အခန်း ၁၀၆
Vol. 11 Ch. 106
106
"ရှင်လိမ်နေတာပဲ"
ဟန်ဘာ၏ နှုတ်ခမ်းထောင့်တွင် ချစ်စဖွယ် ပါးချိုင့်လေးနှစ်ဖက် ပေါ်လာသည်အထိ ပြုံးလိုက်ပြီး ချိုသာစွာ မေးလိုက်သည်။
"ရှင့်မျက်လုံးထဲမှာ ကျွန်မက ချန်အယ်ထက်တောင် ပိုလှနိုင်ပါ့မလား"
"ချန်အယ်"
ဟန်ဘာဆီမှ ထိုနာမည်ကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီက စူးစမ်းလိုစိတ်ဖြင့် ချက်ချင်းမေးလိုက်သည်။
"မင်းက ချန်အယ်နဲ့ အတော်လေး ရင်းနှီးတာလား"
"ရင်းနှီးတာပေါ့၊ ကျွန်မ လနန်းတော်ကို သွားပြီး သူမဆီ မကြာခဏ အလည်သွားတတ်တယ်၊ အခု ကျွန်မ လူ့ပြည်ကို ဆင်းလာတာတောင် သူမက ရှင့်အကြောင်း ပြောပြလို့ လာကြည့်တာ"
ဟန်ဘာမှ ရယ်မောရင်း ရှင်းပြသည်။ ထို့နောက် သူမ ထပ်မံမေးခွန်းထုတ်သည်။
"နတ်ပြည်မှာ အလှဆုံးလို့ လူတိုင်းသတ်မှတ်ထားတဲ့ ချန်အယ်ကိုတောင် မြင်ဖူးနေတာပဲ၊ ကျွန်မကိုမှ ဒီကောင်းကင်နဲ့ မြေကြီးကြားမှာ အလှဆုံးလို့ ဘယ်လိုမျက်နှာပြောင်တိုက်ပြီး လိမ်ပြောရဲတာလဲ"
"ဟမ်"
ကျိုးဟောက်ယွီ ဆွံ့အသွားသည်။ သို့သော် သူသည် ချက်ချင်းပင် အခြေအနေကို ထိန်းလိုက်ပြီး ပြန်လည်ချေပလိုက်၏။
"ဘာ၊ အငြင်းပွားဖွယ်မရှိတဲ့ နံပါတ်တစ်အလှပဂေး ဟုတ်လား၊ အဲဒီလို ဘယ်သူက သတ်မှတ်တာလဲ၊ ငါ့ဆီက ခွင့်ပြုချက်ရော တောင်းလို့လား၊ ချန်အယ်က တကယ်လှတာ မှန်ပေမဲ့ ဟန်ဘာကျဲမှာကျတော့ သူမနဲ့ မတူတဲ့ ထူးခြားတဲ့ အငွေ့အသက်ရှိတယ်၊ အစ်မရဲ့ အလှက သူမထက် ဘယ်လိုမှ မနိမ့်ပါဘူး"
"တကယ်လား"
ကျိုးဟောက်ယွီ၏ တည်ကြည်သော မျက်နှာကို ကြည့်ပြီး ဟန်ဘာမှာ အနည်းငယ် ယုံကြည်သွားပုံရသည်။
"တကယ်ပေါ့၊ ငါက ဘယ်တော့မှ မလိမ်ဘူး၊ ဥပမာ မင်းလှတယ်လို့ ငါပြောခဲ့တုန်းက မင်းကို ငါလိမ်ခဲ့လို့လား"
ကျိုးဟောက်ယွီမှ လေးနက်သော လေသံဖြင့် မေးလိုက်သည်။
"ဟင့်အင်း၊ မလိမ်ပါဘူး"
ဟန်ဘာမှ ခေါင်းညိတ်ပြပြီးနောက် သဘောကျစွာ ပြုံးလိုက်သည်။
"ဒီနေ့ ကျွန်မ အရမ်းပျော်တာပဲ၊ နောက်တစ်ခါ ရှင့်ဆီ ပြန်လာခဲ့မယ်နော်"
"ဟေး အခုပဲ ပြန်တော့မလို့လား၊ နောက်ထပ် ခဏလောက် ထပ်မနေချင်ဘူးလား"
ကျိုးဟောက်ယွီမှ နှမြောတသစွာ ပြောလိုက်သည်။
"ကျွန်မကို ချန်အယ်လောက် လှတယ်လို့ ပြောတဲ့သူ ရှိနေပြီဆိုတဲ့အကြောင်း ယုန်ဖြူလေး ကို သွားကြွားဦးမယ်၊ ဒါမှ သူမက ချန်အယ်နဲ့ နှိုင်းပြီး ကျွန်မကို အမြဲ အထင်မသေးရဲမှာ"
ဟန်ဘာမှ ကလေးလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစွာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ မင်း အဲဒီလောက်တောင် သွားချင်နေမှတော့လည်း သွားတော့လေ"
ကျိုးဟောက်ယွီမှ ရယ်မောရင်း လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။ ဟန်ဘာ ခေါင်းညိတ်ပြကာ ကိုယ်ပျောက်အတတ်ဖြင့် ထွက်ခွာရန် ပြင်လိုက်၏။ ထိုစဉ် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူမအင်္ကျီလက်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ကာ ကျိုးဟောက်ယွီအား ပေးလိုက်ပြီး ပြောလိုက်သည်။
"ရှင့်ကားစီးရင် တစ်ခုခု ပြန်ပေးရတယ်လို့ ကြားလို့ပါ၊ ရော့ ဒါလေးကို ကျွန်မရဲ့ ကျေးဇူးတုံ့ပြန်မှုအဖြစ် လက်ခံလိုက်ပါ"
"ဒါပေမဲ့ မင်းက ငါ့ကားကိုမှ မစီးရသေးတာ"
ကျိုးဟောက်ယွီ အားနာစွာ ပြောရှာသည်။
"အဲဒါ အရေးမကြီးပါဘူး၊ ဒီနေ့ ကျွန်မ ပျော်နေရရင်ပဲ လုံလောက်ပါပြီ"
ဟန်ဘာမှ ပြုံးလျက် ထိုပစ္စည်းကို ကျိုးဟောက်ယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူမ၏ ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်သွားကာ လေပွေတစ်ချက်နှင့်အတူ ပျောက်ကွယ်သွားတော့၏။ ကျိုးဟောက်ယွီမှာ သူ့လက်ထဲတွင် ကျန်ရစ်ခဲ့သော မီးတောက်ရောင် ဖန်လုံးလေးကို ကြည့်ရင်း အံ့သြနေမိသည်။
"ဒါက စားစရာလည်း မဟုတ်ဘူး၊ ဒါမှမဟုတ် လူတွေကို ပစ်ပေါက်လို့ရတဲ့ တန်ခိုးစွမ်းအင်တွေ ပါနေတာလား"
သူ စဉ်းစားသော်လည်း အဖြေမထွက်ချေ။
"ဒီနတ်ဘုရားမကတော့ လုပ်ပြီ၊ သေသေချာချာလေး ရှင်းပြသွားရင် ပိုကောင်းတာပေါ့"
ရေရွတ်ရင်း ထိုဖန်လုံးလေးကို သိမ်းကာ ကားဆီသို့ ပြန်လာခဲ့သည်။ ကားထဲတွင် ထိုင်နေရင်း လင်းချန်ချန်ဆီမှ စာပြန်မလာသေးသည်ကို ဖုန်းထုတ်ကြည့်ရန် ပြင်စဉ်မှာပင် သူ့လည်ပင်းသို့ အေးစက်စက် အထိအတွေ့တစ်ခု ရောက်လာ၏။ ဓားတစ်ချောင်းသည် သူ့လည်ပင်းကို အသင့် ထောက်ထားပြီးသား ဖြစ်နေသည်။ နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်လိုက်ရာ အနောက်ခန်းတွင် အမည်းဝတ်စုံဝတ် အမျိုးသားတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ကျိုးဟောက်ယွီမှာ ထိတ်လန့်သွားတော့သည်။
"အစ်ကိုကြီး၊ အေးအေးဆေးဆေး စကားပြောကြရအောင်ပါ၊ တစ်ခုခု မှားနေတာ ဖြစ်ပါလိမ့်မယ်၊ ကျွန်တော်က လူကြီးကို ရိုသေ၊ လူငယ်ကို ချစ်ခင်ပြီး ပန်းခြံထဲက သစ်ပင်ပန်းမန်တွေကိုတောင် ဂရုစိုက်တတ်တဲ့သူပါ၊ အစ်ကိုကြီးကို စော်ကားမိတာမျိုး လုံးဝမရှိပါဘူး"
ကျိုးဟောက်ယွီမှ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
"စကားများမနေနဲ့ ဘာမှ မမှားဘူး၊ ငါရှာနေတာ ကျိုးဟောက်ယွီ ဆိုတဲ့ မင်းပဲ"
ကျန်းဟုန်ဖာမှ အေးစက်သော လေသံဖြင့် ဆိုသည်။
"ဒါဆိုရင်တော့ အစ်ကိုကြီး တကယ် မှားသွားပြီ၊ ကျွန်တော်က ကျိုးဟောက်ယွီ မဟုတ်ပါဘူး၊ ကျွန်တော့်နာမည်က ကျောက်ထျန်းပါး ပါ၊ ကျိုးဟောက်ယွီရဲ့ ဝမ်းကွဲညီပါ၊ သူက ဒီနေ့ နေမကောင်းလို့ အိမ်မှာ နားနေတာမို့ ကျွန်တော်က သူ့ကိုယ်စား ကားထွက်မောင်းပေးနေတာပါ"
ကျိုးဟောက်ယွီသည် အပီအပြင် လိမ်ညာနေသော်လည်း သူ့မျက်နှာပေးမှာမူ အလွန်ပင် ရိုးသားပုံပေါက်နေသည်။
"မင်း ငါ့ကို အရူးလုပ်နေတာလား"
ကျန်းဟုန်ဖာမှ ဟိန်းဟောက်လိုက်ပြီး ကျိုးဟောက်ယွီ၏ ခေါင်းကို အားပါပါ တစ်ချက် ထိုးလိုက်သည်။
"တောက်"
ကျိုးဟောက်ယွီမှာ ခေါင်းထဲ မူးနောက်သွားကာ ဆဲဆိုမိတော့သည်။
"ငြိမ်ငြိမ်နေ မလှုပ်နဲ့၊ မဟုတ်ရင် မင်းလည်ပင်းကို အခုပဲ လှီးပစ်လိုက်မယ်"
"ကဲ ဘာလုပ်ချင်လဲသာ ပြောပါ၊ ကျွန်တော်"
ကျိုးဟောက်ယွီ စကားမဆုံးသေးမီမှာပင် သူ့လက်မောင်းအထက်ပိုင်းတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ လည်ပင်းတွင် ဓားထောက်ထားသဖြင့် လှည့်ကြည့်၍ မရသော်လည်း မှန်ထဲမှတစ်ဆင့် သူ့လက်မောင်းတွင် ဆေးထိုးအပ်တစ်ခု စိုက်ဝင်နေသည်ကို တွေ့လိုက်ရ၏။
"မင်းက ငါ့ကျောက်ကပ်ကို ထုတ်ချင်နေတဲ့ ကောင်တွေနဲ့ ပေါင်းနေတာလား"
ကျိုးဟောက်ယွီသည် စကားပင် မဆုံးလိုက်ဘဲ အိပ်ငိုက်မှုလှိုင်းလုံးကြီးမှာ သူ့ကို လွှမ်းမိုးသွားရာ မျက်လုံးများ ပိတ်ကျသွားကာ အိပ်ပျော်သွားတော့သည်။ သူ ပြန်နိုးလာသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး ပိတ်လှောင်ထားသည့် အခန်းငယ်တစ်ခုထဲ ရောက်နေသည်ကို တွေ့ရ၏။ အခန်းမှာ ဗလာကျင်းနေပြီး ပြတင်းပေါက်မရှိ၊ သံတံခါးတစ်ချက်သာ ရှိသည်။
"မင်းက ဘာလို့ ငါ့ကိုပဲ အမြဲ ပစ်မှတ်ထားနေရတာလဲ"
ကျိုးဟောက်ယွီမှ ထရပ်ကာ ဆဲဆိုလိုက်ပြီး သံတံခါးကို အားပါပါ ကန်လိုက်သည်။ ကမ္ဘာပေါ်မှာ လူတိုင်းမှာ ကျောက်ကပ် ရှိနေတာပဲကို သူတစ်ယောက်တည်းကိုပဲ ဘာလို့ လိုက်ဒုက္ခပေးနေမှန်း သူ စဉ်းစားမရချေ။
"ဘာတွေ အော်နေတာလဲ၊ အားအင်တွေ သိပ်ရှိနေရင် နောက်ထပ် ခဏလောက် ထပ်အိပ်လိုက်ဦးပေါ့"
အပြင်ဘက်မှ ကျန်းဟုန်ဖာ၏ အသံ ထွက်ပေါ်လာသည်။ ထိုစကားကို ကြားသော် ကျိုးဟောက်ယွီမှ ဝမ်းသာသွား၏။ သူ့ခြေလက်များကို မချည်နှောင်ရသေးသဖြင့် အပြင်လူ ဝင်လာသည်နှင့် အသေအလဲ ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူသည် တံခါးနောက်တွင် ပုန်းအောင်းကာ တံခါးပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။ သို့သော် အတော်ကြာသည်အထိ တံခါးမှာ မြဲမြံစွာ ပိတ်ထားဆဲ ဖြစ်သည်။
'ဘာဖြစ်နေတာလဲ'
ကျိုးဟောက်ယွီ တွေးနေစဉ်မှာပင် သူ့ဦးခေါင်းမှာ ပြန်လည် မူးနောက်လာပြန်သည်။ သေသေချာချာ ကြည့်လိုက်ရာ အခန်းထဲတွင် ဝါကျင့်ကျင့် မီးခိုးငွေ့များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် သူ ထိတ်လန့်သွား၏။
"မင်းတို့က ငါ့ကို အရင်တစ်ခါက လွတ်သွားလို့ အခု ဒီလောက်တောင် ဂရုစိုက်နေတာလား၊ ငါ့ကို မျက်နှာတောင် အပြမခံဘူးလား၊ ငါ ဘယ်လို ထမင်းစားရမလဲ၊ ငါ့ကို အငတ်ထား သတ်မလို့လား"
ကျိုးဟောက်ယွီမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းရဲ့ အားအင်တွေကို ကြည့်ရတာ ဗိုက်ဆာပုံ မရသေးပါဘူး၊ နိုးလာမှ ထမင်းအကြောင်း ပြောကြတာပေါ့"
ကျန်းဟုန်ဖာမှ ရယ်မောရင်း ပြန်ပြောလိုက်သည်။ ကျိုးဟောက်ယွီမှာ ခေါင်းထဲတွင် ပို၍ လေးလံလာပြီး မျက်လုံးများကို အတင်းဖြဲထားသော်လည်း မရတော့ဘဲ ပြန်လည် မှေးစက်သွားရပြန်တော့၏။