← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) ဖူထျန်းဂိုဏ်း

ယန်ဟန်ယုက တကယ်ကို မဆိုးလှပေ။

ချန်မုကလည်း ထိုအတိုင်းပင် မှတ်ချက်ပေးခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ လင်ယွဲ့ လမ်းလွဲအောင် ဆွဲခေါ်သွားသော ထိုအကြောင်းအရာကို ဆက်မပြောလိုတော့ဘဲ တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"မင်းတို့ ဖူထျန်းဂိုဏ်းက ချီထူ နတ်ဆိုးငှက်ကို ရှာတွေ့ပြီလား..."

လင်ယွဲ့က ခေါင်းညိတ်ပြပြီး ပြန်ဖြေသည်။

"ဖမ်းမိပြီးပါပြီ... အခု ဂိုဏ်းထဲမှာ ရှိပါတယ်... အရှင်စစ်ချန်ရဲ့ တောင်းဆိုချက်အတိုင်း အရှင်ကိုယ်တိုင် လာယူဖို့ အရှင်လတ်လတ် ဖမ်းထားတာပါ..."

ချန်မုက မေးလိုက်သည်။

"ဘာတောင်းဆိုချက်တွေ ရှိသလဲ..."

လင်ယွဲ့က ပြုံးလိုက်ပြီး ပြောသည်။

"တကယ်တော့ အရှင်စစ်ချန် ကူညီပေးဖို့ လိုအပ်တဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်... ဒါပေမဲ့ အရှင်စစ်ချန်အတွက်တော့ ဒါက ကိစ္စသေးသေးလေးပါပဲ... ဂိုဏ်းကို ရောက်မှပဲ အသေးစိတ် ပြောကြတာပေါ့..."

"ကောင်းပြီလေ..."

ချန်မုက ခေါင်းညိတ်လိုက်သည်။

ချီထူ နတ်ဆိုးငှက်ရဲ့ တန်ဖိုးက အနိမ့်ကြီးလည်း မဟုတ်သလို အမြင့်ကြီးလည်း မဟုတ်လှချေ။ နတ်ဆိုးငှက် တစ်ကောင်ကို အသုံးပြုပြီး သူ့ထံမှ အကူအညီတစ်ခု တောင်းခံခြင်းက အလွန်အမင်း ခက်ခဲသော တောင်းဆိုမှုမျိုးတော့ ဖြစ်နိုင်မည် မဟုတ်ပေ။

အဓိကမှာ သူ၏ အဆင့် ၃ တာအိုဆရာ အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ဤနတ်ဆိုးငှက်က မည်မျှ အရေးကြီးသည်ကို အခြားသူများ မသိနိုင်ခြင်းကြောင့် ဖြစ်သည်။ မဟုတ်ပါက သေချာပေါက် ကြီးမားသော တောင်းဆိုမှုမျိုး ပြုလုပ်လာကြမည်မှာ သေချာလှသည်။

လင်ယွဲ့က ပြောလိုက်သည်။

"အရှင်စစ်ချန်အတွက် စီးတော်ယာဉ် ပြင်ဆင်ပေးထားပါတယ်..."

ချန်မုက အထက်သို့ တစ်ချက် မော့ကြည့်လိုက်ပြီး မေးလိုက်သည်။

"မင်းပြောတာ ကောင်းကင်မှာ ပျံနေတဲ့ ဟောဒီ ကြိုးကြာဖြူ နှစ်ကောင်ကို ပြောတာလား..."

လင်ယွဲ့က ရယ်မောလိုက်ပြီး ပြောသည်။

"အရှင်စစ်ချန်ရဲ့ မျက်စိကိုတော့ လုံးဝ ဖုံးကွယ်လို့ မရပါလား..."

ထို့နောက် သူမသည် ခန်းမအပြင်ဘက်သို့ ထွက်သွားပြီး အားကုန် အချက်ပေး လေချွန်လိုက်ရာ လေချွန်သံက တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံမှ ဧရာမ ကြိုးကြာဖြူ နှစ်ကောင်မှာ ဝဲပျံကာ ဆင်းသက်လာပြီး ခန်းမအရှေ့သို့ ကျရောက်လာသဖြင့် အနီးအနားရှိ အစောင့်များမှာ ရုတ်တရက် ထိတ်လန့်သွားကြသည်။

ဤကြိုးကြာဖြူ နှစ်ကောင်မှာ ခန္ဓာကိုယ် အလွန် ကြီးမားပြီး ရပ်နေချိန်တွင် တစ်လံ (ဆယ်ပေ) နီးပါးခန့် မြင့်မားကာ တစ်ကိုယ်လုံး ဖြူဖွေးနေပြီး ဦးခေါင်းနှင့် လည်ပင်းတို့တွင်မူ အနီရောင် အစက်အပြောက်လေးများ ပါရှိသည်။

"ရွှေလင်ကြိုးကြာ ပါလား... နှစ်ကောင်တောင် ရှိတာပဲ... တကယ်ကို ကြီးမြတ်သော ဂိုဏ်းကြီး ရှစ်ခုဆိုတော့လည်း အခြေခံ အုတ်မြစ်က ခိုင်မာတာပဲ..."

ချန်မုက အံ့အားမသင့်ဘဲ တည်ငြိမ်စွာ မှတ်ချက်ပေးလိုက်သည်။

အကယ်၍ နဂါးသွေးမြင်း ကို တန်ဖိုးကြီးသော စီးတော်ယာဉ်ဟု သတ်မှတ်ပါက ရွှေလင်ကြိုးကြာ မှာမူ အလွန်တရာ ရှားပါးလှသည်။ တာယွမ် နန်းတွင်းမှာပင် လက်ချိုးရေတွက်၍ ရလောက်အောင်သာ မွေးမြူထားနိုင်သည်။

၎င်းမှာ နတ်ဆိုးသွေးနှောသော ကြိုးကြာအမျိုးအစား ဖြစ်သော်လည်း စရိုက် နူးညံ့ပြီး ခန္ဓာကိုယ် သန်မာ ထွားကျိုင်းကာ တစ်ရက်လျှင် မိုင်သောင်းချီ ခရီးနှင်နိုင်သည်။ ယူကျိုးပြည်နယ်မှ ထွက်ခွာပါက နှစ်ရက်အတွင်း မြို့တော်သို့ ရောက်ရှိနိုင်သည်။

ထိုသို့ပြောရင်း...

ချန်မုက ပြေးဝင်လာသော အစောင့်များကို လက်ဝှေ့ယမ်း ပြလိုက်ပြီး အလန့်တကြား မဖြစ်ရန် အချက်ပြလိုက်သည်။

လင်ယွဲ့က ကြိုးကြာတစ်ကောင်၏ အနီးသို့ တိုးသွားကာ ၎င်း၏ တောင်ပံများကို ပွတ်သပ်ပေးရင်း ပြုံးကာ မေးလိုက်သည်။

"အရှင်စစ်ချန် အမြင့်ကြောက်တတ်လား မသိဘူး... အကယ်၍ ကြောက်တတ်တယ် ဆိုရင်တော့ ကျွန်မနဲ့ တစ်ကောင်တည်း အတူတူ စီးလို့ ရပါတယ်... ကျွန်မလို သာမန်မိန်းကလေးကို မရွံဘူးဆိုရင်ပေါ့..."

"သွားကြစို့..."

ချန်မုက တည်ငြိမ်သော မျက်နှာထားဖြင့် လေထဲသို့ တိုက်ရိုက် လမ်းလျှောက် တက်သွားပြီး အခြား ကြိုးကြာတစ်ကောင်၏ ကျောပေါ်သို့ ဆင်းသက်လိုက်ကာ တင်ပျဉ်ခွေ ထိုင်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

လင်ယွဲ့ကလည်း အခြား တစ်ကောင်၏ ကျောပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ပြီး ၎င်း၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားကာ အားကုန် လေချွန်လိုက်ပြန်ရာ ကြိုးကြာနှစ်ကောင်စလုံးမှာ တောင်ပံများကို ဖြန့်၍ ဝဲပျံတက်သွားကြတော့သည်။

အဖြူရောင် အလင်းတန်း နှစ်ခုအလား တိမ်တိုက်များထဲသို့ တိုးဝင်ကာ မြောက်ဘက်သို့ ဦးတည် ပျံသန်းသွားကြသည်။

...

ယူကျိုးပြည်နယ် မြောက်ပိုင်း။

မြင့်မားလှသော တောင်ထွတ်များမှာ တိမ်တိုက်များကို ဖောက်ထွက်နေပြီး တောင်ထိပ်များတွင် မြူနှင်းများ ဖုံးလွှမ်းနေသည်မှာ နတ်ဘုရားတောင်များအလား ထင်မှတ်ရသည်။

ဤနေရာမှာ ကြီးမြတ်သော ဂိုဏ်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်သော ဖူထျန်းဂိုဏ်း တည်ရှိရာ နေရာ ဖြစ်သည်။

ဂိုဏ်းဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ နိုင်ငံငယ်တစ်ခုနှင့် ပို၍ တူညီနေပြီး မြင့်မားသော တောင်ထွတ်များ၏ အပြင်ဘက်တွင် ရွာငယ်လေးများစွာကို တွေ့မြင်နိုင်ကာ လူရိပ်အချို့ လယ်ယာ စိုက်ပျိုးနေသည်ကိုလည်း မြင်တွေ့ရသည်။

မလှမ်းမကမ်း ကောင်းကင်ယံတွင် ကြိုးကြာဖြူ နှစ်ကောင်မှာ တိမ်တိုက်များကြားမှ ဖြတ်သန်း၍ ဖူထျန်းဂိုဏ်းဆီသို့ ဦးတည် လာနေကြသည်။

"ရောက်ပါပြီ..."

လင်ယွဲ့က ကြိုးကြာလည်ပင်းကို ဖက်ထားရင်း ရှေ့မှ တောင်ထွတ်များကို ညွှန်ပြကာ ပြုံးရွှင်စွာ ပြောလိုက်သည်။

"အဲဒီ တောင်တွေက ကျွန်မတို့ ဖူထျန်းဂိုဏ်း ပါပဲ... မြို့တော်လောက် မစည်ကားပေမယ့် နတ်ဘုရားတွေ နေထိုင်သလို အေးချမ်း ဆိတ်ငြိမ်မှုမှာတော့ ဒီလောကမှာ ယှဉ်နိုင်တဲ့ နေရာ မရှိသလောက်ပါပဲ..."

ချန်မုကလည်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

"တကယ်ကို ကောင်းမွန်တဲ့ နေရာပဲ..."

အကွာအဝေးမှာ အနည်းငယ် ဝေးကွာနေသေးသော်လည်း သူ၏ ဝိညာဉ်အမြင်ဖြင့် ကြည့်လိုက်ပါက တောင်ကြားများအတွင်း၌ ပြင်းထန်သော လောကဓာတ်စွမ်းအင်များ ပျံ့နှံ့နေသည်ကို မြင်တွေ့နေရသည်။ ဤလောကဓာတ်စွမ်းအင်များ၏ ပြင်းအားမှာ မြို့တော်နှင့် နှိုင်းယှဉ်ပါက လုံးဝ မလျော့နည်းချေ။

ထို့အပြင် မြို့တော်၏ ဆူညံမှုနှင့် ရှုပ်ထွေးမှုများနှင့် နှိုင်းယှဉ်ပါက ဤနေရာ၏ ကောင်းကင်နှင့် မြေကြီးမှာ ပိုမို ကြည်လင် အေးချမ်းလှသဖြင့် သာမန် လူသားတစ်ယောက်သာ ဤနေရာတွင် အမြဲတမ်း နေထိုင်မည် ဆိုပါက သေချာပေါက် အသက်ရှည်ကျန်းမာမည်မှာ မလွဲဧကန် ပင်။

ကြိုးကြာနှစ်ကောင်မှာ တောင်ကြားထဲသို့ ရောက်ရှိလာပြီး အကြိမ်အနည်းငယ် ဝဲပျံပြီးနောက် အလယ်ဗဟိုရှိ ပင်မတောင်ထွတ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ပင်မတောင်ထွတ် ပေါ်တွင် တစ်စုံတစ်ယောက်က စောင့်ကြိုနေနှင့်ပြီ ဖြစ်သည်။

၎င်းမှာ ဆံပင်နှင့် မုတ်ဆိတ်ဖြူနေသော အဘိုးအို တစ်ဦး ဖြစ်သည်။

လင်ယွဲ့က ကြိုးကြာကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး ထိုအဘိုးအိုဆီသို့ ပြေးသွားကာ ရယ်မောရင်း ပြောလိုက်သည်။

"ဆရာ... အရှင်တာအိုဆရာ ချန် ရောက်ပါပြီ..."

ထိုအဘိုးအိုမှာ လင်ယွဲ့၏ ဆရာဖြစ်သလို ဖူထျန်းဂိုဏ်း၏ အကြီးအကဲ တစ်ဦးလည်း ဖြစ်သော ရန့်ယန် ပင် ဖြစ်သည်။

သူသည် သိုင်းဆရာသခင် အဆင့်သတ်မှတ်ချက် စာရင်းတွင် အဆင့် ၄ ချိတ်ထားသူ ဖြစ်သည်။

ချန်မုက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ကြိုးကြာကျောပေါ်မှ လေထဲသို့ တစ်လှမ်းချင်း လှမ်း၍ ဆင်းသက်လာသည်။ လေထဲတွင် ရှိနေသော်လည်း ခြေလှမ်းတိုင်းမှာ မြင်သာသော လှေကားထစ်များကို နင်းနေသည့်အလား တည်ငြိမ်အေးချမ်းစွာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ရန့်ယန်က ရှေ့သို့ တိုးလာပြီး ပြောသည်။

"ဂုဏ်သရေရှိ ဧည့်သည်တော် ရောက်လာတာကို ထွက်မကြိုနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ..."

"ဆရာကြီး ရန့် အနေနဲ့ အားနာစရာ မလိုပါဘူး..."

ချန်မုက ပေါ့ပေါ့ပါးပါးပင် ပြန်လည် နှုတ်ဆက်လိုက်သည်။

ရန့်ယန်က အားနာစွာဖြင့် ပြောသည်။

"ဂိုဏ်းချုပ်ကြီးက ဂိုဏ်းမှာ မရှိတဲ့အတွက် ကျွန်တော်ပဲ အရှင်စစ်ချန်ကို ဧည့်ခံပေးရမှာ ဖြစ်ပါတယ်..."

ချန်မုက လက်ယှက်၍ မေးလိုက်သည်။

"ဂိုဏ်းချုပ်ကျိက ဝူရှန်းယွမ် မှာ ရှိနေတာလား..."

"ဟုတ်ပါတယ်..."

ရန့်ယန်က ခေါင်းညိတ်ပြသည်။

ဝူရှန်းယွမ် ဆိုသည်မှာ တာယွမ်နိုင်ငံ အနောက်ဘက်ရှိ ကောင်းကင်ချောက်ကမ်းပါးကြီး အတွင်းရှိ ထူးခြားသော နယ်မြေတစ်ခု ဖြစ်ပြီး ထိုသေမင်းတမန် နယ်မြေအတွင်းရှိ တစ်ခုတည်းသော သက်ရှိများ နေထိုင်နိုင်သော နေရာလည်း ဖြစ်သည်။ ထိုနေရာတွင် ကောင်းကင်နှင့် မြေကြီး၏ တရားဓမ္မ (တာအို) များ ပြည့်နှက်နေသဖြင့် သိုင်းပညာ အဆင့် ၂ သိုင်းဆရာသခင်ကြီးများမှာ ထိုနေရာတွင် တရားဓမ္မများကို ဆင်ခြင်ရင်း 'လူနှင့်ကောင်းကင် တစ်သားတည်း ဖြစ်ခြင်း' အဆင့်သို့ တက်လှမ်းရန် ကြိုးစားလေ့ ရှိကြသည်။

ထိုနေရာမှာ သိုင်းပညာ အဆင့် ၂ သိုင်းဆရာသခင်ကြီးတိုင်း သွားရောက်လိုကြသော နေရာလည်း ဖြစ်သည်။

တာယွမ်နိုင်ငံ တည်ထောင်ပြီးကတည်းက ပေါ်ထွက်ခဲ့သော သိုင်းသူတော်စင် ရှစ်ဦးအနက် ခုနစ်ဦးမှာ ဝူရှန်းယွမ် တွင် 'လူနှင့်ကောင်းကင် တစ်သားတည်း ဖြစ်ခြင်း' ၏ လျှို့ဝှက်ချက်များကို ဆင်ခြင်မိခဲ့ပြီး နောက်ဆုံးတွင် ထိုအဆင့်သို့ တက်လှမ်းကာ သိုင်းပညာ အဆင့် ၁ သို့ ရောက်ရှိပြီး ကမ္ဘာ့အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ချန်မု သိရှိထားသမျှမှာ ဝူရှန်းယွမ် တွင် ကန့်သတ်ချက်များ ရှိနေပြီး သိုင်းပညာ အဆင့် ၂ အားလုံးကို လက်ခံနိုင်စွမ်း မရှိချေ။ အများဆုံး ဆယ်ဦးသာ ဝင်ရောက်နိုင်ပြီး လောကရှိ အဆင့် ၂ သိုင်းဆရာသခင်ကြီးများမှာ ဆယ်ဦးထက် ကျော်လွန်နေသဖြင့် အဆင့် ၂ အချင်းချင်း စည်းကမ်းချက်များ သတ်မှတ်ကာ ဆယ်နှစ်တစ်ကြိမ် အလှည့်ကျ ဝင်ရောက်နေကြခြင်း ဖြစ်သည်။

ဖူထျန်းဂိုဏ်း၏ အဆင့် ၂ ဂိုဏ်းချုပ်ကြီး မရှိခြင်းကြောင့်လည်း ယူကျိုးပြည်နယ်၏ အခြေအနေမှာ ယခုကဲ့သို့ ရှုပ်ထွေးနေခြင်း ဖြစ်သည်။ မဟုတ်ပါက ထိုအဆင့် ၂ သိုင်းဆရာသခင်ကြီးသာ ရှိနေလျှင် ယူကျိုးပြည်နယ်မှာ များစွာ ပိုမို တည်ငြိမ်နေမည် ဖြစ်သည်။

ယခင်က ဟုန်ယွဲ့ တောင်တန်း အရေးအခင်းတွင် ထိုအဆင့် ၂ သိုင်းဆရာသခင်ကြီးသာ ရှိနေပါက သေချာပေါက် ရောက်လာမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ချန်မု မရှိခဲ့လျှင်တောင်မှ ကြီးမားသော ပြဿနာ ရှိမည် မဟုတ်ချေ။

"ဝူရှန်းယွမ်... အဲဒါက တကယ်ပဲ ဘယ်လို နေရာမျိုးလဲ မသိဘူး..."

ချန်မုသည် ဝူရှန်းယွမ် အကြောင်း သိသော်လည်း အတွင်းပိုင်း အခြေအနေကိုမူ အသေးစိတ် မသိရှိချေ။ ထို့အပြင် ထိုနေရာမှာ သိုင်းသမားများအတွက်သာမက တာအိုဆရာများအတွက်လည်း အသုံးဝင်သည်ဟု ကြားဖူးသည်။

စစ်ထျန်းထိုင်တွင် ပိုင်ကျယ်အပြင် အခြား ဌာနမှူး တစ်ဦးဖြစ်သော ဆောင်းရာသီ တာဝန်ခံ ဌာနမှူးမှာလည်း နေရာတစ်ခု ရရှိထားပြီး ယခုအခါ ဝူရှန်းယွမ် တွင် ရှိနေလောက်ပြီ ဖြစ်သည်။

"ဒီကိစ္စကိုတော့ ကျွန်တော်လည်း အရှင်စစ်ချန်ကို ရှင်းမပြနိုင်တော့ပါဘူး..."

ရန့်ယန်က ခေါင်းခါလိုက်ပြီး ပြောသည်။

"ကျွန်တော့်မှာ အတွေ့အကြုံ အနည်းငယ် ရှိပေမယ့် ဝူရှန်းယွမ်ကိုတော့ တစ်ခါမှ မရောက်ဖူးပါဘူး... အဲဒီနေရာက အရမ်း အန္တရာယ်များပြီး သိုင်းပညာ အဆင့် ၂ ရောက်မှသာ ဘေးကင်းကင်းနဲ့ ဝင်နိုင်တယ်လို့ပဲ သိထားပါတယ်..."

ခဏတာ ရပ်တန့်ပြီးနောက် သူက ပြုံးကာ ဆက်ပြောသည်။

"ဒါတွေက ကျွန်တော်တို့ လက်လှမ်းမမီနိုင်တဲ့ အရာတွေမို့လို့ သိပ်ပြီး သိထားဖို့ မလိုပါဘူး... ကျွန်တော် အရှင်စစ်ချန်အတွက် နတ်ဘုရား လက်ဖက်ရည် ပြင်ဆင်ထားပါတယ်... အရှင်စစ်ချန် အနေနဲ့ ဂုဏ်ပြုပေးပါဦး..."

ထိုသို့ပြောပြီးနောက်...

ရန့်ယန်က လက်ဟန်ဖြင့် လမ်းညွှန်ပြကာ ချန်မုကို ဖူထျန်းဂိုဏ်း၏ ဧည့်ဂေဟာသို့ ဖိတ်ခေါ်လိုက်သည်။

ဖူထျန်းဂိုဏ်းသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ချန်မုလည်း သိပ်ပြီး မလောတော့ချေ။ အကယ်၍ ချီထူ နတ်ဆိုးငှက် ကိစ္စကိုသာ အလွန်အမင်း အာရုံစိုက်နေပါက ထူးဆန်းနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်အတန်းနှင့် ယူကျိုးပြည်နယ် တစ်ခုလုံးတွင် ဤနတ်ဆိုးငှက်ကို လိုက်လံ ရှာဖွေနေခြင်းမှာ ကိုယ်တိုင်ကပင် ထူးခြားနေသောကြောင့် ဖြစ်သည်။

မကြာမီမှာပင်...

ဧည့်ဂေဟာသို့ ရောက်ရှိလာကြသည်။

ဤနေရာမှ မြင်ကွင်းမှာ အလွန် ကျယ်ပြောလှပြီး အဝေးသို့ လှမ်းကြည့်လိုက်ပါက ဖြူလွလွ မြူနှင်းများကြားတွင် ငှက်ကလေးများ ပျံသန်းနေကာ ကြိုးကြာများလည်း ဝဲပျံနေသဖြင့် နတ်ဘုရားများ နေထိုင်ရာ နေရာတစ်ခုအလား ပင်။

ချန်မုနှင့် ရန့်ယန်တို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီး ချန်မုက ပြုံးကာ ပြောလိုက်သည်။

"ဒီနေရာက စစ်ထျန်းထိုင်ထက်တောင် စစ်ထျန်းထိုင် ပိုဆန်နေသေးတယ်..."

မြို့တော် နန်းတော်၏ ဘေးတွင် တည်ရှိသော စစ်ထျန်းထိုင်မှာ ဆိတ်ငြိမ်သော်လည်း ဖူထျန်းဂိုဏ်း၏ ဤရှုခင်းများနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားလှသည်။ သိသာသည်မှာ ဤနေရာကသာ နတ်ဘုရားများ နေထိုင်ရာ နေရာနှင့် ပိုမို တူညီလှသည်။

ရန့်ယန်က အကျယ်ကြီး ရယ်မောလိုက်ပြီး ပြောသည်။

"အကယ်၍ အရှင်စစ်ချန်သာ တာယွမ်နိုင်ငံကနေ ထွက်ပြီး ကျွန်တော်တို့ ဖူထျန်းဂိုဏ်းကို လာမယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်ဂိုဏ်းလုံးက ဝမ်းသာအားရ ကြိုဆိုမှာပါ..."

"ဒါဆိုရင်တော့ ဌာနမှူး ပိုင်ကျယ်က မင်းတို့ ဂိုဏ်းတံခါးကို လာဖျက်ဆီးပါလိမ့်မယ်..."

ချန်မုက စားပွဲပေါ်မှ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။

လင်ယွဲ့က ဘေးနားတွင် လိမ္မာယဉ်ကျေးစွာ ဒူးထောက်ထိုင်နေပြီး လက်ဖက်ရည်အိုးကို မကာ ချန်မုအတွက် ထပ်မံ ငှဲ့ပေးနေသည်။

ရန့်ယန်က ပြုံးလိုက်သည်။

အကယ်၍ ချန်မုသာ စစ်ထျန်းထိုင်သို့ မဝင်ရောက်ရသေးပါက ကိစ္စမရှိသော်လည်း ယခုအခါ ချန်မုမှာ စစ်ထျန်းထိုင်၏ စစ်ချန် တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူတို့ ဖူထျန်းဂိုဏ်းမှာ ဂိုဏ်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်ပြီး တာယွမ် နန်းတွင်းကို သိပ်ပြီး မကြောက်သော်လည်း အဆင့် ၄ စစ်ချန် တစ်ဦးကို စစ်ထျန်းထိုင်မှ လုယူမည်ဆိုပါက တာယွမ်ဘက်က သေချာပေါက် လက်ခံမည် မဟုတ်ချေ။

"အရှင်စစ်ချန်... ကျွန်တော့်ရဲ့ တပည့်လေးကို ဘယ်လို မြင်သလဲ..."

ရန့်ယန်က မေးလိုက်သည်။

ချန်မုက လင်ယွဲ့ကို တစ်ချက် လှည့်ကြည့်လိုက်သည်။

လင်ယွဲ့မှာ ရှက်ရွံ့နေခြင်း မရှိဘဲ သူမ၏ တောက်ပသော မျက်လုံးလေးများဖြင့် ချန်မုကို စိုက်ကြည့်နေသည်။

ယခု ချန်မု၏ အဆင့်အတန်းအရ မိန်းမတစ်ယောက် လိုချင်တယ်ဆိုလျှင် အရိပ်အကဲလေး ပြလိုက်ရုံဖြင့် အင်အားစုအသီးသီးက အလှပန်းလေးများကို သူ၏ အိပ်ခန်းထဲအရောက် ဆက်သကြမည်မှာ အသေအချာပင်။

သို့သော် ယခုအချိန်တွင် ချန်မုမှာ ထိုကဲ့သို့သော သာမန်လောကီသား မိန်းမလှလေးများကို စိတ်ဝင်စားမှု ကင်းမဲ့နေခဲ့ပြီ။ အနည်းဆုံးတော့ လင်ယွဲ့ သို့မဟုတ် ယန်ဟန်ယုကဲ့သို့ အလှကျက်သရေနှင့် အရည်အချင်း ပြည့်စုံလှသော လောကဂုဏ်ဆောင် မိန်းမမွန်များ ဖြစ်မှသာ သူ၏ အာရုံကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။

လင်ယွဲ့သည်လည်း ထိုနည်းတူပင်။ ဖူထျန်းဂိုဏ်း၏ အမာခံတပည့်နှင့် ခေတ်တစ်ခေတ်၏ ပါရမီရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ သာမန်ယောက်ျားများမှာ သူမ၏ မျက်စိထဲ၌ အရာမဝင်ခဲ့ချေ။ အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ချန်မု၏ ကယ်တင်မှုကို ခံခဲ့ရသော်လည်း သူမ၏ စိတ်ထဲတွင် ကျေးဇူးတင်ရှိမှုသက်သက်သာ ရှိခဲ့သည်။ သို့သော် ယူရှန်ခရိုင် မြို့ပြင်တွင် ချန်မု ဝှေ့ယမ်းလိုက်သော ထိုဓားချက်ကို မြင်တွေ့လိုက်ရချိန်၌မူ သူမ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရပြီး သတိပြန်ဝင်လာချိန်တွင် ထိုဓားရိပ်မှာ သူမ၏ စိတ်နှလုံးထဲ၌ နက်ရှိုင်းစွာ စွဲထင်ရစ်နေခဲ့ပြီဖြစ်ကြောင်း သတိထားမိလိုက်တော့သည်။

"စောလွန်းပါသေးတယ်..."

"ဒီလောကရဲ့ ရှုခင်းတွေကို မင်း မြင်တွေ့ရတာ နည်းပါးပါသေးတယ်... မင်း သိုင်းဆရာသခင် ဖြစ်လာတဲ့အထိ စောင့်ကြည့်ကြတာပေါ့..."

ချန်မု၏ စကားမှာ ပေါ့ပေါ့ပါးပါးပင်။

လင်ယွဲ့ ကဲ့သို့သော ပြိုင်ဘက်ကင်း မိန်းကလေးမျိုးကို ဘေးနားတွင် ထားရှိရန်မှာ ကောင်းမွန်သော်လည်း သူ၏ အနားတွင် အမြဲတမ်း ရှိနေမည့်သူ ဖြစ်လာရန်အတွက်မူ ယခုထက် ပိုမို ထူးခြားသော အရည်အချင်းများ လိုအပ်ပါသေးသည်။ လက်ရှိ အခြေအနေမှာမူ အနည်းငယ် လိုအပ်နေပါသေးသည်။

လင်ယွဲ့က ပြုံးလိုက်ပြီး ပြောသည်။

"တကယ်တော့ စောလွန်းပါသေးတယ်..."

သူမမှာ ဖူထျန်းဂိုဏ်း၏ အမာခံတပည့် ဖြစ်သလို ဤမျိုးဆက်၏ ထူးချွန်သော အမျိုးသမီး တစ်ဦး ဖြစ်သဖြင့် သူမတွင်လည်း ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိပေသည်။ ချန်မုအပေါ် စိတ်ဝင်စားမှု ရှိနေသော်လည်း သိုင်းဆရာသခင် အဆင့်သို့ ရောက်ရှိပြီး ချန်မု၏ အဆင့်ကို မှီအောင် ကြိုးစားကာ ချန်မု၏ ဘေးတွင် တင့်တင့်တယ်တယ် ရပ်တည်နိုင်အောင် ကြိုးစားမည် ဖြစ်သည်။

ထို့အပြင် ဤသည်မှာ သူမ မလုပ်နိုင်သော ကိစ္စတစ်ခုဟုလည်း သူမ မယူဆထားချေ။

All Chapters