အခန်း ၁၁၀
Vol. 11 Ch. 110
110
"အစ်ကိုကြီး ကျွန်တော် ရိုက်ပါ့မယ်၊ အခုချက်ချင်းပဲ ရိုက်ပါ့မယ်ဗျာ"
ကျော့ပုချွန်း တစ်ယောက် လုံးဝကို အညံ့ခံသွားတော့သည်။ သူကိုယ်တိုင်မှာ ငွေကိုအားကိုးပြီး ဆင်းရဲသားများကို နှိပ်ကွပ်ခြင်း ဝါသနာပါသူဖြစ်၍ ငွေကြေးဓန အင်အားကြီးမားသူများ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သူကောင်းကောင်းကြီး နားလည်ထား၏။ မိမိထက် အဆပေါင်းများစွာ ပိုချမ်းသာသူတစ်ယောက်မှာ သူ့ကို ဒုက္ခပေးရန်ဆိုသည်မှာ လက်ဖျစ်တစ်ချက်တီးရသလောက်ပင် လွယ်ကူလိမ့်မည်။ မိမိ၏ အနာဂတ်အရေးကို တွေးပြီး ကျော့ပုချွန်း သွားကိုတင်းတင်းစိကာ သူ့ညာဘက်ပါးကို ရိုက်ချလိုက်သည်။
"ဖြန်း"
"ပျော့လိုက်တာ၊ မင်း ထမင်းမစားထားဘူးလား"
ကျိုးဟောက်ယွီမှ မျက်မှောင်ကြုတ်ကာ မေးလိုက်ပြီးနောက် စိတ်မရှည်သလို လက်ခါပြရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"ထားလိုက်ပါတော့၊ ကိုယ့်ပါးကိုယ် မရိုက်ချင်လည်း အတင်းမတိုက်တွန်းပါဘူး၊ ငါ့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်၊ နောက်မှ မင်းနဲ့ အေးအေးဆေးဆေး ကစားတာပေါ့"
"မဟုတ်တာ အစ်ကိုကြီးရယ်၊ ကျွန်တော် မှားသွားပါတယ်၊ နောက်တစ်ခါကျရင် အားနဲ့ရိုက်ပါ့မယ်၊ နောင်နောင်ကျရင် ကျွန်တော့်ကို ဒုက္ခမပေးပါနဲ့"
ကျော့ပုချွန်း ပြာပြာသလဲ တောင်းပန်တော့သည်။ သူ့စိတ်ရင်းကို ပြသသည့်အနေဖြင့် သူသည် လက်ကိုမြှောက်ကာ ပါးကို အားရပါးရ ရိုက်ချလိုက်ပြန်သည်။
"ဖြန်း"
စူးရှသော ရိုက်သံနှင့်အတူ သူ့ပါးပြင်ကြီးမှာ ချက်ချင်းပင် ဖူးယောင်တက်လာတော့သည်။
ကျိုးဟောက်ယွီမှာ ကျေနပ်သလို ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"အေး အဲဒါမှ ဟုတ်တာပေါ့၊ ဒီအတိုင်းပဲ တစ်ဖက်ကို ငါးချက်စီရိုက်၊ ဒါဆိုရင် အရင်ကိစ္စတွေကို ကျေအေးပေးမယ်"
"ငါးချက်စီ"
ကျော့ပုချွန်း၏ နှုတ်ခမ်းများ တုန်ရင်သွားသည်။ သူက ခပ်ရို့ရို့လေး ပြန်မေးရှာသည်။
"အစ်ကိုကြီး၊ စောစောက နှစ်ချက်လို့ ပြောပြီး အခုကျမှ ဘာလို့ တစ်ဖက်ကို ငါးချက်စီ ဖြစ်သွားရတာလဲ"
ကျိုးဟောက်ယွီမှ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ်အသံဖြင့် ပြောလိုက်သည်။
"ငါးချက်က နည်းနေလို့လား၊ ဒါဆို ဆယ်ချက် လုပ်မလား"
"မဟုတ်ပါဘူး ကျေနပ်ပါတယ်၊ အခုပဲ ရိုက်ပါ့မယ်"
ကျော့ပုချွန်း တစ်ယောက် ဆက်ပြီး ဈေးမဆစ်ရဲတော့ပေ။ သူသည် လက်နှစ်ဖက်ကို မြှောက်ကာ ဘယ်ပြန်ညာပြန် ရိုက်တော့သည်။
"ဖြန်း ဖြန်း ဖြန်း"
အသံများမှာ ပဲ့တင်ထပ်သွားတော့သည်။ သူ့မျက်နှာတစ်ခုလုံး ဝက်ခေါင်းကြီးကဲ့သို့ ဖူးယောင်သွားပြီးနောက်တွင်တော့ ကျိုးဟောက်ယွီကို သနားကမားကြည့်ကာ မေးလိုက်၏။
"အစ်ကိုကြီး၊ ကျွန်တော် အခုလို အခြေအနေမျိုး ဖြစ်သွားပြီဆိုတော့ အစ်ကိုကြီး ကျေနပ်ပြီ မဟုတ်လား"
"ဘယ်သူက မင်းမျက်နှာကို ကြည့်ချင်နေမှာလဲ"
ကျိုးဟောက်ယွီမှ နှာခေါင်းရှုံ့ကာ ခပ်အေးအေးပင် ဆိုလိုက်သည်။
"ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ပြီလို့ မှတ်လိုက်၊ နောက်နောင် ငါ့မိန်းမနားကို မကပ်နဲ့၊ မဟုတ်ရင် မင်းရဲ့ကံကြမ္မာက ဒီနေ့ထက် အဆပေါင်းများစွာ ပိုဆိုးသွားလိမ့်မယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ အစ်ကိုကြီး၊ ကျွန်တော် နားလည်ပါပြီ၊ အစ်ကိုကြီးတို့ ကိစ္စရှိဦးမှာဆိုတော့ ကျွန်တော် အခုပဲ ခွင့်ပြုပါဦး"
ကျော့ပုချွန်းမှာ အရှက်ကွဲနေပြီဖြစ်၍ ယခုချိန်မှာ အိမ်ကို အမြန်ဆုံးသာ ပြေးချင်နေတော့သည်။ ကစဥ်ကလျား ဖြစ်နေသော သူ့ကျောပြင်ကြီးကို ကြည့်ပြီး ကျိုးဟောက်ယွီ ရယ်မောလိုက်ကာ ဘေးနားက လင်းချန်ချန်ကို ပြောလိုက်၏။
"သူ့ပုံစံကို ကြည့်ဦး၊ စောစောက မောက်မာနေတဲ့ ပုံစံနဲ့ ခုပုံစံက တခြားစီပဲ၊ ရယ်ဖို့မကောင်းဘူးလား"
"အင်း"
လင်းချန်ချန်မ] ကျော့ပုချွန်း၏ အဆုံးသတ်ကို သိပ်စိတ်မဝင်စားလှပေ။ သူမ ပိုပြီး စိတ်ဝင်စားနေသည်မှာ ကျော့ပုချွန်း တစ်ယောက် ကျိုးဟောက်ယွီကို ဘာလို့ ဒီလောက်ထိ ကြောက်သွားရတာလဲ ဆိုတာပင်။ သူမ ကျိုးဟောက်ယွီ၏ မျက်လုံးများကို စိုက်ကြည့်ရင်း အတည်ပေါက် မေးလိုက်သည်။
"စောစောက အဲဒီလူက နင့်ကို ငမွဲလို့ ပြောနေပြီးတော့ နင့်စကားကျတော့ ဘာလို့ အခုလို နားထောင်နေရတာလဲ၊ အဲဒါ နင့်ပိုက်ဆံအိတ်ထဲက ကတ်တွေကြောင့်လား"
"အဲဒါကြောင့် နေမှာပေါ့၊ ဒါမှမဟုတ် တခြား ဘာအကြောင်းရှိဦးမှာလဲ၊ ငါက မှော်အတတ် တတ်တာမှ မဟုတ်တာ"
ကျိုးဟောက်ယွီမှ ခပ်ပေါ့ပေါ့ပင် ရယ်ပြီး ပြန်ဖြေသည်။
"ရှင့်ရဲ့ကတ်က ဘာလဲ၊ အဲဒါက တကယ်ပဲ အစွမ်းထက်တာလား"
လင်းချန်ချန်မှ စူးစမ်းမေးမြန်းပြန်သည်။ သူမမှာ သာမန်လူတစ်ယောက်ဖြစ်၍ အဆင့်မြင့်ဘဏ်ကတ်တွေအကြောင်း သိပ်မသိလှပေ။
"အစွမ်းထက်မှာပေါ့၊ ဒါပေမဲ့ ငါလည်း အသေးစိတ်တော့ မသိဘူး၊ ဘာလို့လဲဆိုတော့ အဲဒီကတ်က ငါ့ကတ် မဟုတ်လို့လေ၊ သူဌေးသား တစ်ယောက်ရဲ့ ကတ်"
ကျိုးဟောက်ယွီမှ အမှန်အတိုင်း ပြောပြလိုက်သည်။ သူ ကျော့ပုချွန်းကို ရှိန်သွားအောင်နှင့် အနိုင်ကျင့်မခံရအောင် သူလည်း ချမ်းသာသကဲ့သို့ သရုပ်ဆောင်ရန် ပိုက်ဆံအိတ်ကို တမင် ချလိုက်ခြင်းဖြစ်၏။ သို့သော် သူထင်ထားတာထက် ပို၍ အာနိသင် ထိရောက်သွားခဲ့သည်။
"ဪ ဒါကြောင့်ကိုး"
ကျိုးဟောက်ယွီ၏ ရှင်းပြချက်ကို ကြားတော့မှ လင်းချိန်ချိန် နားလည်သွားသည်။
"ငါကတော့ နင်က တကယ့်ကို အေးအေးဆေးဆေး နေတတ်တဲ့ သူဌေးသားကြီး ထင်နေတာ"
"ဘာလဲ၊ ငါက သူဌေးသား မဟုတ်ဘူးဆိုတော့ စိတ်ပျက်သွားပြီလား"
ကျိုးဟောက်ယွီမှ ခပ်ပြုံးပြုံး မေးလိုက်သည်။
"ဟင့်အင်း၊ တကယ်တော့ ငါ ဝမ်းတောင်သာပါသေးတယ်"
လင်းချန်ချန်မှ အလေးအနက် ပြန်ဖြေသည်။
"ဘာလို့လဲဆိုတော့ နင်က တကယ်သာ သူဌေးသား ဖြစ်နေရင် နင့်ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ ငါ သိမှာမဟုတ်ဘူး"
ဒီစကားကို ကြားတော့ ကျိုးဟောက်ယွီ ပြုံးလိုက်ရင်း လင်းချန်ချန်၏ ဆံပင်လေးတွေကို အသာအယာ ပွတ်သပ်လိုက်သည်။ လင်းချန်ချန်မှာ ရှောင်မဖယ်ဘဲ အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ငြိမ်ခံနေပြီးမှ ပြောကာ ရှေ့မှ ပြေးထွက်သွား၏။
"သွားစို့၊ ထမင်းသွားစားရအောင်၊ ငါ ဗိုက်အရမ်းဆာနေပြီ"
ကျိုးဟောက်ယွီမှ ပြုံးရင်း ခေါင်းခါလိုက်ကာ အော်ပြီး သူမနောက်ကို အမြန် ပြေးလိုက်သွားတော့သည်။
"နေဦးလေ စောင့်ဦး"
သူတို့နှစ်ယောက် စားသောက်ဆိုင်တစ်ခုမှာ ထမင်းစားရင်း စကား အပြန်အလှန် ပြောဖြစ်ကြသည်။ ထိုသို့ စကားပြောဖြစ်ရာမှ သူတို့နှစ်ဦး၏ ပတ်သက်မှုမှာ မသိမသာ ပိုပြီး ရင်းနှီးလာခဲ့သည်။ ဆိုင်ထဲမှ ဘေးချင်းယှဉ်ပြီး လမ်းလျှောက်ထွက်လာချိန်မှာတော့ လင်းချန်ချန်မှ ရုတ်တရက် ဆိုလိုက်၏။
"ငါ တစ်ခုစဥ်းစားနေတာ"
"ဟင် ဘာလဲ"
ကျိုးဟောက်ယွီ ဝေခွဲမရစွာ မေးလိုက်သည်။
"အရင်တစ်ခေါက်က နင့်ကားကို ဘာလို့ အဝေးကြီးမှာ ရပ်ထားရတာလဲဆိုတာလေ၊ ငါ ပြန်တွေးကြည့်တော့ အဖြေက တစ်ခုပဲ ရှိတယ်၊ အဲဒါက နင် မိန်းကလေးတစ်ယောက်နဲ့ ဈေးဝယ်ထွက်နေလို့ပဲ ဖြစ်ရမယ်၊ ဒါကြောင့်လည်း နင့်ကားနဲ့ နင်က အဝေးကြီး ဖြစ်နေတာပေါ့"
လင်းချန်ချန်မှ ကျိုးဟောက်ယွီကို ကြည့်ပြီး ပြုံးစစဖြင့် ပြောသည်။ ဤသည်မှာ ရမ်းပြောခြင်း မဟုတ်ဘဲ စည်ကားလှသည့် ကုန်တိုက်များနှင့် လမ်းမကြီးများကို တွေးဆပြီး သူမ၏ ယုတ္တိရှိရှိ ကောက်ချက်ချမှုဖြစ်၏။
"ငါက မိန်းကလေးတစ်ယောက်နဲ့မှ ဈေးဝယ်ထွက်ရမှာလား၊ငါ့ဘာသာငါ ဝယ်လို့ မရဘူးလား"
ကျိုးဟောက်ယွီမှ အရှုံးမပေးဘဲ ပြန်ပြောသည်။
"နင့်လို ယောင်္ကျားရင့်မာကြီးက ဒီလောက်အကြာကြီး ဈေးဝယ်နေမှာတဲ့လား"
လင်းချန်ချန်မှ ခေါင်းခါရင်း ရယ်မောလေသည်။
"ကဲပါ မင်းခန့်မှန်းတာ မှန်ပါတယ်၊ ငါ တကယ်ပဲ မိန်းကလေးတစ်ယောက်နဲ့ ဈေးဝယ်ထွက်ခဲ့တာပါ၊ အဲဒီမိန်းကလေးက သာမန်မိန်းကလေးလည်း မဟုတ်ဘူး၊ နတ်သမီးလေး ချန်အယ်"
ကျိုးဟောက်ယွီမှ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။ သူ လင်းချန်ချန်ကို မလိမ်ချင်တာကြောင့် အမှန်အတိုင်းပင် ပြောလိုက်ခြင်းဖြစ်၏။ သို့သော် လင်းချန်ချန်မှာ သူ့စကားကို လုံးဝ မယုံပေ။ သူမ နှုတ်ခမ်းလေးစူပြီး ပြောလိုက်သည်။
"နင်က ဘယ်သူနဲ့ ဈေးဝယ်ထွက်ခဲ့တယ်ဆိုတာ မပြောချင်လည်း နေပါ၊ ဒါပေမဲ့ နတ်သမီး ချန်အယ် တဲ့လား၊ နင့်စိတ်ထဲမှာ ငါ့ကို ငတုံးလို့ ထင်နေတာလား"
"မင်းမှ မယုံတာ၊ ငါကတော့ အမှန်အတိုင်း ပြောပြတာပဲ"
ကျိုးဟောက်ယွီမှ မတတ်သာသလို ဆိုလိုက်သည်။
"ရပါတယ်၊ ငါက နင့်အတွက် ဘယ်သူမှ မဟုတ်ပါဘူး၊ နင် ဘယ်သူနဲ့ ဈေးဝယ်ထွက်ထွက် ငါနဲ့ မဆိုင်ပါဘူး၊ မေးကြည့်ရုံ သက်သက်ပါ"
လင်းချန်ချန်မှ စိတ်ကောက်သွားပြီး ကျိုးဟောက်ယွီကို ပစ်ထားကာ ရှေ့မှ အရင် လျှောက်သွားတော့သည်။ သူမ ခပ်သွက်သွက် လမ်းလျှောက်သွားသဖြင့် ကျိုးဟောက်ယွီ အမီလိုက်ကာ အသာအယာ သတိပေးရ၏။
"ငါ့ကားက တခြားတစ်ဖက်မှာလေ၊ မင်း လမ်းမှားနေပြီ"
"နင့်ကားကို ဘယ်သူက စီးချင်လို့လဲ၊ ငါ့ဘာသာ တက္ကစီငှားပြီး ပြန်မယ်"
လင်းချန်ချန်မှ မကျေမနပ် ပြောပြန်သည်။ ဒါကို မြင်သောအခါ ကျိုးဟောက်ယွီမှ ချော့မော့လိုက်ရပြန်သည်။
"စိတ်မဆိုးပါနဲ့ဦး၊ စောစောက ဆိုင်မှာတုန်းက စကားတွေတောင် အကောင်းပြောခဲ့ကြတာ မဟုတ်လား၊ အခုကျမှ ဘာလို့ ဒီလောက် စိတ်ကောက်လွယ်နေရတာလဲ"