← Chapters

အညစ်အကြေးစွန့်ထုတ်သည့်နေရာ…

Vol. 016 Ch. 761

အညစ်အကြေးစွန့်ထုတ်သည့်နေရာ…

Vol. 016 Ch. 761

သည် သိပ်သည်းထူထဲသော မြူများက သူ့နတ်ဘုရားအာရုံကို ခပ်ဝေးဝေးသို့ ဖြန့်ထွက်ခြင်း မပြုနိုင်အောင် ကာဆီးထားသည်။ မိုးကြိုးသားရဲက ဟိန်းသံပြုကာ ထိုမြူထဲသို့ တိုးဝင်လိုက်သည်။ လျှပ်စီးများက ၎င်း၏ ခန္ဓာကိုယ်တွင် ဖုံးအုပ်ကာနေသည်။

ဝမ်လင်းနှင့်မိုးကြိုးသားရဲတို့ ဆင်းသက်လာသည့် တစ်လျှောက်တွင် မိုးကြိုးလျှပ်စီးများကြောင့် မြူများက အရည်ပျော်ကုန်ကြသည်။ မိုးကြိုးသားရဲပေါ်တွင် ထိုင်နေရင်း ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ကြယ်ခုနစ်ခုဓားအစီအရင်ကို ထုတ်ကာ မြန်ဆန်စွာလှည့်လည်စေပြီး လမ်းကြောင်း ရှင်းလိုက်သည်။

ပထမတစ်ကြိမ် အတွေ့အကြုံကြောင့် ဝမ်လင်းက သည်ယွမ်ရှဂြိုဟ်နှင့် ပတ်သတ်၍ ကောင်းကောင်းနားလည်နေသည်။သူက မနှေးလွန်း မမြန်လွန်းနှုန်းဖြင့် ဆက်လက်သွားနေ၏။ မိုးကြိုးသားရဲက ဟိန်းသံပြုကာ ၎င်းကာ အမြန်သွားလိုနေသည်။ ဝမ်လင်းက ၎င်းကို တားထားရ၏။

ကြယ်ခုနစ်ခု ဓားအစီအရင်ကြောင့် သူတို့က လမ်းကို လွယ်ကူစွာ ရှင်းလင်းသွားနိုင်ကာ ဂြိုဟ်မျက်နှာပြင်နှင့် ပိုနီးကပ်လာသည်။

သူတို့က ဂြိဟ်မျက်နှာပြင်နှင့် ပေတစ်ထောင်တောင် မဝေးတော့သော နေရာသို့ ရောက်လာသည့်အခါ ဝမ်လင်းသည် စိတ်ထဲကနေ အန္တရာယ်အာရုံကို ရလိုက်၏။

မိုးကြိုးသားရဲက သူ့ထက်ပင် ပိုစောနေသေး၏။ သူက ဝမ်လင်း အမိန့်ပေးနေသည်ကို မစောင့်ဘဲ ချက်ခြင်း ဦးတည်ရာပြောင်းကာ ထိုးတက်လိုက်၏။

ထိုအခါတွင် ဝမ်လင်းတို့ ရှိနေခဲ့သော နေရာသို့ လက်တံတစ်ခုက သိမ်းကြုံး ရောက်ရှိသွား၏။၎င်းက လွန်စွာ မြန်ဆန်လှကာ မြူလွှာကို သေးငယ်သောအပေါက်တစ်ခု ဖြစ်သွားစေသည်။

ကံကောင်းစွာဖြင့် မိုးကြိုးသားရဲက မြန်ဆန်စွာ ရှောင်လိုက်နိုင်သည်။ ထိုလက်တံက ဆန့်ထွက် ဝှေ့ယမ်းပြီးနောက် ချက်ခြင်း ပြန်ရုတ်သိမ်းသွားသည်။ သို့ရာတွင် ၎င်းက ရုပ်သိမ်းသွားသည့် အခိုက်၌ ဝမ်လင်း၏ ကြယ်ခုနစ်ခုဓားအစီအရင်ကို ထွေးပတ်ကာ သယ်ဆောင်သွားချေ၏။

ဝမ်လင်းအသွင်က သုန်မှုန်နေ၏။

ထိုလက်တံထဲ၌ ပြင်းထန်သောစွမ်းရည်တစ်ခု ပါဝင်နေသည်။ ၎င်းက ကြယ်ခုနစ်ခု ဓားအစီအရင်ကို ထိမိလိုက်သည်နှင့် သူက ယင်းဓားများကို ထိန်းချုပ်နိုင်စွမ်း မရှိဖြစ်သွားရသည်။

“ဒီလက်တံတွေကို သိနေသလိုပဲ..” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးလိုက်၏။ ထို့နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ယင်းလက်တံ၏ မူလဇစ်မြစ်ကို သိရှိသွားသည်။

ထိုအခါဝမ်လင်းက ပင့်သက်ရှိုက်မိသွား၏။ “ဒါက လမြွေနဂါးရဲ့ တတိယပုံစံနဲ့ ဆင်နေတယ်…”

လမြွေနဂါးများတွင် ပုံစံသုံးခု ရှိ၏။ ပထမတစ်ခုက မည်သည့်တိုက်ခိုက်မှုစွမ်းအားမှ ရှိမနေသည့် အခြေအနေ ဖြစ်သည်။ ဝမ်လင်း သည်နေရာသို့ ပထမတစ်ကြိမ် ရောက်လာခဲ့ချိန်က လမြွေနဂါးက ထိုအခြေအနေတွင် ရှိနေခဲ့သည်။

ဒုတိယပုံစံက လက်တံများအားလုံးကို ပြန်ရုတ်သိမ်းကာ လမြွေနဂါးက အသွင်သဏ္ဌာန်အမျိုးမိုး ပြောင်းလဲသည့် ပုံစံ ဖြစ်၏။ ခုလက်ရှိ လမြွေနဂါးက ထိုပုံစံပင်။

တတိယပုံစံက တိုက်ခိုက် ရန်လိုသည့်အသွင် ဖြစ်သည်။ လက်တံများအားလုံးက ချဲ့ထွက်ကာ လမြွေနဂါးကိုယ်တိုင်လည်း ထိုမျှ ရှည်လျား ချဲ့ထွက်လာနိုင်စွမ်းရှိသည့် ပုံစံ ဖြစ်သည်။ လူတစ်ယောက်က လမြွေနဂါးကို ထိုပုံစံနှင့် တွေ့ပါက ထွက်ပြေးရပေမည်။ မဟုတ်လျှင် တိုက်ခိုက်ခြင်း ခံရမည် ဖြစ်၏။

ထိုသို့ တွေးမိလိုက်ရင်း ဝမ်လင်းအသွင်က ပိုသုန်မှုန်သွားခဲ့သည်။ သူက ကျန်နေသေးသော ပေတစ်ထောင်ခန့် မြူလွှာကို ကြည့်ကာ တုံ့ဆိုင်းနေခဲ့၏။

“ငါ ဒီနေရာကို အရင် ရောက်လာခဲ့တုန်းက ဒီမှာ လမြွေနဂါးနှစ်ကောင် ရှိနေတယ်။ တစ်ကောင်က ပထမပုံစံမှာ ရှိနေပြီး ဒုတိယတစ်ကောင်က အိပ်ပျော်နေခဲ့တယ်။ ခု ဘာကြောင့် ဒီကောင်တွေက ပြောင်းလဲသွားခဲ့ရတာလဲ။ ဒီလက်တံက ဘယ်လမြွေနဂါး ပိုင်ဆိုင်တာလည်း ငါ မသိဘူး…” ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက အခု ထွက်သွားလျှင် ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ စုဆောင်းရခြင်းက အချည်းနှီး ဖြစ်သွားမည်သာမက သူ့ ကြယ်ခုနစ်ခုဓားအစီအရင်ပါ ဆုံးရှုံးသွားပေလိမ့်မည်။

“ငါက ဒါနဲ့ နီးကပ်မလာခင်မှာတောင် ရတနာတစ်ခု ဆုံးရှုံးခဲ့ရပြီ…” ဝမ်လင်း မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကို ထုတ်ဖော်၏။ သူက ခုလိုပုံစံမျိုးဖြင့် ပြန်ထွက်သွားလိုခြင်း မရှိပေ။ သူက မိုးကြိုးသားရဲ၏ ခေါင်းကို ပုတ်ကာ မြူများကြားထဲသို့ တိုးဝင်လာလိုက်၏။ သို့သော် မိုးကြိုးသားရဲက မည်သည့်ဟိန်းသံမှ မပြုတော့ပေ။

မြူထဲမှ ထွက်ခွာလာပြီးနောက် သူ့နတ်ဘုရားအာရုံက ဆက်လက် တားဆီးခံထားရခြင်း မဖြစ်တော့ပေ။ သူ့ရှေ့ရှိ မြင်ကွင်းက ဝမ်လင်းကို လေအေးတစ်ချက် ရှိုက်သွင်းသွားမိစေသည်။

မြေပြင်တစ်ခုလုံးက အရင်နှင့် လုံးဝ ခြားနားသွားခဲ့ချေပြီ။ မြေပြင်ပေါ်၌ ရှည်လျားသော လက်တံများက အစားထိုး ဝင်ရောက်နေသည်။ ထိုလက်တံများက အနီရင့်ရောင် ရှိကာ ထူးဆန်းသောစွမ်းအားတစ်ခုကို ပေးစွမ်းနေသည်။ ထိုအရာက ဝမ်လင်း၏ ဦးရေပြားကိုပါ တင်းကျပ်သွားစေသည်။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သည်ဧရိယာကို သေချာစစ်ဆေးကြည့်ပြီးမှ ဝမ်လင်းက သက်ပြင်းချနိုင်တော့၏။

“ပေတစ်သောင်း အရှည်။ ဒါက ဒီလမြွေနဂါးက တတိယပုံစံ ဖြစ်ပေါ်ဖို့ ဦးတည်နေတယ်လို့ ဆိုလိုတယ်။ အပြည့်အဝတော့ မနိုးထသေးဘူး။ ဒါပေမဲ့လည်း လှုံ့ဆော်မှု မရှိဘဲ လမြွေနဂါးက ဒီလိုပုံစံ ဖြစ်နေစရာ အကြောင်းမရှိဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ရာက တစ်စုံတစ်ယောက် ဒီနေရာကို လာခဲ့တာ ဖြစ်ရမယ်…”

ဝမ်လင်းက မျက်မှောင်ကြုတ်သည်။

“ဒါပေမဲ့လည်း တစ်စုံတစ်ယောက်က ဒီကို ရောက်လာခဲ့ရင်တောင် ဒါက သူတို့ကို တတိယပုံစံထိ ရောက်အောင် လှုံ့ဆော်ပေးနေတာနဲ့လည်း မတူပြန်ဘူး။ ဒီကိစ္စက ထူးဆန်းနေတယ်…”

ဝမ်လင်းက မိုးကြိုးသားရဲပေါ်ကနေ ခုန်ဆင်းလိုက်ကာ စဉ်းစားနေသည်။သူက မိုးကြိုးသားရဲကို ကြည့်ကာ လူတစ်ယောက်ကို ပြောသလိုပုံံစံဖြင့် ပြောလိုက်၏။ “မင်း စွမ်းရည်နဲ့ ဆိုရင် ဒီနေရာက အန္တရာယ်များတာကို ထောက်လှမ်းမိပါလိမ့်မယ်။ မင်းက စစ်ရထားကို ပြန်မဝင်ချင်ဘူးဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် အန္တရာယ်ပိုများလိမ့်မယ်…”

မိုးကြိုးသားရဲက သူ့ဦးခေါင်းကြီးကို ယမ်းခါလိုက်ကာ စတင် စဉ်းစားနေသည်။ သူက မြေပြင်ထက်မှ ထွက်ပေါ်နေသော လက်တံများကို အထင်သေးဟန်ဖြင့် ကြည့်လိုက်၏။

ဝမ်လင်းက မျက်မှောင် ခပ်တင်းတင်း ကြုတ်ထားမိ၏။ သူက ၎င်းသားရဲ၏ ဆုံးဖြတ်ချက်ကို လစ်လျူရှုထားလိုက်သည်။သူက ရှေ့သို့ ဆက်လက် ရွှေ့လျားလာ၏။သူက ဖြည်းဖြည်းချင်း ဂရုတစိုက် ရွှေ့လျားလာကာ လက်တံများကြားထဲသို့ တိုးဝင်လာသည်။

သူ့အမြင်တွင် ထိုလက်တံတစ်ခုချင်းစီက ကြောက်မက်ဖွယ်တိုက်ခိုက်မှုစွမ်းအားများ ပါဝင်နေသည်ဟူ၍ပင်။

ဝမ်လင်းက ပျံသန်းလာနေရင်း သူ့ရှေ့မှ လက်တံတစ်ခုက ရုတ်တရက် သူ့ထံသို့ တိုးဝင်လာသည်။ ပြင်းထန်သောအားတစ်ခုက သူရှိရာသို့ တဟုန်ထိုး တိုးဝင်လာသည်။

ဝမ်လင်း သတိထားနေသည့်အတွက် ထိုလက်တံက တိုက်ခိုက်လာသည့်အခါ သူသည် လက်တံ၏ အရင်းမြစ်က အနည်းငယ် ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်သည်။

ချက်ခြင်းလိုလိုပင် ဝမ်လင်းက တည်နေရာရွှေ့ပြောင်းလိုက်၏။သူက ပုံရိပ်ယောင်များကိုပါ အထပ်ထပ် ဖြစ်စေသည့်အထိ မြန်ဆန်စွာ လှုပ်ရှားလိုက်ခြင်းပင်။ ထိုလက်တံက ပုံရိပ်ယောင်တစ်ခုကို တိုက်ခိုက်သွားပြီးနောက် ပြန်နောက်ဆုတ်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ဝမ်လင်းပုံရိပ်က လေထဲ၌ ပေါ်လာ၏။ သူက မြေပြင်ပေါ်ရှိ လက်တံများကို စူးစိုက်ကြည့်နေရင်း မျက်မှောင်တင်းကြပ်စွာ ကြုတ်နေမိသည်။

“လမြွေနဂါးကို ကောင်းကင်ဘုံတက်ခြင်းသစ်သီးရဲ့ အာနိသင်သက်ရောက်မှုအောက် ရောက်အောင် လုပ်ဖို့က ဒီသစ်သီးတွေကို ၎င်းရဲ့ အာရုံခံနေရာပေါ်မှာ အသုံးပြုမှ ရလိမ့်မယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်တာက လက်တံတွေနဲ့ ပတ်သတ်ပြီး ပြဿနာပိုများသွားနိုင်တယ်…”

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများစွာက သူ့ပတ်လည်၌ ပျံသန်းထွက်လာသည်။ ဝမ်လင်းက သူ့ညာလက်ကို ရှေ့သို့ ဆန့်ထုတ်ကာ ပြောလိုက်၏။ “သန့်စင်ခြင်း…”

ခပ်ရှရှ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများက တစစီ ဖြစ်သွားပြီး အနီရောင်အရည်အဖြစ်သို့ ပြောင်းလဲ သိပ်သည်းသွားသည်။

ဝမ်လင်းက လက်ဖြင့် ချိပ်ဟန်တစ်ခုကို ပြုလုပ်ပြီး သူ့မူလစွမ်းအင်ကို ထိုအရည်ပတ်လည်သို့ ထွေးထုတ်လိုက်သည်။ သူ့မူလစွမ်းအင်က မီးတောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် အနီရောင်မြူလွှာတစ်ခုက ယင်းအရည်ကို စတင် သန့်စင်သည်။

ထို့နောက် သူက ထိုမြူကို ဆွဲယူကာ မြေပြင်ပေါ်သို့ တိုးဝင်သွား၏။ သူက သူ့လက်ကို အောက်သို့ တွန်းထုတ်လိုက်ရာ အနီရောင်မြူက လက်တံများထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အနီရောင်မြူက ပေတစ်ထောင်လောက်ထိ ပျံ့နှံ့သွား၏။ သိပ်သည်းသော အနီရောင်မြူလွှာက လက်တံများကို ဝန်းရံလို့သွား၏။ထိုအခါ လက်တံများအဖို့ မြူပုံစံ အသွင်ဆောင်ထားသည့် သစ်သီးများကို စုပ်ယူဖို့ ပိုမို လွယ်ကူသွားသည်။

သည်ဧရိယာအတွင်းရှိ လက်တံပေါင်းများစွာက တဖြည်းဖြည်းဖြင့် ဝှေ့ယမ်းနေသည့် အရှိန် လျော့ကျသွားသည်။

ဝမ်လင်းက အောက်သို့ ဆင်းသက်လာရင်း လက်တံများကြား၌ ဂရုတစိုက် ရွှေ့လျားနေ၏။ ထိုလက်တံများအားလုံးက သူ့အား လုံးဝလစ်လျူရှုထားသည်။ ထိုအခါကျမှ ဝမ်လင်းက သက်ပြင်းချနိုင်တော့၏။ သိပ်မကြာခင်တွင် သူက မြေပြင်ပေါ်သို့ ရောက်ရှိလာသည်။

ရှေးဟောင်းနတ်ဘုရားများ၏ မှတ်ဉာဏ်ထဲ၌ လမြွေနဂါးနှင့် ပတ်သတ်သော အာရုံခံနေရာများအကြောင်း မြင်ကွင်းတစ်ခု ပါရှိ၏။ ၎င်းအာရုံခံနေရာက လက်တံများ၏ ရင်းမြစ်ပင် ဖြစ်သည်။ထိုနေရာကို အနည်းငယ်လှုံ့ဆော်ပေးလိုက်သည်နှင့် ၎င်း၏ တစ်ကိုယ်လုံးကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ဝမ်လင်းက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများကို သေချာ ထုတ်ယူ၍ နောက်တစ်ဖန် အနီရောင်အရည်အဖြစ်သို့ သန့်စင်ပစ်လိုက်ပြန်သည်။ ယင်းအရည်ပေါ်၌ အတားအဆီးများကို နေရာချမှတ်ပြီးနောက် သူက ယင်းအနီရောင်အရည်ကို လက်တံများ၏ ရင်းမြစ်ထဲသို့ ပျော်ဝင်သွားစေလိုက်၏။

သူက ထိုအရာကို အလွန်သတိထား၍ ပြုလုပ်နေခြင်းပင်။ သူက အလွန် ဂရုစိုက်နေကာ နတ်ဘုရားအာရုံကိုပါ ဖြန့်ကျက်ထားသည်။

လက်တံများပေါ်ရှိ အနီရောင်က မြန်ဆန်စွာ ပျောက်ကွယ်နေ၏။ ဝမ်လင်းက သူ့တွင် အချိန်အများကြီး မရသည်ကို သိပေသည်။သူက နောက်ဆုံးလက်တံပေါ်သို့ အနီရောင်အရည် နေရာချလိုက်ပြီးနောက် မြန်ဆန်စွာ ပျံသန်းထွက်လာသည်။

သူ ပျံသန်းထွက်လာပြီးပြီးချင်းမှာပင် အနီရောင်မြူက ပျောက်ကွယ်သွား၏။ လက်တံများ၏ အရောင်ကလည်း ကြက်သွေးရောင်ကနေ အနီရင့်ရောင်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။သို့ရာတွင် လက်တံများပေါ်ရှိ အဖုအဖောင်းများကတော့ မြေအောက်ထဲသို့ တိုးဝင် ရွှေ့လျားသွားကြကုန်၏။

ဝမ်လင်းက ထိုမြင်ကွင်းကို တွေ့မြင်လိုက်သည့်အခါ သူက ဤအရာသည် လမြွေနဂါးများ၏ အညစ်အကြေးစွန့်ထုတ်ခြင်းဖြစ်ကြောင်း သိရှိလိုက်၏။

မိုးကြိုးနဂါးက ဝမ်လင်းကို ကောင်းကင်ထက်နေ ကြည့်နေ၏။ သူက အနည်းငယ် စိတ်ရှုပ်လာခဲ့သည်။၎င်းက မြေပြင်ပေါ်ရှိ လက်တံများကို ကြည့်နေသည့်အချိန်၌ ၎င်းမျက်လုံးထဲရှိ အထင်သေးမှုက ပိုအားကောင်းလာခဲ့သည််။၎င်းက ရှေ့သို့ ရွှေ့လျားလာကာ မြေပြင်ထက်သို့ တိုက်ရိုက် ပျံသန်းလာ၏။ ၎င်းခန္ဓာကိုယ်ကနေလည်း မိုးကြိုးတန်းများ ထိုးထွက်လာကာ ဂြိုဟ်တစ်ခုလုံးကို တုန်ခါစေသောအသံများ ပျံ့နှံ့စေသည်။

ဝမ်လင်းက ရုတ်တရက် နောက်လှည့်ကာ အော်ပြောလိုက်၏။ “သားရဲအစုတ်ပလုတ်….မြန်မြန် ပြန်သွားစမ်း…”

ထိုအခိုက်အတန့်မှာပင် မြေပြင်က တုန်ခါလာကာ ဂြိုဟ်တစ်ခုလုံးက အသက်ဝင်လာသလား ထင်မှတ်မှားရသည်။ လက်တံများအားလုံးက ဝှေ့ယမ်းနေရာကနေ ရပ်တန့်ကာ ချက်ခြင်း မိုးကြိုးသားရဲထံသို့ ချဲ့ထွက် ဆန့်တန်းလာချေသည်။

ပထမ၌ မိုးကြိုးသားရဲက မြေပြင်ကနေ ထိုးထွက်လာသောလက်တံများကို အထင်သေးစွာ ကြည့်၍ မိုးကြိုးတန်းများကို ပစ်လွှတ်လိုက်သည်။

သို့ရာတွင် ချက်ခြင်းပင် ထိုလက်တံများထံကနေ ထူးဆန်းသောအားတစ်ခု ထွက်ပေါ်လာကာ အနီရောင်အလင်းကို ပေးစွမ်းလာ၏။ ထိုအနီရောင်အလင်းက စူးရှတောက်ပလွန်းသည်။ ချက်ခြင်းပင် ဂြိုဟ်တစ်ခုလုံးက နီမြန်းလာသည်ဟု ထင်ရ၏။

ထိုလက်တံများက မျက်စိတစ်မှိတ်အတွင်း မိုးကြိုးသားရဲကို ထွေးပတ်လာသည်။ မိုးကြိုးသားရဲက မည်မျှ ရုန်းကန်သည် ဖြစ်စေ ထိုလက်တံများအပေါ်၌ မည်သည့်သက်ရောက်မှုမှ ရှိမနေချေ။၎င်းက လက်တံတစ်ခုကိုပင် မချိုးဖျက်နိုင်ပေ။

ဝမ်လင်းက အတန်လှမ်းသော နေရာသို့ ရောက်နေ၏။ သူ့အသွင်က အလွန်အမင်း သုန်မှုန်နေသည်။လမြွေနဂါး၏ တတိယပုံစံသည် အသံနှင့်ပတ်သတ်၍ အာရုံခံနိုင်စွမ်း အလွန်ကောင်း၏။ထို့ကြောင့် မိုးကြိုးသားရဲက ပို၍ ဟိန်းဟောက်လေလေ လက်တံများက ၎င်းအား ပို၍ ခပ်တင်းတင်း ထွေးပတ်လာလေ ဖြစ်နေသည်။မိုးကြိုးသားရဲ၏ မျက်လုံးထဲရှိ အထင်သေးမှုကလည်း ပျောက်ကွယ်သွားကာ ထိုအစား ကြောက်လန့်မှုက အစားဝင်လာ၏။

ဝမ်လင်းက အသံပို့လွှတ်လိုက်သည်။ “ဟိန်းနေတာ ရပ်လိုက်…” သူ့မျက်နှာက‌ အေးစက်နေကာ သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများကို ထုတ်ယူလိုက်၏။

ထိုအခိုက်အတန့်၌ ယွမ်ရှဂြိုဟ်၏ ဗဟိုချက်တွင် ခပ်ပိန်ပိန်ပုံရိပ်တစ်ခုက လှိုဏ်ဂူကြီးတစ်ခုအတွင်း၌ ထိုင်လျက်ရှိနေသည်။ သူ့ခန္ဓာကိုယ်၏ ပြင်ပ၌ ဧရာမမီးပြင်းဖို တစ်ခု ရှိနေသည်။

လက်မောင်းလုံးခန့် ထူထဲသော လက်တံများက ထိုမီးပြင်းဖိုကို ထွေးခြုံပတ်ထားသည်။ ထိုလက်တံများက တစ်စုံတစ်ခု၏ စုပ်ယူနေခြင်း ခံရသကဲ့သို့ တွန့်လိမ်နေသည်။

ထိုပိန်ပါးသော အဘိုးအို၏ အသွင်က အလွန်အမင်း သုန်မှုန်စွာ ရှိနေ၏။ လှိုဏ်ဂူနံရံများက စတင်၍ ရွှေ့လျားလာကာ အနီရောင်မြူပမာဏများစွာက တိုးဝင်လာနေသည်။ ထိုညှီစို့စို့ အနံ့ရှိသည့် အရည်ထဲ၌ လျှပ်စီးဓာတ်လည်း ပါဝင်နေသည်။ ထိုလျှပ်စီးက အနံ့အသက်ကို ပို၍ ဆိုးရွားသွားစေ၏။

အနှီအဘိုးအိုကတော့ လောဘကြီးပင်။ ဝမ်လင်းသာ သည်နေရာတွင် ရှိနေပါက သူက ထိုနေရာသည် လမြွေနဂါး အာဟာရများ စုပ်ယူကာ အညစ်အကြေးများ ပြန်စွန့်ထုတ်သည့်နေရာမှန်း ချက်ခြင်း သိရှိပေလိမ့်မည်။

***

All Chapters