အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) နတ်ဆိုးသောင်းကျန်းမည့် ရှေ့ပြေးလက္ခဏာများ
ခြောက်သွေ့သောအဝါရောင် သင်္ချိုင်းမြေပြင်ကြီးမှာ အလွန်ပင် ဟာလာဟင်းလင်း ဖြစ်နေပြီး မည်သည့် လူသူအရိပ်အယောင်မျှ မတွေ့ရချေ။
အစောပိုင်းကာလများက သူ ဝိညာဉ်လွင့်မျောခြင်း ပြုလုပ်တိုင်း စွဲလမ်းမှုရှိသော ဝိညာဉ်သရဲများကို အမြဲတမ်း တွေ့ခဲ့ရပြီး တစ်ခါတစ်ရံတွင် တစ်ကောင်ထက်မက တွေ့ခဲ့ရဖူးသဖြင့် ဤနေရာတွင် လွင့်မျောနေသော ဝိညာဉ်သရဲများစွာ ရှိသည်ဟု ချန်မု ထင်မှတ်ခဲ့ဖူးသည်။ သို့သော် ဤတစ်လအတွင်း ကြိုကြားကြိုကြားသာ တွေ့ခဲ့ရသဖြင့် ဤနေရာတွင် ပေါ်လာသော ဝိညာဉ်သရဲများမှာ သိပ်မများလှကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ထို့အပြင် ဤဝိညာဉ်သရဲများ မည်သို့မည်ပုံ ဤနေရာသို့ ရောက်ရှိလာကြသည်ကိုပင် သူ မသိချေ။ အဘယ်ကြောင့်ဆိုသော် လူ့လောကတွင် သေဆုံးသွားသူများ၏ ဝိညာဉ်များမှာ များသောအားဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားလေ့ ရှိသောကြောင့် ပင် ဖြစ်သည်။
ယင်စွမ်းအင် အလွန်များပြားသော အခြေအနေမျိုးတွင် သွေးစုပ်ဖုတ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလျှင်တောင်မှ မြေအောက်တွင်သာ ပုန်းအောင်းနေတတ်ကြပြီး လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားခြင်းမျိုး မရှိသလို လူ့လောကနှင့် ငရဲပြည်ကြားသို့လည်း သွားလာနိုင်စွမ်း မရှိကြချေ။
အဘယ်ကြောင့်ဆိုသော် နေ့လယ်ခင်းတွင် လွင့်မျောနိုင်သော အဆင့်သို့ ရောက်ရှိသည့် ဝိညာဉ်သရဲ ဆိုသည်မှာ အလွန် ရှားပါးလှသောကြောင့် ပင်။ သူကဲ့သို့ နေ့လယ်ခင်း ခရီးသွားအဆင့် သို့ ရောက်ရှိနေသော တာအိုဆရာ တစ်ဦးပင်လျှင် မိမိ၏ စွမ်းဆောင်ရည်ဖြင့် လူ့လောကနှင့် ငရဲပြည်ကြားသို့ ဝင်ထွက်သွားလာနိုင်စွမ်း မရှိသေးသလို ယခုအချိန်အထိ သူ မည်သို့မည်ပုံ ဤနေရာသို့ ရောက်ရှိလာခဲ့သည်ကိုပင် မသိသေးချေ။
သေဆုံးပြီးနောက် ဝိညာဉ်တစ်ခု၏ စွဲလမ်းမှု တစ်စိတ်တစ်ပိုင်းမှာ ငရဲပြည်တွင် မည်သို့မည်ပုံ ပေါ်လာသနည်း ဆိုသည်မှာ ပဟေဠိတစ်ခုပင် ဖြစ်သည်။ ထို့အပြင် ငရဲပြည်၏ ကျယ်ဝန်းမှုမှာလည်း ချန်မု ထင်မှတ်ထားသည်ထက် များစွာ သာလွန်နေပေသည်။
ယခင် ဝိညာဉ်သရဲ၏ စွဲလမ်းမှုကို ဖြေရှင်းပေးပြီးနောက်ပိုင်း သူသည် သုံးကြိမ်ဆက်တိုက် ဝိညာဉ်လွင့်မျောခြင်း ပြုလုပ်ခဲ့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ခဲ့ရချေ။ ယခုတစ်ကြိမ်မှာ စတုတ္ထမြောက် အကြိမ် ဖြစ်သည်။ ချန်မုသည် အချိန်ဖြုန်းမနေဘဲ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ကာ အဝေးသို့ လျင်မြန်စွာ လွင့်မျောသွားတော့သည်။
အဆင့် ၄ နေ့လယ်ခင်း ခရီးသွားအဆင့် သို့ ရောက်ရှိပြီးနောက် သူ၏ ဝိညာဉ်မှာ ပိုမို ခိုင်မာလာပြီး ငရဲပြည်တွင် လွင့်မျောသည့် အမြန်နှုန်းမှာလည်း အလွန် မြန်ဆန်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ပေရာချီ၍ ကျော်ဖြတ်နိုင်ပြီး ခဏချင်းမှာပင် မိုင်ပေါင်းများစွာ ခရီးပေါက်နိုင်ပြီ ဖြစ်သည်။ သို့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရသေးချေ။ အဆုံးအစမရှိသော ခြောက်သွေ့သည့် အဝါရောင် သင်္ချိုင်းမြေပြင်ကြီးနှင့် အဝေးဆီမှ မည်မျှသွားသွား မရောက်နိုင်သော မြူမှောင်ကြီးများမှလွဲ၍ အခြား မည်သည့်အရာမျှ မရှိချေ။
"ဒီတစ်ခါလည်း ဘာမှ မတွေ့ရပြန်ဘူးလား"
ချန်မုသည် စိတ်ထဲမှ ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်မိသည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏ ကိုယ်ပေါ်ရှိ အဖြူရောင် အလင်းတန်းလေးများမှာလည်း တဖြည်းဖြည်း မှေးမှိန်လာတော့သည်။
သို့သော် ထိုအဖြူရောင် အလင်းတန်းလေးများ အဆုံးသတ်လုနီးပါး အချိန်သို့ ရောက်ရှိချိန်တွင် ချန်မု၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး အဝေးတစ်နေရာရှိ ခြောက်သွေ့သော သင်္ချိုင်းမြေပြင်ပေါ်တွင် မို့မောက်နေသော အရာတစ်ခုကို မြင်လိုက်ရသည်။ သင်္ချိုင်းကုန်းလေး တစ်ခု။
ချန်မုသည် တွေဝေမနေဘဲ ချက်ချင်းပင် ထိုဘက်သို့ ပြေးသွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ဝေးကွာလှသော ခရီးကို ကျော်ဖြတ်ကာ ထိုသင်္ချိုင်းကုန်းလေး၏ အရှေ့သို့ ရောက်ရှိသွားပြီး ရပ်တန့်လိုက်သည်။ ဤသင်္ချိုင်းကုန်းလေးမှာ ယခင်က တွေ့ခဲ့ရသော မြောင်ရှင်းလန်၏ သင်္ချိုင်းကုန်းထက် အနည်းငယ် ပို၍ ကြီးမားနေသည်။
သင်္ချိုင်းရှေ့တွင် ဝိညာဉ်တစ်ခု ကွေးကွေးလေး ထိုင်နေသည်။ သေချာစွာ ကြည့်လိုက်သောအခါ ထိုဝိညာဉ်မှာ ကွေးကွေးလေး ထိုင်နေခြင်း မဟုတ်ဘဲ ဆောင့်ကြောင့် ထိုင်နေခြင်း ဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း အလွန် သေးငယ်ကာ အသက် ခုနစ်နှစ်၊ ရှစ်နှစ် အရွယ် ကလေးငယ် တစ်ဦး၏ ပုံစံမျိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထပ်မံ၍ သေချာ ကြည့်လိုက်သောအခါ ထိုကလေးငယ်၏ ညာဘက် ပခုံးစွန်းတွင် မဖွံ့ဖြိုးသေးသော လက်မောင်းတစ်ဝက် ထွက်နေသည်ကို ထူးခြားစွာ တွေ့လိုက်ရသည်။
ချန်မု၏ ပထမဆုံး အတွေးမှာ မိစ္ဆာအဖြစ် ပြောင်းလဲသွားခြင်း ပင် ဖြစ်သည်။ ဤကလေးငယ်၏ ဝိညာဉ်မှာလည်း သင်္ချိုင်းမြေပြင်ပေါ်တွင် လွင့်မျောနေသော ပုံပျက်ပန်းပျက် မိစ္ဆာကြီးများထဲမှ တစ်ကောင် ဖြစ်မည်ဟု သူ ထင်မှတ်လိုက်သည်။ သို့သော် ချက်ချင်းပင် ထိုကလေးငယ်၏ ဝိညာဉ်သည် ရုတ်တရက် ခေါင်းမော့လာပြီး ချန်မုနှင့် အကြည့်ချင်း ဆုံသွားတော့သည်။
စိတ်အာရုံလွဲမှားမှု မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ အလွန် မှောင်မိုက်နေသော အခန်းငယ်လေး တစ်ခု ဖြစ်သည်။ အခန်းထဲတွင် မည်သည့်အရာမျှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေကာ ပြတင်းပေါက်ပင် မရှိချေ။ ဟောင်းနွမ်းနေသော သစ်သားတံခါး တစ်ချပ်သာ ရှိပြီး တင်းကျပ်စွာ ပိတ်ထားသည်။
"မိစ္ဆာကောင်လေး"
အပြင်ဘက်မှ တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်ပြီး ဖြတ်လျှောက်သွားသကဲ့သို့ အသံမှာ တဖြည်းဖြည်း ဝေးကွာသွားသည်။ ကလေးငယ်သည် ထောင့်တစ်နေရာတွင် ခံစားချက်မဲ့စွာ ဆောင့်ကြောင့် ထိုင်နေသည်။
ရုတ်တရက် တံခါး ပွင့်သွားသည်။ ကလေးငယ်သည် ဝမ်းသာအားရဖြင့် ထိုဘက်သို့ လျှောက်သွားလိုက်သည်။ သို့သော် တံခါးအပြင်ဘက်တွင် ပေါ်လာသူမှာ အသက်အရွယ်ကြီးရင့်သော အစေခံအိုကြီး တစ်ဦး ဖြစ်နေပြီး လက်ထဲတွင် စားကြွင်းစားကျန်များ ထည့်ထားသော ပန်းကန်တစ်ခုကို ကိုင်ထားသည်။ ထိုအစေခံအိုကြီးသည် ကလေးငယ်ကို ရွံရှာသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ စားကြွင်းစားကျန်များကို ကြမ်းပြင်ပေါ်သို့ တိုက်ရိုက် သွန်ချလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
ဘုန်း!
တံခါးမှာလည်း ချက်ချင်းပင် ပြန်လည် ပိတ်သွားတော့သည်။ ထိုကလေးငယ်နှင့် ထိတွေ့မိပါက ကံဆိုးမှုများ ကူးစက်လာမည်ကို ကြောက်ရွံ့နေသည့်အလား ပင်။ ကလေးငယ်၏ လှမ်းနေသော လက်လေးမှာ လေထဲတွင် ရပ်တန့်သွားသည်။ သူသည် ထိုလက်လေးဖြင့် မိမိ၏ ညာဘက် ပခုံးစွန်းရှိ ပုံပျက်နေသော တတိယမြောက် လက်မောင်းလေးကို စမ်းသပ်ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ခံစားချက်မဲ့သော အမူအရာများ ပြန်လည် ပေါ်ထွက်လာတော့သည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် သွန်ချထားသော စားကြွင်းစားကျန်များ အနီးသို့ တဖြည်းဖြည်း တွားသွားသွားကာ တစ်လုပ်ချင်း အားထုတ်၍ စားသောက်နေတော့သည်။
...
"သခင်ကြီးက ဒီလို မိစ္ဆာကောင်လေးကို ဘာလို့ မွေးထားရတာလဲ မသိဘူး"
"မသိဘူးလေ... သခင်ကြီးက သနားလို့ နေမှာပေါ့"
"ဒါပေမဲ့ ဒီအတိုင်း ထားလို့တော့ မဖြစ်ဘူးလေ... တစ်အိမ်လုံး ကံဆိုးမှုတွေ ကူးစက်လာရင် ဘယ်လိုလုပ်မလဲ... ဒီလို ကံဆိုးမိုးမှောင်ကျစေမယ့် မိစ္ဆာကောင်ကို အမြန်ဆုံး မြေမြှုပ်ပစ်သင့်တာ"
မည်သည့် အချိန်ကမှန်း မသိဘဲ အပြင်ဘက်မှ ဖိနှိပ်ထားသော အသံဖြင့် ပြောဆိုနေကြသည့် အတင်းအဖျင်း စကားသံများ ထွက်ပေါ်လာသည်။ ကလေးငယ်သည် ထောင့်တစ်နေရာတွင် ခံစားချက်မဲ့စွာဖြင့် ကွေးကွေးလေး ထိုင်နေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်လေးမှာ ပို၍ပင် ကျုံ့ဝင်သွားတော့သည်။
...
မြင်ကွင်းမှာ တစ်ချက် ပြောင်းလဲသွားပြန်သည်။ ထိုမှောင်မိုက်သော အခန်းငယ်လေးထဲတွင်ပင် ဖြစ်ပြီး ကလေးငယ်သည် တံခါးနားသို့ ကပ်ကာ ထိုင်နေသည်။ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေးများ ပေါ်ထွက်နေသည်။
"ဟီးဟီး... နင်သိလား... ချီထူ လို့ခေါ်တဲ့ ငှက်တစ်မျိုး ရှိတယ်တဲ့... အဲဒါက ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတဲ့ ငှက်တဲ့... သူ့ကို တွေ့ရင် တစ်သက်လုံး ပျော်ရွှင်ရမယ်တဲ့"
တံခါးအပြင်ဘက်မှ ချိုသာကြည်လင်သော ကလေးမလေး တစ်ယောက်၏ ရယ်မောသံနှင့်အတူ စကားသံလေး ထွက်ပေါ်လာသည်။ ကလေးငယ်သည် တစ်စုံတစ်ခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အပြင်ဘက်မှ အမျိုးသမီး တစ်ဦး၏ ဆူပူအော်ဟစ်သံ ထွက်ပေါ်လာသည်။
"ဒီကို မလာနဲ့လို့ ပြောထားတယ် မဟုတ်လား... ဘာလို့ ဒီကို ရောက်လာရပြန်တာလဲ... အိမ်ကို အခုချက်ချင်း ပြန်လိုက်ခဲ့... စကားနားမထောင်လို့ကတော့ နောက်ဆို ခြံထဲက အပြင်ကို ထွက်ခွင့်မပေးတော့ဘူး"
ထို့နောက် ကလေးမလေး၏ အသံမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ကလေးငယ်၏ မျက်လုံးများထဲရှိ မျှော်လင့်ချက် ရောင်ခြည်လေးများမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ သူသည် ထောင့်တစ်နေရာသို့ ပြန်သွားကာ ကွေးကွေးလေး ပြန်ထိုင်နေတော့သည်။
ရာသီဥတုမှာ တဖြည်းဖြည်း အေးချမ်းလာသည်။ သူသည် အချမ်းဒဏ်ကြောင့် တုန်ရီနေပြီး အသက်ကင်းမဲ့နေသော မျက်လုံးများဖြင့် အပေါ်ဘက်သို့ မော်ကြည့်နေမိသည်။
ချီထူ ငှက်... ဒီလောကမှာ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတဲ့ ငှက်ဆိုတာ တကယ် ရှိလို့လား။ အကယ်၍သာ သူ့ကို တွေ့ခဲ့မယ်ဆိုရင် ငါလည်း ကံဆိုးမိုးမှောင်ကျတဲ့ ကောင်လေးလို့ အခေါ်ခံရတော့မှာ မဟုတ်ဘူး မလား။
...
နောက်ဆုံး မြင်ကွင်းမှာမူ အေးခဲပြီး သေဆုံးနေပြီဖြစ်သော ကလေးငယ်၏ အလောင်းကို အစေခံအိုကြီး နှစ်ဦးက အခန်းထဲမှ သယ်ထုတ်လာပြီး အခန်းဘေးရှိ သစ်ပင်အောက်တွင် တွင်းနက်ကြီးတစ်ခု တူးကာ မြေမြှုပ်နေကြသည့် မြင်ကွင်းပင် ဖြစ်သည်။
"အမည်မသိ"
"ဇာတိ - ချင်းကျိုးပြည်နယ်၊ မန်ကျုံးခရိုင်၊ ခရိုင်ဝန် ယန်ရှန် ၏ ပဉ္စမမြောက် သား"
"မကျေနပ်ချက် - မရှိ"
"စွဲလမ်းမှု - ကံကောင်းခြင်းများ ယူဆောင်လာပေးသော 'ချီထူ' ငှက် ဆိုသည်မှာ အမှန်တကယ် ရှိပါသလား"
ချန်မုသည် ထိုကလေးငယ်၏ ခေါင်းပေါ်တွင် ပေါ်လာသော စနစ်၏ အချက်အလက်များကို ကြည့်ရင်း မျက်လုံးများ အနည်းငယ် အရောင်ပြောင်းသွားသည်။ သို့သော် သူ မည်သည့် တုံ့ပြန်မှုမျှ မလုပ်နိုင်မီမှာပင် သူ၏ ကိုယ်ပေါ်ရှိ မှေးမှိန်နေသော အဖြူရောင် အလင်းတန်းလေးများမှာ အဆုံးသတ်သွားပြီ ဖြစ်ရာ မျက်စိရှေ့ရှိ မြင်ကွင်းများမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပြန်ပြီး သူ၏ ကိုယ်ပိုင် အိပ်ခန်းထဲသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ချန်မုသည် အကြည့်များကို ရုပ်သိမ်းလိုက်ပြီးနောက် နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ဝင်သွားမိသည်။ ဤကလေးငယ်သည် မွေးရာပါ ခန္ဓာကိုယ် ချို့ယွင်းချက် ပါလာသူ ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။ ဤကဲ့သို့သော ခေတ်ကာလတွင် ထိုကဲ့သို့သော ချို့ယွင်းချက် ပါလာသူများကို ကံဆိုးမိုးမှောင်ကျစေသူများ၊ မိစ္ဆာများအဖြစ် သတ်မှတ်လေ့ ရှိကြသည်။ သူ၏ ဘဝသက်တမ်းမှာ တိုတောင်းခဲ့သော်လည်း နောက်ဆုံး ကျန်ရစ်ခဲ့သော စွဲလမ်းမှုမှာမူ အလွန် ပြင်းထန်လှရာ ယခုအချိန်အထိ သူတွေ့ဖူးသမျှ ဝိညာဉ်သရဲများထဲတွင် အဆင့်အမြင့်ဆုံး ဖြစ်ပေသည်။
"ချီထူ ငှက်..."
ထိုငှက်မျိုး အမှန်တကယ် ရှိသလားဟု မေးလာပါက ချန်မု အနေဖြင့် အတည်ပြုပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုငှက်အကြောင်းကို တာယွမ်နိုင်ငံ၏ နတ်ဆိုး၊ မကောင်းဆိုးဝါး မှတ်တမ်းစာအုပ်ထဲတွင် ဖော်ပြထားသောကြောင့် ပင် ဖြစ်သည်။ ၎င်းမှာ နတ်ဆိုးငှက် တစ်မျိုးဖြစ်ပြီး အန္တရာယ် သိပ်မရှိလှချေ။ ထို့အပြင် ၎င်း၏ အသားကို တိုက်ရိုက် စားသုံးနိုင်ပြီး ယင်စွမ်းအင်များနှင့် မကောင်းသော အငွေ့အသက်များကို ဖယ်ရှားပေးနိုင်စွမ်း ရှိသည်ဟု ဆိုသည်။
သို့သော် ၎င်းငှက် အမှန်တကယ် ရှိကြောင်း အတည်ပြုရုံမျှဖြင့် မလုံလောက်ပေ။ ဤစွဲလမ်းမှုကို ဖြေရှင်းရန်အတွက်မူ သူ ကိုယ်တိုင် ထိုငှက်ကို ဖမ်းဆီးပြီး ထိုကလေးငယ် မြေမြှုပ်ခံရသော နေရာသို့ သွားရောက်ကာ ထိုငှက်ကို ပြသရမည် ဖြစ်သည်။ ၎င်းမှာ အနည်းငယ်တော့ ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆိုးငှက်မှာ အလွန် ရှားပါးသော အမျိုးအစား ဖြစ်သဖြင့် ရှာဖွေတွေ့ရှိရန်ပင် မလွယ်ကူလှချေ။ အရှင်ဖမ်းဆီးရန်မှာ ပို၍ပင် ခက်ခဲလှသည်။
"မနက်ဖြန် ကောင်းကင်ကွန်ရက် ကို သွားပြီး သတင်းသွားမေးကြည့်ဦးမှပဲ"
ချန်မုသည် စိတ်ထဲမှ တွေးတောလိုက်သည်။ အကယ်၍ ထိုငှက်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို တိုက်ရိုက် သိရပါက အကောင်းဆုံး ဖြစ်မည်။ ထိုသို့ဆိုလျှင် သူကိုယ်တိုင် သွားရောက် ဖမ်းဆီးနိုင်မည် ဖြစ်သည်။ အကယ်၍ မည်သည့် သတင်းအစအနမျှ မရပါက သူ၏ စစ်လိ ရာထူးကို အသုံးပြု၍ လူအချို့ကို စုံစမ်းထောက်လှမ်းခိုင်းရုံသာ ရှိပေတော့မည်။
ဤစွဲလမ်းမှုကို ဖြေရှင်းပေးနိုင်ပါက ရရှိမည့် ဝိညာဉ်အမှတ်များမှာ အလွန် များပြားမည်မှာ သေချာလှသည်။ လုံးဝ ရှာမတွေ့တော့သည့် အခြေအနေမျိုးမှလွဲ၍ ဤကဲ့သို့သော စွဲလမ်းမှုကို သူ လက်လွှတ်ခံမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤစွဲလမ်းမှု တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းပေးလိုက်ရုံဖြင့် ရရှိမည့် ဝိညာဉ်အမှတ်များမှာ သူ့ကို အဆင့် ၃ သို့ တက်လှမ်းရန် လုံလောက်စေမည် ဖြစ်သောကြောင့်ပင်။
...
နောက်တစ်နေ့တွင် ချန်မုသည် တာအိုဝတ်ရုံကို ဝတ်ဆင်ကာ ကောင်းကင်ကွန်ရက် သို့ ရောက်ရှိလာခဲ့သည်။ ထိုတာအိုဝတ်ရုံများမှာ အစိမ်းနှင့် အဖြူ ဟူ၍ အရောင်နှစ်မျိုး ရှိပြီး ချန်မု ဝတ်ဆင်ထားသည်မှာ အဖြူရောင် ဖြစ်သည်။ ဤဝတ်ရုံကို အထူးပြုလုပ်ထားသော ပစ္စည်းများဖြင့် ရက်လုပ်ထားသဖြင့် ဖုန်မှုန့်များကိုပင် မကပ်ငြိစေနိုင်ချေ။
ဝတ်ရုံ၏ ဘယ်ဘက်ရင်ဘတ်တွင် ထူးခြားသော စိန်ပုံသဏ္ဍာန် အမှတ်အသားများကို ရေးထိုးထားပြီး ၎င်းတို့မှာ ပညာရပ်ဆိုင်ရာ အဆင့်အတန်းကို ဖော်ပြနေခြင်း ဖြစ်သည်။ အဆင့် ၉ မှ ၆ အထိကို စိတ်ဝိညာဉ်ဆရာဟု သတ်မှတ်သော်လည်း အဆင့် ၅ ဖြစ်သော ချန်မု၏ ဝတ်ရုံပေါ်တွင်မူ အဆင့် ၅ တာအိုဆရာ ကို ကိုယ်စားပြုသော စိန်ပုံသဏ္ဍာန် အမှတ်အသား ငါးခု ရှိနေပြီး ၎င်းတို့မှာ ပန်းပွင့်လေး တစ်ပွင့်အလား ပုံဖော်ထားသည်။
ကောင်းကင်ကွန်ရက် တည်ရှိရာ အဆောက်အအုံမှာ အလွန် တိတ်ဆိတ်ငြိမ်သက်နေသည်။ လူအများအပြား ဝင်ထွက်သွားလာနေသော်လည်း ခြေသံများကိုပင် မကြားရချေ။ အပ်တစ်ချောင်း ကျသွားလျှင်တောင် ကြားရလောက်အောင် တိတ်ဆိတ်နေခြင်း ဖြစ်သည်။ ဤကောင်းကင်ကွန်ရက်၏ ထောက်လှမ်းရေးများနှင့် လုပ်ကြံသတ်ဖြတ်သူများမှာ အလျင်အမြန် လာရောက်ကြပြီး အလျင်အမြန်ပင် ပြန်လည် ထွက်ခွာသွားကြသည်။ အခြားသော ကိစ္စရပ်များ အားလုံးကို သူတို့ ဂရုမစိုက်ကြချေ။
"အရှင်စစ်လိ"
လူတစ်ဦးက ချန်မုကို လာရောက် နှုတ်ဆက်သည်။ သူသည်လည်း ချန်မုကဲ့သို့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ရင်ဘတ်ပေါ်တွင် စိန်ပုံသဏ္ဍာန် အမှတ်အသား နှစ်ခုသာ ပါရှိသဖြင့် အဆင့် ၈ စိတ်ဝိညာဉ်ဆရာ တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။ ထို့အပြင် သူသည် ကောင်းကင်ကွန်ရက်ရှိ 'ရွှမ်' အဆင့် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ ချန်မုက ခပ်ဖွဖွ ခေါင်းညိတ်ပြကာ ဖြတ်လျှောက်သွားပြီး ကောင်းကင်ကွန်ရက်၏ အတွင်းခန်းမထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် မည်သူကမျှ လာရောက် တားဆီးခြင်း မရှိကြဘဲ အစောင့်အချို့မှာ သူ၏ ဝတ်ရုံပေါ်ရှိ အမှတ်အသားများကို မြင်သည်နှင့် လမ်းဖယ်ပေးကြသည်။
ဤတစ်လအတွင်း ချန်မုသည် ကောင်းကင်ကွန်ရက် သို့ မကြာခဏ လာရောက်လေ့ရှိသဖြင့် ဤနေရာရှိ အခြေအနေများကို ကောင်းစွာ ကျွမ်းဝင်နေပြီ ဖြစ်သည်။ မကြာမီ သူသည် သက်ဆိုင်ရာ အပိုင်းသို့ ရောက်ရှိသွားပြီး ချီထူ ငှက်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေပေးရန် အမိန့်ပေးလိုက်သည်။ စောင့်ဆိုင်းနေစဉ်အတွင်း ချန်မုသည် စားပွဲပေါ်ရှိ သတင်းလွှာ အချို့ကို ကောက်ကိုင်ကာ ဖတ်ရှုနေလိုက်သည်။
ဤသတင်းလွှာများကို အထူးပြုလုပ်ထားသော စက္ကူများဖြင့် ရေးသားထားပြီး ကောင်းကင်ကွန်ရက်၏ သတင်းလွှာများကို အနီ၊ အစိမ်း၊ အဖြူ ဟူ၍ အရောင်သုံးမျိုး ခွဲခြားထားကာ အရေးကြီးမှု အဆင့်အတန်းများကို ဖော်ပြနေခြင်း ဖြစ်သည်။ စားပွဲပေါ်တွင် ရှိနေသော သတင်းလွှာများမှာ အဖြူရောင် စက္ကူများသာ ဖြစ်ကြသည်။ ချန်မု၏ အဆင့် ၅ တာအိုဆရာ၊ စစ်လိ လုပ်ပိုင်ခွင့်ဖြင့် အစိမ်းရောင် အဆင့်ရှိသော သတင်းလွှာများကို လွတ်လပ်စွာ ဖတ်ရှုခွင့် ရှိသော်လည်း အနီရောင် အဆင့်ရှိသော သတင်းလွှာများကိုမူ ခွင့်ပြုချက် ရရှိမှသာ ဖတ်ရှုနိုင်မည် ဖြစ်သည်။
"မြို့တော် မြောက်ဘက် ခုနစ်ဆယ့်ခြောက်မိုင် အကွာက ဝမ်မိသားစု ရွာလေးမှာ တစ်ညတည်းနဲ့ လူတွေ အကုန်လုံး သေဆုံးသွားတယ်... တစ်ယောက်မှ အသက်ရှင် မကျန်ရစ်ခဲ့ဘူး... အခင်းဖြစ်ပွားတဲ့ နေရာမှာ နတ်ဆိုးစွမ်းအင်တွေ ကျန်ရစ်နေတာ တွေ့ရတဲ့အတွက် နတ်ဆိုးတွေရဲ့ လက်ချက်လို့ သံသယရှိရတယ်"
"မြို့တော် အနောက်တောင်ဘက် ခြောက်ဆယ့်လေးမိုင် အကွာက ဟုန်ဝူတောင်တန်းမှာ မကြာသေးမီက နတ်ဆိုးတွေ သွားလာနေတာကို တွေ့ရတယ်... အကြိမ်အရေအတွက်ကလည်း ပိုပိုများလာတယ်"
"မြို့တော် အရှေ့ဘက်..."
ချန်မုသည် သတင်းလွှာများကို သေချာစွာ ဖတ်ရှုကြည့်လိုက်ရာ ထိုအထဲတွင် တစ်ဝက်ကျော်ခန့်မှာ နတ်ဆိုးများ သောင်းကျန်းမှုနှင့် ပတ်သက်သော သတင်းများ ဖြစ်နေသည်ကို တွေ့ရသဖြင့် မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်မိသည်။ စစ်ထျန်းထိုင်၏ စစ်လိ တစ်ဦးအနေဖြင့် ကောင်းကင်ကွန်ရက်၏ ဖွဲ့စည်းပုံနှင့် သတင်းအချက်အလက် စနစ်ကို သိရှိနားလည်ထားခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ ယခင်ကလည်း သူသည် ကောင်းကင်ကွန်ရက်၏ သတင်းလွှာများစွာကို ဖတ်ရှုခဲ့ဖူးသည်။ သို့သော် ယခင်က နတ်ဆိုးများ သောင်းကျန်းမှုမှာ ဤမျှလောက် မများပြားခဲ့ချေ။
ထို့အပြင် မြို့တော်၏ မိုင်တစ်ရာ ပတ်လည်အတွင်း၌ ယခင်က နတ်ဆိုးများ ပေါ်ထွက်လာလေ့ မရှိသော်လည်း ယခုအခါ တဖြည်းဖြည်း ပေါ်ထွက်လာကြပြီ ဖြစ်ပြီး ပိုမို များပြားလာမည့် လက္ခဏာများလည်း ရှိနေသည်။ ဤသတင်းလွှာများဖြင့်သာ အတိအကျ ကောက်ချက်ချရန် မဖြစ်နိုင်သေးသော်လည်း ၎င်းမှာ ကောင်းသော လက္ခဏာ တစ်ရပ် မဟုတ်သည်မှာ သေချာလှသည်။
စဉ်းစားခန်း ဝင်နေစဉ်မှာပင် ကောင်းကင်ကွန်ရက်၏ ထောက်လှမ်းရေး တစ်ဦးမှာ အသံတိတ် ရောက်ရှိလာပြီး တိုးတိုးလေး သတင်းပို့လိုက်သည်။
"အရှင်စစ်လိ... မကြာသေးမီက ချီထူဆိုတဲ့ နတ်ဆိုးငှက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဘာမှ မရရှိထားပါဘူး"
ချန်မုသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း အလွန်အမင်း အံ့အားသင့်သွားခြင်းတော့ မရှိပေ။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ... သတင်းရရင် ချက်ချင်း လာပြောပါ"
"ဟုတ်ကဲ့"
ထိုထောက်လှမ်းရေးက အမိန့်ခံလိုက်သည်။ ချန်မုသည် လက်ထဲရှိ သတင်းလွှာများကို ချထားခဲ့ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သို့သော် ပင်မခန်းမကြီးထဲမှ မထွက်ရသေးမီမှာပင် ထောက်လှမ်းရေး တစ်ဦးက သူ့ကို တားဆီးလိုက်ပြီး ရိုသေစွာ အရိုအသေပေးကာ ပြောလိုက်သည်။
"အရှင်စစ်လိ... အရှင်စစ်ချန်က သင့်ကို လာတွေ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်"
စစ်ထျန်းထိုင်၏ စစ်ချန်များမှာ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှပြီး ဝေ့စစ်ချန် ဆိုလျှင် တစ်ဦးတည်းသာ ရှိပေသည်။ သူမှာ စစ်ချန် ဝေ့ကျင်း ပင် ဖြစ်ပြီး ကြယ်ကြည့်မျှော်စင်ထဲမှ ထွက်ခွာ၍မရသော ဌာနချုပ်မှူး ပိုင်ကျယ် ကို ကူညီ၍ စစ်ထျန်းထိုင်၏ ကိစ္စရပ်များကို စီမံခန့်ခွဲပေးနေသူ ဖြစ်သည်။ ချန်မုသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"လမ်းပြပါ"
စစ်ထျန်းထိုင်သို့ ဝင်ရောက်လာပြီး ဤတစ်လအတွင်း ဌာနချုပ်မှူး ပိုင်ကျယ်နှင့် တစ်ကြိမ် တွေ့ဆုံခဲ့ရုံမှလွဲ၍ အခြားသော အဆင့်မြင့် တာအိုဆရာများထဲတွင် ဝေ့ကျင်း နှင့်သာ တစ်ကြိမ် တွေ့ဆုံစကားပြောဖူးသည်။ ယခု သူက ကိုယ်တိုင် လာရောက်တွေ့ဆုံရန် ခေါ်ခိုင်းခြင်းမှာ ကိစ္စတစ်ခုခု ရှိနေ၍သာ ဖြစ်ပေမည်။