အခန်း ၅၈
Vol. 6 Ch. 58
အခန်း (၅၈) ညီလာခံ
"အဲဒီဆရာကြီးရဲ့ အကြောင်းကိုတော့ ခင်ဗျားတို့ အထက်ကို တကူးတက တင်ပြမနေပါနဲ့တော့..."
ဝေကျင်က ပြောပြီးနောက် ရွှမ်ကော်စံအိမ်တော်ကနေ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။ အရာအားလုံး အဆင်ပြေသွားပြီ ဖြစ်သဖြင့် သူလည်း ပြန်သွားပြီး အခြားသော ကိစ္စအဝဝကို စီမံရဦးမည် ဖြစ်သည်။
ဝေကျင် ထွက်သွားပြီးနောက်မှာတော့ ချန်ကွမ်ဟာ အံ့အားသင့်နေသလို ရင်ထဲမှာလည်း လှိုင်းတံပိုးတွေ တရစပ် ထနေခဲ့သည်။ ဝမ်းသာကြည်နူးမှုနှင့်အတူ စိုးရိမ်တကြီး ဖြစ်မှုတို့မှာ ဒွန်တွဲနေတော့သည်။ ဝမ်းသာရခြင်းမှာ ဝေကျင်ပြောသွားသည့်အတိုင်း အဆင့် ၅ တာအိုဆရာသစ်တစ်ယောက် ပေါ်ထွက်လာခြင်းကြောင့်ပင်။
စဉ်းစားကြည့်လျှင် ထိုတာအိုဆရာသည် စံအိမ်တော်ကို ပိတ်ဆို့ထားသည့် အချိန်တွင်မှ ရုတ်တရက် ပေါ်လာပြီး အဆင့် ၄ သိုင်းသမား သုံးယောက်ကို ဆက်တိုက် သုတ်သင်ကာ ရွှမ်ကော်စံအိမ်တော်ကို ဘေးဒုက္ခမှ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ထိုပုဂ္ဂိုလ်သည် စံအိမ်တော်ထဲတွင် ရှိနေနိုင်ပြီး၊ စံအိမ်တော်ရှိ လူပေါင်းထောင်ချီထဲမှ တစ်ဦးဦး ဖြစ်နေနိုင်ကြောင်း ညွှန်ပြနေသည်။
စိုးရိမ်ရခြင်းမှာမူ တာအိုဆရာများ ပေါ်ထွက်လာခြင်းမှာ မည်သည့် စည်းမျဉ်းစည်းကမ်းမျှ မရှိခြင်းကြောင့်ပင်။ ရွှမ်ကော်စံအိမ်တော်တွင် သခင်ကြီး၏ သွေးမျိုးဆက်မှာ အနည်းငယ်သာ ရှိပြီး၊ ကျန်ရှိသူအများစုမှာ စုဆောင်းပျိုးထောင်ထားသည့် ကိုယ်ရံတော်များ၊ အစောင့်အရှောက်များနှင့် အစေခံများသာ ဖြစ်ကြသည်။
အကယ်၍ ထိုတာအိုဆရာသည် သခင်ကြီး၏ သွေးမျိုးဆက်ထဲမှ ဖြစ်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် အစောင့်အရှောက်များထဲမှ တစ်ဦးဦး ဖြစ်နေပါက စံအိမ်တော်အပေါ် သစ္စာရှိမှုမှာ အတိုင်းအတာတစ်ခုအထိသာ ရှိပေလိမ့်မည်။ အဆိုးဆုံး အခြေအနေမှာ အစေခံများထဲမှ တစ်ဦးဦး ဖြစ်နေခြင်းပင်။ ထိုသူသည် စံအိမ်တော်ထဲတွင် ပုန်းကွယ်နေပြီး စံအိမ်တော်အပေါ် မကောင်းသော ရည်ရွယ်ချက် ရှိနေနိုင်သလော... သို့သော် ယနေ့ညတွင် စံအိမ်တော်ကို ကယ်တင်ခဲ့ခြင်းကို ကြည့်လျှင်တော့ ထိုမျှအထိ မဆိုးရွားနိုင်ကြောင်း တွေးကာ စိတ်အေးနိုင်ပေသည်။
စုံစမ်းစစ်ဆေးသင့်သလော... ချန်ကွမ်၏ စိတ်ထဲတွင် ထိုအတွေး ပေါ်လာသည်။ သို့သော် ချက်ချင်းပင် ခေါင်းခါယမ်းလိုက်မိသည်။ တစ်ဖက်တွင် တာအိုဆရာများသည် သိုင်းသမားများနှင့် မတူသဖြင့် စုံစမ်းရန် မလွယ်ကူသလို၊ အခြားတစ်ဖက်တွင်လည်း စုံစမ်းခြင်းကြောင့် ထိုဆရာကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေမိပါက မတန်လှပေ။ မည်သို့ပင်ဆိုစေ ထိုသူသည် မိမိ၏ တာအိုဆရာ အထောက်အထားကို ဖုံးကွယ်ထားခြင်းမှာ လူရှေ့သူရှေ့ ထွက်ပေါ်လာရန် အစီအစဉ်မရှိကြောင်း ပြသနေခြင်းပင် မဟုတ်ပါလား။
"ကိစ္စတွေ အားလုံးလည်း ပြီးသွားပြီဆိုတော့ ငါလည်း ပြန်တော့မယ်... သခင်ကြီး လိုက်ပို့နေဖို့ မလိုပါဘူး..." ချီလီက ချန်ကွမ်ကို နှုတ်ဆက်စကား ဆိုလိုက်သည်။ ချန်ကွမ် စဉ်းစားနေသည့် အချက်များကို သူလည်း ရိပ်မိသော်လည်း၊ သူသည် သိုင်းကျောင်းတော်၏ သိုင်းဆရာသခင် တစ်ဦး ဖြစ်သဖြင့် အဆင့် ၅ တာအိုဆရာ တစ်ယောက်ကိုတော့ ထွေထွေထူးထူး ဂရုမစိုက်လှပေ။
ချီလီ ထွက်သွားပြီးနောက် ယန်ဟန်ယွိနှင့် ရွှီစုတို့လည်း ထွက်ခွာသွားကြသည်။ သိုင်းဆရာသခင်များ အနေဖြင့် တာအိုဆရာများအပေါ် သိပ်ပြီး စိတ်ဝင်စားမှု မရှိကြချေ။ အကယ်၍ ထိုသူသည် သူတို့ကို ခြိမ်းခြောက်နိုင်သည့် အဆင့် ၄ တာအိုဆရာ ဖြစ်ပါကသာ သူတို့ အထူးတလည် သတိထားကြပေလိမည်။
ထိုညမှာပင် ထျန်းရှန်းဂိုဏ်းက ရွှမ်ကော်စံအိမ်တော်ကို ညတွင်းချင်း ဝင်စီးသည့် သတင်းမှာ မြို့တော်တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။ မြို့တော်တစ်ခုလုံး တုန်လှုပ်သွားရသည်။ ရွှမ်ကော်စံအိမ်တော်က အရေးမနိမ့်ဘဲ ရန်သူအားလုံးကို သုတ်သင်နိုင်ခဲ့သည် ဆိုသော်လည်း၊ ထျန်းရှန်းဂိုဏ်းက သခင်ကြီးတစ်ဦး၏ စံအိမ်တော်ကို ပိတ်ဆို့တိုက်ခိုက်ရဲခြင်းမှာ တာယွမ်၏ မှူးမတ်မျိုးနွယ်များ အားလုံး၏ စိတ်ရှည်နိုင်စွမ်းကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
စံအိမ်တော်ကို တိုက်ခိုက်ရဲမှတော့... နောင်တွင် ဝန်ကြီးချုပ်အိမ်တော် သို့မဟုတ် မင်းသား၊ မင်းသမီးတို့၏ စံအိမ်တော်များကိုရော တိုက်ခိုက်လာမည် မဟုတ်ဘူးဟု မည်သူ အာမခံနိုင်မည်နည်း။
နံနက်ခင်းသို့ ရောက်သောအခါ နန်းတော်၏ အပြင်ဘက်တွင် လူအုပ်ကြီးမှာ စောစီးစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုအထဲတွင် စာပေနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများသာမက၊ များပြားလှသော မှူးမတ်မျိုးနွယ်များလည်း ပါဝင်ကြသည်။ ပုံမှန်အားဖြင့် တာယွမ်၏ ညီလာခံကို တစ်လလျှင် တစ်ကြိမ်သာ ကျင်းပလေ့ရှိပြီး၊ ဧကရာဇ်မင်းမြတ်သည်လည်း ညီလာခံသို့ မကြာခဏ ပျက်ကွက်ကာ တိုင်းရေးပြည်ရာများကို လျစ်လျူရှုထားလေ့ ရှိသည်။
ယနေ့မှာလည်း ညီလာခံ ကျင်းပရမည့် နေ့ရက် မဟုတ်ပေ။ သို့သော် ရွှမ်ကော်စံအိမ်တော် တိုက်ခိုက်ခံရခြင်းမှာ အလွန်ပင် အရေးကြီးလှသဖြင့်၊ နေ့စဉ် ပျော်ပါးနေလေ့ရှိသည့် ဧကရာဇ်ပင် တုန်လှုပ်သွားရကာ ထူးခြားသော ညီလာခံတစ်ခုကို အရေးပေါ် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။
ခဏအကြာတွင် အရာရှိကြီးများမှာ နန်းတွင်းအစေခံများ၏ လမ်းညွှန်မှုဖြင့် ညီလာခံခန်းမအတွင်းသို့ စတင် ဝင်ရောက်လာကြသည်။ တစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်း၏ မျက်နှာမှာ တင်းမာနေကြသည်။ တစ်ဖက်တွင် ဤဖြစ်ရပ်၏ ဆိုးရွားမှုကို သိရှိထားခြင်းကြောင့် ဖြစ်သလို၊ အခြားတစ်ဖက်တွင်လည်း ညီလာခံခန်းမအတွင်းသို့ ခြေတစ်လှမ်းချင်း ဝင်ရောက်လာသည်နှင့်အမျှ ဖိနှိပ်လေးလံသော အငွေ့အသက်များကို ခံစားနေရသောကြောင့် ဖြစ်သည်။
လူအများ၏ အကြည့်မှာ မှူးမတ်မျိုးနွယ်များကြားတွင် ရှိနေသည့် ရွှမ်ကော်သခင်ကြီး ချန်ကွမ်ဆီသို့ ခဏခဏ ရောက်ရှိနေကြသည်။
"ရွှမ်ကော်စံအိမ်တော်က တကယ်ပဲ မှေးမှိန်သွားပြီပဲ... အခုဆိုရင် ထျန်းရှန်းဂိုဏ်းလို မိစ္ဆာဂိုဏ်းသားတွေတောင် ကျူးကျော်ရဲနေပြီ... အရင်က အထွတ်အထိပ် ရောက်ခဲ့တဲ့ အချိန်တုန်းကဆိုရင်တော့ ဒီလိုမျိုး လုပ်ရဲမှာ မဟုတ်ဘူး..." အချို့က ခေါင်းခါယမ်းရင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်နေကြသည်။
ရွှမ်ကော်စံအိမ်တော်၏ အခြေအနေမှာ လူတိုင်း သိထားပြီးသား ဖြစ်သည်။ သခင်ကြီး ချန်ကွမ်မှာ အဆင့် ၅ သာ ရှိပြီး၊ ပထမမျိုးဆက် သခင်ကြီး၏ အဆင့် ၃ သိုင်းဆရာသခင် အဆင့်နှင့် နှိုင်းယှဉ်လျှင် အဆင့်နှစ်ဆင့်မျှ ကွာခြားနေသည်။ ဤအဆင့်နှစ်ဆင့်မှာ မည်သို့မျှ ကျော်ဖြတ်ရန် မလွယ်ကူသည့် ချောက်ကမ္ဘာကြီးပင် ဖြစ်သည်။
တာယွမ်နိုင်ငံ တည်ထောင်ချိန်မှစ၍ နှစ်ပေါင်း ခုနစ်ရာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အစပိုင်းတွင် သခင်ကြီး ၈ ဦးနှင့် နယ်စား ၁၄ ဦး ရှိခဲ့သော်လည်း၊ နောက်ပိုင်းတွင် အချို့မှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရာ ယခုအခါ ၁၃ နေရာသာ ကျန်ရှိတော့သည်။ ထို ၁၃ နေရာအနက် သခင်ကြီး ဘွဲ့ထူးကို ဆက်ခံထားနိုင်သူမှာ ၇ ဦးသာ ရှိတော့ပြီး၊ ရွှမ်ကော်စံအိမ်တော်မှာ တစ်ခုအပါအဝင် ဖြစ်သည်။
နိုင်ငံတည်ထောင်စက ရွှမ်ကော်စံအိမ်တော်မှာ အလယ်အဆင့်တွင် ရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ ထို ၇ ဦးထဲတွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကြီးကျယ်ခမ်းနားလှသော စံအိမ်တော်ကြီးတွင် အဆင့် ၄ အစောင့်အရှောက် တစ်ဦးသာ ရှိခြင်းကပင် စံအိမ်တော်၏ အားနည်းမှုကို ဖော်ပြနေသည်။ စံအိမ်တော်သခင်ကြီးဘွဲ့ရဲ့ အရှိန်အဝါ ကြောင့်သာ သာမန်လူများကို ခြိမ်းခြောက်နိုင်သော်လည်း၊ ထျန်းရှန်းဂိုဏ်းကဲ့သို့သော မိစ္ဆာဂိုဏ်းသားတွေ အတွက်မူ ရွှမ်ကော်စံအိမ်တော်သည် မှူးမတ်မျိုးနွယ်များထဲမှ "အနိုင်ကျင့်ရလွယ်တဲ့ သားကောင်" တစ်ခုသာ ဖြစ်ပေသည်။
အခြားသော မှူးမတ်အချို့ကပင် ထိုသို့ တွေးတောနေကြသည်။ သို့သော် မည်သို့ပင် အထင်သေးကြပါစေ၊ ထျန်းရှန်းဂိုဏ်း၏ လုပ်ရပ်မှာ လူတိုင်းကို ခြိမ်းခြောက်မှု ပေးနေသဖြင့်၊ ယခုတစ်ကြိမ်တွင် မှူးမတ်များနှင့် အရာရှိများ အားလုံး၏ ရည်ရွယ်ချက်မှာ တစ်ထပ်တည်း ကျနေတော့သည်။ မြို့တော်တစ်ခုလုံးကို သုတ်သင်ရန်ပင် ဖြစ်တော့သည်။ ရွှမ်ကော်စံအိမ်တော် မည်မျှပင် မှေးမှိန်ပါစေ၊ ရန်သူများက နင်းခြေချင်လျှင်တောင်မှ မိစ္ဆာဂိုဏ်းသားတွေက နင်းခြေရမည့်အရာ မဟုတ်ပေ။
အရာရှိကြီးများနှင့် မှူးမတ်များ အားလုံး ခန်းမထဲသို့ ရောက်ရှိသွားချိန်တွင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် လုံကျန့်ဧကရာဇ်သည် နောက်ဆုံးမှ ထွက်ပေါ်လာပြီး နဂါးပလ္လင်ဆီသို့ ခြေတစ်လှမ်းချင်း လှမ်းတက်သွားသည်။ သူ၏ ခြေလှမ်းများမှာ အနည်းငယ် ယိုင်နဲ့နေသော်လည်း မျက်နှာမှာမူ နီမြန်းလျက် ရှိနေသည်။
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုနဂါးဝတ်ရုံနှင့် အမျိုးသားတွင် မည်သည့် သွေးချီစွမ်းအင်နှင့် ဖိအားမှ မရှိသော်လည်း၊ များပြားလှသော အရာရှိကြီးများမှာမူ ခေါင်းကို ငုံ့ထားကြရသည်။ မော်ကြည့်ရဲသူမှာ ရှေ့ဆုံးတွင် ရပ်နေသည့် အနည်းငယ်သော ပုဂ္ဂိုလ်ကြီးများသာ ရှိသည်။
လုံကျန့်ဧကရာဇ်၏ ဘေးတွင် လိုက်ပါလာသူမှာ ခြေသံမထွက်ဘဲ လျှောက်လှမ်းလာသည့် မျက်နှာဖြူဖြူနှင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ အကြည့်မှာ အေးစက်တည်ငြိမ်နေပြီး လက်ထဲတွင် ရွှေရောင် တံဆိပ်တုံးတစ်ခုကို ကိုင်ဆောင်ကာ နဂါးပလ္လင်ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။
လုံကျန့်ဧကရာဇ်သည် ပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီးနောက်၊ ကျောက်ကောင်း လက်ထဲမှ ရွှေတံဆိပ်တုံးကို ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။ သူသည် အောက်ဘက်ရှိ အရာရှိများကို ကြည့်မနေဘဲ၊ ထိုရွှေတံဆိပ်တုံးကိုသာ စွဲလန်းတကြီး စိုက်ကြည့်နေပြီး လက်ချောင်းများဖြင့် ခဏခဏ ပွတ်သပ်နေတော့သည်။
မည်သူမျှ စကားမပြောရဲကြပေ။ လေထုမှာ တဖြည်းဖြည်း ပို၍ လေးလံလာသည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ လုံကျန့်ဧကရာဇ်က စကားတစ်ခွန်းကို စတင် ပြောလိုက်သည်။
"မနေ့ညက ထျန်းရှန်းဂိုဏ်းက ရွှမ်ကော်စံအိမ်တော်ကို တိုက်ခိုက်ခဲ့တယ်... မြို့တော်ထဲမှာ ဒီလိုမျိုး ဖြစ်တာကို ငါကိုယ်တော်... အရမ်း စိတ်မချမ်းသာဘူး..."
လေသံမှာ တည်ငြိမ်လှသည်။ သို့သော် ထိုတည်ငြိမ်မှုအောက်တွင် ရှိနေသည့် အအေးဓာတ်ကို လူတိုင်း ခံစားလိုက်ရသည်။ လုံကျန့်ဧကရာဇ်သည် နန်းတက်စက နှစ်အနည်းငယ်မျှ ကြိုးစားခဲ့သော်လည်း၊ နောက်ပိုင်းတွင် တစ်စုံတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် သူ၏ စရိုက်မှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှစ၍ သေရည်နှင့် မိန်းမပျိုများကြားတွင်သာ အချိန်ကုန်ဆုံးခဲ့ပြီး တိုင်းရေးပြည်ရာများကို လျစ်လျူရှုခဲ့သည်။
မည်သည့်အရာကမျှ သူ၏ အာရုံကို မဖမ်းစားနိုင်သလို၊ မမည်သည့်အရာကမျှ သူ့ကို ဒေါသထွက်အောင် မလုပ်နိုင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက် များပြားလှသော အရာရှိကြီးများမှာ လုံကျန့်ဧကရာဇ်၏ ဒေါသကို တစ်ကျော့ပြန် ခံစားလိုက်ကြရသည်။
ထိုနဂါးဝတ်ရုံအောက်ရှိ ခန္ဓာကိုယ်တွင် အားအင်များစွာ မရှိသလို၊ သွေးချီစွမ်းအင်များမှာလည်း ခန်းခြောက်လုနီးပါး ဖြစ်နေသော်လည်း ဤခဏတွင်မူ မည်သူမဆို ကျောပြင်မှတစ်ဆင့် အေးစိမ့်သော ခံစားချက်ကို ရရှိလိုက်ကြပြီး၊ ခန်းမအတွင်းရှိ လေထုမှာ တောင့်တင်းသွားကာ ကောင်းကင်နှင့် မြေကြီး ပြိုကျတော့မည့်အလား ခံစားလိုက်ကြရသည်။
မည်သူမျှ စကားတစ်လုံးတည်းပင် မပြောနိုင်ကြတော့ပေ။ တစ်ခန်းလုံး သေလူနှယ် တိတ်ဆိတ်နေတော့သည်။ လုံကျန့်ဧကရာဇ် ဒေါသထွက်ရခြင်း အကြောင်းရင်းကို လူတိုင်း သိကြသည်။ မြို့တော်အတွင်းရှိ သခင်ကြီးတစ်ဦး၏ စံအိမ်တော်ကို တိုက်ခိုက်ခြင်းမှာ တာယွမ်၏ ဘုရင်လုပ်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းဖြစ်သလို၊ ထိုနေရာတွင် ထိုင်နေသည့် ဧကရာဇ်ကိုပါ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
နန်းတွင်းတိုက်ပွဲများ မည်မျှပင် ပြင်းထန်ပါစေ၊ တာယွမ်နိုင်ငံကြီး မည်မျှပင် ရှုပ်ထွေးပါစေ၊ လုံကျန့်ဧကရာဇ်မှာ လျစ်လျူရှုထားနိုင်သော်လည်း၊ ဘုရင်လုပ်ပိုင်ခွင့်ကို စိန်ခေါ်လာခြင်းမှာတော့ သူ၏ အန္တိမစည်းကို ကျော်လွန်သွားခြင်းပင် ဖြစ်သည်။ ၎င်းမှာ သူ နန်းတက်လာပြီးကတည်းက ပထမဆုံးအကြိမ်ပင် ဖြစ်တော့သည်။
အချိန်အတော်ကြာပြီးနောက်တွင်မှ လုံကျန့်ဧကရာဇ်သည် ရွှေတံဆိပ်တုံးကို ပွတ်သပ်နေသည့် လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။ ခန်းမတစ်ခုလုံးကို လွှမ်းမိုးထားသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးမှာလည်း ခဏချင်း ပျောက်ကွယ်သွားတော့သည်။ သူသည်လည်း နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် သာမန်လူအိုကြီးတစ်ဦးနှယ် ပြန်လည် ဖြစ်သွားတော့သည်။
"ငါကိုယ်တော် ပင်ပန်းပြီ..."
လုံကျန့်ဧကရာဇ်က ခပ်တိုးတိုးရေရွတ်ရင်း အခုလိုဆိုလိုက်လေသည်...