← Chapters

အခန်း ၉၁၆

Vol. 87 Ch. 916

အခန်း ၉၁၆

Vol. 87 Ch. 916

အခန်း (၉၁၆) - အင်မော်တယ်ကမ္ဘာမှ အပင်တာအိုစစ်သည်မိခင်သစ်ပင်၊ အပင်တာအိုစစ်သည်၊ ရှင်သန်ခဲ့သော နှစ်တစ်ထောင် (၂)

"အင်း..."

"နည်းနည်းတော့ ပြဿနာရှိပြီ။ ထျန်းဖန်မျိုးနွယ်စုရဲ့ မဟာယာနအဆင့် ကျင့်ကြံသူ ရောက်လာတော့မယ် ထင်တယ်..."

"ကျုပ်တို့ မြန်မြန်ပြေးကြတာ ပိုကောင်းမယ်..."

ဤအချိန်တွင်ပင် ကျိုးစွေ့က တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ဤသည်ကား 'ကံကြမ္မာကူ' မှ သတိပေးလိုက်ခြင်းပင် ဖြစ်၏။

အကယ်၍ ထွက်မပြေးပါက ထျန်းဖန်မျိုးနွယ်စု၏ မဟာယာနအဆင့် ကျင့်ကြံသူက ဝင်ရောက် သတ်ဖြတ်လာတော့မည် ဖြစ်သည်။

ထိုအချိန်ရောက်ပါက ပြေးချင်လျှင်ပင် ပြေး၍ရတော့မည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တွင် ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ငါးဦးသေဆုံးသွားခဲ့ရသည်။ လူသတ်သမားက သူမဟုတ်လျှင်ပင် သူကိုယ်တိုင်က ဤနေရာတွင် ရှိနေသဖြင့် ပြေးစရာမြေပင် ရှိမည်မဟုတ်ပေ။

"ဒုက္ခပါပဲ..."

"ရှင်နဲ့ စကားတွေ အကြာကြီးပြောနေလို့ အချိန်ဆွဲသလို ဖြစ်သွားတယ်..."

"ထျန်းဖန်မျိုးနွယ်စုရဲ့ မဟာယာနအဆင့် ကျင့်ကြံသူ ဒီနေရာကို သတ်ဖို့လာမယ်ဆိုတာကိုတောင် မေ့သွားတယ်။ အခု ဘယ်လိုလုပ်ကြမလဲ..."

ယွီရှန်းအာ၏ မျက်နှာက ပျက်ယွင်းသွားချေသည်။

ထျန်းဖန်မျိုးနွယ်စုသည် အလွယ်တကူ ရန်စ၍ရသော မျိုးနွယ်စု မဟုတ်ကြောင်းကိုပါ သူမ မေ့လျော့နေခဲ့၏။

အကယ်၍ တစ်ဖက်လူ၏ ပစ်မှတ်ထားခြင်းကို ခံရပါက သူမကိုယ်တိုင်လည်း ပြေးစရာနေရာ လုံးဝရှိတော့မည် မဟုတ်ပေ။

သူမ၏ အမြန်နှုန်းဖြင့်ဆိုပါက ထျန်းဖန်မျိုးနွယ်စု၏ မဟာယာနအဆင့် ကျင့်ကြံသူကို ယှဉ်နိုင်မည်မဟုတ်ချေ။

"စိတ်မပူပါနဲ့။ အားလုံးဆုံတွေ့ကြတာလည်း ရေစက်ရှိလို့ပေါ့..."

"အတော်ပဲ။ ကျုပ်က မိုင်ပေါင်း သန်းတစ်ရာလောက် ချက်ချင်း ရွှေ့ပြောင်းနိုင်တဲ့ လေဟာနယ်မန္တန်တစ်ခုကို ကျွမ်းကျင်တယ်..."

"ကျုပ် အကူအညီနဲ့ဆိုရင် မဟာယာနအဆင့် ကျင့်ကြံသူဆိုရင်တောင် မင်းကို မီအောင်လိုက်ဖို့ စဉ်းတောင်မစဉ်းစားသင့်ဘူး..."

ကျိုးစွေ့က လက်လှမ်းကာ ယွီရှန်းအာကို ဖမ်းဆွဲလိုက်သည်။

ဝှမ်...

နောက်တစ်စက္ကန့်တွင် သူသည် 'တည်နေရာရွှေ့ပြောင်းကူ' ကို လှုံဆော်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ထိုနေရာမှ ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော မိုင်ပေါင်းများစွာသို့ တည်နေရာရွှေ့ပြောင်းသွားခဲ့လေသည်။

သူတို့နှစ်ဦးသည် ချက်ချင်းပင် အရိပ်အယောင်မျှမကျန်အောင် ပျောက်ကွယ်သွားခဲ့ချေသည်။

…………

ကျိုးစွေ့နှင့် ယွီရှန်းအာတို့နှစ်ဦး ထွက်ခွာသွားပြီး မကြာမီအချိန်အတွင်းမှာပင် ထျန်းဖန်မျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။ သူသည်ကား ကောင်းကင်ဖန်ငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲကာ ဤနေရာသို့ ချက်ချင်းဆိုသလို ရောက်ရှိလာခြင်းပင် ဖြစ်၏။

ရက်စက်ကြမ်းကြုတ်လှသော အငွေ့အသက်များက ကီလိုမီတာ သန်းပေါင်းများစွာ အထိ လွှမ်းခြုံသွားပြီး ကောင်းကင်ကြီး ယိမ်းယိုင်ကာ မြေကြီးတုန်လှုပ်သွားသကဲ့သို့ လေဟာနယ်ကြီးပင် တုန်ခါသွားလေသည်။

ကောင်းကင်၏ အမျက်ဒေါသကဲ့သို့သော ထိုဖိအားကြောင့် ဤပင်လယ်နယ်မြေရှိ သက်ရှိအားလုံးမှာ ရပ်တန့်မရအောင် တုန်ယင်နေကြရ၏။

"ချီးတဲ့မှ... ဖန်ကျင်းတို့အုပ်စု အကုန်သေသွားကြပြီပဲ..."

"ဒီတစ်ခါတော့ တကယ်ကို နောက်ကျသွားပြီ..."

ဤထျန်းဖန်မျိုးနွယ်စု၏ မဟာယာနအဆင့် ကျင့်ကြံသူ၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်နေခဲ့ပြီ ဖြစ်သည်။ သူက ပင်လယ်မျက်နှာပြင်ပေါ်တွင် စီးဆင်းနေသော သွေးများနှင့် ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော သေဆုံးခြင်း အငွေ့အသက်များကို ကြည့်လိုက်သည်။

ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူငါးဦး၏ ရုပ်အလောင်းများကိုမူကား ကျိုးစွေ့က စောစောစီးစီးပင် ယူဆောင်သွားခဲ့ပြီး ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ဤသည်ကား ကြီးမားလှသော သွေးသားစွမ်းအင်များ ပါဝင်နေသည့် ခန္ဓာပေါင်းစည်းခြင်းအဆင့်၏ ရုပ်အလောင်းများပင် မဟုတ်ပါလော။

ထိုရုပ်အလောင်းများကို ဝါးမြိုသန့်စင်ရန် 'အရက်ကူ' ထံ ပေးအပ်လိုက်ပါက သတ္တမအဆင့် ဝိညာဉ်အရက်အဖြစ် သန့်စင်ဖန်တီးနိုင်မည် ဖြစ်ရာ ဤမျှ ရှားပါးသော အရင်းအမြစ်များကို သူ မည်ကဲ့သို့ ဖြုန်းတီးပစ်ရက်ပါမည်နည်း။

ထို့ကြောင့် သူက ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများ၏ ရုပ်အလောင်းများကို ယူဆောင်သွားရန် သဘာဝကျကျပင် အနည်းငယ်မျှ တွန့်ဆုတ်မနေခဲ့ပေ။

သို့ရာတွင် ဤနေရာ၌ ရုပ်အလောင်းများ မရှိတော့လျှင်ပင် ဖန်ကျင်း အစရှိသည့် ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ သေဆုံးသွားပြီဖြစ်ကြောင်းကို ထိုမဟာယာနအဆင့် ကျင့်ကြံသူက သိရှိနေဆဲပင် ဖြစ်သည်။

ဝှစ်… ဝှစ်… ဝှစ်…

ဤနေရာသို့ ရောက်ရှိလာသူမှာ ဤမဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးတည်းသာ မဟုတ်ပေ။ အခြားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားလည်း ရှိနေကာ ၎င်းတို့လည်း ဤနေရာသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး ဤမြင်ကွင်းကို မြင်သောအခါ မယုံနိုင်အောင် ဖြစ်သွားကြရ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဖန်ကျင်းတို့အုပ်စုက ကျောက်စိမ်းယုန်မျိုးနွယ်စုက ယွီရှန်းအာကို လိုက်လံသတ်ဖြတ်နေတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား..."

"ဒီယွီရှန်းအာက ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဆိုပေမယ့် အလွန်ဆုံးမှ ခန္ဓာပေါင်းစည်းခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူပဲလေ..."

"တစ်ဖက်လူက ဘယ်လောက်ပဲ စွမ်းနေပါစေ ဖန်ကျင်းတို့လို ခန္ဓာပေါင်းစည်းခြင်းအဆင့် ငါးယောက်ကိုတော့ သတ်နိုင်မှာ မဟုတ်ဘူး... တကယ်တမ်း ဘာတွေဖြစ်သွားတာလဲ..."

ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူအများအပြားမှာ ယုံကြည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် မိမိတို့မျက်စိရှေ့မှ မြင်ကွင်းကို မယုံရဲကြချေ။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စဖြစ်သောကြောင့်ပင်။

သတိပြုရမည်မှာ ဤသူများသည် သာမန်ပေါက်လွတ်ပဲစားများ မဟုတ်ဘဲ ထျန်းဖန်မျိုးနွယ်စု၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူငါးဦးပင် မဟုတ်ပါလော။

မည်ကဲ့သို့ ဤမျှမြန်ဆန်စွာ သေဆုံးသွားနိုင်မည်နည်း။ ရုန်းကန်ရန်ပင် အခွင့်အရေး မရလိုက်ချေ။

၎င်းတို့အားလုံး အစောပိုင်းက ဘာဖြစ်သွားမှန်း နားမလည်နိုင်ကြပေ။

"အင်မော်တယ်ရတနာ... ဒီနေရာမှာ အင်မော်တယ်ရတနာ သုံးသွားတဲ့ အငွေ့အသက်တွေ ရှိနေတယ်..."

"ငါခန့်မှန်းတာ မမှားဘူးဆိုရင် အဲဒီ ယွီရှန်းအာက အင်မော်တယ်ရတနာရဲ့ စွမ်းအားကို အသုံးပြုသွားတာ ဖြစ်ရမယ်..."

"ဒါကြောင့်မလို့ ဖန်ကျင်းတို့ကို ချက်ချင်း သတ်ဖြတ်နိုင်သွားတာပဲ..."

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ မျက်နှာမှာ အလွန်လေးနက်နေလေသည်။

သူသည် မူလဝိညာဉ်စွမ်းအားကို အသုံးပြု၍ ပတ်ဝန်းကျင်အခြေအနေကို သေချာစွာ အာရုံခံလိုက်ရာ အင်မော်တယ်ရတနာ၏ အငွေ့အသက်ကို သတိပြုမိသွားခြင်းပင်။

ထို့ကြောင့် ယခုလေးတင် တိုက်ပွဲမြေပြင်တွင် ဘာတွေဖြစ်သွားသည်ကို သူ ချက်ချင်း သိလိုက်လေသည်။

ထင်ရှားသည်မှာ အင်မော်တယ်ရတနာ၏ စွမ်းအားကသာ ခန္ဓာပေါင်းစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးကို အခြားခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ငါးဦးအား ချက်ချင်းသတ်ဖြတ်နိုင်ရန် စွမ်းဆောင်ပေးနိုင်မည် ဖြစ်၏။

"မဖြစ်နိုင်တာ... သာမန် ကျောက်စိမ်းယုန်မျိုးနွယ်စုလေးက ဘယ်လိုလုပ်ပြီး အင်မော်တယ်ရတနာတစ်ခုကို ပိုင်ဆိုင်နိုင်မှာလဲ..."

"မဖြစ်နိုင်တာ ဘာမှမရှိဘူး... ကျောက်စိမ်းယုန်မျိုးနွယ်စုကလည်း အတိတ်တုန်းက အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုပဲလေ... တစ်ချိန်က အစစ်အမှန်ဝိညာဉ်တွေရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ မရေမတွက်နိုင်တဲ့ အမွေအနှစ်တွေ ရှိခဲ့တာမို့ အင်မော်တယ်ရတနာတစ်ခု ရှိနေတာကလည်း မဆန်းပါဘူး..."

"ဟုတ်တယ်... ကျဆင်းသွားပုံပေါ်နေရင်တောင် ဝိညာဉ်လောကမှာရှိတဲ့ ဘယ်မျိုးနွယ်စုကိုမှ အထင်သေးလို့ မရဘူး..."

"ညီအစ်ကို ဖန်ကျင်းကလည်း ကံဆိုးတာပဲ... ကျောက်စိမ်းယုန်မျိုးနွယ်စုနဲ့မှ သွားတိုးရတယ်လို့..."

"သူတို့က ယွီရှန်းအာကို အရမ်းအထင်သေးသွားလို့ အခုလို ဘေးတွေ့သွားတာပဲ..."

ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများစွာမှာ တီးတိုးဆွေးနွေးနေကြလေသည်။

"ရွံစရာကောင်းတဲ့ ကျောက်စိမ်းယုန်မျိုးနွယ်စု..."

"ငါတို့ ထျန်းဖန်မျိုးနွယ်စုနဲ့ မင်းတို့က ကောင်းကင်တစ်ခုအောက်မှာ အတူမရှင်သန်နိုင်တဲ့ ရန်သူတွေပဲ..."

"ကျောက်စိမ်းယုန် လျှို့ဝှက်နယ်မြေကို ငါမရှာတွေ့ပါစေနဲ့... မဟုတ်ရင် ကျောက်စိမ်းယုန်မျိုးနွယ်စု တစ်ခုလုံး မျိုးဖြုတ်သတ်ခံရမယ်..."

"ဝိညာဉ်လောကထဲကနေ လုံးဝပျောက်ကွယ်သွားစေရမယ်..."

ဤထျန်းဖန်မျိုးနွယ်စု မဟာယာနအဆင့် ကျင့်ကြံသူသည် ဒေါသတကြီး ဖြစ်နေပြီး ကောင်းကင်ထက်တွင် တိမ်တိုက်များ လိမ့်တက်လာကာ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်သို့တိုင် ထိုးဖောက်သွားချေပြီ။

မဟာယာနအဆင့်၏ ဒေါသတစ်ချက်က ကောင်းကင်နှင့်မြေကြီးကို အရောင်ပြောင်းသွားစေသကဲ့သို့ပင်။

သို့သော် ဤသည်မှာ စွမ်းဆောင်ရည်မဲ့သော ဒေါသသက်သက်သာ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းယုန်မျိုးနွယ်စုသည် ဝိညာဉ်လောကတွင် ဤမျှကာလကြာရှည်စွာ ကျက်စားခဲ့သော်လည်း မည်သူကမျှ ၎င်းတို့၏ ခံတပ်ကို ရှာမတွေ့ခဲ့သောကြောင့်ပင်။

ဉာဏ်ကောင်းသော ယုန်တွင် ဂယ်ပေါက်သုံးခုရှိသည်ဟူသော ဆိုရိုးစကားမှာ ကျောက်စိမ်းယုန်မျိုးနွယ်စုကို ရည်ညွှန်းခြင်း ဖြစ်၏။

ကျောက်စိမ်းယုန်မျိုးနွယ်စုကို ရှာဖွေရန်မှာ ထင်ထားသလောက် မလွယ်ကူပေ။

မဟာယာနအဆင့် ကျင့်ကြံသူဆိုလျှင်ပင် ဝိညာဉ်လောကတစ်ခုလုံးကို လှန်လှောမြေလှန်၍ ကျောက်စိမ်းယုန်မျိုးနွယ်စု၏ ခံတပ်ကို ရှာဖွေရန် ဤမျှအချိန်များစွာ မရှိချေ။

…………

ဝှမ်...

ဤအခိုက်တွင် ကျိုးစွေ့သည်လည်း ယွီရှန်းအာကို ခေါ်ဆောင်ကာ ခွန်ဖန်ပင်လယ်နယ်မြေ တောင်ပိုင်းရှိ နေရာတစ်နေရာသို့ ရောက်ရှိလာလေသည်။

ထိုထျန်းဖန်မျိုးနွယ်စု မဟာယာနအဆင့် ကျင့်ကြံသူ၏ လိုက်လံသတ်ဖြတ်မှုမှ လုံးဝ လွတ်မြောက်သွားခဲ့ချေပြီ။

"ရှင့်မှာ တကယ်ကြီး ဒီလိုစွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ ထင်မထားဘူး..."

"မိုင်သန်းချီကို ချက်ချင်း ရွှေ့ပြောင်းနိုင်တယ်ပေါ့..."

ယွီရှန်းအာ၏ လှပသော မျက်လုံးများက တောက်ပသွားပြီး ကျိုးစွေ့ကို အံ့ဩတကြီး ကြည့်လိုက်၏။

အစပိုင်းက ဤအမျိုးသားက နောက်ပြောင်နေသည်ဟု သူမ ထင်မှတ်ထားခဲ့ပြီး တကယ်တမ်း လုပ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

မဟာယာနအဆင့် ကျင့်ကြံသူပင်လျှင် ဤမျှဝေးကွာသော အကွာအဝေးကို ချက်ချင်း ရွှေ့ပြောင်းနိုင်မည် မဟုတ်ချေ။

သို့ရာတွင် ဤအမျိုးသားက လုပ်ဆောင်နိုင်ခဲ့သည်မှာ အမှန်တကယ်ပင် ယုံကြည်နိုင်ဖွယ် မရှိပေ။

ဤအမျိုးသားသာ မရှိခဲ့ပါက ယနေ့ သူမအတွက် အသက်အန္တရာယ် စိုးရိမ်ရမည်မှာ သေချာလှ၏။

"အသေးအဖွဲ စွမ်းရည်လေး တစ်ခုပါပဲ..."

ကျိုးစွေ့က ပြုံးလိုက်သည်။

အမှန်အတိုင်းဆိုရလျှင် ယွီရှန်းအာသာ သူ၏ 'ချစ်ခြင်းမေတ္တာကူ' အစွမ်းသင့်ထားပြီး သူ၏ အရန်တာအိုလက်တွဲဖော် ဖြစ်မနေပါက သူလည်း ဤစွမ်းရည်မျိုးကို ထုတ်ဖော်ပြမည် မဟုတ်ပေ။ သို့သော် အနာဂတ်တွင် တာအိုလက်တွဲဖော် ဖြစ်လာမည့်သူဖြစ်ရာ စွမ်းရည်အနည်းငယ် ထုတ်ဖော်ပြသခြင်းကလည်း လုံးဝ ပြဿနာမရှိချေ။

'အသေးအဖွဲ စွမ်းရည်လေးတဲ့လား...'

ဤစကားကို ကြားသောအခါ ယွီရှန်းအာမှာ ဆွံ့အသွားရလေသည်။ ဤသည်သာ အသေးအဖွဲစွမ်းရည် ဖြစ်ပါက ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံးမှာ အမှိုက်များသာ ဖြစ်သွားပေလိမ့်မည်။

သူမကိုယ်တွင်းရှိ ထိုက်ယင်ကျောက်စိမ်းယုန်သွေးဆက်၏ ရွေးချယ်မှုက အမှန်တကယ် မှန်ကန်သည်ဟုသာ ပြောရပေမည်။

သူမရှေ့ရှိ ဤလူသားကျင့်ကြံသူသည် အမှန်တကယ်ပင် သာမန်မဟုတ်ချေ။

တစ်ဖက်လူသည် လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူမျှသာ ဖြစ်သည်ဟု ယူဆ၍မရေချေ။ သူပိုင်ဆိုင်သော စွမ်းရည်များကို မဟာယာနအဆင့် ကျင့်ကြံသူများပင် မလုပ်ဆောင်နိုင်ချေ။

ကံကောင်းထောက်မစွာဖြင့် ဤလူသားအမျိုးသားသည် သူမအပေါ် ဆိုးရွားသော ရည်ရွယ်ချက် ကြီးကြီးမားမား မရှိပေ။

မဟုတ်လျှင် သူမ ရှင်သန်နိုင်မည်လား ဆိုသည်မှာ အလွန်ပြောရခက်သော ကိစ္စဖြစ်သွားလိမ့်မည်။

All Chapters