အခန်း ၉၁၉
Vol. 87 Ch. 919
အခန်း (၉၁၉) - အင်မော်တယ်ကမ္ဘာမှ အပင်တာအိုစစ်သည်မိခင်သစ်ပင်၊ အပင်တာအိုစစ်သည်၊ ရှင်သန်ခဲ့သော နှစ်တစ်ထောင် (၅)
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ယောက်၏ လျှို့ဝှက်ချက်ကို မည်သူကများ အပိုစကား ဆိုရဲမည်နည်း။
ထို့အပြင် ကျိုးစွေ့၏ တာအိုလက်တွဲဖော်များမှာလည်း ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြပြီး ဖုန်းရှီးကျွန်း၏ ကောင်းကင်ကြီးနှင့်ပင် ညီမျှနေလေ၏။
စီနီယာကျိုးကို ပြစ်မှားမိပါက အသက်မည်မျှပင်ရှိစေကာမူ သေဆုံးရန် လုံလောက်မည်မဟုတ်ပေ။
တစ်ဖက်လူတွင် သတ္တမအဆင့် ဝိညာဉ်ဆေးပင်များကို ရရှိရန် လျှို့ဝှက်လမ်းကြောင်း ရှိနေခဲ့လျှင်ပင် သူတို့နှင့် မည်သို့ သက်ဆိုင်မည်နည်း။
သူတို့က တစ်ဖက်လူ၏ ဝိညာဉ်ဆေးပင်များကို လုယူရဲသည်ဟု ဆိုလိုခြင်းလော။
ကျင့်ကြံသူတစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ဒါပေမဲ့ အမှတ် (၈၈) တာအိုကျောင်းတော်က မကြာခဏ ကောင်းကင်ကပ်ဘေး ကြုံတွေ့ရတာဆိုတော့ ဒီနေရာမှာ ကျင့်ကြံမယ်ဆိုရင် အရမ်းဒုက္ခများနေမှာ မဟုတ်ဘူးလား..."
အခြားကျင့်ကြံသူတစ်ယောက်က သူ၏အဖော်ကို လောကကြီးအကြောင်း ဘာမှမသိသူတစ်ယောက်ဟု တွေးကာ အထင်သေးစွာဖြင့် ပြောလိုက်၏။
"တုံးအလိုက်တာကွာ။ ဘယ်လိုလုပ် ဒုက္ခများနိုင်မှာလဲ။ ဒါက ငါတို့ ဖုန်းရှီးမြို့တော်ရဲ့ နာမည်ကြီး ကျင့်ကြံခြင်း ကောင်းချီးမြေပဲဟ..."
"မြို့စားအိမ်တော် အနီးတစ်ဝိုက်က ဧရိယာတွေတောင်မှ အမှတ် (၈၈) တာအိုကျောင်းတော်ကို မယှဉ်နိုင်ဘူး..."
"အခုဆိုရင် အမှတ် (၈၈) တာအိုကျောင်းတော် အနီးတစ်ဝိုက်ရဲ့ အိမ်ခြံမြေဈေးတွေက ဖုန်းရှီးမြို့တော်မှာ အမြင့်ဆုံးဖြစ်နေပြီ..."
"လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတွေတောင် ဒီနားကို ပြောင်းရွှေ့လာပြီး အနီးအနားမှာ ကျင့်ကြံနေထိုင်ကြတာပဲ..."
ထိုကျင့်ကြံသူမှာ ကြက်သေသေသွားပြီး လုံးဝ နားမလည်နိုင်ဖြစ်သွားပေသည်။
"မဖြစ်နိုင်တာ။ ဒီနေရာက ကောင်းကင်ကပ်ဘေး မကြာခဏ ပေါ်လာတာလေ။ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ မိုးခြိမ်းသံတွေ ဆူညံလာတတ်ပြီး တံခါးပိတ်ကျင့်ကြံဖို့တောင် မဖြစ်နိုင်တာကို။ ဒီလိုနေရာမျိုးက လူကြိုက်များတဲ့ နေထိုင်ရာဒေသ ဖြစ်လာတယ်ဆိုတာ တကယ်တမ်း ဘာကြောင့်လဲ..."
ထိုကျင့်ကြံသူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"အမှတ် (၈၈) တာအိုကျောင်းတော်မှာ ကောင်းကင်ကပ်ဘေးက မကြာခဏ ပေါ်လာပေမဲ့ ပိုအရေးကြီးတာက ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးသွားတဲ့အခါ အမှတ် (၈၈) တာအိုကျောင်းတော် တစ်ခုလုံးမှာ သိပ်သည်းတဲ့ ဖန်ဆင်းခြင်းချီတွေ ပြည့်နှက်သွားတာပဲ..."
"ဖန်ဆင်းခြင်းချီ တစ်မျှင်လောက်ကို စုပ်ယူလိုက်ရရင်တောင် သာမန်ကျင့်ကြံသူတွေအတွက် ထိပ်တန်းဆေးလုံးတစ်လုံးကို စားသုံးလိုက်ရတာနဲ့ ညီမျှပြီး နှစ်အနည်းငယ် ဒါမှမဟုတ် နှစ်ဆယ်ကျော်လောက် ကြိုးစားပမ်းစား ကျင့်ကြံရမယ့် အချိန်တွေကို သက်သာစေနိုင်တယ်လေ..."
"အဆင့်မြင့် ကျင့်ကြံသူတွေ ဖန်ဆင်းခြင်းချီကို စုပ်ယူရင်တောင်မှ ကြီးမားတဲ့ အကျိုးကျေးဇူးနဲ့ ကံတရားတွေ ရရှိနိုင်သေးတယ်..."
"အမှတ် (၈၈) တာအိုကျောင်းတော်မှာ နေတဲ့ ကျောင်းသားတွေက ဒီလိုပတ်ဝန်းကျင်မှာ အချိန်ကြာမြင့်စွာ နေထိုင်ရတဲ့အတွက် သူတို့အားလုံးရဲ့ ကျင့်ကြံမှုတွေက အရမ်းကို မြန်ဆန်နေကြတာပေါ့..."
"ပါရမီရှင်တွေ မွေးဖွားလာနိုင်ခြေကလည်း အများကြီး တိုးတက်လာတယ်လေ..."
"ပြီးခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်း အမှတ် (၈၈) တာအိုကျောင်းတော်ကနေ ထွက်ပေါ်လာတဲ့ ရွှေအမြုတေအဆင့်နဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေက နည်းနည်းနောနောမှ မဟုတ်တာ..."
"တချို့ကျောင်းသားတွေဆိုရင် ကျောင်းတော်မှာပဲ နေပြီး ကျင့်ကြံချင်လို့ ဘွဲ့ယူတာကိုတောင် နောက်ဆုတ်ချင်ကြသေး..."
“ဖန်ဆင်းခြင်းချီလား... ကပ်ဘေးတစ်ခု ပြီးသွားတဲ့အခါ အခွင့်အရေးဆိုတာ သေချာပေါက် ရှိလာတတ်တယ်ဆိုတာ ဒါမျိုးကို ပြောတာပဲ ဖြစ်ရမယ်...”
“ဒါကြောင့်လည်း အမှတ် (၈၈) တာအိုကျောင်းတော် အနီးတစ်ဝိုက်က အိမ်ခြံမြေဈေးတွေက ဒီလောက်တောင် ကြီးမြင့်နေတာပဲ...”
“ဖန်ဆင်းခြင်းချီ တစ်မျှင်လောက်ကို ဝါးမြိုနိုင်ရင်တောင်မှ ကျင့်ကြံသူတွေအတွက်တော့ အံ့မခန်း အကျိုးကျေးဇူးတွေ ရနိုင်တယ်လေ...”
“ဒီနှစ်တွေအတွင်းမှာ အမှတ် (၈၈) တာအိုကျောင်းတော်ကနေ ပါရမီရှင်တွေ အဆက်မပြတ် ထွက်ပေါ်နေတာကလည်း အကြောင်းရင်းရှိတာကိုး...”
“အရင်တုန်းကတော့ ဒီနေရာဟာ သာမန်တာအိုကျောင်းတော်တစ်ခုသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ ဖုန်းရှီးကျွန်းရဲ့ အကောင်းဆုံး တာအိုကျောင်းတော်ကြီး ဖြစ်လာခဲ့ပြီ...”
“တောင်က မမြင့်ရင်တောင်မှ အင်မော်တယ်ရှိရင် တန်ခိုးစွမ်းအင်တွေ ရှိလာတယ်ဆိုတာ ဒါမျိုးကို ခေါ်တာပဲ...”
(စကားချပ် - ရေမြင့်ရင် ကြာတင့်တယ်ဆိုတာမျိုးပါ။)
ကျင့်ကြံသူများစွာ သဘောပေါက်သွားခဲ့ကြလေသည်။ အမှတ် (၈၈) တာအိုကျောင်းတော်သည် ဖုန်းရှီးကျွန်း၏ ကျင့်ကြံခြင်းကောင်းချီးမြေ ဖြစ်သည်ဆိုသော ကောလာဟလများက အလကားမဟုတ်ကြောင်း သူတို့ သိလိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ် ဧကရာဇ်မြို့တော် အတွင်း၌ပင် ဤကဲ့သို့ ဆေးလုံးကပ်ဘေး မကြာခဏ ကျရောက်သော နေရာမျိုး ပေါ်ထွက်လာနိုင်ရန်မှာ မဖြစ်နိုင်သောကြောင့်ပင်။
အကယ်၍သာ ဖြစ်နိုင်မည်ဆိုပါက သူတို့လည်း ထိုအနီးတစ်ဝိုက်တွင် အိမ်ဝယ်ချင်ကြသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဤနေရာ၏ အိမ်ခြံမြေဈေးကွက်မှာ အလွန်ကြီးမြင့်လှရာ သာမန်ကျင့်ကြံသူများအနေဖြင့် လုံးဝ တတ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
...
ထိုအချိန်တွင် အမှတ် (၈၈) တာအိုကျောင်းတော်ရှိ ဆေးဖော်စပ်ခန်းတစ်ခုအတွင်း၌။
နောက်ဆုံးသော မိုးကြိုးကပ်ဘေး ပျောက်ကွယ်သွားသည်နှင့်အမျှ ဆေးမီးဖိုအတွင်းမှ အရောင်ငါးမျိုးရှိသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာကာ ဆေးဖော်စပ်ခန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
အကယ်၍ ဤနေရာတွင်သာ အကာအကွယ်အစီအရင်များ မရှိခဲ့ပါက ထိုအလင်းတန်းများသည် အစောကြီးကတည်းက အပြင်ဘက်သို့ ယိုစိမ့်ထွက်ပေါ်သွားမည်မှာ သေချာလှသည်။
ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့ရှေ့ရှိ ဆေးမီးဖိုကို ကြည့်နေရင်း မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
ဤအချိန်၌ ဆေးမီးဖိုအတွင်းတွင် လုံးဝန်းနေသော အစိမ်းရောင် ဆေးလုံးသုံးလုံး ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့၏ မျက်နှာပြင်ပေါ်၌ အစိမ်းရောင် ဆေးလုံးအရေးအကြောင်းများ လေးခုပေါ်နေခဲ့သည်။
ဝိုးတဝါးဖြင့် ထိုဆေးလုံးများ၏နောက်ကွယ်တွင် အဆုံးအစမရှိသော မြက်ခင်းပြင်ကြီးတစ်ခု ပေါ်လာသကဲ့သို့ ရှိနေသည်။ ထိုနေရာတွင် မြောက်မြားစွာသော ဝိညာဉ်မြက်ပင်များ ရှင်သန်ကြီးထွားနေပြီး စိမ်းလန်းစိုပြည်ကာ အဆုံးမဲ့ သက်စောင့်စွမ်းအင်များ ပါဝင်နေသည်။ ဤသည်ကား သတ္တမအဆင့် ရတနာဆေးလုံးများ၏ ထူးခြားသော မြင်ကွင်းပင် ဖြစ်ချေသည်။
ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် များစွာသော အစိမ်းရောင် မှော်စာလုံးများ ပေါ်ပေါက်လာသကဲ့သို့ ရှိနေပြီး ခန့်မှန်းရခက်လွန်းလှပေသည်။ ဤကား သတ္တမအဆင့် အောက်ခြေအဆင့် ထိုက်ရွှမ် မြက်ဝိညာဉ်ဆေးလုံးပင် ဖြစ်လေသည်။
ဆယ်စုနှစ်ပေါင်းများစွာ သတ္တမအဆင့် ဝိညာဉ်ဆေးပင်များကို ပြုစုပျိုးထောင်ပြီးနောက်တွင် သူသည် သတ္တမအဆင့် ဝိညာဉ်ဆေးပင် မျိုးစေ့များကို မနည်းမနော ချန်ထားနိုင်ခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် သူသည် ပထမဆုံးအနေဖြင့် ဆေးတစ်အိုးကို စတင်ဖော်စပ်လိုက်ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့်လည်း အလွန်ချောမွေ့စွာပင် ဤသတ္တမအဆင့် အောက်ခြေအဆင့် ရတနာဆေးလုံးသုံးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ချေသည်။
ဆေးမီးဖိုအတွင်းမှ ပြင်းထန်သော ဆေးရနံ့များ ထွက်ပေါ်လာကာ ရာဂဏန်းရှိသော မိုင်ပေါင်းများစွာ အကွာအဝေးထိ ဖုံးလွှမ်းသွားသည်။ ထိုမွှေးရနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာပြီး လူတို့၏ စိတ်ဝိညာဉ်ကို လှုပ်ခတ်သွားစေနိုင်စွမ်း ရှိပေသည်။
“မဆိုးဘူး... ဒီဆေးလုံးက ဘယ်လိုနေမလဲဆိုတာ စမ်းကြည့်ရမယ်...”
ကျိုးစွေ့က ထိုက်ရွှမ် မြက်ဝိညာဉ်ဆေးလုံး တစ်လုံးကို ကောက်ယူကာ ချက်ချင်းပင် ဗိုက်ထဲသို့ မျိုချလိုက်၏။
အရသာက သိပ်မဆိုးကြောင်း သူ ခံစားလိုက်ရသည်။ ချိုမြိန်သော အရသာလေးရှိပြီး ပူရှိန်းသကြားလုံးနှင့် ခပ်ဆင်ဆင်တူသကဲ့သို့ ရှိနေလေသည်။
ဝုန်း... ဝုန်း... ဝုန်း...
ရုတ်တရက် ထိုက်ရွှမ် မြက်ဝိညာဉ်ဆေးလုံး ဗိုက်ထဲသို့ ဝင်သွားပြီးနောက် သူသည် ကူနတ်ဘုရားကျမ်းကျင့်စဉ်ကို လည်ပတ်လိုက်လေသည်။ သူ၏ ဒန်တျန်ချီပင်လယ်သည် ဆေးမီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိနေပြီး ဤသတ္တမအဆင့် အောက်ခြေအဆင့် ဆေးလုံးကို ချက်ချင်းဆိုသလို သန့်စင်လိုက်ကာ ကြီးမားလှသော ဆေးစွမ်းအင်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဤသည်က သတ္တမအဆင့် အောက်ခြေအဆင့် ရတနာဆေးလုံး၏ ဆေးစွမ်းအင်များ ဖြစ်သည့်အတွက် ထိုအထဲတွင် ပါဝင်သော ဆေးစွမ်းအင် မည်မျှကြီးမားမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
အဆုံးအစမရှိသော မြစ်ကြီးတစ်စင်း တဝုန်းဝုန်း စီးဆင်းလာသကဲ့သို့ပင် ဆေးစွမ်းအင်များက ကောင်းကင်သို့တိုင် မြင့်မားသော ရေလွှမ်းမိုးမှုကြီးပမာ ဖြစ်ပေါ်လာခဲ့၏။
ကြီးမားသော ဆေးစွမ်းအင်များသည် ပထမဆုံးအနေဖြင့် ဒန်တျန်ချီပင်လယ်ထဲသို့ ဝင်ရောက်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောတိုင်းဆီသို့ စီးဝင်သွားလေသည်။ ဝေဝေဝါးဝါးဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ မြစ်ဝါမြစ်ကြီး ဟိန်းဟောက်နေသကဲ့သို့ တဝုန်းဝုန်း အသံများ ထွက်ပေါ်လာခဲ့သည်။
သံသယဖြစ်ဖွယ်မရှိ အကယ်၍ သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက ဤဆေးစွမ်းအင်များကြောင့် အစောကြီးကတည်းက ခန္ဓာကိုယ်ပေါက်ကွဲသွားမည်မှာ သေချာလှပေသည်။
သို့သော် ကျိုးစွေ့အတွက်ကမူ ဤအရာသည် အသေးအဖွဲကိစ္စတစ်ခုမျှသာ ဖြစ်လေသည်။
‘နဂါးဆင်ကူ’၏ သန့်စင်ပေးမှုကို ဖြတ်သန်းပြီးနောက် သူ၏ ခန္ဓာကိုယ်သည် နဂါးဆင်တစ်ကောင်၏ ခန္ဓာကိုယ်နှင့် တူညီနေပြီး သွေးကြောများကလည်း အလွန်အမင်း ခိုင်ခံ့နေခဲ့ချေပြီ။
ဆေးစွမ်းအင်က ယခုထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေမည်ဆိုလျှင်ပင် သူ၏ ဆံခြည်တစ်မျှင်မျှပင် ထိခိုက်ဒဏ်ရာရမည်မဟုတ်ဘဲ အလွယ်တကူ တောင့်ခံထားနိုင်စွမ်း ရှိပေသည်။