← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁) သဘောကောင်းသော်လည်း အနိုင်ကျင့်၍ မရ

အရှေ့ဘက်ခြံဝင်း။

ချန်မု၏ ခြံဝင်းထက် အနည်းငယ် ပိုကျယ်ဝန်းလေသည်။

ဤနေရာမှာ နင်းသခင်မ နေထိုင်ရာ ခြံဝင်းဖြစ်သည်။

ခြံဝင်းထဲတွင် ဆူညံပွက်လောရိုက်နေကာ ငိုကြွေးသံများနှင့် ဆဲဆိုကြိမ်းမောင်းသံများ ရောနှောထွက်ပေါ်နေသည်။

အသံထွက်ပေါ်လာရာသို့ ကြည့်လိုက်လျှင်၊ အသက် သုံးနှစ်ခန့်အရွယ် ကလေးငယ်တစ်ယောက် အော်ဟစ်ငိုကြွေးနေသည်ကို မြင်တွေ့ရသည်။ ကလေး၏ နဖူးတွင် ပေါက်ပြဲနေပြီး ပါးပြင်ပေါ်သို့ သွေးများ စီးကျနေသည်။ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဖုန်များပေကျံနေကာ လက်များတွင်ပါ ပွန်းပဲ့ဒဏ်ရာများ ရှိနေသဖြင့် အတော်လေး ပြင်းပြင်းထန်ထန် ချော်လဲထားပုံရသည်။

ကလေးဘေးရှိ အမျိုးသမီးတစ်ဦးမှာမူ ဒေါသတကြီးဖြင့် အနီးနားရှိ အစေခံမများနှင့် အဘွားကြီးများကို ဆဲဆိုကြိမ်းမောင်းနေလေသည်။

"နင်တို့တွေ ငါ့သားကို ဘယ်လို စောင့်ရှောက်ကြတာလဲ။ ပုံမှန်အချိန်တွေ အလုပ်မလုပ်ဘဲ အချောင်ခိုနေတာ ထားပါတော့။ ငါ့သားကို ထိန်းကျောင်းရတဲ့ အချိန်မှာတောင် ဒီလို ပေါ့ပေါ့ဆဆ လုပ်ရဲကြတယ်။ နင်တို့ကို အသက်မွေးထားရတာ ဘာအသုံးကျလို့လဲ။"

"သခင်မ... ခွင့်လွှတ်ပေးပါ။ ကျွန်မတို့ ပေါ့ဆရဲပါ့မလား။ သခင်လေးက အရမ်းမြန်မြန် ပြေးသွားလို့ပါ..."

မြေပြင်ပေါ်တွင် ဒူးထောက်နေသော အစေခံမများနှင့် အဘွားကြီးများ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေသည်။

ဝမ်သခင်မမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ အစေခံမတစ်ယောက်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ရင်း "နင်တို့က ဆင်ခြေပေးရဲသေးတယ်ပေါ့" ဟု အော်ဟစ်လိုက်သည်။

ထိုသို့ ဒေါသထွက်နေစဉ်မှာပင်၊ အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် နင်းသခင်မသည် အတွင်းဆောင်မှ ထွက်လာခဲ့သည်။ ခြံဝင်းထဲရှိ အခြေအနေကို မြင်သောအခါ အစပိုင်းတွင် အံ့သြသွားပြီးနောက် ရှေ့သို့ တိုးကာ မေးလိုက်သည်။

"အစ်မ... ဘာဖြစ်တာလဲ။ တူလေး ဘယ်လိုလုပ်ပြီး ဒီလို လဲကျသွားရတာလဲ။"

ဝမ်သခင်မသည် သူမထက် နှစ်အနည်းငယ်စော၍ ရွှမ်ကော်စံအိမ်တော်သို့ ဝင်ရောက်လာသူဖြစ်သည်။ သူမ၏ ခင်ပွန်းဖြစ်သူ ချန်ရှင်းမှာ ချန်မု၏အစ်ကိုထက် အသက်အနည်းငယ် ကြီးသော်လည်း မျိုးဆက်တူပင်ဖြစ်ပြီး ရွှမ်ကော်စံအိမ်တော်၏ ကိုယ်လုပ်တော်သားများထဲမှ တစ်ဦးဖြစ်သည်။

ပုံမှန်အားဖြင့် ကိုယ်လုပ်တော်သားများမှာ အသက် နှစ်ဆယ် ပြည့်သည်နှင့် ရွှမ်ကော်စံအိမ်တော်မှ ခွဲထွက်သွားရလေ့ရှိသည်။ သို့သော် ချန်ရှင်းမှာ သိုင်းပညာ ထူးချွန်ပြီး ယခုအခါ မြို့တော်တပ်မတော်တွင် တပ်မှူးအဖြစ် တာဝန်ယူထားကာ အဆင့် ၆ အရာရှိဖြစ်နေသဖြင့် ရွှမ်ကော်စံအိမ်တော်၌ ဆက်လက် နေထိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။

နင်းသခင်မက ရှေ့တိုး၍ မေးလိုက်သော်လည်း ဝမ်သခင်မက သူမကို ရန်လိုစွာ စွေကြည့်လိုက်သည်။

"နင်ကရော အစေခံတွေကို ဘယ်လို သွန်သင်ထားတာလဲ။ ငါ့သားက နင့်ခြံဝင်းထဲကို လာဆော့တာကို နင့်အစေခံတွေက တစ်ချက်လေးတောင် ဂရုမစိုက်ဘဲ ငါ့သားကို လဲကျအောင် လွှတ်ထားရသလား။"

"ဒါမှမဟုတ် နင်က ယောကျ်ားသေသွားပြီး ကလေးမရနိုင်တဲ့ ကျက်သရေတုံးမို့လို့ မနာလိုဖြစ်ပြီး ငါ့သားကို နင့်ခြံဝင်းထဲ လာဆော့အောင် မြူဆွယ်ပြီး လုပ်ကြံတာလား။ ဟုတ်တယ်မလား။ တကယ်ကို ယုတ်မာတဲ့ မိန်းမပဲ။"

ကျိန်ဆဲသံများက ခေါင်းပေါ်သို့ ဒလဟော ကျဆင်းလာသဖြင့် နင်းသခင်မမှာ ချက်ချင်းပင် ကြောင်အမ်းသွားခဲ့သည်။

သတိပြန်ဝင်လာချိန်တွင် နင်းသခင်မ၏ မျက်လုံးအိမ်မှ မျက်ရည်များ လျှံကျလာခဲ့ပြီး ရင်ဘတ်ကိုဖိကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "အစ်မက ဘာလို့ ဒီလို စွပ်စွဲရတာလဲ။ ကျွန်မ ဘယ်တုန်းက ဒီလိုကိစ္စမျိုး လုပ်ဖူးလို့လဲ။"

"မလုပ်ဖူးဘူးဆိုရင်တောင် တွေးတော့ တွေးဖူးတယ်မလား။ နင့်လို မိန်းမယုတ်ကို အဘွားကြီးက သနားလို့သာ၊ မဟုတ်ရင် နင် ရွှမ်ကော်စံအိမ်တော်ထဲကနေ ကန်ထုတ်ခံရတာ ကြာပြီ။ ဒီမှာ နင် နေစရာ နေရာမရှိဘူး။"

ဝမ်သခင်မ၏ မျက်ဝန်းထဲတွင် ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာပြီး စကားပြောရင်းနှင့်ပင် ရှေ့သို့တိုးကာ နင်းသခင်မကို အားကုန် တွန်းလိုက်သည်။

ဤအရှိန်ကြောင့် နင်းသခင်မမှာ လန့်အော်သွားပြီး ယိမ်းယိုင်သွားကာ လဲကျတော့မည့်ဆဲဆဲတွင်၊ နောက်ဘက်ရှိ အစေခံမက အလျင်အမြန် ရှေ့တိုးလာပြီး ဖမ်းထိန်းပေးလိုက်သဖြင့်သာ မလဲကျသွားခြင်းဖြစ်သည်။

ဝမ်သခင်မက ထိုမြင်ကွင်းကို မြင်သောအခါ ငိုနေဆဲဖြစ်သော သားဖြစ်သူနှင့် နဖူးမှ ဆက်တိုက် ထွက်နေသော သွေးများကို ကြည့်ပြီး ရင်ထဲတွင် ဒေါသများ ပိုမို ပေါက်ကွဲလာကာ "လူတွေ လာကြစမ်း၊ ဒီမိန်းမယုတ်ကို ဖမ်းထား။ ဒီနေ့ သေချာပေါက် ပညာပေးရမယ်" ဟု အော်ဟစ်လိုက်သည်။

နောက်ဘက်တွင် မြေပြင်ပေါ်၌ တုန်ယင်စွာ ဒူးထောက်နေကြသော အစေခံမများနှင့် အဘွားကြီးများအားလုံးက နင်းသခင်မကို လှမ်းကြည့်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများထဲတွင် ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာကာ စိတ်ထဲ၌လည်း တိတ်တဆိတ် ဝမ်းသာသွားကြသည်။ နင်းသခင်မသာ ရုတ်တရက် ပေါ်မလာပါက ဝမ်သခင်မ၏ ဒေါသများက သူတို့အပေါ် ကျရောက်လာမည်မှာ သေချာလှသည်။

ဝမ်သခင်မ၏ အမိန့်ကို ရရှိပြီးနောက် အစေခံမများနှင့် အဘွားကြီးများ အားလုံး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာကြသည်။

အကယ်၍ ရွှမ်ကော်စံအိမ်တော်မှ အခြားသခင်များသာဆိုလျှင် ဝမ်သခင်မ၏ အမိန့်ကိုရလျှင်ပင် သူတို့ ရမ်းကားရဲမည် မဟုတ်ပေ။ သို့သော် နင်းသခင်မမှာ ခင်ပွန်းသေဆုံးသွားပြီး သားသမီးလည်း မရှိသည့်အပြင်၊ ရင်းနှီးသူဆို၍ မတ်ဖြစ်သူ ချန်မုသာရှိပြီး ချန်မုမှာလည်း စာပေရော သိုင်းပညာပါ မထူးချွန်ဘဲ သာမန်လူသာဖြစ်သဖြင့် အစေခံမများနှင့် အဘွားကြီးများက နင်းသခင်မကို မကြောက်ရွံ့ကြချေ။

နင်းသခင်မ၏ ခြံဝင်းထဲတွင်လည်း အစေခံမ နှစ်ယောက်နှင့် အဘွားကြီး နှစ်ယောက် ရှိသော်လည်း ဝမ်သခင်မ ခေါ်လာသော လူအရေအတွက်ထက် အများကြီး နည်းပါးနေပြီး ဝမ်သခင်မ၏ အရှိန်အဝါကို ကြောက်ရွံ့ကာ အားလုံး တုန်ယင်နေကြသည်။

ထိုအချိန်မှာပင်၊ ခြံဝင်းအပြင်ဘက်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူ့ကို ဖမ်းချင်တာလဲ။"

အားလုံးက နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

ခြံဝင်းအပြင်ဘက်တွင် လူရိပ်တစ်ခု ပေါ်လာပြီး တစ်လှမ်းချင်း လျှောက်ဝင်လာသည်ကို မြင်လိုက်ရသည်။ ပိုးသားအင်္ကျီကို ဝတ်ဆင်ထားပြီး မြေခွေးမွေး ခြုံထည်ကို ခြုံထားကာ အေးစက်သော မျက်နှာထားဖြင့် ရှိနေသူမှာ ချန်မုပင် ဖြစ်သည်။

ထိုအေးစက်သော အသံက ခြံဝင်းတစ်ခုလုံး၏ အပူချိန်ကိုပင် ရုတ်တရက် ကျဆင်းသွားစေသကဲ့သို့ ရှိကာ အစေခံမများနှင့် အဘွားကြီးများ အားလုံး ထိတ်လန့်သွားပြီး ခြေလှမ်းများ ရပ်တန့်သွားကြသည်။

ချန်မုက ထိုအစေခံမများကို လှည့်မကြည့်ပေ။

အပြင်ဘက် ခြံဝင်းကို ဖြတ်၍ နင်းသခင်မဘေးသို့ လျှောက်သွားကာ မျက်ဝန်းထဲတွင် မှိန်ဖျော့ဖျော့ အလင်းရောင် အနည်းငယ် ဖြတ်ပြေးသွားပြီး ဝိညာဉ်အမြင်ကိုဖွင့်ကာ နင်းသခင်မ၏ တစ်ကိုယ်လုံးကို သေချာစွာ စူးစမ်းကြည့်လိုက်သည်။ သွေးချီစွမ်းအင်များ ပိတ်ဆို့နေခြင်း မရှိသည်ကို မြင်သောအခါမှ မေးလိုက်သည်။

"မရီး... ဘယ်လိုနေလဲ၊ ထိခိုက်မိသွားသေးလား။"

"ဟင့်အင်း... မထိခိုက်ပါဘူး။"

နင်းသခင်မက ချန်မုကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွားပြီး ခေါင်းခါလိုက်သည်။

ချန်မုက ခေါင်းညိတ်လိုက်ပြီး ဘေးနားရှိ အစေခံမကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "ဒီမှာ ဘာတွေဖြစ်နေတာလဲ၊ ဘယ်သူ ရှင်းပြမလဲ။"

တင်းကျပ်နေသော လေထုထဲတွင် အစေခံမက နင်းသခင်မကို ခိုးကြည့်လိုက်ပြီး အခြားတစ်ဖက်မှ အေးစက်နေသော ဝမ်သခင်မကိုပါ လှမ်းကြည့်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း စကားစရန် ခက်ခဲနေသည်။

ထိုအချိန်တွင် နင်းသခင်မက ချန်မု၏ အင်္ကျီလက်ကို တိတ်တဆိတ် ဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး။ အစ်မရဲ့သားလေး မတော်တဆ လဲကျသွားလို့ စိတ်တိုပြီး ဆူပူနေတာပါ။"

ထို့နောက် ဝမ်သခင်မကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "တူလေးက ကျွန်မ ခြံဝင်းထဲမှာ လဲကျသွားတာဆိုတော့ အစ်မကို တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်မ တကယ်ပဲ လူကို ဒုက္ခပေးမယ့် စိတ်ကူး လုံးဝ မရှိပါဘူး။"

ခဏတာ အရှက်ခွဲခံရသဖြင့် စိတ်ထဲတွင် ဝမ်းနည်းသွားသော်လည်း၊ ချန်ရှင်းမှာ မြို့တော်တပ်မတော်၏ တပ်မှူးဖြစ်ပြီး အမှန်တကယ် အာဏာရှိသူဖြစ်သည်။ ဝမ်သခင်မမှာလည်း ချန်ရှင်း၏ တရားဝင် ဇနီးဖြစ်ရာ ဆက်လက် ပြဿနာရှာနေပါက ချန်မုပါ ရောယောင်ပါသွားမည်ဖြစ်ပြီး အခြေအနေ ပိုဆိုးသွားမည်ကို စိုးရိမ်သဖြင့် သူမ တစ်ယောက်တည်း အနစ်နာခံရန်သာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ဟွန့်..."

ဝမ်သခင်မက နင်းသခင်မ၏ စကားကို ကြားသောအခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ချန်မု ပေါ်လာခြင်းကလည်း သူမ၏ ဒေါသကို အနည်းငယ် လျော့ကျသွားစေသည်။ သူမက သခင်မ တစ်ဦး ဖြစ်သော်လည်း ချန်မုမှာ ရွှမ်ကော်စံအိမ်တော်၏ တရားဝင် သခင်လေးတစ်ယောက် ဖြစ်ရာ အစေခံများကို ခိုင်း၍ နင်းသခင်မကို ဖမ်းခိုင်းခြင်းမှာ ဖြစ်နိုင်သော်လည်း ချန်မုကိုပါ ထိပါးရန်မှာ ထိုအစေခံမများနှင့် အဘွားကြီးများ အများစုက ဝံ့ရဲကြမည် မဟုတ်ပေ။

ဆက်လက် ပြဿနာရှာနေလျှင်လည်း ဘာအကျိုးမှ ရှိမည် မဟုတ်ပေ။

"ဒါဆိုရင်လည်း ဒီလောက်နဲ့ပဲ ထားလိုက်တော့မယ်။ ညီမလေး... နောင်ဆိုရင် လမ်းလျှောက်တာ သတိထားပါ၊ မလဲကျစေနဲ့ဦး။"

ဝမ်သခင်မက အေးစက်စက် တုံ့ပြန်လိုက်ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင်၊ ချန်မုက ခပ်ဖွဖွ ပြုံးလိုက်သည်။

အစောပိုင်းက တစ်ဝက်တစ်ပျက်သာ မြင်ခဲ့ရသော်လည်း နင်းသခင်မနှင့် ဝမ်သခင်မတို့၏ စကားပြောဆိုမှုများနှင့် အနီးနားရှိ အစေခံမများ၊ အဘွားကြီးများ၏ တုံ့ပြန်မှုများအရ ဘာတွေ ဖြစ်ခဲ့သည်ကို သူ အကြမ်းဖျင်း သိရှိလိုက်ပြီ ဖြစ်သည်။

ချန်မုက ငိုနေဆဲဖြစ်သော သုံးနှစ်အရွယ် ကလေးငယ်ကို အရင်ဆုံး ကြည့်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ အဘွားကြီး တစ်ယောက်ကို ယဉ်ကျေးစွာ ပြောလိုက်သည်။ "သွေးတွေ ထွက်နေတုန်းပဲ၊ မြန်မြန် ဆေးသွားထည့်ပေးလိုက်ပါလား။"

"ဟုတ်ကဲ့။"

ထိုအဘွားကြီးက အလိုအလျောက် ပြန်ထူးလိုက်ပြီး ဝမ်သခင်မကို လှမ်းကြည့်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ကိုယ်လုံး အေးစက်သွားကာ မသိမသာ တုန်ယင်သွားပြီး ခေါင်းထဲတွင် အခြားဘာကိုမျှ မတွေးနိုင်တော့ဘဲ ရှေ့သို့ တိုးကာ ငိုနေသော ကလေးငယ်ကို ဆွဲခေါ်၍ ခြံဝင်းပြင်သို့ ထွက်သွားတော့သည်။

ထို့နောက် ချန်မုက နောက်သို့ လှည့်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ရှိနေဆဲ ဖြစ်သည်။

အစေခံမများနှင့် အဘွားကြီးများ အများစုမှာ ကြောင်အမ်းနေဆဲဖြစ်ပြီး နင်းသခင်မကမူ တစ်ခုခုကို ကြိုတင် ခန့်မှန်းမိသကဲ့သို့ ဖြစ်သွားကာ "မ... မလုပ်ပါနဲ့" ဟု အလန့်တကြား အော်လိုက်မိသည်။

သို့သော် သူမ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်...

ဖြန်း...

ကျယ်လောင်ပြီး ပြတ်သားသော ပါးရိုက်သံ တစ်ချက်က ခြံဝင်းထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ဤပါးရိုက်ချက်ကြောင့် ဝမ်သခင်မ၏ မျက်စိထဲတွင် ကြယ်လေးများ လွင့်စင်သွားပြီး တစ်ကိုယ်လုံး ခဏတာမျှ ချာချာလည်သွားကာ 'အမလေး' ဟုပင် အော်ချိန်မရလိုက်ဘဲ နေရာတွင်ပင် တစ်ပတ်လည်သွားကာ မြေကြီးပေါ်သို့ ပစ်လဲကျသွားတော့သည်။

တစ်ခြံလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဘေးနားရှိ အစေခံမများနှင့် အဘွားကြီးများ အားလုံး ကြောက်လန့်သွားကြပြီး ဝမ်သခင်မ မြေကြီးပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်ကို ကြည့်နေရင်း လှမ်းဆွဲရန်ပင် သတိမရတော့ချေ။

ချန်မုက ထိုနေရာတွင် ရပ်ကာ မြေကြီးပေါ်ရှိ ဝမ်သခင်မကို ငုံ့ကြည့်နေပြီး မျက်နှာပေါ်ရှိ အပြုံးမှာ ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားသည်မသိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"အစေခံတွေကို အလိုလိုက်ပြီး ရမ်းကားခိုင်းတယ်၊ ကိုယ်တိုင်လည်း ရိုင်းစိုင်းတယ်၊ စကားပြောတာလည်း ကြမ်းတမ်းတယ်... နင့်သားကို နင် ဘာတွေ သင်ပေးနေလဲဆိုတာ ငါ ဂရုမစိုက်ချင်ဘူး။ ဒါပေမယ့် ငါ့မရီးက သဘောကောင်းတယ်ဆိုပြီး အနိုင်ကျင့်လို့ ရတယ်လို့တော့ မထင်နဲ့။"

.....

ဝမ်သခင်မမှာ မြေကြီးပေါ်တွင် လဲကျနေရာမှ တဖြည်းဖြည်း သတိပြန်ဝင်လာပြီး မျက်နှာကို လက်ဖြင့် အုပ်ထားသော်လည်း မျက်နှာတစ်ခြမ်းလုံး လုံးဝ ဖောင်းကားနေပြီ ဖြစ်ကြောင်း ခံစားလိုက်ရပြီး အနည်းငယ် ထိလိုက်ရုံဖြင့် အပ်နှင့် ထိုးသကဲ့သို့ နာကျင်လှသည်။

"အား... အား... အား..."

ထိုအချိန်ရောက်မှသာ ဝမ်သခင်မက အော်ဟစ်ငိုယိုကာ ခန္ဓာကိုယ်ကို ခက်ခဲစွာ ထူမလိုက်ပြီး၊ ဒေါသများကြောင့် ခေါင်းထဲတွင် ပူထူသွားကာ ချန်မုကို စိုက်ကြည့်ရင်း "နင်ကများ... နင်ကများ ငါ့ကို..." ဟု အော်ဟစ်လိုက်သည်။

သူမက ချန်ရှင်း၏ တရားဝင် ဇနီး ဖြစ်သည်။

ချန်ရှင်းမှာ ရွှမ်ကော်စံအိမ်တော်၏ မျိုးဆက်ဖြစ်ပြီး မြို့တော်တပ်မတော်၏ တပ်မှူး ဖြစ်သည်။

ရွှမ်ကော်စံအိမ်တော်၏ မျိုးဆက်တူများထဲတွင် အလွန်မျက်နှာသာပေးခံရသော ကိုယ်လုပ်တော်သား အနည်းငယ်နှင့် တရားဝင် သားသမီး အနည်းငယ်မှလွဲ၍ မည်သူကမျှ သူမကို အလွယ်တကူ မဆဲဆိုရဲကြပေ။ ကိုယ်ထိလက်ရောက် ကျူးလွန်ရန်ဆိုလျှင် ပို၍ပင် ဝေးသေးသည်။

"နင်တို့ ဘာကြောင်ကြည့်နေကြတာလဲ။ မြန်မြန် လာကြလေ။ ရှောင်ယွဲ့... သူ့ကို ဖမ်းထားစမ်း။"

ဝမ်သခင်မက ဖောင်းကားနေသော မျက်နှာတစ်ခြမ်းကို အုပ်ကာ ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဘေးနားရှိ ကြောင်အမ်းနေသော အစေခံများကို ဒေါသတကြီး အော်ဟစ်ခိုင်းစေလိုက်သည်။

All Chapters