခြင်း လုံးဝမရှိဘဲ၊ သူ၏ရှေ့ဆုံးတွင် ရပ်နေသော ချင်းယန်သခင်လေးကို ကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်တော့သည်။
"ဝမ်ရယ်၊ အားလုံး အဆင်သင့် ဖြစ်နေပါပြီ"
ချင်းယန်သခင်လေးမှာ ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး လျင်မြန်စွာပင် သတိပြန်ဝင်လာကာ ပြန်လည်ဖြေကြားလိုက်တော့သည်။
"အင်း အဲဒီ အလံကို လွှင့်ထူလိုက်တော့၊ ကျန်တဲ့ ကိစ္စတွေကို ငါ့ကိုသာ လွှဲထားလိုက်"
ဝမ်ချောင်က ဤစကားကို ပြောဆိုပြီးနောက် လက်အင်္ကျီအနားစကို တစ်ချက် ခါလိုက်ပြီး၊ လျင်မြန်စွာပင် ခြေလှမ်းများကို လှမ်းလျက် သံမဏိမြို့တော်ကြီး၏အဓိက ခန်းမကြီး ရှိရာ အရပ်ဆီသို့ လျှောက်သွားလိုက်တော့သည်။
အရှေ့မြောက်ပိုင်းတွင် ဖြေရှင်းရန် လိုအပ်နေသောကိစ္စ အများအပြား ကျန်ရှိနေသေးသည်ဖြစ်ရာ ဝမ်ချောင်အနေဖြင့် ဤကိစ္စ၏အပေါ်တွင် အချိန်အကြာကြီး အသုံးပြုရန် လုံးဝမရည်ရွယ်ထားပါချေ။
"ဖျပ်"
လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ခဏမျှအချိန်လေးအတွင်းမှာပင် သံမဏိ မြို့တော်ကြီး၏ အဓိကခန်းမကြီးအပေါ်တွင်၊ ဧရာမ အလံတစ်ခုမှာ ဖြည်းညင်းစွာ မြင့်တက်လာခဲ့သည်။ အလံမှာ လေထဲတွင် တလွင့်လွင့် လွင့်ပျံနေခဲ့ရာ၊ နှင်းမုန်တိုင်းကြီး၏ အတွင်း၌ တဖျပ်ဖျပ်မြည်သံများ ထွက်ပေါ်နေခဲ့ပြီး အလွန်သိသာ ထင်ရှားနေတော့သည်။
ထို စစ်အလံကြီး၏ အလယ်ဗဟိုတွင်မူ အလွန်ကြီးမားလှသော "ဝမ်" ဆိုသည့် စာလုံးကြီး တစ်လုံးမှာ ခိုင်မာတောင့်တင်းပြီး ခွန်အားများ အပြည့်အဝ ပါဝင်နေသည့်အလား ပင်ဖြစ်ကာ၊ လူတိုင်းကို အလွန်အမင်း ခမ်းနားကြီးကျယ်လှသည့် ခံစားချက် ကြီး တစ်ခုကို ပေးစွမ်းနေတော့သည်။ အလွန်အမင်း ဝေးကွာသော နေရာ မှနေ၍ ပင်လျှင် ထို မောက်မာ ဝင့်ကြွားလှသော အရှိန်အဝါ ကြီးကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။
အရပ်လေးမျက်နှာလုံးတွင် မဟာထန်၏ နဂါး စစ်အလံမှလွဲ၍၊ ဤမျိုးနွယ်ခြားဘုရင်ကြီး၏ အမှတ်အသားဖြစ်သော စစ်အလံလောက် ဩဇာ သက်ရောက်မှု ကြီးမားသည့် စစ်အလံမျိုး နောက်ထပ် လုံးဝရှိတော့မည် မဟုတ်ပါချေ။
သံမဏိ မြို့တော်ကြီး၏အတွင်း၌ အလွန်အမင်း တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ လိမ်ကောက်နေသော မက်မွန်ပင် ကြီးများမှာ လေအေးများအတွင်း၌ အပြင်းအထန် ဖူးပွင့်နေကြပြီး၊ လန်းဆန်း တက်ကြွနေသောအသွင်များဖြင့် မွှေးကြိုင်လှသော ရနံ့ များကို အဆက်မပြတ် ထုတ်လွှတ်နေတော့သည်။
ထိုမက်မွန်ပင်ကြီးများ၏အကြားတွင် မရေမတွက်နိုင်သော အကြည့်များမှာ ကောင်းကင်ယံသို့ မော့ကြည့်နေကြပြီး၊ လေထဲတွင် တလွင့်လွင့် လွင့်ပျံနေသော မျိုးနွယ်ခြားဘုရင်၏ စစ်အလံကို လှမ်းကြည့်ကာ ရင်ထဲ၌ အသီးသီး တွေးတော မှန်းဆ နေကြပြီး အတွေးပေါင်း များစွာ အဆက်မပြတ် ဖြတ်ပြေးနေတော့သည်။
ဝမ်ချောင်က ဘာဖြစ်လို့ ဤကဲ့သို့ လုပ်ဆောင်ရသနည်းဆိုတာကို မည်သူ တစ်ဦးတစ်ယောက်မှ လုံးဝမသိရှိကြပါချေ၊ သို့သော် လူတိုင် က သေချာပေါက် သိရှိထားသည်မှာ ဝမ်ချော င်ဤကဲ့သို့ လုပ်ဆောင်ခြင်းတွင် သေချာပေါက် ခိုင်လုံသော အကြောင်းပြချက် တစ်ခု ရှိနေမည်ပင်ဖြစ်သည်။
ဝမ်ချောင်၏ အမှတ်အသားဖြစ်သော ထိုဧရာမစစ်အလံကို လွှင့်ထူလိုက်ပြီး မကြာမီ အချိန်လေးအတွင်းမှာပင်၊ အဝေးရှိ နှင်းများ စုပုံနေသောနေရာ၏ အောက်ဘက် လူတိုင်းသတိမထားမိသော နေရာတစ်နေရာတွင်၊ တောက်ပ လင်းလက်လှသော မျက်လုံးအစုံမှာ သံမဏိမြို့တော်ကြီး၏ အထက်ကောင်းကင်ယံတွင် လွင့်ပျံနေသော စစ်အလံကို တင်းကျပ်စွာ စိုက်ကြည့်နေခဲ့သည်။ နောက်တစ်ခဏတွင် ဖွပ်ခနဲ မြည်သံနှင့်အတူ မြေပြင်ကို တွန်းဖွင့်လိုက်ပြီး ထိုပုန်းအောင်းနေသော ပုံရိပ်မှာ မျောက်ဝံတစ်ကောင်အလား နှင်းများအောက်မှနေ၍ ရုတ်တရက် ခုန်ထွက်လာခဲ့ကာ၊ အံ့ဩထိတ်လန့်ဖွယ် ကောင်းလှသော အမြန်နှုန်းဖြင့် အနောက်မြောက်ဘက် အရပ်ဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့ပြီး ပျောက်ကွယ်သွားတော့သည်။
ပြင်းထန်လှသော မြည်ဟည်းသံကြီးတစ်ခုမှာ ခဏမျှ အချိန်လေး အတွင်းမှာပင် အနောက်မြောက်ဘက် အရပ်ဆီမှနေ၍ ရုတ်တရက် လွင့်ပျံလာတော့သည်။
"ရန်သူ တွေ လာနေပြီ"
မြင့်မားလှသော မြို့ရိုးကြီး၏ အပေါ်တွင် ကင်းစောင့်နေသော မဟာထန်၏ စစ်သည်တစ်ဦးမှာ အဝေးမှ ဖြစ်ပျက်နေသော အပြောင်းအလဲများကို မြင်တွေ့လိုက်ရသည့်အခါ ရုတ်တရက် အလွန်အမင်း ကျယ်လောင် စူးရှစွာဖြင့် အော်ဟစ်လိုက်တော့သည်။
"ဝုန်း"
ဤအသံကြီးနှင့်အတူ မျက်တောင်တစ်ခတ် အတွင်းမှာပင် သံမဏိ မြို့တော်ကြီး တစ်ခုလုံးမှာ ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး လေထုတစ်ခုလုံးမှာ တင်းမာသွားတော့သည်။
မရေမတွက်နိုင်သော စစ်သည်များမှာ မြို့ရိုး၏ အထက်သို့ အဆက်မပြတ် တက်လာကြပြီး၊ လေးများကို ဆွဲထားကာ ခုခံကာကွယ်ရန်အတွက် အသင့်ပြင်ဆင်လိုက်ကြတော့သည်။
လူတိုင်း၏အကြည့်များ ရှေ့မှာပင် စစ်မြင်းများ၏ဟီသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး၊ အနောက်မြောက်ဘက်အရပ်ရှိ ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်နေသော လိပ်တက်နေသည့် သွေးရောင် မြူခိုးများ၏ အတွင်း၌၊ စစ်တပ်ကြီးတစ်ခုမှာ ဒီရေလှိုင်းလုံးကြီးများအလား အပြင်းအထန် ပြေးဝင်လာနေတော့သည်။
"ယွီစန်းတွေပဲ"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏ ရင်ထဲ၌ ပိုမို၍ တင်းမာသွားကြတော့သည်။
ရက်စက်ကြမ်းတမ်းလှသော မြို့ကာကွယ်ရေး တိုက်ပွဲကြီးများကို အကြိမ်ကြိမ်အခါခါ ဖြတ်သန်းခဲ့ရပြီးနောက် ယခုအချိန်တွင် လူတိုင်းမှာ ဤယွီစန်း လူမျိုးများ၏ ကြောက်မက်ဖွယ် ကောင်းလှသည့် အတိုင်းအတာကို ရှင်းလင်းစွာ နားလည် သဘောပေါက်နေကြပြီ ပင်ဖြစ်သည်။
"အရှင် ယွီစန်းတွေ တကယ်ကြီး ပေါ်လာပြီ"
မြင့်မားလှသော မြို့ရိုး ကြီး၏ အပေါ်တွင် အဝေးမှ မြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ ချင်းယန်သခင်လေး၊ ဟူးဘားရှ် နှင့် လီကျွင်းရှန်းတို့မှာ သူတို့၏ ရှေ့မှောက်တွင် ရှိနေသော ဝမ်ချောင်ကို ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ရင်ထဲ၌ ပြောမပြတတ်အောင် ထူးဆန်းလှသော ခံစားချက်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
စစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ယွီစန်းများမှာ အနောက်ဘက်သို့ အပြည့်အဝ ဆုတ်ခွာသွားခဲ့ပြီး လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းမှာ သူတို့ကို ရှာဖွေရန်အတွက် ကြီးမားလှသော အားထုတ်မှုများကို ပြုလုပ်ခဲ့သော်ငြားလည်း အောင်မြင်မှု လုံးဝ မရရှိခဲ့ပါချေ။
ချီရှီဒေသရှိ စစ်စခန်းကြီးမှာ လုံးဝဟင်းလင်း ဖြစ်နေခဲ့ပြီး လူတစ်ယောက်မှ လုံးဝရှိမနေခဲ့ပါချေ။
ကမ္ဘာလောကကြီးမှာ အလွန်အမင်း ကြီးမားကျယ်ပြန့်လွန်းလှသည်၊ ယွီစန်းများမှာ အနောက်မြောက်ပိုင်းမှနေ၍ လုံးဝ အမြစ်ပြတ် ပျောက်ကွယ်သွားသည့်အလား ပင်ဖြစ်နေတော့သည်။ လူတိုင်းကပင်လျှင် သူတို့အနေဖြင့် ယွီစန်းကုန်းပြင်မြင့်ပေါ်သို့ ပြန်ဆုတ်ခွာသွားခဲ့ပြီလားဟု သံသယ ဝင်နေခဲ့ကြပြီ ပင်ဖြစ်သည်။
သို့သော် သူတို့၏ ရှေ့မှောက်တွင် ဖြစ်ပျက်နေသော အခြေအနေအရဆိုလျှင် သူတို့၏တွေးတော မှန်းဆချက်များ အာလုံးမှာ လုံးဝမှားယွင်းနေခဲ့ပြီ ပင်ဖြစ်သည်။
တာ့လွန်ချင်းလင်မှာ စစ်တပ်များအားလုံးကို ဦးဆောင်ပြီး အဝေးသို့ ထွက်ခွာသွားခဲ့ခြင်း လုံးဝမဟုတ်ဘဲ အနီးအနား ရှိ နေရာ တစ်နေရာတွင် ပုန်းအောင်းနေခဲ့ခြင်းပင်ဖြစ်သည်။
ဤအချက်ကို ကြည့်မည်ဆိုလျှင် တာ့လွန်ချင်းလင်၏ စွမ်းရည်မှာ လူတိုင်းထက် အများကြီး သာလွန်နေသည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် အံ့ဩစရာ အကောင်းဆုံးသော အချက်မှာ အရာရာတိုင်းမှာ ဝမ်ချောင်အရင်က ပြောခဲ့သည့် အတိုင်းပင် အတိအကျ ဖြစ်ပျက်နေခြင်း ဖြစ်သည်။ ဝမ်ချောင်၏မျိုးနွယ်ခြားဘုရင် အမှတ်အသားဖြစ်သော ထိုဧရာမစစ်အလံကို လွှင့်ထူလိုက်သည်နှင့် တစ်ပြိုင်နက်တည်းတွင်၊ ထိုပျောက်ကွယ်သွားခဲ့သော ယွီစန်းများမှာ တစ်စုံတစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရသည့်အလား အရပ်လေးမျက်နှာ မှနေ၍ ရုတ်တရက် အပြင်းအထန် ပြေးဝင်လာကြခြင်းပင်ဖြစ်သည်။
******