အခန်း ၂၂၆၀
Vol. 140 Ch. 2260
အခန်း (၂၂၆၀) ယွီစန်း၏ အညံ့ခံခြင်း
"ဝုန်း"
မြို့ပြင်ရှိ စစ်တပ်ကြီးကို မြင်တွေ့လိုက်ရသည့်အခါ သံမဏိ မြို့တော်ကြီးအတွင်း၌ မဟာထန်၏ စစ်တပ်ကြီး လျင်မြန်စွာ လှုပ်ရှားလာခဲ့ပြီး လူတိုင်းမှာ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြင်းထန်သော တိုက်ပွဲကြီးအတွက် ကြိုတင် ပြင်ဆင်လိုက်ကြတော့သည်။
ယွီစန်း လူမျိုးများမှာ တိုက်ပွဲဝင်ရာတွင် အလွန်အမင်း ရဲရင့်ကြမ်းတမ်းကြပြီး သေခြင်းတရားကိုပင် မကြောက်ရွံ့ကြရာ သူတို့ကို ပြန်လည် ဆုတ်ခွာသွားစေရန် ဆိုသည်မှာ လုံးဝ မလွယ်ကူလှပေ။
"အလံဖြူ… သူတို့ အလံဖြူ လွှင့်ထူလိုက်ပြီ"
လူတိုင်းမှာ နောက်ဆက်တွဲ တိုက်ပွဲကြီးကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်နေကြသည့် အချိန်လေး အတွင်းမှာပင်၊ ရုတ်တရက် မဟာထန်၏ ဗိုလ်ချုပ်တစ်ဦးမှာ အဝေးသို့ လှမ်းကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
ကုန်းမြေဒေသကြီး တစ်ခုလုံးတွင် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ကိုယ်ပိုင် ထူးခြားသော အလံများ ရှိကြသည်။ သို့သော် ယခုလက်ရှိအချိန်တွင် မဟာထန်နှင့် အာရပ်အင်ပါယာတို့၏ စစ်ပွဲကြီး နောက်ပိုင်းတွင်၊ ဝမ်ချောင်၏ သြဇာ လွှမ်းမိုးမှုကြောင့် လူတိုင်းမှာ အဖြူရောင်အလံက မည်သို့သော အဓိပ္ပာယ် ရှိသည်ကို အပြည့်အဝ နားလည်သဘောပေါက် နေကြပြီဖြစ်သည်။
အညံ့ခံခြင်း။
ယခင်က ဤကဲ့သို့သော အလေ့အထမျိုး ရှိချင်မှ ရှိလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ လူတိုင်းက ဤစည်းမျဉ်းကို အပြည့်အဝ လက်ခံထားကြပြီပင်ဖြစ်သည်။
ယွီစန်းတွေက အညံ့ခံ ချင်တယ် ပေါ့။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ထိုမျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် လူတိုင်းမှာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မြို့ရိုးပေါ်ရှိ စစ်သည်များပင်လျှင် အနည်းငယ် တွေဝေငေးမောသွားကြတော့သည်။ ယွီစန်းတွေက ဘာလုပ်ချင်နေတာလဲ။ လှည့်စားချင်နေတာ လား။
မြို့တံခါး တွေကို ဖွင့်ပေးအောင် လှည့်စားချင်နေတာ ပေါ့။
သို့သော် လူတိုင်းကို အံ့ဩသွားစေမည့်ကိစ္စမှာ ဤမျှသာမက သေးပါချေ။
"ဝုန်း"
မြို့ပြင် တွင် ယွီစန်း၏ စစ်တပ်ကြီးမှာ သံမဏိ မြို့တော်ကြီး နှင့် တစ်စထက်တစ်စ ပိုမို နီးကပ်လာနေတော့သည်။
လျင်မြန်စွာပင် လူတိုင်းမှာ ထိုယွီစန်း စစ်တပ်ကြီး၏ အတွင်း၌ အစွမ်းထက်လှသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည့် ယွီစန်း ဗိုလ်ချုပ် အယောက် ငါးဆယ်ခန့် ရှိနေသည်ကို သတိပြုမိသွားကြတော့သည်။ အထူးခြားဆုံးသော အချက်မှာ လူတိုင်း၏ အကြည့်များ ရှေ့မှာပင် သူတို့၏ နောက်ကျောဘက် တွင် အကျဉ်းလှည်းတစ်စီးကို လုံခြုံစွာ စောင့်ကြပ် ခေါ်ဆောင်လာကြခြင်း ပင်ဖြစ်သည်။
"ဒီယွီစန်းတွေ ဘာလုပ်နေကြတာလဲ"
လူတိုင်းမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဤယွီစန်းများက သူတို့၏ဘူးသီးခါးတွေထဲမှာ ဘယ်လိုဆေးတွေ ရောင်းဖို့ လုပ်နေကြသလဲ ဆိုတာကို လုံးဝမသိရှိကြပါချေ။
တစ်စထက်တစ်စ ပိုမိုနီးကပ်လာခဲ့ပြီး အကျဉ်းလှည်းအတွင်းရှိ လူကို မြင်တွေ့လိုက်ရသည့်အခါ မျက်တောင်တစ်ခတ် အတွင်းမှာပင် လူတိုင်း၏ မျက်နှာအမူအရာ များ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"တာ့လုံချင်းလင် "
မြို့ရိုး၏ အထက် တွင် ချင်းယန်သခင်လေး၊ လီကျွင်းရှန်း၊ မဟာထန် နှင့် အနောက်တာ့ခ်မှ ဗိုလ်ချုပ်များအားလုံး၏ မျက်နှာများ ပေါ်တွင် အလွန်အမင်း အံ့ဩ တုန်လှုပ်နေသော အရိပ်အယောင် များ ပြည့်နှက်သွားတော့သည်။
အကျဉ်းလှည်း၏အတွင်း၌ စောင့်ကြပ် ခေါ်ဆောင်လာခြင်းကို ခံရသော ထို ပုံရိပ်မှာ အခြားသူ လုံးဝ မဟုတ်ဘဲ ယခင်က သူတို့အားလုံးကို ကြီးမားလှသော ဖိအားများကို ပေးစွမ်းခဲ့ပြီး၊ အနောက်မြောက်ပိုင်း၏ သံမဏိမြို့တော်ကြီးကိုပင်လျှင် အချိန်မရွေး ကျဆုံးသွားလုနီးပါး အခြေအနေသို့ ရောက်ရှိသွားစေခဲ့သော တာ့လွန်ချင်းလင် ပင်ဖြစ်သည်။
ယခင်က အလွန်အမင်း အေးဆေးတည်ငြိမ်စွာ ဖြင့် စကားပြောဆို ဆွေးနွေးလေ့ ရှိပြီး ခန့်ညား ဝင့်ကြွားလှသော အသွင်များနှင့် လုံးဝမတူညီဘဲ၊ ဤအကျဉ်းလှည်း အတွင်းရှိ တာ့လွန်ချင်းလင်မှာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာတစ်ခုလုံး ညစ်ပေနေကာ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်စလုံးတွင်လည်း သံကြိုးများ တင်းကျပ်စွာ ခတ်နှောင်ခံထားရပြီး လုံးဝ အပြစ်သားတစ်ဦး၏ပုံစံအတိုင်းပင်ဖြစ်နေတော့သည်။
"ယွီစန်းတွေ ဘာတွေ လုပ်နေကြတာလဲ။ သူတို့က ယွီစန်း အင်ပါယာအတွက် အသက်ရှင် လွတ်မြောက်နိုင်မယ့် လမ်းကြောင်းတစ်ခု ရရှိဖို့အတွက် စစ်တပ်တွင်း ပုန်ကန်မှု အတူတူလုပ်ပြီး တာ့လွန်ချင်းလင်ကို အကျဉ်းချ ထားလိုက်ကြတာလား"
မြို့ရိုး၏ အထက်တွင် မဟာထန်၏ ဗိုလ်ချုပ်များအားလုံးမှာ အထူးသဖြင့် ယခင်က ယွီစန်းများနှင့် ရင်ဆိုင်တိုက်ခိုက်ဖူးသော ဗိုလ်ချုပ်များမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ကြီးမားလှသော တုန်လှုပ်မှုကြီးကို ခံစားလိုက်ရတော့သည်။
"မင်းတို့ အများကြီး တွေးနေကြပြီ၊ ဒီအရာတွေ အားလုံးက ငါတို့ရဲ့ ယွီစန်း နန်းရင်းဝန်ကြီးကိုယ်တိုင် ဖန်တီးထားတဲ့ ပြဇာတ်တစ်ပုဒ် ပဲ"
ဝမ်ချောင်မှာ အဝေးကို လှမ်းကြည့်ရင်း အေးဆေးတည်ငြိမ်စွာ ဖြင့် ပြုံးလိုက်ပြီးနောက်၊ စကားတစ်ခွန်းတည်းဖြင့် ဤပဟေဠိကြီး၏ အဖြေကို အပြည့်အဝ ဖွင့်ဟပြသလိုက်တော့သည်။
ယွီစန်းတွေက ပုန်ကန်ပြီး တာ့လွန်ချင်းလင်ကို အကျဉ်းချ ထားကြတယ် ပေါ့။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ဤကဲ့သို့သော လူမျိုးမှာ ယွီစန်း အင်ပါယာတွင် လုံးဝရှိမနေပါချေ။
ယွီစန်း ဧကရာဇ်ကိုယ်တိုင်ပင်လျှင် တာ့လွန်ချင်းလင်၏ ရှေ့မှောက်တွင် မျက်နှာချိုသွေး နေရသည်ဆိုမှတော့ အခြားလူများ၏အကြောင်းကို ဆက်လက် ပြောဆိုနေရန်ပင် မလိုအပ်တော့ပါချေ၊ တကယ်လို့ လူတစ်ယောက်ကသာ တာ့လွန်ချင်းလင်ကို အန္တရာယ်ပေးရန် ကြိုးပမ်းမည်ဆိုပါက သူ လက်ပင် မလှုပ်ရသေးမီ အခြားလူများ၏ကိုက်ဖြတ် စားသောက်ခြင်းကို ခံလိုက်ရမည်မှာ သေချာလှပေသည်။
ဤသည်မှာ တာ့လွန်ချင်းလင်၏ ယွီစန်း အင်ပါယာအတွင်းရှိ အဆင့်အတန်းကို အပြည့်အဝကိုယ်စားပြုနေခြင်းပင်ဖြစ်သည်။
"မင်းတို့ သူ့ရဲ့လက်ကို သေချာ ကြည့်လိုက်ရင် အားလုံး သိသွားပါလိမ့်မယ်"
ဝမ်ချောင်မှာ စကားပြောဆိုပြီးနောက် တည်ငြိမ်စွာဖြင့် ရယ်မောလိုက်တော့သည်။
ဝမ်ချောင်၏ စကားတစ်ခွန်းကြောင့် လူတိုင်းမှာ အဝေးရှိ အကျဉ်းလှည်းအတွင်းမှ တာ့လွန်ချင်းလင်ကို လျင်မြန်စွာ လှမ်းကြည့်လိုက်ကြသည်။ အချို့သောလူများမှာမူ တွေဝေငေးမောနေကြဆဲ ပင်ဖြစ်ပြီး ဝမ်ချောင့်စကား၏ အဓိပ္ပာယ်ကို လုံးဝ နားမလည်ကြပါချေ။
သို့သော် ချင်းယန်သခင်လေး၊ လီကျွင်းရှန်းတို့မှာ အလင်းရောင် တစ်ချက် လတ်သွားခဲ့ပြီး ချက်ချင်းပင် အရာရာကို အပြည့်အဝ နားလည် သဘောပေါက်သွားကြတော့သည်။
တာ့လွန်ချင်းလင်မှာ အကျဉ်းလှည်း၏ အတွင်း၌ ရှိနေသည် ဆိုသော်ငြားလည်း လက်နှင့် ခြေထောက်များတွင် အပြစ်သားများကို ခတ်နှောင်လေ့ရှိသော သံကြိုးများ လုံးဝရှိမနေပါချေ၊ ယခင်အတိုင်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်စွမ်း ရှိနေဆဲ ပင်ဖြစ်သည်။ ဤမျှသာမက သူ၏မျက်နှာမှာ အလွန်အမင်း ညစ်ပေနေသည် ဆိုသော်ငြားလည်း လက်များမှာမူ အလွန်အမင်း သန့်ရှင်း နေတော့သည်။
ဤအရာများ အားလုံးမှာ ပုံစံတစ်ခု သက်သက်သာဖြစ်ကြောင်း သိသာထင်ရှားလွန်းလှပေသည်။
"ကြည့်ရတာ ဒါက တာ့လွန်ချင်းလင်က မျိုးနွယ်ခြားဘုရင် ရောက်လာတယ်ဆိုတာကို သိသွားပြီးနောက် အထူးတလည် စီစဉ်ထားတဲ့ ပြဇာတ် တစ်ပုဒ် ဖြစ်ဖို့ များတယ်"
ချင်းယန်သခင်လေးနှင့် အခြားလူများ၏ ရင်ထဲ၌ တိတ်ဆိတ်စွာ တွေးတောလိုက်ကြတော့သည်။
အစွမ်းထက် သိုင်းပညာရှင်များ အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ရာတွင် အပြင်ပန်း သဏ္ဌာန်ကို အလွန်အမင်း ဂရုစိုက်လေ့ ရှိကြသည်။ သူတို့နှစ်ဦးမှာ ယခုမှသာလျှင် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံကြခြင်း ဖြစ်သည် ဆိုသော်ငြားလည်း၊ ဉာဏ်ပညာအပိုင်းတွင်မူ ပထမဆုံးအကြိမ် ရင်ဆိုင်တိုက်ခိုက်ရခြင်း လုံးဝမဟုတ်ပါချေ။
"သွားကြစို့၊ ငါနဲ့ အတူတူ လိုက်ခဲ့ကြ"
ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် ပြုံးလိုက်သည်။ လက်အင်္ကျီစကို တစ်ချက် ခါလိုက်ပြီးနောက် လျင်မြန်စွာပင် မြို့ရိုး၏ အထက်မှနေ၍ ပေါ့ပါးစွာ ဆင်းသက်သွားခဲ့ပြီး သူ၏ရှေ့မှောက်တွင် ဧရာမ ရေလှိုင်းကြီးများအလား ပြေးဝင်လာနေသော ယွီစန်း စစ်တပ်ကြီးဆီသို့ လျှောက်သွားလိုက်တော့သည်။
သူ၏နောက်ကျောဘက်တွင်မူ ချင်းယန်သခင်လေး၊ လီကျွင်းရှန်း၊ ဟူးဘားရှ်နှင့် အခြားသော လူများမှာလည်း အသီးသီး နောက်မှ လိုက်ပါသွားကြတော့သည်။
မြို့တံခါးကြီးများ ပွင့်သွားခဲ့သည်။ ပြင်းထန်လှသော တိုက်ပွဲကြီး စတင်ခဲ့သည့် အချိန်မှ စတင်၍ မဟာထန်၏ဘက်မှ ဤသို့ ပထမဆုံးအကြိမ် မြို့တံခါးများကို ကိုယ်တိုင် ဖွင့်ပေးလိုက်ခြင်းပင်ဖြစ်သည်။
လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည်။ ဝမ်ချောင်မှာ မဟာထန်၏ ထိပ်တန်း အစွမ်းထက် စစ်သည် ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး စနစ်ကျလှသော အတန်းများ ဖွဲ့စည်းကာ တစ်ဖက်သို့ လျှောက်သွားလိုက်တော့သည်။
တစ်ဖက်တွင် သုံးသိန်း ကျော်ခန့် ရှိသော ယွီစန်းစစ်တပ်ကြီးမှာ ထိုမြင်ကွင်းနှင့် ရှေ့ဆုံးမှဦးဆောင်လာသော လူငယ်ခေါင်းဆောင်လေးကို မြင်တွေ့လိုက်ရသည့်အခါ၊ မူလက ကျားများအလား အလွန်အမင်း ရက်စက် ကြမ်းတမ်းပြီး သံမဏိ မြို့တော်ကြီး၏ ကာကွယ်ရေး တပ်ဖွဲ့များကို အပြင်းအထန် တိုက်ခိုက်လိုစိတ်များ အပြည့်အဝ ရှိနေကြသော ယွီစန်းစစ်တပ်ကြီးမှာ၊လေပေါက်သွားသော ဘောလုံး တစ်လုံးအလား အရှိန်အဝါကြီးမှာ ချက်ချင်းပင် အများအပြား ကျဆင်းသွားတော့သည်။
ယွီစန်း၏ဗိုလ်ချုပ်များ အားလုံးမှာလည်း ခေါင်းကို အနည်းငယ် ငုံ့ထားလိုက်ကြပြီး မျက်ဝန်းထဲ၌ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေသော အရိပ်အယောင်များ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ယွီစန်း၏ နောက်ဆုံး ကျန်ရှိနေသေးသော ထိပ်တန်း ဗိုလ်ချုပ်ကြီး နန်ရီစုန့်ထျန်း၏ ရင်ထဲ၌ ပင်လျှင် ဤအခိုက်အတန့်၌ အလွန်အမင်း လေးလံလှသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။
ဝမ်ချောင်။
ကုန်းမြေဒေသကြီး တစ်ခုလုံး၏ တစ်ဦးတည်းသော စစ်နတ်ဘုရား။
ထို့ပြင် အခြား နာမည် တစ်ခုလည်း ရှိသေးသည်။ ထိုနာမည်မှာ ယွီစန်း၏ နှိမ်နင်းသူပင်ဖြစ်သည်။
ဝမ်ချောင် ပေါ်ထွက်လာခြင်းကြောင့် ယခင်က အလွန်အမင်း အစွမ်းထက်ပြီး လောကကြီး တစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့သော ယွီစန်း၏ သံချပ်ကာမြင်းစီးတပ်မှာ လျင်မြန်စွာပင် အင်အားများ ကျဆင်းသွားခဲ့ရပြီး အစွမ်းအထက်ဆုံး နိုင်ငံများ စာရင်း မှနေ၍ ဖယ်ရှားခံလိုက်ရခြင်း ပင်ဖြစ်သည်။
နရီမျိုးဆက်ကြီး တစ်ခုလုံးမှာ ဝမ်ချောင်၏ ကပ်ရောဂါကြီးကြောင့် လူသူကင်းမဲ့သော နေရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ကုန်းပြင်မြင့်ပေါ်တွင် အလွန်အမင်း နာမည်ကျော်ကြားပြီး လူတိုင်း၏ ရိုသေလေးစားမှု များကို ရရှိထားခဲ့သော တာ့လွန်ချင်းလင်၏အစ်ကိုပင်လျှင် ဝမ်ချောင်၏လက်ထဲတွင် အသတ်ခံခဲ့ရသည်၊ ဤမျှသာမက ယွီစန်း အင်ပါယာ၏ မြောက်ပိုင်း စစ်မျက်နှာကြီး တစ်ခုလုံးလည်း လုံးဝပြိုကွဲ ပျက်စီးသွားခဲ့ရသည်ဆိုတာကို ဆက်လက်ပြောဆိုနေရန်ပင် မလိုအပ်တော့ပါချေ။
သမိုင်း တစ်လျှောက်တွင် ထန်လူမျိုးဗိုလ်ချုပ် တစ်ဦးတည်း၏ လက်ထဲတွင် ဤမျှလောက်အထိ များပြားလှသော ယွီစန်းစစ်သည်များ သေဆုံးသွားခဲ့ရခြင်းမျိုး တစ်ကြိမ် တစ်ခါမျှ ပင် မရှိခဲ့ဖူးပါချေ။ မင်းဆရာ ဝမ်ကျုံးစစ်ပင်လျှင် ဤကဲ့သို့ အောင်မြင်အောင် လုံးဝ မစွမ်းဆောင်နိုင်ခဲ့ပါချေ။
ယခုလက်ရှိ ဝမ်ချောင်မှာ နေမင်းကြီးအလား တောက်ပလင်းလက်နေပြီ ဖြစ်သည်။ အန်းလုရှန်းနှင့် နိုင်ငံအသီးသီးမှ ပူးပေါင်းတပ်ကြီးကို အောင်မြင်စွာ နှိမ်နင်းလိုက်ပြီး နောက်ပိုင်းတွင်၊ ဝမ်ချောင်၏ကိုယ်ပေါ်မှနေ၍ သဘာဝကျကျပင် ထွက်ပေါ်လာသော ထိုခမ်းနားကြီးကျယ်လှသည့် ဖိအားကြီးမှာ တောင်ကြီးများအလား၊ ကြီးမားလွန်းလှပေသည်။
နန်ရီစုန့်ထျန်းကဲ့သို့သော အလွန်အမင်း နာမည်ကျော်ကြားလှသည့် အင်ပါယာကြီး၏ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးပင်လျှင်၊ ဝမ်ချောင်၏ရှေ့မှောက်တွင် မသိစိတ်အရပင်လျှင် အသက်ရှူ ကျပ်သွားလုမတတ် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။
"အခု လက်ရှိ အချိန်မှာ သူဟာ တကယ်ကို ပြိုင်ဘက်ကင်း အစွမ်းထက်လွန်းလှတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သွားပြီပဲ"
နန်ရီစုန့်ထျန်း၏ ရင်ထဲ၌ နက်ရှိုင်းစွာ သက်ပြင်းချလိုက်တော့သည်။
အကယ်၍ အနောက်မြောက်ပိုင်း စစ်ပွဲတွင် ကုထိုက်ပိုင်နှင့် အာရပ်စစ်တပ်ကို အောင်မြင်စွာ နှိမ်နင်းလိုက်ပြီး နောက်ပိုင်းတွင်၊ ဝမ်ချောင်ကို လောကကြီး တစ်ခုလုံးက စစ်နတ်ဘုရားအဖြစ် ရိုသေလေးစားခဲ့ကြသည်ဆိုပါက၊ ယခုလက်ရှိ ဝမ်ချောင်မှာ အစစ်အမှန် စစ်နတ်ဘုရားကြီး တစ်ပါးအဖြစ် ရပ်တည်နိုင်ပြီ ပင်ဖြစ်သည်။
ရှေးခေတ်ကတည်းက ယနေ့တိုင်အောင် မဟာထန်ပင်ဖြစ်စေ၊ ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံအသီးသီး တွင် ပင်ဖြစ်စေ အလွန်အမင်း အစွမ်းထက်လှသော ဗိုလ်ချုပ် အများအပြား ရှိခဲ့ဖူးကြသည်။ ထိုလူများမှာလည်း ကြီးမားလှသော စစ်ရေး အောင်မြင်မှုများကို ရရှိခဲ့ကြပြီး သမိုင်းမှတ်တမ်းများတွင် ထာဝရ ကမ္ပည်းတင် ကျန်ရစ်နေခဲ့ကြသူ များ ပင်ဖြစ်သည်။
ပညာရေးတွင် နံပါတ်တစ် ဆိုသည်မှာ မရှိသော်လည်း သိုင်းပညာတွင် နံပါတ်နှစ် ဆိုသည်မှာ မရှိဟု ဆိုကြသည်။ ထိုသမိုင်း တစ်လျှောက်တွင် အလွန်နာမည် ကျော်ကြားလှသော ခေတ်အဆက်ဆက်မှ ထိပ်တန်းဗိုလ်ချုပ်များ၏ ရှေ့မှောက်တွင် မည်သူ တစ်ဦးတစ်ယောက် မှ မိမိကိုယ်ကိုယ် နံပါတ်တစ် ဖြစ်သည်ဟု လုံးဝ ပြောဆိုရဲမည် မဟုတ်ပါချေ။
သို့သော် ဤကဲ့သို့သော ပြင်းထန်လှသည့် တိုက်ပွဲကြီးများကို တစ်ကြိမ်ပြီး တစ်ကြိမ် အဆက်မပြတ် ဖြတ်သန်းခဲ့ရပြီး နောက်ပိုင်းတွင်၊ သူတို့၏ ရှေ့မှောက်တွင် ရှိနေသော ဤလူငယ်လေးမှာ ထိုနံပါတ်တစ်ဆိုသော ပလ္လင်ကြီး၏အပေါ်တွင် အပြည့်အဝ ထိုင်နေနိုင်ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ လုပ်ဆောင်ခဲ့သမျှ ကိစ္စများ အားလုံးမှာ သမိုင်းတစ်လျှောက်ရှိ ထိပ်တန်း ဗိုလ်ချုပ်များအားလုံး အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့သော ကိစ္စများ ပင်ဖြစ်သည်။
နန်ရီစုန့်ထျန်းပင်လျှင် ရှင်းလင်းစွာ ခံစားသိရှိနိုင်ပြီ ဖြစ်သည်။ သူတို့၏ ရှေ့မှောက်တွင် ရှိနေသော ထိုလူငယ်လေး၏လက်ထဲတွင် ယခင်က တစ်ကြိမ်တစ်ခါမျှပင် မရှိခဲ့ဖူးသော ကုန်းမြေဒေသကြီး တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံထားနိုင်မည့် စည်းလုံး ညီညွတ်သော ခမ်းနားကြီးကျယ်လှသည့် အင်ပါယာကြီးတစ်ခုမှာ တဖြည်းဖြည်းနှင့် ပုံပေါ်လာနေပြီ ပင်ဖြစ်သည်။
ဤကဲ့သို့သော အရှိန်အဟုန်ကြီးကို မည်သူ တစ်ဦးတစ်ယောက်မှ လုံးဝတားဆီးနိုင်စွမ်း ရှိမည် မဟုတ်ပါချေ
"အရှင်..."
နန်ရီစုန့်ထျန်း၏ မျက်ဝန်းထဲ၌ အလွန်အမင်း ဝမ်းနည်း ကြေကွဲနေသော အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး မသိစိတ်အရပင်လျှင် သူ၏ရှေ့မှောက်ရှိ အကျဉ်းလှည်းအတွင်းမှ တာ့လွန်ချင်းလင်ကို ရုတ်တရက် လှည့်ကြည့်လိုက်တော့သည်။
မဟာထန်၏အရှိန်အဟုန်ကြီးမှာ လုံးဝအပြည့်အဝ တည်ဆောက်ပြီးစီးသွားခဲ့ပြီ ပင်ဖြစ်သည်။ ယခုတစ်ကြိမ် မဟာထန်၏ မျိုးနွယ်ခြားဘုရင်နှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင် ယွီစန်းအင်ပါယာမှာ နောက်ဆုံးတွင် ဘယ်ကို သွားရမလဲ၊ ဘယ်လမ်းကြောင်းကို ရွေးချယ်ရမလဲ ဆိုတာကို နန်ရီစုန့်ထျန်း ပင်လျှင် လုံးဝ မသိရှိနိုင်ပါချေ။
ဤမျှသာမက ယခု တစ်ကြိမ် အညံ့ခံခြင်းမှာ မှန်သလား မှားသလား ဆိုတာကို သော်လည်းကောင်း၊ ဒါမှမဟုတ် ဘယ်လိုအဓိပ္ပာယ်မျိုး ရှိသလဲ ဆိုတာကို သော်လည်းကောင်း နန်ရီစုန့်ထျန်းကိုယ်တိုင် ပင်လျှင် လုံးဝ မသိရှိနိုင်ပါချေ။
"ဟီးးး..."
စစ်မြင်းများ၏ ဟီသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ယွီစန်း စစ်တပ်ကြီးနှင့် ပေတစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိလာသည့်အချိန်တွင်၊ ဝမ်ချောင်ဦးဆောင်သော မဟာထန်၏စစ်တပ်မှာ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်တော့သည်။
ကြီးမားကျယ်ပြန့်လှသော နေရာကြီးတစ်ခုလုံးတွင် မျက်တောင်တစ်ခတ် အတွင်းမှာပင် အသံတစ်သံမျှပင် လုံးဝမရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး၊ အရိုးထိအောင် အေးစက်လှသော လေပြင်းများ၏ တိုက်ခတ်သံကြီးများသာလျှင် သူတို့စစ်တပ်ကြီးနှစ်ခု၏ အကြား မှနေ၍ အဆက်မပြတ် ဖြတ်သန်းသွားတော့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် မြင်းလှည်းဘီးများ လည်ပတ်နေသော မြည်သံ ကြီးများနှင့်အတူ စစ်တပ်ကြီးမှာ ရေလှိုင်းများအလား လမ်းဖယ်ပေးလိုက်ကြပြီး၊ နန်ရီစုန့်ထျန်းကိုယ်တိုင် အပါအဝင် ယွီစန်း၏ ထိပ်တန်း ဗိုလ်ချုပ် ဆယ်ယောက် ကျော်ခန့်မှာ တာ့လွန်ချင်းလင်ကို အကျဉ်းချထားသော ထို "အကျဉ်းလှည်း" ကြီးကို အစောင့်အရှောက်များ ခြံရံပြီး ရှေ့သို့ ဖြည်းညင်းစွာ ထွက်လာကြတော့သည်။
ထိုအခိုက်အတန့် မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး လုံးဝတိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး ယွီစန်းစစ်သည်များ အားလုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အသက်ရှူသံများကိုပင် ရပ်တန့်ထားလိုက်ကြတော့သည်။
"နန်းရင်းဝန်၊ နောက်ဆုံးတော့ ငါတို့ နှစ်ယောက် တွေ့ဆုံခွင့် ရပြီပဲ"
ဝမ်ချောင်မှာ အေးဆေးတည်ငြိမ်စွာဖြင့် အနည်းငယ် ပြုံးလိုက်ပြီး မြင်းလှည်း အတွင်းရှိ တာ့လွန်ချင်းလင်ကို ကြည့်ကာ အရင်ဆုံး ပြောလိုက်ပြီး ဤတိတ်ဆိတ်မှုကြီးကို ချိုးဖောက်လိုက်တော့သည်။
တာ့လွန်ချင်းလင်၏နာမည်မှာ ကုန်းမြေဒေသကြီး တစ်ခုလုံး တွင် မိုးကြိုး တစ်ချက် ပစ်ချလိုက်သည့်အလား အလွန်အမင်း ကျော်ကြားလှပေသည်။ ယခင် အချိန်က စစ်နတ်ဘုရား ဝမ်ကျုံးစစ်မှာ မဟာထန်၏စစ်တပ်ကြီးကို ဦးဆောင်ပြီး ယွီစန်း ကုန်းပြင်မြင့် အပေါ်သို့ အပြင်းအထန် တိုက်ခိုက် တက်ရောက်လာခဲ့ရာ၊ နောက်ဆုံးတွင် မြို့တော် ကြီး၏ အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည့် အချိန် တွင် ရုတ်တရက် စစ်တပ် များကို နောက်ပြန် ဆုတ်ခွာသွားခဲ့သည်။ ဤအရာမှာ တစ်စိတ်တစ်ပိုင်း အားဖြင့် ကုန်းပြင်မြင့် ပေါ်ရှိ လေပါးပါး၏ ရိုက်ခတ်မှုကို စစ်သည်များအနေဖြင့် လုံးဝတောင့်ခံနိုင်စွမ်း မရှိခဲ့သောကြောင့်ဖြစ်သည် ဆိုသော်ငြားလည်း၊ အခြား တစ်စိတ်တစ်ပိုင်းအားဖြင့် ဤယွီစန်း၏ နံပါတ်တစ် နန်းရင်းဝန်ကြီး တာ့လွန်ချင်းလင်ကြောင့် လည်း ဖြစ်ပေသည်။
ယွီစန်း အင်ပါယာ၏ စစ်သည်များအားလုံး အပါအဝင် မင်းဆွေမင်းမျိုးများ နှင့် မြို့တော်အတွင်းရှိ ပြည်သူများ အားလုံးမှာ မြို့တော်အတွင်းမှ အပြည့်အဝ ဆုတ်ခွာသွားခဲ့ကြသည်။ ဤအရာမှာ ဤယွီစန်း နန်းရင်းဝန်ချင်းလင်၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ပင်ဖြစ်သည်။
ကုန်းမြေဒေသတစ်ခုလုံးတွင် ဝမ်ကျုံးစစ်နှင့် တာ့လွန်ချင်းလင်တို့နှစ်ဦးစလုံးမှာ အရှေ့ဘက် နှင့် အနောက်ဘက် ဒေသတွင် နာမည်ကျော်ကြားလှသော လူပုဂ္ဂိုလ်များ ပင်ဖြစ်သည်။
ဝမ်ကျုံးစစ်မှာ စစ်တပ်ကို အုပ်ချုပ်ရာတွင် အလွန်အမင်း ထူးချွန် ပြောင်မြောက်သော စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး၊ သူ၏ကိုယ်ပိုင် သိုင်းပညာ စွမ်းရည်မှာလည်း အလွန်အမင်း အစွမ်းထက်လွန်းလှသည်။ သို့သော် တာ့လွန်ချင်းလင်မှာမူ သူ၏သန့်စင်သောကိုယ်ပိုင် ဉာဏ်ပညာ တစ်ခုတည် ဖြင့် ကုန်းမြေဒေသ ကြီး၏ ထိပ်တန်း ခေါင်းဆောင်များ စာရင်းတွင် ပါဝင်နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ကုန်းမြေဒေသတစ်ခုလုံးတွင် အမှန်တကယ် တာ့လွန်ချင်းလင်မှာ စစ်ဗျူဟာအပိုင်းတွင် ဝမ်ကျုံးစစ်ထက် ပို၍သာလွန်သည်ဟုပင် လူတိုင်းက သဘောတူ လက်ခံထားကြခြင်းပင်ဖြစ်သည်။
ဝမ်ချောင်နှင့် တာ့လွန်ချင်းလင်တို့မှာ အချင်းချင်းအကြောင်းကို အစောကြီး ကတည်းက ကြားသိထားခဲ့ကြသည် ဆိုသော်ငြားလည်း သူတို့နှစ်ဦး မျက်နှာချင်းဆိုင် အစစ်အမှန် တွေ့ဆုံကြရခြင်းမှာ ဤတစ်ကြိမ်က ပထမဆုံး အကြိမ် ပင်ဖြစ်သည်။
တာ့လွန်ချင်းလင်က ကိုယ့်ကိုယ်ကိုယ် အကျဉ်းချထားသော ဤပြဇာတ်ကို ကပြခဲ့ခြင်းမှာ ဝမ်ချောင်အတွက်မူ အနည်းငယ်မျှပင် အံ့ဩစရာ မရှိပါချေ၊ သူတို့နှစ်ဦးမှာ ဉာဏ်ရည် ဉာဏ်သွေး အပိုင်းတွင် လုံးဝတန်းတူညီမျှ ရှိနေကြသူများ ဖြစ်သည်။ တာ့လွန်ချင်းလင်၏ အလွန်အမင်း မောက်မာ ဝင့်ကြွားလှသော စိတ်ထားဖြင့် ဝမ်ချောင်ကိုယ်တိုင် မပေါ်လာသေးသရွေ့ သူသည် အခြားမည်သူ တစ်ဦးတစ်ယောက်ထံတွင်မှ လုံးဝအညံ့ခံလိမ့်မည် မဟုတ်ပါချေ။
အဘယ်ကြောင့်ဆိုသော် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ၏အညံ့ခံခြင်းကို လက်ခံရန် အရည်အချင်း လုံးဝပြည့်မီမည် မဟုတ်သောကြောင့်ပင်ဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင် ပေါ်လာမှသာလျှင် သူသည်ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာမည် ပင်ဖြစ်သည်။
ဤသည်မှာလည်း ဝမ်ချောင်က ဤနေရာ တွင် ပေါ်ထွက်လာရခြင်း၏ အဓိက အကြောင်းအရင်း ပင်ဖြစ်သည်။
"စစ်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဗိုလ်ချုပ်တစ်ဦးအနေနဲ့ ဘယ်လိုလုပ်ပြီး ရဲစွမ်းသတ္တိ အကြောင်းကို ထပ်ပြီးပြောဆိုရဲမှာလဲ။ အရှင့်ကို ဂုဏ်ပြုပါတယ်၊ အန်းလုရှန်းနဲ့ နိုင်ငံအသီးသီးရဲ့ပူးပေါင်းတပ်ကြီးကို အောင်မြင်စွာ နှိမ်နင်းလိုက်နိုင်တဲ့ အတွက်ကြောင့်ပါ၊ ဒီနေ့က စပြီး ကုန်းမြေဒေသကြီးတစ်ခုလုံးမှာ မဟာထန်ကို ယှဉ်ပြိုင်နိုင်မယ့် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်မှ လုံးဝရှိတော့မှာမဟုတ်ဘူးလေ"
တာ့လွန်ချင်းလင်မှာ အကျဉ်းလှည်း၏ အတွင်း၌ မတ်မတ်ရပ်နေရင်း သူ၏ ရှေ့မှောက်တွင် ရှိနေသော လူငယ်လေးကို ကြည့်ကာ မထိန်းနိုင်တော့ဘဲ နက်ရှိုင်းစွာ သက်ပြင်းချလိုက်တော့သည်။
ဤစကား တစ်ခွန်း၏အတွင်း၌ တာ့လွန်ချင်းလင်၏ ရင်ထဲရှိ အားကျမှုများ၊ နောင်တများ၊ လုံးဝမကျေနပ်နိုင်မှုများအပြင် အလွန်နက်ရှိုင်းလှသော စိတ်ပျက် အားငယ်မှု များ အားလုံး ပါဝင်နေတော့သည်။
ဤစစ်ပွဲကြီး၏ အတွင်း၌ ဝမ်ချောင်ပင်ဖြစ်စေ၊ တာ့လွန်ချင်းလင်ပင်ဖြစ်စေ သူတို့ နှစ်ဦး စလုံးမှာ အနာဂတ်တွင် သူတို့နှစ်ဦးအကြားတွင် ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ခု သေချာပေါက် ဖြစ်ပွားလာလိမ့်မည်ဟု ယုံကြည်ထားခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့နှစ်ဦးကြားရှိ ဤတိုက်ပွဲကြီးမှာ ဝမ်ချောင်က လုံးဝမတိုက်ခိုက်ရဘဲ အနိုင်ရရှိသွားခဲ့ပြီး တာ့လွန်ချင်းလင်မှာ လုံးဝမရှုံးနိမ့်ရဘဲ ရှုံးနိမ့်သွားခဲ့ရခြင်း ပင်ဖြစ်သည်။
"အရှင်မင်းကြီး မရှိသေးဘူး လား"
ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် ပြုံးလိုက်ပြီး ဆိုလိုက်တော့သည်။
တာ့လွန်ချင်းလင်၏မျက်နှာအမူအရာမှာ အနည်းငယ် တွေဝေငေးမောသွားခဲ့ပြီး မျက်ဝန်းထဲ၌ အလွန်အမင်း ခါးသီးသော အရိပ်အယောင်လေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။
"ဒီတစ်ကြိမ်မှာတော့ ငါ တာ့လွန်ချင်းလင် တကယ်ကို လူ ကြည့် မှားသွားခဲ့တာ ပါ၊ အရှင်က တကယ်ကို ဉာဏ်ရည် ဉာဏ်သွေး အပိုင်းမှာ ပိုပြီးသာလွန်နေခဲ့တာ ပဲ"
"သံမဏိ မြို့တော်ကြီးမှာ များပြားလှတဲ့ လူတွေ သေဆုံးသွားခဲ့ရတယ်၊ ဒီအရာတွေ အားလုံးက ငါ့ကြောင့် စတင်ခဲ့ရတာပဲ၊ ဒီကိစ္စအတွက် သေချာပေါက် တာဝန်ယူ ရမယ့် လူတစ်ယောက် လိုအပ်တယ်။ မျိုးနွယ်ခြားဘုရင်အနေနဲ့ ငါ့ကို မြို့တော် ဆီကို ပို့ဆောင်ပြီး တရားစီရင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါ့ရဲ့ခေါင်းကိုဖြတ်ပြီး မဟာထန်ရဲ့ဧကရာဇ်ဆီကို ပို့ပေးတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မြို့တံခါးမှာ ငါ့ရဲ့ခေါင်းကို ချိတ်ဆွဲပြီး မဟာထန်တွေနဲ့ လောကကြီးတစ်ခုလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့ဒေါသကို ပြေပျောက်စေဖို့အတွက်ပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်"
******