← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

103

"ဟမ့် ယုဝမ်ရဲ့ မျက်နှာကို ထောက်ထားလို့ ဒီတစ်ခါတော့ မင်းကို အခွင့်အရေး ပေးလိုက်မယ်"

ကျိုးဟောက်ယွီမှ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် လီယုဝမ်ကို ခေါ်ကာ ဆိုင်ထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ရှုချင်းဖုန်းမှာ လက်မလျှော့ဘဲ နောက်မှ လှမ်း၍ ရန်စစကား ဆိုပြန်၏။

"စောစောကတော့ တော်တော် မာန်တက်နေပြီးတော့ အခုကျတော့ ဘာလဲ၊ ထွက်ပြေးမလို့လား"

"ထွက်ပြေးတယ် ဟုတ်လား"

ကျိုးဟောက်ယွီ လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

"မင်းမှာ သတ္တိရှိရင် အပြင်ကို လိုက်ခဲ့လေ၊ သူများဆိုင်ထဲမှာ ပစ္စည်းတွေ ပျက်စီးကုန်ရင် မကောင်းဘူး၊ မင်းလိုပဲ ငါ့ကို အဆင့်မရှိတဲ့သူလို့ ထင်နေတာလား"

"မင်းရဲ့ လက်ရည်ကလည်း မင်းရဲ့ နှုတ်သီးလောက် ထက်မြက်ဖို့ပဲ ငါမျှော်လင့်ပါတယ်"

ရှုချင်းဖုန်း၏ လေသံမှာ အေးစက်စပြုလာ၏။ သူသည် မိမိကိုယ်မိမိ အလွန်ပင် ယုံကြည်မှု ရှိနေသည်။ ကျောင်း၏ ဘတ်စကတ်ဘော ကလပ်ဥက္ကဋ္ဌ ဖြစ်သည့်အပြင် တစ်နှစ်ပတ်လုံး အားကစား လုပ်ထားသူ ဖြစ်သဖြင့် ကိုယ်ခန္ဓာမှာလည်း ကျန်းမာကြံ့ခိုင်လှသည်။ ထို့ကြောင့် ကျိုးဟောက်ယွီကဲ့သို့ ပိန်ပိန်ပါးပါး လူမျိုးကို နှိမ်နင်းရန်မှာ သူ့အတွက် လက်ဖျားနှင့် တို့ရုံမျှသာဟု ထင်မှတ်နေခြင်းဖြစ်သည်။ သူတို့သုံးဦး ဆိုင်အပြင်ဘက်သို့ ရောက်သောအခါ လီယုဝမ်မှာ ကျိုးဟောက်ယွီအတွက် စိုးရိမ်မကင်း ဖြစ်နေဆဲပင်။

"အစ်ကိုဟောက်ယွီ၊ အဲဒီလူနဲ့ တကယ်ပဲ မချပါနဲ့တော့၊ အစ်ကို တစ်ခုခု ဖြစ်သွားရင် မကောင်းဘူး"

ကျိုးဟောက်ယွီ ပြန်မဖြေမီ ရှုချင်းဖုန်းမှ ကြားဖြတ်၍ ပြောလိုက်သည်။

"ညီမလေး၊ ယောက်ျားဆိုတာ မိန်းမတစ်ယောက်ကို ကာကွယ်ပေးနိုင်ဖို့ သန်မာရတယ်လေ၊ မင်းဘေးက ကောင်က ငါ့ရဲ့တစ်ချက်ကိုတောင် မခံနိုင်ဘူးဆိုရင် သူ့ကို မင်းက ဘာလုပ်ဖို့ ထားမှာလဲ၊ သူ့ကို ပစ်လိုက်ပြီး ငါ့နားပဲ လာလိုက်စမ်းပါ၊ ငါက သူ့ထက် အများကြီး ပိုသန်မာတယ်ဆိုတာ မင်း သိလာမှာပါ"

"ဘယ်သူက ရှင့်နားကို လာချင်မှာလဲ"

လီယုဝမ်မှ ရှုချင်းဖုန်းကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။

"အဝေးကို ထွက်သွားစမ်း၊ ရှင့်မျက်နှာကို လုံးဝ မကြည့်ချင်ဘူး"

ထိုအရာကို မြင်သော် ကျိုးဟောက်ယွီမှ ရယ်မောလိုက်ပြီး ရှုချင်းဖုန်းကို ရွဲ့ကာ ဆိုလိုက်သည်။

"မင်းရဲ့ မိန်းကလေး လိုက်ပုံက တော်တော်လေးကို အဆင့်မရှိတာပဲ၊ ဒီလိုပုံစံနဲ့ဆိုရင်တော့ မင်းတစ်သက်လုံး လူပျိုကြီးပဲ ဖြစ်နေမှာ သေချာတယ်"

"အစ်ကိုကလည်း ဘာတွေ ပြောနေတာလဲ"

လီယုဝမ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ကျိုးဟောက်ယွီ၏ ပုခုံးကို လက်သီးဆုပ်လေးဖြင့် ခပ်ဖွဖွ ထိုးလိုက်မိသည်။

"ဟဲဟဲ"

ကျိုးဟောက်ယွီမှာ သူမ၏ နီမြန်းနေသော ပါးပြင်လေးကို ကြည့်ကာ စနောက်လိုက်ပြန်သည်။

"မင်းလည်း အရွယ်ရောက်နေပြီပဲ၊ လှလည်း လှတော့ ကျောင်းမှာ လိုက်တဲ့သူတွေ အများကြီး ရှိမှာပေါ့၊ ရှက်နေစရာ ဘာရှိလို့လဲ"

"ဘယ်သူ့အလိုက်မှ မခံချင်ပါဘူး"

လီယုဝမ်မှ အလွန်အမင်း ရှက်သွေးဖြာသွားကာ ခေါင်းငုံ့ထားမိတော့သည်။ သူမ၏ ရင်ထဲတွင်မူ စကားကို ပြောမထွက်ဘဲ သိမ်းထားမိလေ၏။

'လိုက်မယ်ဆိုရင် အစ်ကိုဟောက်ယွီ တစ်ယောက်တည်းကပဲ လိုက်တာကို ခံချင်တာ'

"ဒါကို မြည်းကြည့်လိုက်စမ်း"

ကျိုးဟောက်ယွီနှင့် လီယုဝမ်တို့ ကြည်နူးနေကြသည်ကို ကြည့်ရင်း ရှုချင်းဖုန်းမှာ ဒေါသပေါက်ကွဲသွားတော့သည်။ သူ့အမြင်တွင် လီယုဝမ်သည် သူ့စိတ်ကူးထဲမှ မိန်းကလေး ဖြစ်ရာ ယခုကဲ့သို့ တခြားယောက်ျားတစ်ယောက်နှင့် ရင်းနှီးနေသည်ကို သူမည်သို့မျှ သည်းမခံနိုင်ချေ။ ထို့ကြောင့်ပင် ရှုချင်းဖုန်းသည် ကျိုးဟောက်ယွီထံသို့ အားပါသော လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။

"ငါ့ကို လာတိုက်တာကတော့ မင်း အသေခံချင်လို့ပဲ ဖြစ်ရမယ်"

ကျိုးဟောက်ယွီမှ မဲ့ပြုံးပြုံးလိုက်သည်။ လောင်ဇီ၏ မသေဆေးကို သုံးစွဲထားပြီး ဝူခုန်းဆီမှ သိန်းငှက်မျက်လုံးကို ရရှိထားပြီးနောက်ပိုင်း သူ့ယုံကြည်မှုမှာ ကောင်းကင်သို့ ထိုးတက်နေခဲ့ပြီ ဖြစ်သည်။ လူနှစ်ယောက်၊ သုံးယောက်လောက်ကိုမူ သူသည် အရေးပင် မလုပ်ချေ။ ရှုချင်းဖုန်း၏ လက်သီး လာသည်ကို မြင်သော် ကျိုးဟောက်ယွီသည် ဘေးသို့ ပါးနပ်စွာ ရှောင်တိမ်းလိုက်ပြီး ရှုချင်းဖုန်း၏ ခြေသလုံးကို အားပါပါ ကန်ချလိုက်သည်။

"အား"

ရှုချင်းဖုန်း နာကျင်စွာ အော်ဟစ်ရင်း ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။

"မဆိုးဘူးပဲ လက်ရည်ရှိသားပဲ၊ ငါ အတည်လုပ်ရတော့မယ်ထင်တယ်"

ရှုချင်းဖုန်းသည် သင်ခန်းစာ ရသွားသဖြင့် ကျိုးဟောက်ယွီကို အထင်မသေးဝံ့တော့ဘဲ အလေးအနက်ထားသော အမူအရာသို့ ပြောင်းလဲသွားသည်။

"အိုးဟိုး၊ 'အတည်လုပ်မယ်' ဆိုပြီး ဟန်ဆောင်နေတာလား"

ကျိုးဟောက်ယွီမှ လှောင်ပြောင်လိုက်သည်။

"ကောင်းပြီလေ၊ မင်း အတည်လုပ်တာ ဘယ်လောက် စွမ်းမလဲ ငါကြည့်ရတာပေါ့"

"သေပေတော့"

ရှုချင်းဖုန်းမှ ဟိန်းဟောက်လိုက်၏။ ကျိုးဟောက်ယွီ၏ မထီမဲ့မြင်ပြုမှုကို သူမည်သို့မျှ သည်းမခံနိုင်တော့ချေ။ သူသည် ရှေ့သို့ အရှိန်ဖြင့် ပြေးဝင်လာပြီး ကျိုးဟောက်ယွီ၏ နားထင်ဆီသို့ ပျံလွှားကန်ချက် တစ်ချက် ပစ်သွင်းလိုက်သည်။

"မင်းရဲ့ ကန်ချက်က နိမ့်လွန်းသေးတယ်၊ ငါ ကူညီပေးရမလား"

ကျိုးဟောက်ယွီမှ ပြုံးလိုက်သည်။ သူ့သိန်းငှက်မျက်လုံ

းကို အသုံးပြုလိုက်သည်နှင့် ရှုချင်းဖုန်း၏ လှုပ်ရှားမှုတိုင်းမှာ ကျိုးဟောက်ယွီ၏ မျက်စိရှေ့တွင် နှေးကွေးသွားတော့သည်။ ကျိုးဟောက်ယွီသည် လျင်မြန်စွာပင် လက်နှစ်ဖက်ဖြင့် ရှုချင်းဖုန်း၏ ခြေသလုံးကို ဖမ်းချုပ်လိုက်ပြီး အရှိန်ကို အသုံးချကာ အဝေးသို့ လွှဲပစ်လိုက်လေ၏။

"သွားပြီ"

ရှုချင်းဖုန်း ထိတ်လန့်တကြား အော်ဟစ်မိသည်။ သူသည် ရန်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးပြီး ဤပျံလွှားကန်ချက်မှာ သူ့လျှို့ဝှက်လက်နက်ပင် ဖြစ်သည်။ ၎င်းသည် မအောင်မြင်ဖူးသည် မရှိသလောက်ပင်။ သို့သော် ယခုမူ မည်သူမျှ ဤမျှ လွယ်လွယ်ကူကူ မချေဖျက်နိုင်ခဲ့ဖူးသော သူ၏ တိုက်ကွက်မှာ ပျက်စီးသွားခဲ့ရပြီ။ လေထဲတွင် ဟန်ချက်ပျက်သွားသော ရှုချင်းဖုန်းမှာ မြေပြင်ပေါ်သို့ အားပါပါ ကျဆင်းသွားတော့သည်။

"ဝုန်း"

ဖုန်လုံးများ ထတက်သွားပြီး ရှုချင်းဖုန်း၏ ချောမောသော မျက်နှာမှာလည်း ဖုန်များဖြင့် ဖုံးလွှမ်းသွားရသည်။

"ဒါက မင်း အတည်လုပ်ပြတာလား?"

ကျိုးဟောက်ယွီမှ ရွဲ့ကာ ပြောလိုက်သည်။

"မင်းက တကယ်ကို အားနည်းတာပဲ၊ ငါ့အတွက်တော့ မင်း အတည် လုပ်တာနဲ့ ရိုးရိုးလုပ်တာ ဘာမှ မထူးခြားဘူး၊ တစ်ချက်စာပဲ ရှိတယ်"

"အထင်မကြီးနဲ့ဦး၊ ငါ ပေါ့ဆသွားလို့ပါ၊ မင်း တကယ် စွမ်းတယ်ဆိုရင် နောက်တစ်ကွက် ခံကြည့်စမ်း"

ရှုချင်းဖုန်း မြေပြင်မှ ထလာကာ နာကျင်မှုကို အောင့်အီး၍ ကျိုးဟောက်ယွီထံသို့ တစ်ကျော့ပြန် ပြေးဝင်လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ဒေါသထွက်နေသော ကျားသစ်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ့လက်သီးများသည် ကျိုးဟောက်ယွီ၏ မျက်နှာနှင့် ရင်ဘတ်ဆီသို့ တရစပ် ဝဲပျံလာတော့၏။ ကျိုးဟောက်ယွီသည် ယခုတစ်ခါတွင် ရှောင်မနေတော့ချေ။ ရှောင်ရန် မတတ်နိုင်၍ မဟုတ်ဘဲ ပို၍ ထိရောက်သော နည်းလမ်းရှိသောကြောင့် ဖြစ်သည်။ ကျိုးဟောက်ယွီသည် ခြေထောက်ကို မြှောက်ကာ ရှုချင်းဖုန်း၏ လက်သီးနှစ်ဖက်ကြားမှ တိုးဝင်၍ ရင်ဘတ်တည့်တည့်သို့ ကန်ထည့်လိုက်လေသည်။

"ဝုန်း"

ရှုချင်းဖုန်းမှာ နောက်သို့ နှစ်မီတာ၊ သုံးမီတာခန့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြန်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျောက်ခဲတစ်လုံးသည် သူ လဲကျသော နေရာတွင် ရှိနေသဖြင့် သူ့ကျောပြင်မှာ ကျောက်ခဲနှင့် အားပါပါ ဆောင့်မိသွားတော့၏။

"အား ငါ့ကျော"

ရှုချင်းဖုန်း နာကျင်စွာ တွန့်လိမ်နေရှာသည်။ သူ့မျက်နှာမှာ နီမြန်းနေပြီး အသက်ရှူရသည်မှာလည်း အလွန်ပင် ခက်ခဲနေသဖြင့် သေချင်စော် နံနေတော့သည်။ ကျိုးဟောက်ယွီမှာ သူ့အနားသို့ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ ရှုချင်းဖုန်း၏ ပါးကို ခပ်ဖွဖွ ပုတ်လျက် လှောင်လိုက်၏။

"ယောက်ျားတစ်ယောက်အတွက် အရေးကြီးဆုံးက သန်မာဖို့ဆို၊ မင်း ညည်းညူနေတာ ကြည့်ရတာတော့ သန်မာတဲ့ပုံ မပေါက်ဘူးနော်"

"အစ်ကိုကြီးက သန်မာတယ်လို့ ကျွန်တော် ဆိုလိုတာပါဗျာ၊ အစ်ကိုကြီးနဲ့ ယှဉ်ရင် ကျွန်တော်က အကောင်ပေါက်လေး တစ်ကောင်ပါပဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မနှိပ်စက်ပါနဲ့တော့"

ရှုချင်းဖုန်းမှ ရှုံးနိမ့်မှုကို အပြည့်အဝ လက်ခံလျက် ဝန်ခံရှာသည်။ သူ့ကျောပြင်မှာ အလွန်အမင်း နာကျင်နေသဖြင့် သူသည် ပြန်၍ပင် မထနိုင်တော့ချေ။ ထို့ကြောင့် ကျိုးဟောက်ယွီအား ဆက်လက် ရန်စရန် မဝံ့တော့ဘဲ အမှားကို ဝန်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။

"မင်းကို နှိပ်စက်တယ် ဟုတ်လား"

ကျိုးဟောက်ယွီမှ ရှုချင်းဖုန်း၏ မျက်နှာကို ခြေထောက်ဖြင့် ခပ်ပြင်းပြင်း နင်းလိုက်ပြီး ဆိုလိုက်သည်။

"မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့၊ ငါ့မှာ မိနစ်တိုင်း သိန်းသောင်းချီ ရှာနေရတာ၊ မင်းကို နှိပ်စက်ဖို့ အချိန်မရှိဘူး"

"ကျွန်တော် တကယ် မှားသွားပါတယ် အစ်ကိုကြီး၊ ကျွန်တော် မျက်စိမရှိခဲ့လို့ပါ၊ အခုလည်း ကျွန်တော် အပြစ်ပေးခံရပြီးပြီပဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါဗျာ"

ရှုချင်းဖုန်းမှာ ငိုယိုကာ အသနားခံလေတော့သည်။

All Chapters