← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

112

ကျိုးဟောက်ယွီ အိမ်အပြင်ရောက်သည့်အခါ ဖုန်းထဲမှ ဒီဒီ စနစ်ကို ပြန်ဖွင့်လိုက်သည်။ လမ်းကြုံ ခရီးသည်ရှိမလားဟု သူလိုက်ကြည့်နေခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေ အိမ်ပြန်ရမည့် ခရီးဖြစ်၍ လမ်းကြုံတင်ကာ ငွေအနည်းငယ် ရှာနိုင်လျှင် မဆိုးဟု သူတွေးမိသည်။ ပိုက်ဆံဆိုသည်မှာ များများရှိတော့လည်း မမှားပေ။

"တီ"

မကြာခင်မှာပင် အော်ဒါတစ်ခု တက်လာသည်။ ကျိုးဟောက်ယွီ ဖုန်းကိုကြည့်လိုက်သည့်အခါ ခရီးသည်နာမည်နေရာတွင် "ယန်ကျန်း" ဟု ပေါ်နေသည်ကို တွေ့လိုက်ရသည်။

"ယန်ကျန်း၊ အဲဒါ အားလောင်စန်းလား၊ ဒါမှမဟုတ် နာမည်တူတဲ့ သာမန်လူပဲလား"

ကျိုးဟောက်ယွီ ခပ်တိုးတိုး ရေရွတ်မိသည်။ သို့သော် သူ သိပ်တော့ မတွေးနေတော့ပေ။ အားလောင်စန်း ဖြစ်စေ၊ မဖြစ်စေ အော်ဒါကို အရင်လက်ခံလိုက်သည်။ ကျိုးဟောက်ယွီ သတ်မှတ်ထားသည့်နေရာသို့ ရောက်သွားသည့်အခါ လမ်းဘေးတွင် ရပ်နေသည့် ထွားကျိုင်းခန့်ညားသော လူတစ်ယောက်ကို မြင်လိုက်ရပြီး ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွားရ၏။ အခုတော့ သူ သေချာသွားပါပြီဖြစ်သည်။ ထိုသူသည် အခြားသူမဟုတ်ဘဲ အားလောင်စန်း၊ ယန်ကျန်းပင် ဖြစ်ရမည်။ အကြောင်းမှာ သာမန်လူတစ်ယောက်အနေဖြင့် ထိုမျှလောက် အရှိန်အဝါကြီးမားရန်မှာ လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။

"တက်ပါ"

ကျိုးဟောက်ယွီမှ ကားကို ဘေးတွင်ကပ်ရပ်လိုက်ပြီး မှန်ချကာ ပြုံးလျက် လှမ်းခေါ်လိုက်သည်။

"မင်းရဲ့ ဒီယာဉ်က တော်တော်လေး ကောင်းတာပဲ၊ နီကျားရဲ့ မီးဘီးတွေနဲ့တောင် ဆင်သလိုလိုပဲ"

ယန်ကျန်းမှ အတည်ပေါက် မှတ်ချက်ချရင်း ကားပေါ် တက်လာသည်။

"အရှင်၊ ဘယ်ကို ကြွမှာလဲခင်ဗျ"

ကျိုးဟောက်ယွီမှ မေးလိုက်သည်။

"ခွန်းလွန်တောင်ကို သွားမှာ"

ယန်ကျန်းမှ ခပ်အေးအေးပင် ပြန်ဖြေသည်။

'ဒီလောက်ညနက်ကြီးကိုလား'

ကျိုးဟောက်ယွီမှ စိတ်ထဲက ရေရွတ်လိုက်သော်လည်း အပြင်မှာတော့ ပြုံးလျက်ပင် ဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ၊ သေချာကိုင်ထားပါဦး အခုပဲ မောင်းပါပြီ"

ခွန်းလွန်တောင်သည် သူပြန်မည့်လမ်းနှင့် လမ်းမကြုံသော်လည်း သိပ်တော့ မဝေးလှပေ။ ထို့ပြင် နတ်ဘုရားတစ်ပါးနှင့် ဆုံတွေ့ရဖို့ဆိုသည်မှာ မလွယ်ကူလှသဖြင့် ဤရှားပါးလှသော အခွင့်အရေးကို သူမြတ်နိုးမိသည်။ ယန်ကျန်းမှာ ကျိုးဟောက်ယွီ၏ စကားကို သဘောကျဟန်ဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်၏။

"မင်းရဲ့ယာဉ်က နီကျားရဲ့ မီးဘီးတွေလောက်တော့ မမြန်ပါဘူး၊ ငါ့အတွက်တော့ ငြိမ်ငြိမ်လေး ထိုင်နေနိုင်တဲ့ အဆင့်ပါပဲ"

"ဟုတ်ကဲ့ပါ၊ ကျွန်တော်က စကားအဖြစ် ပြောလိုက်တာပါ"

ကျိုးဟောက်ယွီလည်း ရယ်မောရင်း ကားကို ခွန်းလွန်တောင်ဘက်သို့ အမြန်ဦးတည် မောင်းထွက်ခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် ကျိုးဟောက်ယွီမှ ယန်ကျန်းနှင့် ရင်းနှီးမှုရရန် စကားစမြည် ပြောကြည့်၏။ ယန်ကျန်းသည်လည်း နတ်ဘုရားတစ်ပါး၏ မာန်မာနများ မရှိဘဲ အတော်ပင် ဖော်ရွေလှသည်။ သူသည် ကျိုးဟောက်ယွီကို သာမန်သူငယ်ချင်းတစ်ယောက်ကဲ့သို့ပင် ပေါ့ပေါ့ပါးပါး ပြောဆိုဆက်ဆံသည်။ ရောက်ရှိလိုရာနေရာသို့ ရောက်သည့်အခါ ကားပေါ်မှ မဆင်းမီမှာပင် ယန်ကျန်းမှာ သူ့ဝတ်ရုံထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ဒါကို ယူထားလိုက်၊ သေသေချာချာ လေ့ကျင့်မယ်ဆိုရင် မင်းအတွက် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရလာမှာပါ"

ကျိုးဟောက်ယွီ စာအုပ်ကို လှမ်းယူကြည့်လိုက်သည့်အခါ မျက်နှာဖုံးတွင် "ရှစ်ဆယ့်ကိုးသွယ် အံ့ဖွယ်အတတ်" ဟု ရေးသားထားသော စာလုံးကြီး လေးလုံးကို မြင်လိုက်ရသည်။

"ဒါက အားလောင်စန်း ယန်ကျန်းရဲ့ ကိုယ်ပိုင် အစွမ်းထက်အတတ်ပညာ မဟုတ်လား"

ကျိုးဟောက်ယွီ တစ်ယောက် အံ့သြဝမ်းသာ ဖြစ်သွားရသည်။ သူသည် ကျေးဇူးတင်စကား ပြောရန် မော့ကြည့်လိုက်သော်လည်း ယန်ကျန်းမှာ ပျောက်ကွယ်သွားပြီဖြစ်၏။ ထိုနေရာတွင် ရှိမနေတော့သော်လည်း ကျိုးဟောက်ယွီမှာ ရိုရိုသေသေ ရေရွတ်လိုက်သည်။

"ဒီအတတ်ပညာအတွက် ကျေးဇူးတင်ပါတယ် အရှင်၊ ကျွန်တော် သေသေချာချာ ကြိုးစားလေ့ကျင့်ပါ့မယ်"

ထိုစဉ်မှာပင် တောင်နက်ထဲမှ နွားအော်သံကဲ့သို့သော သတ္တဝါကြီးတစ်ကောင်၏ ဟိန်းဟောက်သံကြီးကို ကြားလိုက်ရပြန်သည်။ အရင်နှစ်ခေါက် လာခဲ့တုန်းက ကြားခဲ့ရသည့် အမည်မသိ အသံမျိုးပင်ဖြစ်၏။

"ဒုက္ခပါပဲ၊ အထက်က နတ်ဘုရားတွေ ဘာတွေပဲ လုပ်နေနေ ငါကတော့ သာမန်လူပဲ၊ အမြန်ဆုံး လစ်တာပဲ ကောင်းမယ်"

ကျိုးဟောက်ယွီမှ တိုးတိုးလေး ရေရွတ်ပြီး ကားကို အမြန်မောင်းထွက်ခဲ့တော့သည်။ အိမ်ပြန်ရောက်သည့်အခါ ကျိုးဟောက်ယွီ ကိုယ်လက်သန့်စင်ပြီး အိပ်ရာပေါ်တွင် ထိုင်ကာ "ရှစ်ဆယ့်ကိုးသွယ် အံ့ဖွယ်အတတ်" စာအုပ်ကို စိတ်လှုပ်ရှားစွာဖြင့် ဖတ်ရှုလေ့လာတော့၏။ မည်သို့ပင်ဆိုစေ ဤအတတ်ပညာသည် ဝူခုန်း၏ "ခုနစ်ဆယ့်နှစ်သွယ် ကိုယ်ယောင်ဖျောက်အတတ်" ထက် မနိမ့်ကျသည့် နတ်ဘုရားစွမ်းအားဖြစ်ရာ သူစိတ်မဝင်စားဘဲ မနေနိုင်ပေ။ ကျိုးဟောက်ယွီသည် ငယ်စဉ်က အနောက်ဘက်သို့ ခရီးသွားခြင်းကို ကြည့်ခဲ့ရသည်ကို မှတ်မိနေသေးသည်။ ထိုစဉ်က အားလောင်စန်းသည် သိကြားမင်း၏ အမိန့်ဖြင့် ဝူခုန်းကို ဖမ်းရန် ဆင်းလာခဲ့ရ၏။ ထိုအခါ သူတို့နှစ်ဦးသည် အစွမ်းအစမျိုးစုံသုံးကာ ကိုယ်ယောင်ဖျောက် အသွင်ပြောင်းခြင်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြဖူးသည်။ ဝူခုန်းက ခုနစ်ဆယ့်နှစ်သွယ် အတတ်ကို သုံးချိန်တွင် အားလောင်စန်းမှာ ရှစ်ဆယ့်ကိုးသွယ် အတတ်ဖြင့် တုံ့ပြန်ခဲ့၏။ ထိုကဲ့သို့ စိတ်ကြိုက် အသွင်ပြောင်းနိုင်သည့် စွမ်းအားမျိုးကို တွေးမိသည်နှင့် ကျိုးဟောက်ယွီမှာ သင်ချင်လွန်း၍ စိတ်မထိန်းနိုင်အောင် ဖြစ်နေတော့သည်။

"သင်ရတာ သိပ်မခက်ပါစေနဲ့"

ကျိုးဟောက်ယွီမှာ စိတ်ထဲမှ ဆုတောင်းရင်း စာအုပ်ကို အသာအယာ လှန်ကြည့်လိုက်သည်။ စာအုပ်ထဲတွင် ပုံများနှင့်တကွ အသေးစိတ် ဖော်ပြထားသဖြင့် ကျိုးဟောက်ယွီသည် ချက်ချင်းပင် လိုက်လံ လေ့ကျင့်ကြည့်၏။ ထူးဆန်းသည်မှာ သူ့လေ့ကျင့်မှုသည် အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ အလွန်ပင် ချောမွေ့နေခြင်းပင်။ ကျိုးဟောက်ယွီမှ မျက်မှောင်ကြုတ်ရင်း ရေရွတ်မိသည်။

"ငါ အရင်က စားခဲ့တဲ့ လောင်ဇီရဲ့ ဆေးလုံးကြောင့်လား မသိဘူး"

ခဏတာ စဉ်းစားကြည့်သော်လည်း တခြားအကြောင်းပြချက် မတွေ့သဖြင့် ပြုံးပြုံးကြီး တွေးလိုက်ပြီး အာရုံစိုက်ကာ ဆက်လက် လေ့ကျင့်နေတော့သည်။

"ထားပါတော့လေ၊ ချောချောမွေ့မွေ့ လေ့ကျင့်လို့ရတာက အကောင်းဆုံးပဲ"

ထိုညတွင် သူ အိပ်မပျော်ဘဲ တစ်ညလုံး လေ့ကျင့်နေခဲ့သည်။ နောက်တစ်နေ့ နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည် ပြတင်းပေါက်မှ ဝင်လာသည့် အချိန်တွင်ဖြစ်သည်။

"ဟူး"

ကျိုးဟောက်ယွီမှာ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ရာ သူ့နှာခေါင်းမှ အဖြူရောင် အလင်းတန်းတစ်ခု သိသိသာသာ ထွက်ပေါ်လာပြီး လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"တစ်ညလုံး မအိပ်ရပေမဲ့ လုံးဝ မပင်ပန်းတဲ့အပြင် ခန္ဓာကိုယ်က ပေါ့ပါးလန်းဆန်းပြီး အားအင်တွေ ပြည့်ဝနေပါလား၊ ဒီစွမ်းအားက တကယ်ပဲ အံ့သြဖို့ ကောင်းတာပဲ၊ အခုမှ စလေ့ကျင့်ရသေးတာကိုတောင် ဒီလောက် ထူးခြားနေပြီ"

သူကျေနပ်စွာ ရယ်မောရင်း ကိုယ်လက်သန့်စင်ရန် ထလိုက်သည်။ အရင်ကဆိုလျှင် သူသည် နံနက်တိုင်း အိပ်ရာထရန် ခက်ခဲပြီး နွေးထွေးသည့် စောင်ထဲမှ မထွက်ချင်သူဖြစ်၏။ သို့သော် အခုတော့ ထိုပြဿနာများ လုံးဝ မရှိတော့ပေ။

"သာယာလှပတဲ့ နေ့သစ်လေး စတင်ပြီပေါ့"

ကျိုးဟောက်ယွီမှာ အားရပါးရ ရယ်မောကာ အောက်ထပ်သို့ ဆင်းပြီး အလုပ်သွားရန် ကားထုတ်လိုက်သည်။ သို့သော် ရပ်ကွက်ထဲမှ မထွက်ရသေးမီမှာပင် ဝေ့ရှီယုထံမှ ဖုန်းလာ၏။

"အခုတစ်ခါ ဘာကိစ္စများ ရှိပြန်ပြီလဲ"

ကျိုးဟောက်ယွီမှ စိတ်အခြေအနေ ကောင်းနေသဖြင့် အရင်တစ်ခေါက်ကလို မတုံ့ပြန်တော့ဘဲ အေးအေးဆေးဆေးပင် မေးလိုက်သည်။

"ငါ မြို့ပြင်က ကလပ်မှာ ရောက်နေတယ်၊ အခု လာခဲ့ဦး"

ဝေ့ရှီယု၏ အသံမှာ အရင်ကလို အမိန့်ပေးသံမျိုး မဟုတ်တော့သော်လည်း သိပ်တော့ ချိုသာမနေသေးပေ။

"အင်း၊ ခဏနေရင် လာခဲ့ပါ့မယ်"

ကျိုးဟောက်ယွီမှ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ ဒီတစ်ခါတွင် သူ မငြင်းတော့ပေ။ အကြောင်းမှာ အရင်တစ်ခေါက်က သူနည်းနည်း လွန်သွားခဲ့သည်ဟု ခံစားရသဖြင့် အခြေအနေကို ပြန်လည် ထိန်းညှိချင်သောကြောင့်ဖြစ်သည်။ နာရီဝက်ခန့်အကြာတွင် ကျိုးဟောက်ယွီ ရောက်သွားသည့်အခါ ဝေ့ရှီယုမှာ ကလပ်ရှေ့တွင် လှလှပပ ရပ်စောင့်နေသည်ကို တွေ့လိုက်ရ၏။ သူ့ကို မြင်သည်နှင့် သူမ ချက်ချင်း လက်လှမ်းပြပြီး ပြောလိုက်သည်

"လာ ဒီဘက်ကို၊ နင်လာမှာကို စောင့်နေရတာ ကြာလှပြီ"

"ဟိုလေ မလာခင် ကြိုဖုန်းဆက်ပါလား၊ ရုတ်တရက်ကြီး လှမ်းခေါ်တော့ ငါကပျံလာလို့ ရတာမှ မဟုတ်တာ"

ကျိုးဟောက်ယွီမှ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောသည်။ ဝေ့ရှီယု မျက်မှောင်လေးကြုတ်ပြီးစိတ်တိုတိုဖြင့် ပြန်ပြောလေတော့၏။

"နင်ကများ ပြောရသေးတယ်၊ စောစော ဖုန်းဆက်ရင်လည်း အိပ်ရေးပျက်အောင် လုပ်တယ်ဆိုပြီး ပြောဦးမှာ မဟုတ်လား"

All Chapters