အခန်း ၁၀၈
Vol. 11 Ch. 108
108
"မင်းနဲ့ ဘာဆိုင်လို့လဲ"
ကျိုးဟောက်ယွီ တွေဝေမနေဘဲ ပြန်ပက်လိုက်သည်။
"မင်းက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့၊ အဲဒီအတွက် နောင်တရစေရမယ်"
ပြောပြောဆိုဆိုနှင့်ပင် သူသည် ကျန်းဟုန်ဖာ၏ ဘယ်ဘက်နားထင်ကို အားကုန်လွှဲထိုးလိုက်သည်။ ကျန်းဟုန်ဖာမှာ နောက်သို့ ယိုင်သွားပြီး ပြန်အထတွင် ကျိုးဟောက်ယွီမှ သူ့ကို အခန်းထဲတွန်းပို့ကာ အပြင်မှ တံခါးကို ဘုန်းခနဲ မြည်အောင် ပိတ်လိုက်သည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားတော့၏။
"ခွေးမသား၊ ငါ့ကို အခုချက်ချင်း ပြန်လွှတ်ပေးစမ်း"
ကျန်းဟုန်ဖာမှာ ဒေါသတကြီး အော်ဟစ်တော့သည်။ ကျိုးဟောက်ယွီမှ ရယ်မောရင်း ပြောလိုက်၏။
"မင်းက ငါ့ကို ပိတ်လှောင်ထားခဲ့တာဆိုတော့ အခု မင်းအလှည့်ပေါ့၊ မေ့ဆေးငွေ့အရသာကို မင်းလည်း မြည်းစမ်းကြည့်ဦးလေ"
နံရံရှိ ခလုတ်ကို ကျိုးဟောက်ယွီ အလွယ်တကူ ရှာတွေ့သွားပြီး ဖွင့်လိုက်ရာ အထဲမှ ကျန်းဟုန်ဖာ၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသဖြင့် သူနေရာမှန်သွားမှန်း သိလိုက်သည်။
"ညီလေး၊ အစ်ကို့ကို မထားခဲ့ပါနဲ့ဦး၊ အဲဒီခလုတ်ကို ၃မိနစ်လောက်နေရင် ပြန်ပိတ်ပေးပါဦး၊ မဟုတ်ရင် ဒီဆေးငွေ့ကို အကြာကြီး ရှူမိရင် သေနိုင်လို့ပါ"
ကျန်းဟုန်ဖာမှ အသည်းအသန် အသနားခံလာသည်။
"အဲဒါ ငါနဲ့မဆိုင်တော့ဘူး"
ကျိုးဟောက်ယွီ လှောင်ရယ်လိုက်သည်။
"ငါ အနိုင်နိုင် လွတ်အောင် ပြေးလာရတာလေ၊ ထွက်မပြေးဘဲ ဒီမှာ ၃မိနစ်လောက် ထိုင်စောင့်နေရအောင် ငါက အရူးမှတ်နေလား"
ကျန်းဟုန်ဖာမှာ လုံးဝ မျှော်လင့်ချက် ကုန်သွားတော့သည်။ ကျိုးဟောက်ယွီ၏ ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသည်ကို နားထောင်ရင်း သူ ငိုယိုအော်ဟစ်နေရှာ၏။
"ညီလေး ကျေးဇူးပြုပြီး မသွားပါနဲ့ဦး၊ မင်းသွားလိုက်ရင် ငါတော့ သေမှာပဲ"
"မင်းလို လူယုတ်မာမျိုးက သေသွားတာပဲ ကောင်းပါတယ်၊ ဘာမှ နှမြောစရာ မရှိဘူး"
ကျိုးဟောက်ယွီမှ အေးအေးဆေးဆေးပင် ပြောကာ ဆက်လျှောက်သွားတော့သည်။ သူစိတ်နှလုံး ရက်စက်လွန်း၍ မဟုတ်ဘဲ၊ နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲရဲသည့် ထိုလူမှာ တကယ့်ကို ယုတ်မာလွန်းသောကြောင့်ဖြစ်၏။
"ဒီလိုလူ သေသွားမှ တခြား အပြစ်မဲ့တဲ့လူတွေ ဘေးကင်းမှာ၊ ဒါက ကောင်းတဲ့ကိစ္စပဲ"
သူ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ အပြင်သို့ ရောက်သောအခါ သူသည် စွန့်ပစ်ထားသော ဂိုဒေါင်တစ်ခုထဲ ရောက်နေမှန်း သိလိုက်ရ၏။ ပတ်ဝန်းကျင်မှာ ခြောက်ကပ်နေသဖြင့် လူသူဝေးသော နေရာဖြစ်မှန်း သိသာလှသည်။ ကံကောင်းသည်မှာ သူ့ကားမှာ အပြင်တွင် ရှိနေပြီး သော့မှာလည်း ကားထဲမှာပင် ရှိနေခြင်းဖြစ်သည်။ သူ ကားပေါ်တက်ကာ လမ်းညွှန်မြေပုံ ဖွင့်ပြီး မောင်းထွက်ခဲ့တော့၏။ လမ်းခုလတ်တွင် သူ့ဖုန်း မြည်လာသည်။ ကိုင်လိုက်ရာ ဝေ့ရှီယု၏ မောက်မာသော အသံ ထွက်ပေါ်လာသည်။
"ငါ နင့်ကို ဖုန်းတွေ အများကြီး ခေါ်တယ်၊ ဘာလို့ မကိုင်တာလဲ"
ကျိုးဟောက်ယွီမှာ ဘေးဒုက္ခမှ အနိုင်နိုင် လွတ်လာကာစဖြစ်၍ စိတ်မကြည်ဖြစ်နေစဉ် ဝေ့ရှီယု၏ အမိန့်ပေးသံကို ကြားလိုက်ရသဖြင့် ဒေါသထွက်သွားသည်။
"ငါ ကိုင်ချင်ရင် ကိုင်မယ်၊ မကိုင်ချင်ရင် မကိုင်ဘူး၊ အဲဒါ မင်းက ငါ့ကို အမိန့်ပေးရမယ့် ကိစ္စလား"
ပြန်အော်ကာ ဖုန်းချလိုက်တော့သည်။ သို့သော် မကြာမီမှာပင် ဖုန်းထပ်မြည်လာပြန်၏။ ယခုတစ်ခါတွင်မူ သူအမည်ကိုပင် မကြည့်တော့ဘဲ ဖုန်းကို ကိုင်ကာ အော်ဟစ်လိုက်သည်။
"ငါ အခုစိတ်တိုနေတယ် သွားစမ်း၊ ငါ့ကို လာမနှောင့်ယှက်နဲ့"
"ဟင်"
ဖုန်းတစ်ဖက်မှ လီယုဝမ်မှာ ကြောင်သွားကာ မေးလိုက်သည်။
"အစ်ကိုဟောက်ယွီ၊ ဘာဖြစ်လို့လဲဟင်"
"အာ ယုဝမ်လား ဆောရီးပဲ၊ အစ်ကို လူမှားသွားလို့ပါ၊ ဘာကိစ္စရှိလို့လဲ"
ကျိုးဟောက်ယွီ လေသံကို ချက်ချင်း ပြန်လျှော့လိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ အစ်ကို့ဆီ ဖုန်းခေါ်လို့မရလို့ အရမ်း စိတ်ပူသွားလို့ပါ၊ အိမ်မှာ သွားရှာတာလည်း မတွေ့လို့"
လီယုဝမ် ဘာဆက်ပြောရမှန်း မသိဖြစ်နေရှာသည်။ ကျိုးဟောက်ယွီမှာ ထိုစကားကို ကြားသော် အလွန်ပင် ကြည်နူးသွားရ၏။ သူ ညီမလေးတစ်ယောက် မွေးစားခဲ့ရသည်မှာ တကယ်ပင် တန်လှပေသည်။ ဤလောကကြီးတွင် သူ့ကို ဂရုစိုက်မည့်သူ ရှိနေသေးသည် မဟုတ်ပါလား။ သူအားရပါးရ ရယ်မောရင်း ချော့မော့လိုက်သည်။
"စိတ်မပူပါနဲ့ အစ်ကို ဘာမှမဖြစ်ပါဘူး၊ ခွန်းလွန်တောင်ဘက် ခဏသွားလိုက်လို့ပါ။ အဲဒီမှာ လိုင်းမမိလို့ ဖုန်းကိုင်လို့ မရတာ"
"အင်း၊ အစ်ကို့အသံ ကြားရတော့မှပဲ စိတ်အေးရတော့တယ်၊ အခု ညီမစာသင်ခန်းထဲမှာမို့ ဖုန်းချလိုက်တော့မယ်နော်၊ တာ့တာ"
"စာသင်နေရင်လည်း စာကိုပဲ အာရုံစိုက်လေ၊ ဘာလို့ ဖုန်းခေါ်နေသေးတာလဲ"
ကျိုးဟောက်ယွီမှ ဆူချင်သော်လည်း ဖုန်းမှာ ကျသွားပြီ ဖြစ်သည်။
"ဒီကလေးမလေးကတော့ တကယ်ကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တာပဲ"
သူ ပြုံးမိသည်။ လီယုဝမ် စာသင်နေရင်း ဖုန်းခေါ်သည်မှာ သူ့အတွက် အလွန် စိုးရိမ်နေ၍မှတစ်ပါး အခြားမရှိမှန်း သူ သိပေ၏။ ဖုန်းချလိုက်ပြီးနောက် အပြုံးပင် မပျောက်သေးမီ ဖုန်းထပ်မြည်လာပြန်သည်။ ယခုတစ်ခါတွင်မူ သူ သေသေချာချာ ကြည့်လိုက်ရာ ဝေ့ရှီယု ဖြစ်နေသဖြင့် ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"လိုရင်းပဲ ပြောပါ၊ စကားအပိုတွေ မပြောနဲ့"
"ကျိုးဟောက်ယွီ၊ နင် ငါ့ဖုန်းကို ချပစ်ရဲတယ်ပေါ့၊ သေချင်လို့"
ဝေ့ရှီယု၏ "သေချင်လို့" ဆိုသည့် စကားမှာ ဖုန်းအချခံလိုက်ရသဖြင့် ပြတ်တောက်သွားပြန်သည်။
"တကယ်ကို ဒေါသထွက်ဖို့ကောင်းလိုက်တာ"
ဝေ့ရှီယုမှာ ကုတင်ပေါ်တွင် လဲလျောင်းရင်း ဖုန်းကို အားကုန် ပစ်ပေါက်လိုက်ရာ နံရံနှင့်ထိကာ ကြမ်းပြင်ပေါ်တွင် ကွဲအက်သွားတော့သည်။
"ငါက စိတ်ပူနေတာကို၊ သူကတော့ အားအင်တွေ ရှိနေလိုက်တာ၊ ငါ အချိန်ကုန်ရတာပဲ အဖတ်တင်တယ်"
သူမ တွန့်တိုစွာ ရေရွတ်နေမိသည်။ တစ်ဖက်တွင်လည်း ဝေ့ရှီယု၏ ဖုန်းကို ချပြီးနောက် ကျိုးဟောက်ယွီဆီသို့ WeChat မှ စာတက်လာ၏။ လင်းချန်ချန်၏ ပုံလေး ဖြစ်နေသဖြင့် သူကားကို လမ်းဘေးကပ်ရပ်ကာ ချက်ချင်း စစ်ဆေးလိုက်သည်။ လင်းချိန်ချိန်မှာ စာပေါင်း ၇စောင်၊ ၈စောင်ခန့် ပို့ထားသည်ကို တွေ့လိုက်ရ၏။ ပထမဆုံးစာမှာ ကျိုးဟောက်ယွီ၏ စာကို ပြန်ထားခြင်းဖြစ်သော်လည်း နောက်ပိုင်းစာများမှာမူ ဘာကြောင့် စာပြန်မလာသလဲဟု မေးမြန်းရင်း နောက်ဆုံးတွင် တစ်ခုခု ဖြစ်နေသလားဟု စိုးရိမ်တကြီး မေးထားခြင်း ဖြစ်သည်။
"ငါဘာမှမဖြစ်ပါဘူး၊ အားလုံး အဆင်ပြေပါတယ်။ ခွန်းလွန်တောင်ဘက် သွားနေလို့ လိုင်းမရလို့ စာမပြန်နိုင်တာပါ"
သူ လိမ်ပြောလိုက်ရသည်။ အမှန်အတိုင်းပြောလျှင် သူမ စိတ်ပူသွားမည်ဖြစ်သဖြင့် ဤကဲ့သို့ပင် ချိုသာသော လိမ်လည်မှုလေး ပြုလုပ်လိုက်ခြင်းဖြစ်၏။
"ခွန်းလွန်တောင်၊ အဲဒါ ဒီမြို့ရဲ့ ကန့်သတ်နယ်မြေ မဟုတ်ဘူးလား၊ အဲဒီမှာ ဘာသွားလုပ်တာလဲ"
လင်းချန်ချန်မှ ချက်ချင်း စာပြန်လာသည်။ သူမလည်း သူ့အတွက် စိတ်ပူနေသဖြင့် WeChat ကို အမြဲ စောင့်ကြည့်နေမှန်း သိသာလှ၏။
"ပျင်းလို့ လျှောက်သွားကြည့်တာပါ၊ ဒါပေမဲ့ အဲဒီနေရာက နည်းနည်းတော့ ကြောက်စရာကောင်းတယ်၊ ဒါကြောင့် အထဲအထိတော့ မဝင်ဘဲ အပြင်ပတ်ပတ်လည်မှာပဲ လမ်းလျှောက်ပြီး ပြန်လာခဲ့တာ"
သူအမြန် ပြန်ပို့လိုက်သည်။
"နောက်တစ်ခါ အဲဒီလိုနေရာတွေ မသွားပါနဲ့တော့၊ ပျင်းရင် ငါ့ဆီ စာပို့လေ၊ စာမပြန်ရင်လည်း ဖုန်းဆက်လို့ ရပါတယ်၊ ငါ့ဖုန်းနံပါတ်က ၁၅၃"
လင်းချန်ချန်၏ အလေးအနက် အကြံပေးချက်ကို ဖတ်ပြီး ကျိုးဟောက်ယွီမှာ အလွန်ပင် ဝမ်းသာသွားသည်။ မမျှော်လင့်ဘဲ သူ ပေးလိုက်သည့် အကြောင်းပြချက်ကြောင့် သူမ၏ ဖုန်းနံပါတ်ကိုပါ ရလိုက်သည် မဟုတ်ပါလား။ သို့သော် ဤသည်မှာ လင်းချန်ချန်၏ စစ်မှန်သော စိုးရိမ်စိတ်ကြောင့်မှန်း သူ သိရှိသဖြင့် ဤသန့်ရှင်းသော ခင်မင်မှုကို မပျက်စီးစေရန် သူမကို အကြောင်းမဲ့ ဖုန်းဆက်မည်မဟုတ်ဟု သူဆုံးဖြတ်လိုက်လေတော့သည်။