← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

107

သူ သတိလစ်တော့မည့် ဆဲဆဲမှာပင် ရင်ဘတ်ဆီမှ ရုတ်တရက် နီရဲသော အလင်းတန်းတစ်ခု ဝင်းခနဲ ထွက်ပေါ်လာသည်။ အခန်းထဲရှိ ဝါကျင့်ကျင့် မီးခိုးငွေ့အားလုံးသည် ထိုအလင်းနှင့် ထိတွေ့သည်နှင့် နေရောင်အောက်မှ နှင်းခဲများကဲ့သို့ ချက်ချင်းပင် အရည်ပျော် ပျောက်ကွယ်သွားတော့သည်။ နှစ်စက္ကန့်၊ သုံးစက္ကန့်အတွင်းမှာပင် အခန်းထဲရှိ မေ့ဆေးငွေ့များ လုံးဝ စင်ကြယ်သွား၏။ ဤအဖြစ်အပျက်ကြောင့် ကျိုးဟောက်ယွီမှာ အံ့အားသင့်သွားပြီး ရင်ဘတ်ရှိ အလင်းကို ကြည့်ကာ တစ်စုံတစ်ခုကို ချက်ချင်း သတိရလိုက်သည်။

"ဟန်ဘာကျဲ ပေးခဲ့တဲ့ ဒီဖန်လုံးလေးက ဒီလောက်တောင် အသုံးဝင်လိမ့်မယ်လို့ မထင်ထားဘူး"

ကျိုးဟောက်ယွီမှ အင်္ကျီအိတ်ထဲမှ ဖန်လုံးလေးကို ထုတ်ကြည့်ရင်း ငေးမောကာ ရေရွတ်လိုက်သည်။ မေ့ဆေးငွေ့များ ပျောက်သွားသည်နှင့် သူ့အသိစိတ်များလည်း တဖြည်းဖြည်း ပြန်လည် ကြည်လင်လာ၏။ သို့သော် သူသည် အော်ဟစ်ခြင်း မပြုဘဲ ကြမ်းပြင်ပေါ်တွင် ဆက်လဲနေရင်း ဆေးမိနေဆဲပုံစံ ဖမ်းနေလိုက်သည်။ ၈နာရီ၊ ၉နာရီခန့် ကြာအောင် အိပ်မောကျချင်ဟန် ဆောင်ပြီးနောက် သူသက်ပြင်းချကာ အော်ပြောလိုက်သည်။

"အပြင်မှာ တစ်ယောက်ယောက် ရှိလား၊ ငါ ဗိုက်ဆာနေပြီ! စားစရာ တစ်ခုခု ပေးဦးလေ၊ မင်းတို့ကို ပြောထားမယ်၊ လူသေရဲ့ ကျောက်ကပ်က ဘာမှ တန်ဖိုးမရှိဘူးနော်"

"ခဏစောင့်"

အပြင်မှ အေးစက်သော အသံတစ်ခု ပြန်ကြားရသည်။ မိနစ်အနည်းငယ်အကြာတွင် သံတံခါးအောက်ခြေရှိ ဘောလုံးအရွယ်အစားခန့် အပေါက်လေး ပွင့်လာပြီး ရိုးရှင်းသော ထမင်းဘူးတစ်ဘူးကို ကမ်းပေးလာ၏။

"မင်းတို့က ဒီလောက်တောင် သတိထားနေရလား"

ကျိုးဟောက်ယွီမှ ဆဲဆိုလိုက်သည်။ သူသည် အပြင်ကလူ တံခါးဖွင့်ဝင်လာမည့်အချိန်ကို စောင့်ကာ အလစ်အငိုက် တိုက်ခိုက်ပြီး ထွက်ပြေးရန် ကြံစည်ထားသော်လည်း တစ်ဖက်လူမှ အပေါက်လေးထဲမှသာ အစာသွင်းပေးသဖြင့် အစီအစဉ် ပျက်သွားရ၏။

"ဟင်း"

ကျန်းဟုန်ဖာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"မင်းက ငါတို့ကို အမြဲတမ်း အံ့သြစရာတွေ ပေးတတ်တာလေ၊ မင်းလိုလူမျိုးကို ကိုင်တွယ်တဲ့အခါ မပေါ့ဆသင့်ဘူးဆိုတာ ငါတို့ သိတာပေါ့"

"ဒါဆို အပေါ့အပါး သွားချင်ရင်ရော ဘယ်လိုလုပ်ရမလဲ၊ လူတိုင်းကတော့ သွားရမှာပဲလေ၊ အောင့်ထားလို့ မရဘူး"

ကျိုးဟောက်ယွီမှ ဒေါသတကြီး မေးလိုက်သည်။

"အခန်းထောင့်မှာပဲ အဆင်ပြေအောင် ဖြေရှင်းလိုက်ပေါ့"

ကျန်းဟုန်ဖာမှ ရယ်မောရင်း ပြန်ပြောသည်။ ကျိုးဟောက်ယွီ မျက်မှောင်ကြုတ်သွားပြီး‌ အေးစက်စက် လေသံဖြင့် ပြန်ပက်လိုက်၏။

"မင်းတို့က အရူးတွေလား၊ စားတာ သောက်တာ အပေါ့အပါး သွားတာနဲ့ အိပ်တာကို ဒီအခန်းထဲမှာပဲ အတူတူ လုပ်ခိုင်းနေတာလား၊ ထောင်သားတွေကိုတောင် အခုလို မဆက်ဆံဘူး၊ မင်းတို့ လူ့အခွင့်အရေးဆိုတာ နားမလည်ဘူးလား"

"လူ့အခွင့်အရေး ဟုတ်လား"

ကျန်းဟုန်ဖာမှ လှောင်ပြောင်သည်။

"မင်းက ပြန်ပေးဆွဲခံထားရတာလေ၊ အားလပ်ရက် အပန်းဖြေလာတာ မဟုတ်ဘူးဆိုတာ သတိရဦး၊ ငါက မင်းကို မရိုက်ဘဲ ထားတာတောင် ကျေးဇူးတင်သင့်နေပြီ"

"တောက်၊ အသုံးမကျတဲ့ကောင်တွေ"

ကျိုးဟောက်ယွီမှာ ဒေါသထွက်လွန်းသဖြင့် ထမင်းပင် ဆက်မစားချင်တော့ပေ။ တစ်နေရာတည်းမှာ အရာအားလုံး လုပ်ရမည်ဟု တွေးမိသည်နှင့် ကြက်သီးများပင် ထသွားရ၏။

"မရဘူး၊ ငါ လွတ်အောင် ပြေးမှဖြစ်မယ်၊ ဒီလို လူမဆန်တဲ့ နှိပ်စက်မှုကို ငါ ဆက်မခံနိုင်ဘူး"

သူ ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ထမင်းကို အားရပါးရ စားတော့၏။ စားချင်စိတ် မရှိသော်လည်း အားရှိမှ ထွက်ပြေးနိုင်မည် မဟုတ်ပါလား။

"စားပြီးရင်လည်း ပြန်အိပ်လိုက်ဦး၊ ထွက်ပြေးဖို့ မစဉ်းစားနဲ့၊ မင်းမှာ အခွင့်အရေး မရှိဘူး"

ကျန်းဟုန်ဖာမှ အပြင်မှ လှမ်းအော်ပြီး မေ့ဆေးငွေ့ ခလုတ်ကို ထပ်မံ နှိပ်လိုက်သည်။ ကျိုးဟောက်ယွီ မဲ့ပြုံးပြုံးလိုက်ပြီး ဖန်လုံးလေးကို ထုတ်လိုက်ရာ မေ့ဆေးငွေ့များ ထွက်လာသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားတော့၏။ ယခုအခါ မေ့ဆေးငွေ့မှာ သူ့ကို ဘာမှ မလုပ်နိုင်တော့သဖြင့် သူ ကျော်လွှားရမည့် တစ်ခုတည်းသော အတားအဆီးမှာ သံတံခါးသာ ဖြစ်သည်။ သူသည် သံတံခါးဘေးတွင် ရပ်ကာ နည်းလမ်းမျိုးစုံ စဉ်းစားနေခဲ့သည်။ တစ်နာရီခန့် ကြာသော်လည်း အဖြေမထွက်ချေ။ ဤတံခါးမှာ သစ်သားတံခါး မဟုတ်သဖြင့် ကန်ဖွင့်၍လည်း မရနိုင်ပေ။

"ဘယ်လိုလုပ်ရမလဲ"

ကျိုးဟောက်ယွီ စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ဆံပင်များကို ထိုးဖွလိုက်သည်။

"ဒီဖန်လုံးရဲ့ စွမ်းအားကို စမ်းကြည့်မှပဲ"

ဆုံးဖြတ်ကာ ဟန်ဘာပေးခဲ့သော ဖန်လုံးလေးကို သံတံခါးဆီသို့ အားကုန် ပစ်ပေါက်လိုက်သည်။

"ဂျောက်"

ဖန်လုံးမှာ သံတံခါးကို ထိမှန်ကာ အသံအနည်းငယ် ထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားသည်။ သံတံခါးမှာမူ ဘာမှ မဖြစ်ချေ။

"ကြည့်ရတာ ဒီဖန်လုံးက ဒီလို သုံးရတာ မဟုတ်ဘူး ထင်တယ်"

ကျိုးဟောက်ယွီ သက်ပြင်းချလိုက်မိသည်။ သို့သော် ဖန်လုံးလေး မကွဲသွားသဖြင့် သူ စိတ်အေးသွားရ၏။

"ဟန်ဘာပေးတဲ့ ပစ္စည်းဆိုတော့ မီးခိုးငွေ့ ဖျောက်တာထက် ပိုတဲ့ စွမ်းအား ရှိမှာပဲ၊ ဒါကို ဘယ်လို သုံးရမလဲ"

ထိုစဉ် အပြင်ဘက်မှ ကျန်းဟုန်ဖာက အာမေဍိတ်သံ ထွက်လာပြီး အော်လိုက်သည်။

"ဘာသံလဲ၊ မင်း အထဲမှာ ဘာလုပ်နေတာလဲ၊ ငြိမ်ငြိမ်နေစမ်း"

ထို့နောက် သူတစ်ကိုယ်တည်း ဝေခွဲမရစွာ ရေရွတ်လိုက်သည်။

"ထူးဆန်းလိုက်တာ၊ မေ့ဆေးငွေ့လွှတ်ထားတာ တစ်နာရီ ရှိပြီပဲ၊ အထဲကကောင်က သတိရနေစရာ အကြောင်းမရှိဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီမှာ အခွင့်အရေးဟု ယူဆကာ ဖန်လုံးလေးဖြင့် သံတံခါးကို ထပ်မံ ခေါက်လိုက်သည်။

"ဒေါက်"

အသံကြောင့် အပြင်မှ ကျန်းဟုန်ဖာမှာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ သူသည် တံခါးဖွင့်ကြည့်ရန် လက်ကိုင်ကို ကိုင်လိုက်သော်လည်း တွေဝေသွား၏။

"မေ့ဆေးငွေ့ ထပ်လွှတ်လိုက်တာ ပိုစိတ်ချရမယ်၊ အဲဒီကောင်ရဲ့ လှည့်ကွက်ထဲ မကျစေရဘူး"

ကျန်းဟုန်ဖာမှ သတိကြီးစွာဖြင့် မေ့ဆေးငွေ့ကို ထပ်မံ လွှတ်လိုက်သည်။ ၃မိနစ်ခန့် စောင့်ပြီးနောက်မှ သူသည် တံခါးကို ဖွင့်ကာ စစ်ဆေးရန် ပြင်တော့၏။ သို့သော် ကျန်းဟုန်ဖာ တံခါးဖွင့်လိုက်သည်နှင့် ကျိုးဟောက်ယွီမှာ သူ့ဆံပင်ကို ဆောင့်ဆွဲကာ ခေါင်းကို နံရံနှင့် အားကုန် ဆောင့်ပစ်လိုက်သည်။

"ဘုန်း"

ကျန်းဟုန်ဖာမှာ ခေါင်းထဲမူးဝေသွားသော်လည်း ဇွဲမလျှော့ဘဲ နောက်ပြန် တံတောင်နှင့် တွက်လိုက်သဖြင့် ကျိုးဟောက်ယွီမှာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်ပေးလိုက်ရသည်။

"မင်း မင်းက ဘယ်လိုလုပ် မေ့ဆေးငွေ့တွေကြားထဲမှာ ဘာမှမဖြစ်ဘဲ နေနိုင်တာလဲ"

ကျန်းဟုန်ဖာမှာ လုံးဝ အံ့သြသွားတော့သည်။ ကျိုးဟောက်ယွီမှာမူ ပြန်မဖြေဘဲ ခပ်နောက်နောက်ပင် ဆိုလိုက်၏။

"ငါက ဓားမတိုး၊ လှံမတိုး၊ အဆိပ်ပေါင်း တစ်ထောင်ကိုလည်း ခံနိုင်ရည်ရှိတဲ့သူ‌လေ၊ ဒါတွေကို မင်းကို အစီရင်ခံစရာ လိုလို့လား"

"ဓားမတိုးဘူး ဟုတ်လား၊ မင်းသာ တကယ် ဓားမတိုးရင် အရင်တစ်ခါက ငါ့ဓားမြောင်အောက်မှာ ဘာလို့ အရှုံးပေးခဲ့တာလဲ"

ကျန်းဟုန်ဖာမှ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။

All Chapters