အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) သင်္ချိုင်းမြေပေါ်မှ သတ္တဝါဆန်း
အမှောင်မြူခိုးများက ကောင်းကင်ယံကို ဖုံးလွှမ်းထားသည်။
သင်္ချိုင်းမြေများက မြေပြင်တစ်ခုလုံး ပြည့်နှက်နေသည်။
အဆုံးအစမသိနိုင်သော အဝေးဆီမှ သွေးနက်များ စီးဆင်းလာပြီး သင်္ချိုင်းမြေများကို တစ်ကွက်ပြီးတစ်ကွက် စွန်းထင်းစေသည်။
သင်္ချိုင်းမြေပေါ်ရှိ ထိုသွေးနက်ကွက်များအနီးသို့ ချန်မု ချဉ်းကပ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် အနည်းငယ် နီးကပ်သွားသည်နှင့် ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ် ခံစားချက်ကြီးက သူ၏ တစ်ကိုယ်လုံးကို တိုက်ရိုက် လွှမ်းမိုးသွားခဲ့သည်။
သူ၏ ကိုယ်ပေါ်ရှိ တောက်ပနေသော အလင်းဖြူရောင်ဝါလေးပင်လျှင် တုန်ခါယိမ်းယိုင်လာခဲ့သည်။
"ဒီသွေးတွေက ခြောက်သွေ့နေပြီကိုတောင် ငါက အနားကပ်သွားလို့ မရသေးဘူး။ ဒါတောင် စနစ်ရဲ့ ကာကွယ်မှု ရှိနေတဲ့ အခြေအနေမှာနော်... အဆင့် ၁ သိုင်းသူတော်စင်တစ်ပါးရဲ့ သွေးဆိုရင်တောင် ဒီလောက်အထိ ကြောက်စရာကောင်းမှာ မဟုတ်ဘူး။"
(TN/ အဆင့် ၃ က သိုင်းသူတော်စင်မဟုပါဘူးနော် အဆင့် ၁ ကမှ သိုင်းသူတော်စင်ပါ မူရင်းကရောရေးထားလို့ပါ)
ချန်မုက စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
အစပိုင်းတုန်းကဆိုလျှင် အနားကပ်သွားရန် မဆိုထားနှင့်၊ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကြက်သီးမွေးညင်း ထသွားစေခဲ့သည်။ ယခုအခါ တိုက်ရိုက် ကြည့်ရှုနိုင်ပြီ ဖြစ်သော်လည်း အနားသို့ ချဉ်းကပ်၍ မရနိုင်သေးပေ။
သွေးနက်နှင့် အမှောင်မြူခိုး၊ ဤနှစ်ခုမှာ မြေအောက်ကမ္ဘာတွင် သူ အကြောက်ဆုံး အရာနှစ်ခု ဖြစ်သည်။ ကိုယ်ခန္ဓာအပြင်ဘက်ရှိ တောက်ပနေသော အလင်းဖြူရောင်ဝါလေး၏ ကာကွယ်မှုသာ မရှိပါက အနားကပ်သွားရန် မဆိုထားနှင့်၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ စိတ်ဝိညာဉ်မှာ တိုက်စားဖျက်ဆီးခံရမည် ဖြစ်သည်။
အမှောင်မြူခိုး၊ သွေးနက်၊ သင်္ချိုင်းမြေ၊ ယင်ဝိညာဉ်။
ဤအရာများမှာ ချန်မု မြေအောက်ကမ္ဘာသို့ ဝိညာဉ်ခရီးနှင်ခဲ့သော လေးကြိမ်အတွင်း မြင်တွေ့ခဲ့ရသည့် တစ်ခုတည်းသော အရာများဖြစ်ပြီး ၎င်းတို့မှလွဲ၍ အခြား ဘာမျှမရှိချေ။
ရှေ့သို့ ဆက်သွားလိုက်သည်။
အဝေးဆီမှ အမှောင်မြူခိုးများမှာ ထာဝရ ချဉ်းကပ်၍ မရနိုင်သကဲ့သို့ အလွန် ဝေးကွာနေဆဲ ဖြစ်သည်။
သို့သော်။
ထိုအချိန်မှာပင်၊ အဆုံးအစမဲ့ ကျယ်ပြန့်နေသော အမှောင်ထုထဲမှ အနက်ရောင် အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရိပ်ကို အဝေးမှ ကြည့်လိုက်လျှင် လူသားတစ်ယောက်၏ ပုံသဏ္ဌာန် မဟုတ်ဘဲ အနက်ရောင် လက်တံပေါင်းများစွာ ဆန့်တန်းထွက်ပေါ်နေသကဲ့သို့ ရှိသည်။
ချန်မု တစ်ခုခု တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ၊ ထိုအရာက ချန်မု ရှိနေသည်ကို သတိပြုမိသွားပုံရသည်။
ရုတ်တရက်။
ချန်မု၏ မြင်ကွင်းထဲမှ ထိုရှုပ်ထွေးနေသော အရိပ်မည်းကြီး ပျောက်ကွယ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ချန်မု၏ ရင်ထဲ၌ အချက်ပေးခေါင်းလောင်းသံများ ရုတ်တရက် မြည်ဟည်းသွားပြီး ပြင်းထန်သော ကြောက်ရွံ့မှုတစ်ခုက ရင်ထဲတွင် လွှမ်းမိုးသွားကာ ကျောချမ်းသွားသည်အထိ ခံစားလိုက်ရသည်။ ရုတ်တရက် ပျောက်ကွယ်သွားသော အရိပ်မည်းကြီးကို ရှာဖွေရန် ပြင်လိုက်စဉ်မှာပင်။
ဖြူရော်နေသော ကလေးငယ်၏ လက်မောင်းတစ်ဖက်က သူ၏ ကျောဘက်မှ ထွက်ပေါ်လာပြီး သူ၏ ပခုံးဆီသို့ လှမ်းလာခဲ့သည်။
မဟုတ်ဘူး။
တစ်ဖက်တည်း မဟုတ်ဘူး။
မျက်လုံးထောင့်မှ အကြမ်းဖျင်း တစ်ချက် ကြည့်လိုက်ရာတွင် အရွယ်အစား အမျိုးမျိုးရှိသော လက်မောင်းပေါင်း များစွာက သူ၏ နောက်ဘက်မှနေ၍ သူ၏ ခန္ဓာကိုယ်ဆီသို့ ဆွဲကိုင်ရန် လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။
ဖော်ပြ၍ မရနိုင်သော ကြောက်မက်ဖွယ်ကောင်းမှုက ချန်မု၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သူ ရှောင်တိမ်းချင်သော်လည်း လုံးဝ လှုပ်ရှား၍ မရတော့ပေ။ အတွေးများပင် တောင့်တင်းသွားပြီး စဉ်းစား၍ မရနိုင်တော့ချေ။
ထိုမရေမတွက်နိုင်သော လက်သေးသေးလေးများ သူ့ဆီသို့ ဆွဲကိုင်လာသည်ကို မျက်တောင်မခတ်ဘဲ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ထို့နောက်။
ထိုလက်များ အားလုံးက သူ၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ အလင်းဖြူရောင်ဝါလေးကို ထိမိသွားကြသည်။
ဝုန်း...
တားမြစ်ထားသော အရာတစ်ခုခုကို ထိမိသွားသကဲ့သို့။
ချန်မုက စူးရှသော အော်ဟစ်သံ တစ်သံကို ကြားလိုက်ရသည်။
တိတိကျကျ ပြောရလျှင် အသံတစ်သံတည်း မဟုတ်ဘဲ မရေမတွက်နိုင်သော အသံများ ထပ်တူကျနေပြီး တစ်ချိန်တည်းမှာ ထွက်ပေါ်လာသော စူးရှသည့် အော်ဟစ်သံများ ဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အသိအာရုံများ ပေါက်ကွဲထွက်သွားတော့မည်ဟု ခံစားလိုက်ရသည်။
ထို့နောက် အလင်းဖြူတန်း တစ်ခုက မျက်စိတစ်မှိတ်အတွင်း အမှောင်ထုဖုံးလွှမ်းနေသော ကောင်းကင်ကြီးကို ဆုတ်ဖြဲလိုက်ပြီး အဆုံးအစမဲ့ သင်္ချိုင်းမြေကို ရိုက်ခွဲကာ သူ၏ မြင်ကွင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။ နေရာအနှံ့ ဖြူဖွေးသွားတော့သည်။
ထိုကလေးငယ်၏ လက်မောင်းလေးများမှာ အလင်းဖြူရောင် လွှမ်းခြုံခံရတိုင်း တစ်လက်မချင်းစီ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားကာ အလင်းဖြူရောင်အောက်တွင် လုံးဝ နစ်မြုပ်သွားတော့သည်။
ဝှစ်...
ချန်မု၏ အသိစိတ်များ ပြန်လည် ကြည်လင်လာသည်။
မျက်စိရှေ့တွင် အဆုံးအစမဲ့ သင်္ချိုင်းမြေကြီး ရှိနေဆဲပင်။
အလင်းဖြူရောင် ပျောက်ကွယ်သွားပြီး ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းသော ကလေးလက်မောင်းများလည်း အရိပ်အယောင်ပင် မကျန်တော့ချေ။ အမှောင်မြူခိုးများက ကောင်းကင်ယံတွင် ဖုံးလွှမ်းနေဆဲဖြစ်ရာ အရာအားလုံးက အိပ်မက်တစ်ခု သို့မဟုတ် ခဏတာအတွင်း ပေါ်လာသော စိတ်ကူးယဉ် ထင်ယောင်ထင်မှားတစ်ခုနှင့် တူနေတော့သည်။
"အဲဒါ ဘာကြီးလဲ..."
တဖြည်းဖြည်း သတိပြန်ဝင်လာသော ချန်မုမှာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
ချွေ့အာ ဖြစ်စေ၊ ရှောင်ချင်းဆန်း ဖြစ်စေ၊ မို့ကျူ ဖြစ်စေ သူ အနားကပ်သွားသောအခါ သူ့ကို အရင် စတင် တိုက်ခိုက်ခြင်းမျိုး မရှိခဲ့သလို မည်သည့် လှုပ်ရှားမှုမျှပင် မရှိခဲ့ချေ။
သို့သော် စောစောက အရာမှာမူ လုံးဝ ထိုကဲ့သို့သော အမျိုးအစားမျိုး မဟုတ်ပေ။
ထိုကြောက်မက်ဖွယ်ကောင်းမှုကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်သလို နားလည်နိုင်ရန်ပင် မဖြစ်နိုင်ချေ။ တစ်ဖက်လူ ချဉ်းကပ်လာချိန်တွင် သူ၏ အတွေးများပင် အေးခဲသွားခဲ့ရရာ ၎င်းမှာ သက်ရှိအဆင့်အတန်းချင်း ကွာခြားလွန်းနေသကဲ့သို့ ပင်။
ထိုအရာက ကြောက်စရာကောင်းသော်လည်း သူ၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ မှိန်ဖျော့ဖျော့ အလင်းဖြူရောင်ဝါလေးက ပို၍ပင် ကြောက်စရာ ကောင်းနေသည်။ ထိုအခိုက်အတန့်တွင် လောကကြီး တစ်ခုလုံးကိုပင် ပြောင်းလဲပစ်လိုက်သကဲ့သို့ ရှိသည်။
ယခင်က ချန်မုသည် ဤအလင်းဖြူရောင်ဝါက အလွန် စွမ်းအားကြီးမားပြီး မြေအောက်ကမ္ဘာ၏ ကြောက်မက်ဖွယ်ရာများကို တားဆီးပေးနိုင်ကာ သူ၏ အားနည်းသော စိတ်ဝိညာဉ်ကို မြေအောက်ကမ္ဘာသို့ လုံခြုံစွာ ဝင်ရောက် သွားလာနိုင်စေသည်ဟုသာ သိထားခဲ့သည်။
သို့သော် ယခုအခါ။
ဤမှိန်ဖျော့ဖျော့ အလင်းဖြူရောင်ဝါ၏ ကြီးမားသော စွမ်းအားကို ချန်မု ပို၍ ရှင်းလင်းစွာ သိရှိသွားပြီ ဖြစ်သည်။ စောစောက သူ နားမလည်နိုင်လောက်အောင် ကြောက်စရာကောင်းသော ထူးဆန်းသည့် အရာပင်လျှင် သူ၏ ကိုယ်ပေါ်ရှိ ဤအလင်းဖြူရောင်ဝါကို မတုန်လှုပ်စေနိုင်ခဲ့ချေ။
စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ပြန်လုပ်လိုက်ပြီးနောက်၊
ချန်မုက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
စောစောက အရာက ဘာပဲဖြစ်နေပါစေ၊ စနစ်က ပေးအပ်ထားသော ဤအလင်းဖြူရောင်ဝါက မည်သည့်အဆင့်ရှိသော စွမ်းအားမျိုး ဖြစ်နေပါစေ၊ ယခု သူ၏ အခြေအနေအတွက် စူးစမ်းလေ့လာနေရန် အဓိပ္ပာယ် မရှိချေ။
ယခု သူ လုပ်ရမည်မှာ သင့်တော်သော ယင်ဝိညာဉ် တစ်ခုကို အမြန်ဆုံး ရှာဖွေပြီး ၎င်း၏ စွဲလမ်းမှုကို ဖြေရှင်းပေးရန်ပင် ဖြစ်သည်။
ချန်မု ရှေ့သို့ ဆက်သွားသည်နှင့်အမျှ အဝေးမှ အရိပ်မည်း အချို့ ထွက်ပေါ်လာပြီး ချန်မုက ထိုအထဲမှ တစ်ခုဆီသို့ ပျံသန်းသွားကာ မကြာမီမှာပင် အနီးသို့ ရောက်ရှိသွားတော့သည်။
ဤအရိပ်မည်းမှာ ယောကျ်ားတစ်ယောက် ဖြစ်သည်။
သူ၏ မျက်လုံးများတွင် သွေးမျက်ရည် နှစ်ကြောင်း စီးကျနေပြီး လည်ပင်းတွင် ညစ်ပတ်နေသော ကြိုးတစ်ချောင်း ချိတ်ဆွဲထားကာ ရည်ရွယ်ချက် မရှိဘဲ လွင့်မျောနေသည်။ ချန်မု၏ ခံစားချက်အရ ရှောင်ချင်းဆန်း၊ မို့ကျူ တို့နှင့် သိပ်မကွာခြားလှပေ။
အမည် - ကန်ဟယ်
ဇာတိ - မြို့တော်၊ နန်ဖျင်လမ်း
နောင်တ - လောင်းကစားဝါသနာပါပြီး ပိုင်ဆိုင်သမျှ အကုန်ရှုံးကာ ဇနီးနှင့် သမီးပါ အကြွေးဆပ်ရန် ရောင်းစားခံရသည်။ နောင်တရချိန်တွင် နောက်ကျသွားပြီဖြစ်ကာ ကြိုးဆွဲချ သေဆုံးခဲ့သည်။
စွဲလမ်းမှု - ဇနီးနှင့် သမီးအပေါ် တာဝန်မကျေခဲ့ခြင်း။
ချန်မုက စနစ်မျက်နှာပြင်၏ ဖော်ပြချက်ကို ကြည့်ကာ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
စွဲလမ်းမှု တစ်မျှင် မပျောက်ကွယ်ဘဲ ဤမြေအောက်ကမ္ဘာတွင် လွင့်မျောနေနိုင်ခြင်းက နောက်ဆုံးအချိန်တွင် သူ အမှန်တကယ် နောင်တရခဲ့ကြောင်းကို ပြသနေသည်။ ထို့အပြင် ဤစွဲလမ်းမှုမှာလည်း အတော်လေး ပြင်းထန်ပြီး ရှောင်ချင်းဆန်း၊ မို့ကျူ တို့နှင့် နီးပါး တူညီသည်။
သို့သော် ဤအရာမှာ သနားကြင်နာစရာ မကောင်းပေ။
အမှန်တကယ် သနားကြင်နာထိုက်သူများမှာ အပြစ်ကင်းသော ဇနီးနှင့် သမီးတို့သာ ဖြစ်သည်။
ချန်မုက ဖြည်းညင်းစွာ ပြောလိုက်သည်။ "သူတို့ အသက်ရှင်နေသေးရင် သူတို့ကို ငါ သွားရှာပေးမယ်။"
ချန်မုသည် သိပ်ပြီး သဘောကောင်းလှသူ မဟုတ်သလို လူကောင်းတစ်ယောက် ဖြစ်လာရန်လည်း ရည်ရွယ်မထားပေ။ ဤစွဲလမ်းမှုကို လက်ခံလိုက်ခြင်းမှာ လုပ်ဆောင်ရမည့် အခက်အခဲ မမြင့်မားသောကြောင့်သာ ဖြစ်သည်။ သတင်းအချက်အလက်သာ ရရှိပါက ဖြေရှင်းရန် မခက်ခဲပေ။
ကန်ဟယ်၏ ဝိညာဉ်ပုံရိပ်မှာ မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ ခြောက်သွေ့နေသော သင်္ချိုင်းမြေပေါ်တွင် တိတ်ဆိတ်စွာ လွင့်မျောနေသည်။
……
အိပ်ခန်း။
ချန်မု ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။
"ကန်ဟယ်..."
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
လက်ရှိတွင် ကန်ဟယ်၏ ဇနီးနှင့် သမီး ဘယ်အချိန်က ရောင်းစားခံလိုက်ရသည်ကို မသိရှိရဘဲ၊ မြို့တော် နန်ဖျင်လမ်းမှ ဖြစ်ကြောင်းကိုသာ သိရှိထားသည်။ ဤမျှ အကြမ်းဖျင်း သတင်းအချက်အလက်လေးဖြင့် ရန်ယန်ကို သွားရောက် စုံစမ်းခိုင်းရန် မသင့်တော်တော့ပေ။
ချန်မု သွားစရာ နေရာတစ်ခုကို သိထားသည်။
ထျန်းကျီးဆောင် (ကောင်းကင်လျှို့ဝှက်ချက်စံအိမ်)။
ဤသည်မှာ သတင်းအချက်အလက် စုံစမ်းခြင်းကို အထူးပြု လုပ်ဆောင်သော အဖွဲ့အစည်း တစ်ခုဖြစ်သည်။
သတင်းအချက်အလက် စုံစမ်းခြင်း ကဲ့သို့သော ကိစ္စရပ်များကို ကျွမ်းကျင်သူများထံ အပ်နှံလိုက်ခြင်းက အကောင်းဆုံးပင်။ ကန်ဟယ်မှာ သိုင်းလောကသား တစ်ယောက် မဟုတ်သလို အရေးကြီး ပုဂ္ဂိုလ်လည်း မဟုတ်ရာ၊ သူ၏ သတင်းကို စုံစမ်းရန် သိပ်မခက်ခဲနိုင်သလို ငွေကြေးလည်း များစွာ ကုန်ကျမည် မဟုတ်ပေ။
သို့သော် ကန်ဟယ် သေဆုံးခဲ့သည်မှာ အချိန်မည်မျှ ကြာမြင့်နေပြီကို မသိရပေ။ အကယ်၍ တစ်နှစ်အတွင်း ဆိုလျှင် တော်သေးသည်။ အကယ်၍ သုံးနှစ်၊ ငါးနှစ် ဆိုပါက အချိန်ကြာလေလေ စုံစမ်းရသည့် အခက်အခဲ ပိုကြီးမားလေလေ ဖြစ်ပြီး လိုအပ်မည့် ငွေကြေးမှာလည်း ပိုများလာမည် ဖြစ်သည်။
ကံကောင်းသည်မှာ ယခု သူ ငွေမရှားတော့ခြင်းပင်။
မကြာမီ ဝမ်ကျန်းဆောင် (ရတနာတစ်သောင်း ကုန်သည်ဆောင်) ဘက်မှ ပထမဆုံး အမြတ်ငွေ ဝေစုများ ရောက်ရှိလာတော့မည် ဖြစ်သည်။
အကယ်၍ ကန်ဟယ်၏ ဇနီးနှင့် သမီး သတင်းကို စုံစမ်း၍ မရပါက၊ သို့မဟုတ် သူတို့ သေဆုံးသွားခဲ့ပြီ ဆိုပါက၊ ကန်ဟယ်၏ ဇနီးနှင့် သမီးအတွက် သူ အမွှေးတိုင် တစ်တိုင် ထွန်းပေးလိုက်မည်။ စွဲလမ်းမှု အားလုံးကို မဖြေရှင်းနိုင်လျှင်တောင် တစ်စိတ်တစ်ပိုင်းကိုတော့ ပြီးမြောက်နိုင်ပေလိမ့်မည်။
အကယ်၍ ဤသို့လုပ်၍မှ မရသေးပါက ကန်ဟယ်ကို သူ၏ ကိုယ်ပေါ်ရှိ အလင်းဖြူရောင်နှင့် ‘မတော်တဆ’ လာထိမိအောင် လုပ်လိုက်မည်။
တာဝန်ကို ပြန်လည် စတင်လိုက်မည်။
ကန်ဟယ်လည်း စိတ်ဆိုးမည် မဟုတ်ဟု ယုံကြည်သည်။