← Chapters

အခန်း ၉၂၀

Vol. 87 Ch. 920

အခန်း ၉၂၀

Vol. 87 Ch. 920

အခန်း (၉၂၀) - အင်မော်တယ်ကမ္ဘာမှ အပင်တာအိုစစ်သည်မိခင်သစ်ပင်၊ အပင်တာအိုစစ်သည်၊ ရှင်သန်ခဲ့သော နှစ်တစ်ထောင် (၆)

“အရမ်း သက်သောင့်သက်သာ ရှိတာပဲ...”

ကျိုးစွေ့က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ရေပူစမ်းထဲတွင် စိမ်ထားရသကဲ့သို့ ခံစားလိုက်ရပြီး အဆုံးမဲ့ နူးညံ့သော ဆေးစွမ်းအင်များက ခန္ဓာကိုယ်ကို ရစ်ပတ်ထားကာ အတွင်းပိုင်း နေရာတိုင်းဆီသို့ စိမ့်ဝင်သွားလေသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းကပင် ဆေးစွမ်းအင်များကို လောဘတကြီး ဝါးမြိုနေသကဲ့သို့ ရှိနေ၏။ ထိုက်ရွှမ် မြက်ဝိညာဉ်ဆေးလုံး၏ ဆေးစွမ်းအင်များက နေရာလပ်မချန် စိမ့်ဝင်နိုင်စွမ်း ရှိလေသည်။

“ကျင့်ကြံမှုအဆင့် တိုးတက်လာတာ အရမ်းမြန်လွန်းတယ်...”

ယခုအချိန်တွင် ကျိုးစွေ့မှာ စိတ်လှုပ်ရှားမှုတို့ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ချေပြီ။

လက်ရှိ သူ၏ စိတ်ခံစားချက်ကို မည်သည့်စကားလုံးများဖြင့် ဖော်ပြရမည်ကိုပင် သူ မသိတော့ပေ။

သိသာထင်ရှားစွာပင် ယခင်က နေ့စဉ်ကြိုးစားပန်းစား ကျင့်ကြံခဲ့ရသည်များနှင့် နှိုင်းယှဉ်ပါက သူ၏ လေဟာနယ်သန့်စင်ခြင်း မှော်စွမ်းအင်များ တိုးတက်လာမှုသည် အဆပေါင်းများစွာ မြန်ဆန်နေခဲ့ပြီး ကားမောင်းနေရသကဲ့သို့ ခံစားလိုက်ရ၏။

အရင်တုန်းက သူ၏ ခက်ခက်ခဲဲခဲ ကျင့်ကြံနေရခြင်းမှာ လမ်းလျှောက်နေရသကဲ့သို့ပင် ဖြစ်သည်။ ထိရောက်မှုချင်းက အလွန်ကွာခြားလွန်းလှပေသည်။

သတ္တမအဆင့် ရတနာဆေးလုံး တစ်လုံးတည်းကပင် သူ၏ နှစ်ရာပေါင်းများစွာ ကြိုးစားပန်းစား ကျင့်ကြံရမည့် အချိန်များကို သက်သာသွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများစွာသည် ဆေးလုံးများကို ရူးသွပ်စွာ လိုက်လံရှာဖွေနေကြခြင်း ဖြစ်ပေသည်။

အကယ်၍ သူသာ သတ္တမအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့ပါက ထိုဆေးလုံးများကို လေလံဆွဲရန်အတွက် နေရာအနှံ့တွင် ငွေကြေးများစွာ အကုန်အကျခံရမည်မှာ သေချာလှသည်။

သို့သော် ယခုမူ သူကိုယ်တိုင် ဖော်စပ်လိုက်ရုံဖြင့် အဆင်ပြေသွားမည် ဖြစ်ရာ အခြားကျင့်ကြံသူများ၏ အကူအညီကို တောင်းခံနေရန် လုံးဝ မလိုအပ်တော့ပေ။ ကိုယ့်အားကိုယ်ကိုးခြင်းက စား‌နပ်ရိက္ခာ ဖူလုံစေသည်ဆိုသည်မှာ ဤသည်ကိုပင် ဆိုလိုခြင်း ဖြစ်လေသည်။

'သတ္တမအဆင့် အောက်ခြေအဆင့် ဆေးလုံးဆိုတဲ့အတိုင်း ပါဝင်တဲ့ ဆေးစွမ်းအင်တွေက အရမ်းကို အံ့မခန်းဖြစ်လွန်းတယ်... ဒီလို သတ္တမအဆင့် ရတနာဆေးလုံး တစ်လုံးတည်းက ဆဋ္ဌမအဆင့် ရတနာဆေးလုံး ဘယ်နှလုံးနဲ့ ညီမျှနိုင်မလဲဆိုတာတောင် မသိနိုင်တော့ဘူး...”

“ဆေးစွမ်းအင်ချင်း ကွာခြားချက်က အရမ်းကြီးမားလွန်းတော့ တစ်နေ့တည်းမှာ ယှဉ်ပြောလို့တောင် မရနိုင်ဘူး... သေချာတာပေါ့ ဈေးနှုန်းကလည်း တော်တော်လေး ကြီးမြင့်ပြီးတော့ သတ္တမအဆင့် ဝိညာဉ်ဆေးပင်တွေ လိုအပ်တာကြောင့် ဘယ်လိုကျင့်ကြံသူမျိုးကမှ ဒီစရိတ်ကို မတတ်နိုင်ကြတာပဲ...'

ကျိုးစွေ့သည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့လေသည်။

မိမိခန္ဓာကိုယ်အတွင်းရှိ လေဟာနယ်သန့်စင်ခြင်း မှော်စွမ်းအင်များသည် ကြီးမားသော တိုးတက်မှုကို ရရှိသွားကြောင်း သူ ခံစားလိုက်ရသည်။

ကူနတ်ဘုရားကျမ်းကို ကျင့်ကြံထားသောကြောင့် သူ၏ မှော်စွမ်းအင်များသည် အဆင့်တူကျင့်ကြံသူများထက် အဆတစ်ရာမက ပိုများပြားနေသည်။

ထိုအရာက သူ့အတွက် ကြီးမားလှသော အခြေခံအုတ်မြစ်နှင့် ခွန်အားများကို ယူဆောင်လာပေးသော်လည်း တစ်ချိန်တည်းမှာပင် ကျင့်ကြံရာတွင် အခက်အခဲများကိုပါ ဖြစ်ပေါ်စေခဲ့သည်။

သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ ဆဋ္ဌမအဆင့် ရတနာဆေးလုံးသည် နှစ်ရာပေါင်းများစွာစာ မှော်စွမ်းအင်များကို တိုးပွားလာစေနိုင်သည်။

သို့ရာတွင် ကျိုးစွေ့အတွက်မူ မရှိတာထက်စာလျှင် တော်သေးသည်ဟုသာ ဆိုရမည် ဖြစ်၏။ အများဆုံးအနေဖြင့် ဆယ်စုနှစ်တစ်ခုစာခန့် မှော်စွမ်းအင်များကိုသာ တိုးပွားလာစေနိုင်လေသည်။

သတ္တမအဆင့် ရတနာဆေးလုံး တစ်ခုတည်းကသာလျှင် သူ၏ ကျင့်ကြံမှုအတွက် ကြီးမားလှသော တိုးတက်မှုကို အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်ပေသည်။ ဆဋ္ဌမအဆင့် ရတနာဆေးလုံးများကမူ အခြေခံအားဖြင့် သူ့အပေါ် များစွာ အကျိုးသက်ရောက်မှု မရှိတော့ပေ။

ထိုအကြောင်းကို တွေးမိသည်နှင့် သူသည် စိတ်ဆန္ဒတစ်ချက်ဖြင့် သူ၏ အချက်အလက်ပြမျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်၏။ ချက်ချင်းပင် အချက်အလက်များစွာ ထွက်ပေါ်လာခဲ့သည်။

[ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ် (တိုးတက်မှု ၈၅%) ၊ သက်တမ်း - ၁၀၀ (၄၀၄၀၀၀) နှစ်]

[ပင်ကိုပါရမီ - ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် (၅၈%)]

[ဓားတာအို - ဆဋ္ဌမအဆင့် အထွတ်အထိပ် (၆၀%)]

[အဆောင်ပညာရပ် - ဆဋ္ဌမအဆင့် အလယ်အလတ် ၂၀%)]

[အစီအရင်ပညာ - သတ္တမအဆင့် အထွတ်အထိပ် (၉၉%)]

[ဆေးဖော်စပ်ပညာရှင် - သတ္တမအဆင့် အောက်ခြေအဆင့် (၈၀%)]

[လက်နက်ဖန်တီးခြင်း - ဆဋ္ဌမအဆင့် အလယ်အလတ် (၄၀%)]

[နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့်]

[ကောင်းကင်မြေကြီးဆေးမီးဖိုပညာရပ် - ပြီးပြည့်စုံခြင်းအဆင့်]

[မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း၊ မိစ္ဆာဝါးမြိုခြင်း]

[အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ကျမ်း - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကား၊ နှလုံးသားမျက်လုံး စိတ်အာရုံဖတ်ရှုခြင်း၊ နှလုံးသားမျက်လုံး တိုက်ရိုက်သေဆုံးခြင်း၊ နှလုံးသားမျက်လုံး ကြိုတင်သိမြင်ခြင်း (၅%)]

[ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း၊ တတိယပုံစံ ကျော့ကွင်းဓားအလင်း]

[ဓာတ်ငါးပါးမိုးကြိုးမန္တန် - ပြီးပြည့်စုံခြင်းအဆင့်၊ ကုယုံဆန်းကြယ်အလင်း - မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ် - စတုတ္ထအဆင့်၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - မဟာဆရာသခင်အဆင့်]

[‘ချစ်ခြင်းမေတ္တာကူ’ - သတ္တမအဆင့် အလယ်အလတ်၊ ‘ကိုယ်ပွားကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘အရက်ကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘ရွှေစားကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်’၊ ‘စာအုပ်ကူ’ - အဋ္ဌမအဆင့် အောက်ခြေအဆင့်’၊ ‘အိပ်မက်ဝိညာဉ်ကူ’ - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ ‘နဂါးဆင်ကူ’ - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘တည်နေရာပြောင်းကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘အစီအရင်နှလုံးသားကူ’ - သတ္တမအဆင့် အထွတ်အထိပ်၊ ‘ပစ္စည်းရှာဖွေကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘မိုးကြိုးကပ်ဘေးကူ’ - သတ္တမအဆင့် အောက်ခြေအဆင့်၊ ‘ဆေးဝါးကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘ကံကြမ္မာကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်]

'ကျင့်ကြံမှု တိုးတက်မှုက တကယ်ကြီး ၈၅% ကို ရောက်လာခဲ့တာပဲ... ဒီလို ကျင့်ကြံမှုအမြန်နှုန်းအတိုင်းဆိုရင် နောက်ထပ် နှစ်တစ်ရာအတွင်းမှာ ငါ လေဟာနယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းကို ကျော်ဖြတ်နိုင်မှာ သေချာတယ်... ဒါကလည်း တိုးတက်မှု အရမ်းမြန်တယ်လို့ ဆိုရမှာပဲ...'

ကျိုးစွေ့က ပြုံးလိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်နေသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

ပုံမှန် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းလိုပါက မည်သူမဆို နှစ်ထောင်ချီ အချိန်ယူရမည် မဟုတ်ပါသလော။

အချို့ဆိုလျှင် ဤအဆင့်တွင် တစ်သက်လုံး ပိတ်မိနေပြီး သေဆုံးသွားကြသည်ကလည်း အလွန်ပုံမှန်ကိစ္စရပ်တစ်ခုပင် ဖြစ်ပေသည်။

သို့သော် ယခုမူ သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ်မှ လေဟာနယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းသို့ ချိုးဖျက်ဝင်ရောက်ရန်အတွက် နှစ်ရာဂဏန်းမျှသာ ကြာမြင့်ခဲ့လေသည်။ အကယ်၍ ဤသို့သော ကျင့်ကြံမှုထိရောက်မှုမျိုးသာ သတင်းထွက်သွားပါက မည်မျှသော ကျင့်ကြံသူများက မနာလိုဝန်တို ဖြစ်သွားကြမည်ကိုပင် မသိနိုင်တော့ချေ။

သို့သော် သူ့အတွက်တော့ ဤသည်က သဘာဝကျသော ကိစ္စတစ်ခုဟုသာ ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ဤမျှများပြားလှသော အရင်းအမြစ်များကို ကုန်ဆုံးစေခဲ့ပြီးသည့်တိုင် ကျင့်ကြံမှု တိုးတက်မလာခဲ့လျှင်မှသာ ယုံကြည်နိုင်စရာ မရှိသော ကိစ္စတစ်ခု ဖြစ်သွားမည်သာ မဟုတ်ပါလော။

'အခြားသော ကျင့်ကြံခြင်း အတတ်ပညာတွေက သိပ်ပြီး တိုးတက်မှုရှိပုံ မပေါ်ဘူးပဲ...'

ကျိုးစွေ့က မျက်ခုံးပင့်လိုက်သည်။

သိသာထင်ရှားစွာပင် နှစ်ပေါင်းရှစ်ဆယ်မျှသော အချိန်ကာလလေးက သူ၏ များစွာသော အတတ်ပညာများကို အရည်အသွေးပိုင်းအရ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မတတ်နိုင်သေးပေ။

သို့ရာတွင် ယခင်ကနှင့် နှိုင်းယှဉ်ပါက မနည်းမနောသော တိုးတက်မှုများ ရှိလာခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့ နေ့စဉ်ရက်ဆက် စုဆောင်းလာသည်နှင့်အမျှ အရည်အသွေးပိုင်းအရ ဆင့်ကဲပြောင်းလဲမှုတစ်ခု ရှိလာမည်မှာ သေချာလှ၏။

အချိန်ကြာမြင့်စွာ စုဆောင်းပြီးနောက် တစ်ကြိမ်တည်း ပေါက်ကွဲထွက်လာခြင်း ဆိုသည်မှာ ဤသည်ကိုပင် ဆိုလိုခြင်း ဖြစ်လေသည်။

မှန်ပေသည်၊ သူ ကျင့်ကြံထားသော ကျင့်စဉ်များကလည်း တိုးတက်မှု မနည်းမနော ရှိလာခဲ့ပြီ ဖြစ်သည်။ ဥပမာအားဖြင့် ‘မိုးကြိုးကပ်ဘေးကူ’ အဆင့်တက်သွားမှုကြောင့် ဓာတ်ငါးပါးမိုးကြိုးမန္တန်အပေါ် သူ၏ နားလည်သဘောပေါက်မှုက ပိုမိုနက်ရှိုင်းလာခဲ့ပြီး ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ချေပြီ။

အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ကျမ်းအတွက်မူ ဆဋ္ဌမမြောက်ဖြစ်သော ကြိုတင်သိမြင်ခြင်း နှလုံးသားမျက်လုံးကို သူ စတင်ကျင့်ကြံနေခဲ့ပြီ ဖြစ်သည်။ သို့သော် ဆဋ္ဌမမြောက် နှလုံးသားမျက်လုံး၏ ခက်ခဲမှုက အလွန်မြင့်မားလွန်းလှရာ နှစ်ပေါင်းရှစ်ဆယ်ကြာသွားခဲ့လျှင်ပင် တိုးတက်မှု ၅% ကိုသာ ရောက်ရှိခဲ့သေးသည့်အတွက် ဤနှလုံးသားမျက်လုံးကို ကျင့်ကြံရခြင်းက မည်မျှခက်ခဲမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။

ထို့အပြင် ဤသည်မှာ ‘စာအုပ်ကူ’၏ အကူအညီကြောင့်သာ ဤမျှသော တိုးတက်မှုအမြန်နှုန်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သာမန်ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက တစ်ဖက်လူက မည်သို့မည်ပုံ အောင်မြင်အောင် ကျင့်ကြံနိုင်မည်နည်းဆိုသည်ကို သူလည်း မသိတော့ချေ။

ဤသည်က အင်မော်တယ်ပညာရပ်ဆိုသည့်အတိုင်း ယင်း၏ ကျင့်ကြံရခက်ခဲမှုက အမှန်တကယ်ပင် ပုံမှန်ထက် ကျော်လွန်နေကြောင်းသာ ဆိုရပေမည်။

ကျိုးစွေ့၏ ခန္ဓာကိုယ်ပေါ်ရှိ ကူပိုးကောင်များအတွက်မူ ယခင်ကနှင့် နှိုင်းယှဉ်လျှင် များစွာ ကြီးမားသော ပြောင်းလဲမှု မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အဆင့်သို့ ရောက်ရှိပြီးနောက်တွင် ပို၍တိုးတက်လာချင်ပါက နေ့စဉ်ကြိုးစားပန်းစား ကျင့်ကြံခြင်းမှလွဲ၍ ကံတရား၏ လမ်းညွှန်မှုသာ လိုအပ်တော့သောကြောင့်ပင်။

သို့ရာတွင် ဤနှစ်များအတွင်း သူသည် ဖုန်းရှီးကျွန်းထဲတွင်သာ နေထိုင်ခဲ့ပြီး မည်သည့် ထူးခြားသော အခွင့်အရေးမျိုးမှ မရရှိခဲ့ပေ။ ထို့ကြောင့် ကူပိုးကောင်များ၏ ကျင့်ကြံမှုများ တိုးတက်မလာခဲ့ခြင်းက အလွန်ပင် ပုံမှန်ကိစ္စရပ်တစ်ခု ဖြစ်လေသည်။

'အင်း... အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်ဖြစ်တဲ့ မသေမျိုးမြက်က နောက်ဆုံးတော့ ရင့်မှည့်လာခဲ့ပြီပဲ... ‘ရွှေပုစဉ်းရင်ကွဲကူ’ ကို ဖော်စပ်ရမယ့်အချိန် ရောက်ပြီလို့ ထင်ရတယ်...'

ထိုအချိန်တွင် ကျိုးစွေ့က ရှန်းဟိုင်ပုလဲ နေရာလွတ်အတွင်းရှိ အခြေအနေကို အာရုံခံမိသွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

All Chapters