အခန်း ၇၇
Vol. 8 Ch. 77
အခန်း (၇၇) ပြောင်းလဲမှု
ချန်မု၏ စိတ်ဝိညာဉ်မှာ အဆင့်တက်သွားခဲ့ပြီဖြစ်ရာ နေ့လယ်ခင်းခရီးသွားအဆင့်၏ အရှိန်အဝါဖိအားမှာ တစ်ချက်မျှ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
နင်းသခင်မ၏ ခြံဝင်းအတွင်းရှိ အစေခံများနှင့် အစေခံမလေးများအားလုံးမှာ ထိုဖိအားကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ ခဏတာမျှသာ ဖြစ်သော်လည်း လူတိုင်းမှာ လုပ်ဆောင်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်သော မျက်နှာထားများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာဖြစ်သွားမှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေကြတော့သည်။
ဆေးဟင်းရည် ကျိုနေသည့် နင်းသခင်မပင်လျှင် ရုတ်တရက် ရင်တုန်သွားပြီး ကြောက်ရွံ့ထိတ်လန့်သော အမူအရာ ပေါ်ထွက်လာသည်။ အနီးအနားတွင် မကောင်းဆိုးဝါး တစ်ခုခု ရှိနေသည်ဟု သူမ ထင်မှတ်ကာ ဟိုဟိုဒီဒီ လှည့်ကြည့်သော်လည်း မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရချေ။
"ဒီခံစားချက်က... ဒုတိယအစ်ကိုဆီကနေ လာတာဖြစ်ရမယ်။"
ချန်ယောင်မှာမူ ထိတ်လန့်ခြင်း မရှိဘဲ ခေါင်းလေးစောင်းကာ ထူးဆန်းသလို ခံစားလိုက်ရသည်။
စောစောက အချိန်ခဏလေးအတွင်း သူမ ခံစားလိုက်ရသော ဖိအားမှာ ယခင်ကထက် ပိုမို ပြင်းထန်နေသကဲ့သို့ပင်။ သို့သော် ယခင်ကလည်း သူမအနေဖြင့် ချန်မု၏ အစွမ်းအစ အကန့်အသတ်ကို မသိရှိခဲ့ချေ။ သူမ၏ အာရုံခံစားမှုထဲတွင် ချန်မု၏ ဝိညာဉ်စွမ်းအားမှာ အဆုံးမရှိသော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင် ဖြစ်သည်။
ယခုလည်း အဆုံးမရှိသော သမုဒ္ဒရာကြီးကဲ့သို့ပင် ဖြစ်သော်လည်း ယခင်ကထက် တစ်စုံတစ်ခု ကွဲပြားသွားသလို ဝိုးတဝါး ခံစားနေရသည်။
စိတ်အာရုံများ လွဲမှားသွားခြင်းလားဟု ချန်ယောင်သည် အနည်းငယ် သံသယဖြစ်သွားမိသည်။
သို့သော် ဘေးနားရှိ နင်းသခင်မမှာ ကြောက်လန့်တုန်လှုပ်နေသည်ကို မြင်သောအခါ သူမက ပြုံးလျက် ပြောလိုက်သည်။
"ခုနက ဒုတိယအစ်ကိုက သူ့ရဲ့ အရှိန်အဝါကို ထုတ်ပြလိုက်တာ နေမှာပါ... မရီးလည်း ကြည့်မနေနဲ့တော့... ဆက်ပြီးသာ ဟင်းရည်ကျိုလိုက်ပါတော့။"
နင်းသခင်မမှာ ခဏတာ ကြက်သေသေသွားပြီးနောက် ချက်ချင်း သဘောပေါက်သွားသည်။ ချန်မုသည် ယခုအခါ တန်ခိုးစွမ်းအားကြီးမားသော တာအိုဆရာ တစ်ဦးဖြစ်ရာ မည်သည့် မကောင်းဆိုးဝါးမျှ အနားသို့ ကပ်ဝံ့မည် မဟုတ်ကြောင်း သူမ တွေးမိသွားသည်။
နင်းသခင်မက ဆက်လက်၍ ဆေးဟင်းရည်ကျိုနေစဉ် အခြားတစ်ဖက်တွင်မူ ချန်မုသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး လွင့်မျောနေသော သူ၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
နေ့လယ်ခင်း ခရီးသွားအဆင့်သို့ ရောက်ရှိသွားချိန်တွင် သူ၏ ဝိညာဉ်အဆင့်အတန်းမှာ ကြီးမားသော အပြောင်းအလဲ ဖြစ်ပေါ်သွားခဲ့ရာ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကြားရှိ ကွာဟချက်မှာလည်း သိသိသာသာ ကြီးမားသွားခဲ့ပြန်သည်။ ထို့ကြောင့် ချန်မုသည် သူ၏ ခန္ဓာကိုယ်မှာ အလွန် အားနည်းနေသကဲ့သို့ ထပ်မံ ခံစားလိုက်ရသည်။
သိုင်းပညာ အဆင့် ၇ ရှိသော ခန္ဓာကိုယ်မှာ ဓားများ၊ လှံများဖြင့်ပင် ထိုးခုတ်၍ မရလောက်အောင် သန်မာနေသော်လည်း ယခု သူ၏ တာအိုဆရာ အဆင့်အတန်းနှင့် နှိုင်းယှဉ်လျှင်မူ ကလေးကစားစရာတစ်ခုကဲ့သို့သာ ဖြစ်နေချေပြီ။
ချန်မု၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့်အသံမျှ ထွက်ပေါ်လာခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်မှာ ထိုင်ခုံပေါ်မှ ကြွတက်သွားပြီး မည်သည့် အထောက်အပံ့ကိုမျှ မသုံးဘဲ လေဟာနယ်ထဲတွင် လွင့်မျောနေတော့သည်။
ဤသည်မှာ ဝိညာဉ်လွင့်မျောခြင်း မဟုတ်ဘဲ သွေးသားခန္ဓာကိုယ်ကြီး လေထဲတွင် လွင့်မျောနေခြင်း ဖြစ်သည်။ တာအိုဆရာ အဆင့် ၄ နှင့် သိုင်းပညာ အဆင့် ၃ ရောက်ရှိသူများသာ စွမ်းဆောင်နိုင်သည့် လေဟာနယ်တွင် ပျံသန်းနိုင်သော စွမ်းအားပင် ဖြစ်သည်။
သို့သော် သိုင်းပညာ အဆင့် ၃ သိုင်းဆရာသခင်များနှင့် မတူညီသည်မှာ သိုင်းဆရာသခင်များ အနေဖြင့် လေထဲတွင် ပျံသန်းရန် စစ်မှန်သောစွမ်းအင်များကို အမြောက်အမြား အသုံးပြုရသဖြင့် ကြာရှည်စွာ မပျံသန်းနိုင်သော်လည်း တာအိုဆရာများမှာမူ စွမ်းအင်အသုံးပြုမှုမှာ အလွန် နည်းပါးလှသဖြင့် အချိန်မရွေး လွတ်လပ်စွာ ပျံသန်းနိုင်ခြင်းပင် ဖြစ်သည်။
လေဟာနယ်တွင် ပျံသန်းခြင်းဆိုသည်မှာ သာမန် လူသားများအတွက်မူ နတ်ဘုရားတစ်ပါး၏ စွမ်းဆောင်ချက်ကဲ့သို့ပင် ဖြစ်တော့သည်။
လောကတွင် နတ်ဘုရားများအကြောင်း ပျံ့နှံ့နေသော ဒဏ္ဍာရီအများစုမှာ အမှန်တကယ်တော့ အဆင့် ၄ နှင့်အထက် တာအိုဆရာများ၏ စွမ်းဆောင်ချက်များသာ ဖြစ်ကြပြီး လေထဲတွင် ပျံသန်းနိုင်ခြင်း၊ လျှပ်စီးများကို ထိန်းချုပ်နိုင်ခြင်းတို့ကြောင့် သူတို့ကို လူသားနတ်ဘုရားများဟု သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ချန်မု၏ အမြင်တွင်မူ လေထဲတွင် ပျံသန်းနိုင်ရုံမျှဖြင့် စစ်မှန်သော နတ်ဘုရားအဆင့်နှင့် ဝေးကွာနေသေးသည်ဟု မြင်သည်။ ဒဏ္ဍာရီလာ အဆင့် ၁ တာအိုဆရာများပင်လျှင် စစ်မှန်သော နတ်ဘုရားဟု ခေါ်ဆိုရန် ထိုက်တန်၊ မထိုက်တန်ကို သူ မဝေခွဲနိုင်သေးချေ။
"အဆင့် ၁ တာအိုဆရာ... အင်း... ငါ့ရဲ့ အခုအဆင့်အတန်းနဲ့ဆိုရင် ဒီလိုလျှို့ဝှက်ချက်တွေကို စုံစမ်းဖို့ အရည်အချင်း ပြည့်မီနေလောက်ပြီ။"
ချန်မုသည် တွေးတောနေမိသည်။ ရွှမ်ကော်စံအိမ်တော်၏ စာကြည့်တိုက်တွင် စာအုပ်များစွာ မရှိသလို သမိုင်းကြောင်းနှင့် နတ်ဘုရားဒဏ္ဍာရီများကိုလည်း သူ အကုန်နီးပါး ဖတ်ရှုပြီးပြီ ဖြစ်သော်လည်း ဤကမ္ဘာကြီးနှင့် ပတ်သက်သော အသိပညာများမှာ လိုအပ်နေဆဲ ဖြစ်သည်။
ထို့အပြင် ယခင်က သူသည် အားနည်းနေသေးသဖြင့် ဤကမ္ဘာ၏ နက်ရှိုင်းသော အမှန်တရားများကို သိရှိခဲ့လျှင်တောင်မှ သာမန်လူတစ်ယောက် ကောင်းကင်ကြီးကို မော်ကြည့်နေသကဲ့သို့သာ ဖြစ်နေမည်ဖြစ်ပြီး မည်သို့မျှ လက်လှမ်းမီနိုင်မည် မဟုတ်ချေ။
ချန်မုသည် အတွေးများကို ရုပ်သိမ်းလိုက်ပြီး စနစ်မျက်နှာပြင်ကို ပြန်လည် ကြည့်ရှုလိုက်သည်။
အမည် - ချန်မု
အသက် - ၁၆ နှစ်
သိုင်းပညာ - မြင်းဆယ်ကောင်အား
စိတ်ဝိညာဉ် - အစပြုဝိညာဉ် အဆင့် ၂၀ (+)
ဝိညာဉ်အမှတ် - ၁၃၅ မှတ်
စိတ်ဝိညာဉ်စွမ်းအားမှာ အဆင့် ၂၀ သို့ ရောက်ရှိနေပြီး ဝိညာဉ်အမှတ် ၁၃၅ မှတ် ကျန်ရှိနေသေးသည်။
ချန်မုသည် တွေဝေမနေဘဲ ကျန်ရှိနေသော ဝိညာဉ်အမှတ်များအားလုံးကို အသုံးပြုကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဆက်လက် မြှင့်တင်လိုက်ရာ အဆင့် ၂၅ သို့ ရောက်ရှိသွားချိန်မှသာ အမှတ်များ အကုန်လုံး ကုန်ဆုံးသွားတော့သည်။
"ဒင်!"
ရွှေရောင်အလင်းတန်းများ ဆက်တိုက် ဖြတ်ပြေးသွားခဲ့သည်။
ချန်မု၏ ဝိညာဉ်စွမ်းအားမှာ ပိုမို ထူထဲခိုင်မာလာခဲ့သည်။ သူသည် ယခု သူပိုင်ဆိုင်ထားသော ခွန်အားကို ကောင်းစွာ ခံစားနိုင်သည်။ သူ၏ ကိုယ်ပိုင် စွမ်းအားတစ်ခုတည်းဖြင့်ပင် ကျယ်ဝန်းလှသော ရွှမ်ကော်စံအိမ်တော် တစ်ခုလုံးကို တစ်ခဏချင်းမှာပင် အမှိုက်ပုံတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
အကယ်၍ သူ၏ စိတ်ဝိညာဉ်ဖြင့် ဝိညာဉ်သွေးကြောများကို ထိန်းချုပ်ကာ မြေကြောစွမ်းအားများကို ငှားရမ်း အသုံးပြုမည်ဆိုပါက ကျောက်လိ ကဲ့သို့သော သူပေါင်း ဒါဇင်နှင့်ချီ၍ ဝိုင်းဝန်း တိုက်ခိုက်လျှင်တောင် လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ဖိနှိပ်ပစ်နိုင်မည်ဖြစ်ပြီး မည်သူကမျှ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။
ချန်မုသည် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ၏ ရုတ်တရက် တိုးတက်လာသော ခွန်အားများကို တဖြည်းဖြည်းနှင့် ထိန်းချုပ်နိုင်လာခဲ့သည်။
သူ၏ မျက်လုံးများအတွင်းမှ အလင်းတန်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး တည်ငြိမ်အေးဆေးသော အမူအရာသို့ ပြန်လည် ရောက်ရှိသွားကာ မည်သည့် လှိုင်းဂယက်မျှ မရှိတော့ချေ။ မာနထောင်လွှားခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသည့် အရိပ်အယောင်များ မရှိဘဲ အလွန်ပင် တည်ငြိမ်နေခြင်း ဖြစ်သည်။
သူ၏ အင်အားမှာ လုံလောက်ခြင်း မရှိသေးပေ။
အဆင့် ၄ တာအိုဆရာ ဆိုသည်မှာ လူအများ အားကျရသော အဆင့်အတန်းတစ်ခု ဖြစ်ပြီး သူ၏ နည်းလမ်းများနှင့် အဆင့်အတန်းမှာ သိုင်းပညာ အဆင့် ၃ သိုင်းဆရာသခင်များထက်ပင် တစ်ပန်း သာလွန်နေသေးသည်။ သူသာ အပြင်သို့ ထွက်၍ နတ်ဆိုးများကို ဖိနှိပ် သုတ်သင်မည်ဆိုပါက မှူးမတ်အိမ်တော် အသစ်တစ်ခု တည်ထောင်ရန်မှာပင် ခက်ခဲမည် မဟုတ်ချေ။
သို့သော် ချန်မုအတွက်မူ ဤမျှလောက် အင်အားမှာ မလုံလောက်သေးပေ။ လောကကြီးတွင် လွတ်လပ်စွာ သွားလာနိုင်သည့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာပြီဟု ဆိုနိုင်သော်လည်း ပိုင်ကျယ် ကဲ့သို့သော အဆင့် ၃ တာအိုဆရာများ၏ ရှေ့တွင်မူ ကွာဟချက် ရှိနေဆဲ ဖြစ်သည်။
ထို့အပြင် သူသည် အဆင့် ၅ မှ အဆင့် ၄ သို့ ရုတ်တရက် တက်လှမ်းသွားသည့် သတင်းသာ ပေါက်ကြားသွားပါက ပြဿနာများစွာ ရှိလာနိုင်သည်။ အကြောင်းမှာ သူသည် မြို့တော်အပြင်ဘက်သို့ အကြိမ်အနည်းငယ်မျှသာ ထွက်ဖူးသဖြင့် ကံကောင်းထောက်မစွာဖြင့် တာအိုဆရာများအတွက် အသုံးဝင်သည့် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်သစ်သီးကို ရရှိခဲ့၍ အဆင့်တက်သွားခြင်း ဖြစ်သည်ဟူသော အကြောင်းပြချက်ကို သုံးရန် ခက်ခဲသောကြောင့်ပင်။
ထို့ကြောင့် နောက်ပိုင်းတွင် သူသည် မြို့တော်အပြင်ဘက်သို့ ခရီးထွက်ရန် စိတ်ကူးထားသည်။ ထိုသို့ဆိုလျှင် မမျှော်လင့်ဘဲ အဆင့် ၄ စွမ်းအားများကို ထုတ်သုံးလိုက်ရပါက အခြားသူများအား ပြန်လည် ရှင်းပြရန် ခိုင်မာသော အကြောင်းပြချက် ရှိလာမည် ဖြစ်သည်။
ပို၍ စိတ်ချရသော နည်းလမ်းမှာ အဆင့် ၃ သို့ အမြန်ဆုံး တက်လှမ်းရန်ပင် ဖြစ်သည်။
အဆင့် ၃ သို့ ရောက်ရှိသွားပါက အဆင့် ၂ တာအိုဆရာများနှင့် သိုင်းသူတော်စင်များ မရှိတော့သော ယနေ့ခေတ်တွင် သူ၏ လုပ်ရပ်များနှင့် ပြောင်းလဲမှုများအတွက် မည်သူ့ကိုမျှ ရှင်းပြနေရန် လိုအပ်တော့မည် မဟုတ်ချေ။
စနစ်၏ အကူအညီဖြင့် အဆင့် ၃ သို့ ရောက်ရှိရန်မှာ အလွန် ခက်ခဲမည် မဟုတ်ချေ။ ကံမကောင်း၍ အနည်းငယ် အချိန်ပေးရလျှင်တောင်မှ သိပ်ပြီး ကြာမြင့်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ တစ်လကျော်ခန့်သာ ရှိသေးသော်လည်း ဘာမှမရှိသော ကိုယ်လုပ်တော်သား တစ်ယောက်အဖြစ်မှ တာအိုဆရာ အဆင့် ၄ သို့မဟုတ် နေ့လယ်ခင်း ခရီးသွားအဆင့် သို့ ရောက်ရှိခဲ့သောကြောင့်ပင်။
ချန်မုသည် အတွေးများကို စနစ်တကျ ပြန်လည် စုစည်းလိုက်သည်။
ထိုအချိန်တွင် အိပ်ခန်းတံခါးမှာ ပွင့်သွားပြီး နင်းသခင်မနှင့် ချန်ယောင်တို့ ဝင်လာကြသည်။ သူတို့နောက်မှ အစေခံမလေး တစ်ဦးက သစ်သားလင်ဗန်းလေးတစ်ခုကို ဂရုတစိုက် ကိုင်ဆောင်ကာ ပါလာခဲ့ပြီး လင်ဗန်းပေါ်တွင် ကြွေပန်းကန်လုံး သုံးလုံး ရှိနေသည်။
ပန်းကန်လုံးများအတွင်း၌ ပုလဲရောင် အလင်းတန်းများ တောက်ပနေပြီး အလွန် ပြည့်ဝလှသော ဆေးဟင်းရည်များ ရှိနေသည်။
"ဒုတိယအစ်ကို... ရော့ ဒီမှာ။"
ချန်ယောင်သည် ချန်မုဆီသို့ ပြေးလာပြီး ကျင့်လင်ယွမ်ပုလဲ ကို ကမ်းပေးလိုက်သည်။
ဟင်းရည်မကျိုမီကနှင့် နှိုင်းယှဉ်လျှင် ကလေးလက်သီးဆုပ်ခန့် ရှိသော ထိုကျင့်လင်ယွမ်ပုလဲမှာ သိသိသာသာ သေးငယ်သွားခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်မှာ နောက်ထပ် သုံးလေးကြိမ်ခန့် ဟင်းရည်ကျိုပြီးပါက လုံးဝ ကုန်ဆုံးသွားမည့် ပုံစံရှိသည်။
ချန်မုက ညာလက်ကို ခပ်ဖွဖွ မြှောက်လိုက်ရာ ကျင့်လင်ယွမ်ပုလဲမှာ ချန်ယောင်၏ လက်ဝါးပေါ်မှ ကြွတက်သွားပြီး ချန်မု၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
ချန်မုသည် ချန်ယောင်နှင့် နင်းသခင်မတို့ကို တစ်လှည့်စီ ကြည့်ကာ ပြောလိုက်သည်။
"ဒီအတောအတွင်း နင် အပြင်ကို ခဏလောက် မထွက်နဲ့ဦး... သိုင်းပညာ အဆင့် ၇ ကို ရောက်အောင် အရင်လေ့ကျင့်လိုက်... ပြီးရင် ခုနစ်ရက် တစ်ခါ ငါ့ဆီလာပြီး ကျင့်လင်ယွမ်ဆေးဟင်းရည်ကို သောက်လိုက်... အဲဒါက နင့်ရဲ့ ပါရမီနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို အများကြီး ပြောင်းလဲသွားစေလိမ့်မယ်။"
"မရီးလည်း သိုင်းပညာ လေ့ကျင့်ချင်တယ်ဆိုရင်တော့ နှစ်ကြိမ်သုံးကြိမ်လောက် ထပ်သောက်လို့ ရပါတယ်... ဒါပေမဲ့ သိုင်းမလေ့ကျင့်ဘဲ အများကြီး သောက်မိရင်တော့ ခန္ဓာကိုယ်က လက်မခံနိုင်ဘဲ ဒုက္ခရောက်သွားနိုင်တယ်... သာမန်လူရဲ့ ခန္ဓာကိုယ်က ကျင့်လင်ယွမ်ပုလဲရဲ့ ဆေးအာနိသင်ကို အကြိမ်များစွာ ခံနိုင်ရည်မရှိလို့ပါ။"
ချန်ယောင်က ကြည်လင်ပြတ်သားသော အသံလေးဖြင့် ပြောလိုက်သည်။
"ဒုတိယအစ်ကို့ကို ကျေးဇူးတင်ပါတယ်။"
နင်းသခင်မကမူ ခေါင်းခါပြကာ ပြောလိုက်သည်။
"မရီးကတော့ သိုင်းပညာတွေ ဘာတွေ မလေ့ကျင့်ချင်ပါဘူး... နေ့တိုင်း ပန်းလေးတွေ ကြည့်လိုက်... တယောလေး ထိုးလိုက်... ပလွေလေး မှုတ်လိုက်နဲ့တင် ကျေနပ်နေပါပြီ။"
နင်းသခင်မက သိုင်းပညာ လေ့ကျင့်ရန် စိတ်ဝင်စားမှု မရှိသဖြင့် ချန်မုသည်လည်း အတင်းအဓမ္မ မတိုက်တွန်းတော့ပေ။ သူက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
"ဒါဆိုလည်း အခု အတူတူ သောက်လိုက်ကြတာပေါ့... ဒီကျင့်လင်ယွမ်ပုလဲရဲ့ အာနိသင်က စာအုပ်ထဲမှာ ရေးထားသလောက် တကယ်ပဲ စွမ်းရဲ့လား ဆိုတာ စမ်းကြည့်ရသေးတာပေါ့။"