← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

104

ရှုချင်းဖုန်း၏ တစ်ခါက ချောမောခဲ့သော မျက်နှာမှာ ယခုမူ ကျိုးဟောက်ယွီ၏ ဖုန်မှုန့်ပေကျံနေသော ဖိနပ်အောက်တွင် နင်းခြေခံထားရလေပြီ။ သူ့ရင်ထဲတွင် ဒေါသအဟုန်တို့ တောက်လောင်နေသော်လည်း အခြေအနေမဟန်သဖြင့် အသက်ဘေးအတွက် အောက်ကျနောက်ကျ အသနားခံရုံမှတစ်ပါး အခြားမရှိချေ။

"မင်းကို လွှတ်ပေးရမယ် ဟုတ်လား"

ကျိုးဟောက်ယွီမှ မရိုးသားသော အပြုံးဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"အဲဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါအစက ပြောခဲ့သလိုပဲ၊ မင်း ငိုနေရင်းနဲ့ ရယ်ပြနိုင်မလားဆိုတာ ငါကြည့်ချင်တယ်၊ အဲဒါကိုသာ ငါကျေနပ်အောင် လုပ်ပြနိုင်ရင် မင်းကို လွှတ်ပေးမယ်"

"ဗျာ ငိုရင်းနဲ့ ရယ်ပြရမယ်"

ရှုချင်းဖုန်းမှာ အကျပ်ရိုက်သွားကာ ဆိုလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် အခု မငိုသေးဘူးလေ"

"မင်းက အဲဒီလိုပြောမှတော့ မင်းငိုလာအောင် ငါအရင် ရိုက်ပေးရမှာပေါ့"

ကျိုးဟောက်ယွီမှ လှောင်ပြောင်ရင်း ခြေထောက်ကို မြှောက်ကာ ရှုချင်းဖုန်းကို အားပါပါ တစ်ချက် ထပ်ကန်လိုက်သည်။

"မလုပ်ပါနဲ့ အစ်ကိုကြီး၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့တော့! ကျွန်တော် ငိုပါ့မယ်၊ အခုပဲ ငိုပါ့မယ်"

ရှုချင်းဖုန်းမှာ နာကျင်လွန်းသဖြင့် တကယ်ပင် ငိုယိုကာ အသနားခံတော့သည်။ ထိုသို့ အသနားခံနေရင်း သူ့ရင်ထဲတွင် ဝမ်းနည်းမှုတို့ အတိုင်းအဆမရှိ ဖြစ်ပေါ်လာရ၏။ တက္ကသိုလ်တုန်းက သူသည် လူရာဝင်သူ တစ်ယောက်ဖြစ်ခဲ့သော်လည်း ယခုမူ ဤမျှ အနှိပ်စက်ခံရကာ ငိုယိုနေရင်း ရယ်ပြခိုင်းသည့်အထိ အရှက်တကွဲ ဖြစ်နေရသည်မှာ တကယ်ပင် သနားစဖွယ် ကောင်းလှပေသည်။

"ငိုနေရုံနဲ့ မပြီးဘူးလေ၊ ရယ်လည်း ရယ်ဦးမှပေါ့"

ကျိုးဟောက်ယွီမှ ရှုချင်းဖုန်း၏ ပေရေနေသော ပါးကို ရိုက်လိုက်ရင်း ပြောလိုက်သည်။

"ဆိုင်ထဲမှာ မင်းပြခဲ့တဲ့ အပြုံးကို မှတ်မိလား၊ အဲဒီတုန်းက မင်းရဲ့ မာန်တက်နေတဲ့ ပုံစံမျိုးကို သေချာ ပြန်ဖော်ကြည့်စမ်း"

"ဝူး၊ ဟီးဟီး"

ရှုချင်းဖုန်းမှာ ငိုလည်းငို၊ ရယ်လည်းရယ်နှင့် ကြည့်ရသည်မှာ အရူးတစ်ယောက်နှင့် အလွန်ပင် တူနေတော့သည်။ ကျိုးဟောက်ယွီမှာ ကြည့်ရသည်မှာ စိတ်မပါတော့သဖြင့် ခေါင်းခါကာ သက်ပြင်းချလိုက်ပြီး ဆိုလိုက်တော့၏။

"မင်း ငိုနေတုန်း ရယ်လို့မရဘူးဆိုတာ သက်သေပြလိုက်တာပဲ"

"ဟုတ်ကဲ့ပါ အစ်ကိုကြီး၊ ကျွန်တော့်ကို ထပ်ပြီး အကျပ်မကိုင်ပါနဲ့တော့၊ ကျွန်တော် တစ်ကိုယ်လုံးလည်း နာကျင်နေပါပြီ၊ ဆေးရုံပဲ သွားချင်ပါတော့တယ်၊ ဆေးကုသမှု နောက်ကျသွားရင် တစ်သက်လုံး ဒုက္ခရောက်မှာ စိုးလို့ပါဗျာ"

ရှုချင်းဖုန်းမှ ရှိုက်ကြီးတငင် ပြောရှာသည်။

"ဒါဆိုရင်လည်း သွားတော့"

ကျိုးဟောက်ယွီမှ လက်ဝှေ့ယမ်းကာ လွှတ်ပေးလိုက်ပြီး လီယုဝမ်ရှိရာ ကားဆီသို့ ပြန်လျှောက်လာခဲ့သည်။

"စောစောက အစ်ကို တကယ်ကို အံ့သြဖို့ကောင်းတာပဲ"

လီယုဝမ်မှ အားကျအတုယူဖွယ် လေသံဖြင့် ချီးကျူးလိုက်သည်။

"တကယ်လား၊ အံ့သြဖို့ကောင်းတယ် ဟုတ်လား"

ထိုသို့ ချီးကျူးခံရသဖြင့် ကျိုးဟောက်ယွီမှာ ပီတိဖြစ်သွားပြီး မျက်ခုံးတစ်ဖက် ပင့်ကာ လီယုဝမ်အား စနောက်လိုက်သည်။

"တကယ်လို့ မိန်းကလေးတစ်ယောက်က အိပ်ရာပေါ်မှာသာ အခုလို ချီးကျူးမယ်ဆိုရင် ငါပိုပြီး ပျော်မိမှာပဲ"

"အိုး အစ်ကိုကတော့ တကယ်ပဲ"

လီယုဝမ်မှာ မျက်နှာလေး နီမြန်းသွားကာ ခေါင်းငုံ့သွားတော့သည်။ ကျိုးဟောက်ယွီသည် ထိုစကားကို ပြောပြီးပြီးချင်းပင် နောင်တရသွားမိ၏။ လီယုဝမ်သည် သူ့အတွက် ညီမလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသဖြင့် ထိုကဲ့သို့သော စကားမျိုး ပြောမိခြင်းမှာ မသင့်တော်လှပေ။ ထို့ကြောင့် သူ ချက်ချင်းပင် တောင်းပန်လိုက်သည်။

"ငါ အခုပြောတာ မှားသွားတယ်၊ အဲဒီလို မပြောသင့်ဘူး"

"ရပါတယ် နောက်တာပဲ၊ သမီးက နောက်ပြောင်တာကို နားမလည်တဲ့သူ မဟုတ်ပါဘူး"

လီယုဝမ်မှ စိတ်ထဲမထားကြောင်း ပြန်ပြောသည်။ ထို့နောက် ကားထဲတွင် မိနစ်အနည်းငယ်ခန့် တိတ်ဆိတ်သွား၏။ ကျိုးဟောက်ယွီသည် ထိုအေးစက်စက် အခြေအနေကို မနှစ်မြို့သဖြင့် စကားစလိုက်သည်။

"ယုဝမ်၊ တကယ်လို့ လူနှစ်ယောက် ကျောက်တွင်းထဲ ပြုတ်ကျသွားလို့ တစ်ယောက်က သေသွားရင် အဲဒါကို လူသေလို့ ခေါ်တယ်၊ အသက်ရှင်တဲ့သူကိုကျတော့ ဘာလို့ ခေါ်မလဲ သိလား"

"အသက်ရှင်တဲ့သူလို့ပဲ ခေါ်မှာပေါ့"

လီယုဝမ်မှ ဝေခွဲမရစွာ ပြန်ဖြေသည်။

"မဟုတ်ဘူး ကယ်ကြပါဦးလို့ ခေါ်တာလေ"

ကျိုးဟောက်ယွီမှ ရယ်မောရင်း မေးလိုက်သည်။

"ဘယ်လိုလဲ၊ အံ့သြသွားလား"

"တော်တော်လေး အံ့သြသွားတယ်"

လီယုဝမ်မှ ပြုံးရင်း ပြန်ဖြေသည်။ သူမသည် ထိုဟာသကို အနက်အဓိပ္ပာယ် သေချာ နားမလည်သော်လည်း ကျိုးဟောက်ယွီမှ သူမကို ရယ်စေချင်သဖြင့် ပြောနေခြင်းဖြစ်မှန်း သိသဖြင့် အတတ်နိုင်ဆုံး ရယ်ပြလိုက်ခြင်းဖြစ်ဖြစ်သည်။

"မင်းက တကယ်ကို ကြင်နာတတ်တာပဲ"

ကျိုးဟောက်ယွီမှ လီယုဝမ်ကို အလေးအနက် ကြည့်ကာ ဆိုလိုက်သည်။

"အရင်က ငါ တခြားမိန်းကလေးတွေကို ဟာသပြောရင် ဘယ်သူမှ ဂရုမစိုက်ကြဘူး၊ မင်းလို လိုက်ရယ်ပေးဖို့ ဆိုတာ ပိုတောင် ဝေးသေးတယ်"

"အဲဒါဆို ညီမရဲ့ အပြုံးက အရမ်း သိသာနေလို့လားဟင်"

လီယုဝမ် အားနာစွာ မေးရှာသည်။

"မင်းရဲ့ အပြုံးက အစစ်လား အတုလားဆိုတာက အရေးမကြီးပါဘူး၊ မင်းရဲ့ စေတနာက အစစ်အမှန်ဖြစ်ဖို့ပဲ အရေးကြီးတာပါ"

ကျိုးဟောက်ယွီမှ အေးအေးဆေးဆေး ပြန်ပြောသည်။ လီယုဝမ်သည် ထိုစကားကြောင့် အံ့သြသွားမိပြီး ဝေခွဲမရ ဖြစ်နေတော့၏။ သူသည် သူမအပေါ် တစ်ခုခုကို အရိပ်အမြွက် ပြောနေခြင်းလားဟု တွေးမိသော်လည်း ကျိုးဟောက်ယွီမှ သူမကို ညီမလေးတစ်ယောက်လိုပဲ မြင်သည်ဟု အတိအလင်း ပြောထားပြီးဖြစ်သဖြင့် ထိုအတွေးကို ပြန်ဖျောက်လိုက်ရသည်။

"ညီမတို့ ကုန်တိုက်တစ်ခုခု သွားကြည့်ကြမလား၊ အဲဒီမှာ ပန်းချီပစ္စည်းတွေ ရှိနိုင်တယ်"

လီယုဝမ်မှ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ကောင်းပြီလေ၊ ကုန်တိုက် သွားကြတာပေါ့"

ကျိုးဟောက်ယွီ သဘောတူကာ ကားကို ကုန်တိုက်ဘက်သို့ ဦးတည် မောင်းနှင်ခဲ့သည်။ သူတို့နှစ်ဦးသည် ကုန်တိုက်ထဲတွင် နာရီပေါင်းများစွာ ပတ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ပန်းချီပစ္စည်း အရောင်းဆိုင်ကို တွေ့ရှိသွားတော့၏။

"ငါ့ခြေထောက်တွေတောင် ပြုတ်ထွက်တော့မယ်၊ ဒါပေမဲ့ ဇွဲရှိလို့ တော်သေးတာပေါ့"

ကျိုးဟောက်ယွီမှ ညည်းတွားလိုက်သည်။ လီယုဝမ် ထိုစကားကို ကြားသော် ပြုံးလိုက်ပြီးဆို၏။

"ဒါက ပိုကောင်းပါတယ်၊ အစ်ကိုနဲ့အတူ ဈေးဝယ်ထွက်ဖို့ အကြောင်းပြချက် တစ်ခု ရတာပေါ့"

"ဘာအကြောင်းပြချက်မှမလိုပါဘူး"

ကျိုးဟောက်ယွီမှ လီယုဝမ်၏ ခေါင်းကို ခပ်ဖွဖွပုတ်ကာ ဆုံးမလိုက်သည်။

"ငါနဲ့ ဈေးဝယ်ထွက်ချင်ရင် အရှိအတိုင်းသာ ပြောပါ၊ အကြောင်းပြချက်တွေ ရှာပြီး အချိန်မဖြုန်းပါနဲ့၊ သိလား"

"ဟုတ်ကဲ့ သိပါပြီ"

လီယုဝမ်မှာ ကြည်နူးမှုတို့ဖြင့် ရင်ထဲတွင် ချိုမြိန်နေတော့သည်။ ပစ္စည်းများ ဝယ်ယူပြီးနောက် နေ့လယ်စာ စားချိန်နီးပြီ ဖြစ်သဖြင့် ကျိုးဟောက်ယွီသည် သူမကို ထမင်းကျွေးကာ ကျောင်းသို့ ပြန်ပို့ပေးလိုက်၏။ ကားထဲတွင် ကျန်ရစ်ခဲ့စဉ် ကျိုးဟောက်ယွီသည် လင်းချန်ချန်ထံသို့ WeChat မှတစ်ဆင့် စာပို့လိုက်သော်လည်း မိနစ်အနည်းငယ်အထိ စာပြန်မလာချေ။ ထို့ကြောင့် သူသည် အပျင်းပြေရန်အတွက် ဒီဒီ ကား ဆက်မောင်းရန် ဆုံးဖြတ်လိုက်သည်။

"တီ"

အမှာစာတစ်ခု တက်လာသည်။ ကျိုးဟောက်ယွီ ဖုန်းကို ကြည့်လိုက်ရာ မှာယူသူ၏ အမည်မှာ ဟန်ဘာ ဟု တွေ့လိုက်ရသည်။

"အဖွားလီရဲ့ အကြံကတော့ လုပ်လိုက်ပြန်ပြီ၊ အရင်တစ်ခါက ကပ်ဆိုးနတ်ဘုရား၊ အခုကျတော့ မိုးခေါင်နတ်ဆိုး တဲ့လား၊ ငါ ဒီလောက်တောင် ကံဆိုးရမှာလား"

ကျိုးဟောက်ယွီ၏ လက်များမှာ ကြောက်လန့်တကြား တုန်ယင်လာကာ ဖုန်းပင် ထိုင်ခုံအောက်သို့ ပြုတ်ကျသွားတော့သည်။ သူသည် ဖုန်းကို အသည်းအသန် ပြန်ကောက်လိုက်ပြီးနောက်တွင်လည်း ထိုအမှာစာကို လျစ်လျူမရှုဝံ့ချေ။ အကြောင်းမှာ ဤနတ်ဘုရားသည် ရှေးဟောင်းဒဏ္ဍာရီလာ မိုးခေါင်ရေရှားမှုကို ဖြစ်ပေါ်စေနိုင်သော တန်ခိုးရှင်ဖြစ်ရာ သူကဲ့သို့ သာမန် ယာဉ်မောင်းတစ်ယောက်အနေဖြင့် မည်သို့မျှ မစော်ကားဝံ့သောကြောင့်ဖြစ်သည်။

"ဒီနတ်ဘုရားကလည်း ကပ်ဆိုးနတ်ဘုရားလိုပဲ ကြင်နာတတ်ပါစေ၊ ဒေါသမကြီးပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ"

ကျိုးဟောက်ယွီသည် တိုးတိုးလေး ရေရွတ်ရင်း စိုးရိမ်စိတ်အပြည့်ဖြင့် မိုးဆိုးနတ်ဆိုး ရှိရာသို့ မောင်းနှင်ခဲ့တော့သည်။ သတ်မှတ်ထားသော နေရာသို့ ရောက်သောအခါ ကျိုးဟောက်ယွီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မိုး‌ခေါင်နတ်ဆိုးနှင့် တူသောသူကို မတွေ့ရချေ။ သူသည် ကားပေါ်မှ ဆင်းကာ သေသေချာချာ ထပ်မံ ရှာဖွေကြည့်သော်လည်း သံသယဖြစ်ဖွယ် မည်သူ့ကိုမျှ မတွေ့ရသေးပေ။ ထိုစဉ် အပြာနုရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သိမ်မွေ့သော ခြေလှမ်းများဖြင့် သူ့ထံသို့ လျှောက်လှမ်းလာကာ မေးမြန်းလိုက်လေတော့သည်။

"မင်္ဂလာပါ၊ ဒါ ကျွန်မခေါ်ထားတဲ့ ဒီဒီ ကားလားရှင်"

All Chapters