အခန်း ၁၀၅
Vol. 11 Ch. 105
105
"ဗျာ"
ကျိုးဟောက်ယွီမှာ ဆွံ့အသွားကာ ဘာပြောရမှန်းမသိဘဲ ကြောင်တောင်တောင် ရပ်နေမိတော့သည်။ သူ့ရှေ့တွင် ရပ်နေသည့် သေးသွယ်လှပပြီး ချစ်စဖွယ်ကောင်းသော အမျိုးသမီးကို ကြည့်ရင်း ကျိုးဟောက်ယွီမှာ ငေးငေးငေါငေါဖြင့်ပင် မေးလိုက်မိ၏။
"မင်းနာမည်က ဟန်ဘာ လား"
"ဟုတ်တယ်"
ထိုအမျိုးသမီးမှ ရှက်ကိုးရှက်ကန်းလေး ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဟန်ဘာ ဆိုတဲ့ နာမည်က သိပ်တော့ နားဝင်မချိုလှဘူးနော်၊ ကျွန်မ ဒီနာမည်ကို ပြောင်းချင်နေတာ ကြာပြီ၊ ဒါပေမဲ့ သင့်တော်မယ့် နာမည်သစ်ကို မစဉ်းစားမိလို့ပါ"
"ဘုရားရေ၊ မိုးခေါင်နတ်ဆိုး ဟန်ဘာက ဒီလောက်တောင် လှလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားမိဘူး"
ကျိုးဟောက်ယွီမှာ မယုံနိုင်အောင် ဖြစ်သွားရသည်။ သူသည် အံ့အားသင့်လွန်းသဖြင့် စိတ်ထဲရှိသည့်အတိုင်း လွှတ်ခနဲ ပြောမိသွားခြင်းဖြစ်၏။ သို့သော် စကားလည်း ဆုံးရော သူ ချက်ချင်းပင် နောင်တရသွားမိသည်။ သူ့ရှေ့တွင် မြင်နေရသည့် အားနွဲ့ပုံရသော အမျိုးသမီးမှာ သာမန်လူ မဟုတ်ဘဲ ဒဏ္ဍာရီလာ ရှေးဟောင်းနတ်ဘုရားမ ဟန်ဘာ ဖြစ်နေသည် မဟုတ်ပါလား။ တကယ်လို့ သူမကို ဒေါသထွက်အောင် လုပ်မိလျှင် သူမမှ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ကျိုးဟောက်ယွီကို ပြာဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။ သူ အမြန်တောင်းပန်ရန် ပြင်လိုက်စဉ်မှာပင် ဟန်ဘာမှာ လက်ကလေးဖြင့် ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်ပြီး ဆိုလာ၏။
"ကျွန်မက တကယ်ပဲ လှတယ်လို့ ထင်လို့လား၊ ကျွန်မ နတ်ဘုရားမ ဖြစ်လာကတည်းက ဘယ်သူမှ အဲဒီလို မချီးကျူးဖူးဘူး"
"ဗျာ"
ကျိုးဟောက်ယွီမှာ သူမ၏ တုံ့ပြန်မှုကြောင့် အံ့သြသွားရပြန်သည်။ သူ တစ်ကိုယ်တည်း တိုးတိုးလေး ရေရွတ်မိသည်။
'မင်းကို ဘယ်သူမှ မလှဘူးလို့ မပြောရဲတာက မင်းရဲ့ ဂုဏ်သတင်းက ကြီးလွန်းလို့ နေမှာပေါ့၊ မင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ၊ နတ်ပြည်က နတ်ဘုရားတွေတောင် မင်းကို မလေးမစား လုပ်ရဲကြမှာ မဟုတ်ဘူး'
အမှန်စင်စစ် ကျိုးဟောက်ယွီ ကိုယ်တိုင်လည်း စောစောက စိတ်နည်းနည်း လွတ်မသွားခဲ့လျှင် ဟန်ဘာ၏ ရှေ့တွင် ယခုကဲ့သို့ စကားကို ပေါ့ပေါ့ပါးပါး ပြောရဲမည် မဟုတ်ပေ။ ယခုမူ ဟန်ဘာ၏ စိတ်နေစိတ်ထားကို ရိပ်မိသွားပြီဖြစ်ရာ ကျိုးဟောက်ယွီလည်း ပို၍ ပွင့်လင်းစွာ ပြောဆိုလာနိုင်တော့၏။
"ဟန်ဘာကျဲ၊ ကျဲက တကယ်ကို လှတာပါ၊ ကျွန်တော်ပြောတာ မယုံရင် ခဏနေရင် လူစည်ကားတဲ့ နေရာတစ်ခုခုကို လိုက်ပို့ပေးပါ့မယ်၊ အဲဒီမှာရှိတဲ့ လူတွေရဲ့ တုံ့ပြန်မှုကို ကြည့်လိုက်ရင် အစ်မ ဘယ်လောက်လှလဲဆိုတာ သိပါလိမ့်မယ်"
"ဒါဆိုရင်လည်း စောင့်မနေတော့ဘူး၊ အခုပဲ သွားကြရအောင်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ လူ့ပြည်မှာ ဘာကိစ္စမှ ရှိတာမဟုတ်ဘူး၊ လျှောက်လည်နေတာပဲ"
ဟန်ဘာမှာ စိတ်ဝင်တစားရှိလှသဖြင့် ကားပေါ်သို့ပင် မတက်တော့ဘဲ ချက်ချင်းပင် လည်ပတ်ချင်နေတော့သည်။
"ရတာပေါ့"
ကျိုးဟောက်ယွီမှ ခေါင်းညိတ်ကာ ညာဘက်သို့ လက်ညှိုးညွှန်ပြပြီး ဆိုလိုက်သည်။
"ဟိုဘက်မှာ ရင်ပြင်တစ်ခု ရှိတယ်၊ အခုအချိန်ဆိုရင် လူစည်နေမှာပဲ၊ အဲဒီကို အတူတူ သွားကြည့်ကြတာပေါ့"
"ရှင်ပဲ ဦးဆောင်ပါ"
ဟန်ဘာမှ ကျိုးဟောက်ယွီကို လက်ညှိုးလေးထိုးကာ ပြောလိုက်ရာ သူမ၏ လှပသော မျက်ဝန်းများမှာ ချစ်စဖွယ် အပြုံးများနှင့်အတူ တောက်ပနေတော့သည်။
"ကောင်းပါပြီ"
ကျိုးဟောက်ယွီမှ ရှေ့မှ ဦးဆောင် လျှောက်လှမ်းခဲ့သည်။ ဟန်ဘာ သူ့ဘေးမှ ကပ်၍ လိုက်ပါလာပြီး တောထဲမှ မြို့ပေါ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုနေတော့၏။ အမှန်စင်စစ် သူမ၏ မြို့ပြဗဟုသုတမှာ တောတွင်းသားများထက်ပင် နည်းပါးပေလိမ့်မည်။ ယခုခေတ်တွင် နည်းပညာ တိုးတက်နေပြီဖြစ်ရာ တောထဲတွင် နေသူများပင် ပြင်ပလောကအကြောင်းကို နည်းမျိုးစုံဖြင့် သိနိုင်သော်လည်း နတ်ပြည်တွင် နေထိုင်သည့် ဟန်ဘာအဖို့မူ လူ့လောကနှင့် အလွန်ပင် ဝေးကွာနေခဲ့သည် မဟုတ်ပါလား။
"ကျယ်ပြောတဲ့ မိုးကုပ်စက်ဝိုင်းဟာ ငါ့ရဲ့ အချစ်ပါ"
ရင်ပြင်သို့ မရောက်မီမှာပင် ကျယ်လောင်လှသော သီချင်းသံများကို အဝေးမှ ကြားလိုက်ရသည်။
"အဲဒါ ဘာလုပ်နေကြတာလဲဟင်"
မျက်စိလျင်လှသော ဟန်ဘာသည် သက်လတ်ပိုင်း အမျိုးသမီးတစ်စု မြူးမြူးကြွကြွ ကခုန်နေကြသည်ကို မြင်သော် ချက်ချင်းပင် မေးလိုက်တော့သည်။
"အဲဒါကို ရင်ပြင်ကခုန်ခြင်း လို့ခေါ်တယ်၊ ကိုယ်လက်လှုပ်ရှား ကခုန်ကြတာပါ၊ နည်းစနစ်တွေ ဘာတွေ သိပ်မလိုပါဘူး၊ ပျော်ရွှင်ဖို့အတွက် ကကြတာ"
ကျိုးဟောက်ယွီမှ ရယ်မောရင်း ရှင်းပြလိုက်သည်။
"သွားကြည့်ကြရအောင်"
ဟန်ဘာ ထိုကခုန်မှုကို အလွန်ပင် စိတ်ဝင်စားသွားပုံရကာ ကျိုးဟောက်ယွီ၏ ရှေ့မှပင် အပြေးလေး သွားကြည့်တော့သည်။ ကျိုးဟောက်ယွီမှာ ထိုအခြင်းအရာကို ကြည့်ကာ ပြုံးမိ၏။ ရှေးဟောင်းနတ်ဘုရားမ တစ်ပါးဖြစ်သော်လည်း ဟန်ဘာ၏ အပြုအမူလေးများမှာ ကလေးမလေးတစ်ဦးကဲ့သို့ ချစ်စရာကောင်းလှသည်ဟု သူ ခံစားလိုက်ရသည်။
"စောင့်ဦးလေ"
ကျိုးဟောက်ယွီမှ လှမ်းအော်ကာ နောက်မှ အမြန် လိုက်သွားခဲ့သည်။ ကခုန်နေကြသော အမျိုးသမီးကြီးများ၏ အနောက်တွင် ရပ်နေစဉ် ဟန်ဘာမှာ တိုးတိုးလေး မေးလာ၏။
"ရှင်ပြောတော့ ဒါက ပျော်ဖို့အတွက် ကတာဆို၊ ဒါဆို ကျွန်မရော ကလို့ရမလားဟင်"
"ရတာပေါ့၊ ဒါက ပျော်ဖို့အတွက်ပဲဟာ၊ ဘယ်သူမဆို ဝင်ကလို့ရပါတယ်"
"ဒါဆို ဘေးကို နည်းနည်း ဖယ်ပေးဦး"
ဟန်ဘာ ကျိုးဟောက်ယွီ၏ လက်မောင်းကို ခပ်ဖွဖွ တို့လိုက်သည်။
"အင်း အင်း၊ ကောင်းပါပြီ"
ကျိုးဟောက်ယွီမှ နတ်ဘုရားမ၏ တန်ခိုးနှင့် မတော်တဆ ထိခိုက်မည်ကို စိုးရိမ်သဖြင့် အမြန်ပင် နောက်သို့ ဆုတ်ပေးလိုက်သည်။ ဟန်ဘာသည် ငြိမ်သက်စွာ ရပ်လိုက်ပြီး မျက်လုံးကို အရင်မှိတ်လိုက်၏။ စက္ကန့်အနည်းငယ်အကြာ သူမ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ ရွှေရောင် အလင်းတန်းနှစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်ဟုပင် ကျိုးဟောက်ယွီ ထင်မှတ်လိုက်ရသည်။ သူမသည် ရှေ့မှ အမျိုးသမီးကြီးများ၏ အကကွက်များကို ကြည့်ကာ စတင် ကခုန်တော့သည်။ ကျိုးဟောက်ယွီမှာ အစပိုင်းတွင် ဟာသတစ်ခုကြည့်ရသကဲ့သို့ ပြုံးစိစိဖြင့် ကြည့်နေခဲ့ခြင်းဖြစ်၏။ အကြောင်းမှာ မည်မျှပင် လှပသော အမျိုးသမီး ဖြစ်ပါစေ၊ ရင်ပြင်ကခုန်ခြင်းကို ကလိုက်လျှင် သူမဆွဲဆောင်မှုများ ပျောက်ကွယ်သွားတတ်သောကြောင့်ဖြစ်သည်။ သို့သော် ဟန်ဘာမှာမူ ထူးခြားလှသည်။ သူမအကကွက်များမှာ ရှေ့မှ အမျိုးသမီးကြီးများနှင့် တူနေသော်လည်း သူမကိုယ်ဟန်မှာမူ နွေဦးလေပြည်တွင် ယိမ်းနွဲ့နေသော မိုးမခပင်ပျိုကဲ့သို့ အလွန်ပင် ကျော့ရှင်းလှပနေတော့၏။
"တကယ်ကို လှပလိုက်တာ"
ကျိုးဟောက်ယွီမှာ မချီးကျူးဘဲ မနေနိုင်လောက်အောင်ပင် ငေးမောသွားရတော့သည်။ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ရင်ပြင်ရှိ လူအားလုံးမှာလည်း ဟန်ဘာ၏ အလှအပနှင့် အကအခုန်ကြားတွင် နစ်မြောကာ ရပ်ကြည့်နေကြတော့၏။ ကျား၊ မ၊ ကြီး၊ ငယ် မရွေး လူတိုင်းမှာ သူမ၏ ဆွဲဆောင်မှုအောက်တွင် မှင်တက်နေကြရ၏။ သီချင်းဆုံးသွားသောအခါ ဟန်ဘာ ဖြည်းညှင်းစွာ ရပ်လိုက်သည်။
"ဖြောင်း ဖြောင်း ဖြောင်း"
ကျိုးဟောက်ယွီမှ အားရပါးရ လက်ခုပ်တီးလိုက်သည်။ သူ့ကို အတုယူကာ ပတ်ဝန်းကျင် တစ်ခုလုံးမှလည်း ကျယ်လောင်လှသော လက်ခုပ်သံများ ဟိန်းထွက်လာတော့၏။ ဟန်ဘာမှာ ထိုအသံများကို ကြားသော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူပေါင်းများစွာ သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ရှက်သွေးဖြာကာ မျက်နှာလေး နီမြန်းသွားရသည်။ သူမသည် ကျိုးဟောက်ယွီ၏ လက်ကို ဆွဲကာ ထိုနေရာမှ အမြန် ထွက်ပြေးခဲ့တော့သည်။ ကျိုးဟောက်ယွီမှာ ဘာဖြစ်မှန်း မသိလိုက်မီမှာပင် သူ့လက်မှာ ဟန်ဘာ၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ နူးညံ့လှသော လက်အစုံ၏ အထိအတွေ့ကြောင့် ကျိုးဟောက်ယွီ၏ ရင်မှာ တစ်ချက် ခုန်သွားရ၏။ သူ စိတ်ကူးယဉ်မှုများကို ဖျောက်ဖျက်လိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။
"တွေ့လား၊ ငါ မင်းကို မလိမ်ပါဘူးဆိုတာ၊ လူတွေ အများကြီး မင်းကို လက်ခုပ်တီးပြီး အားပေးကြတာက မင်းရဲ့ အလှအပကို သက်သေပြလိုက်တာပဲပေါ့"
"သူတို့က ကျွန်မရဲ့ ကတာလေးကိုပဲ သဘောကျတာ ဖြစ်မှာပါ၊ ကျွန်မ လှလို့ ဟုတ်ချင်မှ ဟုတ်မှာပါ"
ဟန်ဘာမှ မရေမရာ ပြန်ပြောရှာသည်။ ကျိုးဟောက်ယွီမှာ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
"ဟိုမှာ ကနေတဲ့သူတွေ အများကြီးရှိတာပဲ၊ ရှေ့က အမျိုးသမီးကြီးတွေဆိုရင် မင်းထက် အများကြီး ပိုကလာခဲ့တာလေ၊ ကတာ တစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင် အခုမှ စကတဲ့ မင်းက သူတို့ကို ဘယ်လိုလုပ် ကျော်နိုင်မှာလဲ"
"အဲဒါတော့ ဟုတ်ပါရဲ့"
ဟန်ဘာမှ ရှက်ပြုံးလေး ပြုံးလိုက်သည်။ တော်တော်လှမ်းလှမ်း ရောက်သောအခါ ကျိုးဟောက်ယွီ ရပ်လိုက်ပြီး မိုးခေါင်နတ်ဆိုး ဟန်ဘာကို အလေးအနက် ကြည့်ကာ ဆိုလိုက်၏။
"ငါ့ကို ယုံစမ်းပါ၊ မင်းဟာ ဒီကောင်းကင်နဲ့ မြေကြီးကြားမှာ တကယ်ကို အလှဆုံး အမျိုးသမီးပါပဲ"