အခန်း ၁၁၃
Vol. 12 Ch. 113
113
"ဒါဆိုရင်လည်း နောက်တစ်ခါကျရင် နည်းနည်းလေး နောက်ကျမှ ထပေါ့၊ ဘာလို့ ဒီလောက် စောစောစီးစီး လာနေတာလဲ၊ ပြီးတော့ မင်းက နေ့တိုင်း အလုပ်လုပ်နေရတာမှ မဟုတ်တာ၊ လာချင်တဲ့အချိန် လာကစားလို့ ရတာပဲ မဟုတ်လား"
ကျိုးဟောက်ယွီမှ စနောက်လိုက်သည်။
"ဘယ်သူက အလုပ်မလုပ်ဘူး ပြောလဲ၊ ငါ အလုပ်လုပ်တဲ့အခါ နင့်ကို အစီရင်ခံနေရမှာလား"
ဝေ့ရှီယုမှ တစ်ခွန်းမကျန် ပြန်ပက်လိုက်သည်။ တကယ်တော့ သူမသည် ကျိုးဟောက်ယွီနှင့် ကောင်းကောင်းမွန်မွန် စကားပြောချင်ခဲ့ခြင်းဖြစ်၏။ သို့သော် အကြောင်းရင်းကို မသိရဘဲ သူနှင့် တွေ့လိုက်သည်နှင့် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲသွားရမြဲပင်။
"ငါ့ကို အစီရင်ခံစရာ မလိုပါဘူး၊ ဘယ်သူ့ကိုမှ အစီရင်ခံစရာ မလိုပါဘူးလေ၊ ဘာပဲဖြစ်ဖြစ် မင်းက သူဌေးသမီးလေးပဲဟာ၊ အလုပ်လုပ်ချင်ရင် လုပ်မယ်၊ မလုပ်ချင်ရင် ပစ်ထားလိုက်ရုံပေါ့"
ကျိုးဟောက်ယွီမှ ခပ်ပေါ့ပေါ့ ရယ်ရင်း ဆိုသည်။
"ဟွန့်၊ သူဌေးသမီး ဖြစ်တော့ ဘာဖြစ်လဲ၊ သူဌေးသမီးက နင့်ဘိုးဘွားသင်္ချိုင်းကို တူးနေလို့လား၊ အမြဲတမ်း သူဌေးသမီး သူဌေးသမီးနဲ့ တကယ်ပါပဲ"
ဝေ့ရှီယုမှ စိတ်ကောက်သွားပြီး ကျိုးဟောက်ယွီကို ဂရုမစိုက်တော့ဘဲ ကလပ်ထဲသို့ ဦးဆောင်ဝင်သွားတော့သည်။ ကျိုးဟောက်ယွီ သူမနောက်မှ လိုက်လာခဲ့ရာ ကွေ့ကောက်နေသော လမ်းများအတိုင်း ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် သေနတ်ပစ်ကွင်းတစ်ခုသို့ ရောက်ရှိသွား၏။ ထိုနေရာတွင် လူငယ်တစ်စု ရောက်ရှိနေကြပြီဖြစ်သည်။ ထိုအထဲမှ တစ်ယောက်ကို ကျိုးဟောက်ယွီ မြင်လိုက်ရသည့်အခါ အတော်ပင် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူမမှာ အခြားသူမဟုတ်ဘဲ အရင်တစ်ခေါက် စကိတ်ကွင်းတွင် တွေ့ခဲ့သည့် မိန်းကလေး ကျန်းရှောင်ဟွာပင် ဖြစ်သည်။
"ဟိုင်း လူချောလေး၊ ပြန်ဆုံကြပြန်ပြီနော်"
ကျန်းရှောင်ဟွာမှ တက်တက်ကြွကြွပင် ကျိုးဟောက်ယွီကို ပြုံးလျက် နှုတ်ဆက်သည်။
"မင်္ဂလာပါ အလှလေး၊ ပြန်တွေ့ရတာ ဝမ်းသာပါတယ်"
ကျိုးဟောက်ယွီမှ ရယ်မောရင်း ပြန်ပြောလိုက်သည်။ တကယ်တော့ သူသည် ကျန်းရှောင်ဟွာကဲ့သို့ ပွင့်လင်းလန်းဆန်းသော စရိုက်ရှိသည့် မိန်းကလေးမျိုးကို သဘောကျ၏။ စကားပြောရသည်မှာ ပေါ့ပါးပြီး အဆင်ပြေလှသည်။ ဘေးတွင် ရပ်နေသော ဝေ့ရှီယုမှညတော့ နှုတ်ခမ်းလေးစူကာ ကျန်းရှောင်ဟွာအနားသို့ သွားပြီး လက်မောင်းကို ဆွဲလိမ်ကာ စနောက်လိုက်သည်။
"နင်ကတော့လေ၊ ငါ့ကိုကျတော့ လုံးဝဥပေက္ခာပြုထားပြီး ဟိုလူ့ကိုကျတော့ နွေးနွေးထွေးထွေး နှုတ်ဆက်နေတာပဲ၊ သူ့ကို စိတ်ဝင်စားနေတာလား"
"အို နင်ကများ သဝန်တိုနေတာလား"
ကျန်းရှောင်ဟွာမှာ ဝေ့ရှီယုကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း လှောင်ပြုံးလေးဖြင့် မေးလိုက်သည်။
"သွားစမ်းပါ ဘယ်သူက သဝန်တိုလို့လဲ၊ ငါနဲ့ အဲဒီလူနဲ့က ဘာမှမပတ်သက်ဘူး၊ စကားကို လျှောက်မပြောနဲ့ဦး"
ဝေ့ရှီယုမှ ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပက်လေသည်။ အနားရှိ အရပ်ရှည်ရှည် လူငယ်တစ်ယောက်မှာ ကျိုးဟောက်ယွီကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းရှောင်ဟွာကို အသံတိုးတိုးဖြင့် မေး၏။
"အဲဒီလူက ဘယ်သူလဲ၊ ဒီနားကလူတော့ မဟုတ်လောက်ဘူး၊ အရင်က တစ်ခါမှ မမြင်ဖူးဘူး"
"ငါက ဘယ်လိုလုပ် သိမှာလဲ၊ ရှီယုကိုပဲ မေးကြည့်လိုက်လေ၊ သူတို့က တော်တော်လေး ရင်းနှီးကြတာ"
ကျန်းရှောင်ဟွာမှ ရယ်မောရင်း ဖြေသည်။
"တကယ်လား သူတို့က ရင်းနှီးကြတာလား၊ ဒါဆို လုဟန် ဘယ်လိုဖြစ်သွားမလဲ"
ယန်ထျန်းနင်းမှ စပ်စုပြန်သည်။
"လုဟန်ကတော့ ရှီယုကို တစ်ဖက်သတ် ချစ်နေတာလေ၊ ရှီယုကမှ သူ့ကို စိတ်မဝင်စားတာ"
ကျန်းရှောင်ဟွာမှ ခပ်အေးအေးပင် ဆိုသည်။ သူတို့ တိုးတိုးတိတ်တိတ် စကားပြောနေစဉ်မှာပင် ဝေ့ရှီယုမှာ သေနတ်ပစ်ကွင်းပေါ်ရှိ သေနတ်တစ်လက်ကို ကောက်ကိုင်လိုက်ပြီး ကျိုးဟောက်ယွီကို စိန်ခေါ်လိုက်၏။
"ငါနဲ့ ပြိုင်ရဲလား"
"ဟက်၊ ပန်းထိုးတဲ့နေရာမှာဆိုရင်တော့ မင်းကို မယှဉ်ရဲပါဘူး၊ ဒါပေမဲ့ သေနတ်နဲ့ ပတ်သက်လာရင်တော့ ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး"
ကျိုးဟောက်ယွီမှ ခေါင်းကိုမော့ကာ မာန်ပါပါ ပြောလိုက်သည်။ ဝေ့ရှီယုမှာ အတော်ပင် အံ့အားသင့်သွားရ၏။
"နင်က သေနတ်ကိုင်ဖူးလို့လား"
သူမအမြင်တွင် ကျိုးဟောက်ယွီကဲ့သို့ အလုပ်များနေရသူတစ်ယောက်သည် သေနတ်ကိုင်ခွင့် ရလိမ့်မည်ဟု မထင်ထားပေ။ ကျိုးဟောက်ယွီ ပြန်မဖြေရသေးမီမှာပင် အနားရှိ ကျန်းရှောင်ဟွာမှ ပါးစပ်ကိုပိတ်ကာ တခစ်ခစ် ရယ်မောတော့၏။
"ရှီယု၊ နင်ကလည်း ဘာတွေမေးနေတာလဲ၊ သူက ယောင်္ကျားတစ်ယောက်ပဲလေ၊ မွေးကတည်းက သေနတ်ပါလာပြီးသားဟာကို ဘယ်လိုလုပ် မကစားဖူးဘဲ နေမလဲ"
"အမလေး၊ နင်ကတော့ ငါ့ကို သတ်နေတာပဲ၊ မိန်းကလေးဖြစ်ပြီး ဒါမျိုးတွေ ပြောထွက်တယ်၊ မရှက်ဘူးလား"
ဝေ့ရှီယု၏ မျက်နှာလေးမှာ နီမြန်းသွားပြီး ကျန်းရှောင်ဟွာကို ဆွဲကာ လက်ကို အားရပါးရ ဆွဲလိမ်တော့သည်။
"ကဲပါ တော်ပါပြီ ငါမှားသွားပါတယ်၊ ခွင့်လွှတ်ပါတော့ နာလို့ သေတော့မယ်"
ကျန်းရှောင်ဟွာမှ ပြာပြာသလဲ တောင်းပန်ရသည်။ မိန်းကလေးနှစ်ယောက် စနောက်နေကြသည်ကို ကျိုးဟောက်ယွီမှာတော့ ဘာလုပ်ရမှန်းမသိဘဲ နှာခေါင်းကို ပွတ်ကာ အိုးတိုးအမ်းတန်းဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့၏။ မိနစ်အနည်းငယ်အကြာတွင် ဝေ့ရှီယုမှည ကျန်းရှောင်ဟွာကို လွှတ်ပေးလိုက်ပြီး ကျိုးဟောက်ယွီကို အတည်ပေါက် ပြန်မေးသည်။
"နင် စစ်တပ်ထဲမှာ နေဖူးတာလား"
သူမအတွေးထဲတွင် စစ်တပ်ထဲ ရောက်ဖူးသည်မှအပ ကျိုးဟောက်ယွီ အနေဖြင့် သေနတ်နှင့် ထိတွေ့ခွင့်ရရန် အခြားနည်းလမ်း မရှိဟု ယူဆထားသောကြောင့် ဖြစ်သည်။
"ငါ စစ်တပ်ထဲ မရောက်ဖူးပါဘူး၊ ဒါပေမဲ့ သေနတ်ပစ်ဂိမ်းတွေတော့ အများကြီး ကစားဖူးတယ်၊ ကြွားတာတော့ မဟုတ်ဘူး ငါ့ကျောင်းဟောင်းက အင်တာနက်ဆိုင်မှာဆိုရင် ငါ့ရဲ့ ဂိမ်းကစားတဲ့ ရာဇဝင်က အခုထိ ဟိုးဟိုးကျော်နေတုန်းပဲ"
ကျိုးဟောက်ယွီမှ ရယ်မောရင်း ဆိုသည်။ သူသည် စောစောက အခြေအနေကို ပြေလည်စေရန် ဂိမ်းအကြောင်းကို ဆွဲထည့်လိုက်ခြင်းဖြစ်၏။ သို့သော် ထိုအချိန်မှာပင် သူ့နောက်ကျောဘက်မှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။
"ဂိမ်းထဲကဟာတွေကို လက်တွေ့ဘဝထဲအထိ ဆွဲထည့်လာတယ်ပေါ့၊ မင်းရဲ့ အရှက်မရှိပုံကတော့ ငါ့ရဲ့ ထင်မှတ်ချက်ထက်တောင် ကျော်လွန်နေပြီပဲ"
"ဟင်"
ကျိုးဟောက်ယွီ လှည့်ကြည့်လိုက်သည့်အခါ သူ လိုက်ရှာနေသည့် "လုဟန်" ဖြစ်နေသည်ကို ချက်ချင်းပင် မှတ်မိလိုက်သည်။
"ငါ ဒီမှာရှိနေတာကို သိလို့ မင်းက သေတွင်းတူးဖို့ ကိုယ်တိုင် လာခဲ့တာလား"
ကျိုးဟောက်ယွီမှ အေးစက်စက် မေးလိုက်သည်။
"သေတွင်းတူးတယ်"
လုဟန်မှ နှာခေါင်းရှုံ့လိုက်သည်။
"မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူထင်နေလို့လဲ၊ ငါက ရှီယု ဒီမှာရှိတယ်ဆိုလို့ လာခဲ့တာ၊ မင်းလိုကောင်မျိုးက ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်လောက်တောင် အဆင့်မရှိဘူး"
ကျိုးဟောက်ယွီမှ မျက်လုံးကို မှေးလိုက်ပြီးပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒီပုရွက်ဆိတ်က ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းကို ဖြည်းဖြည်းချင်း ပြပေးတာပေါ့"
သူ့ကား မတော်တဆမှု ဖြစ်စဉ်တုန်းက လုဟန်၏ မောက်မာလှသော မျက်နှာကို သူမေ့မရနိုင်သေးပေ။ သူသည် ကလဲ့စားချေရန် လုဟန်ကို အပူတပြင်း ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။ အခုတော့ လုဟန်မှာ သူ့ရှေ့တည့်တည့်တွင် ရောက်နေပြီမို့ သူအခွင့်အရေးကို လက်လွှတ်မည် မဟုတ်ပေ။
"ဘယ်သူမဆို လေကြွားလို့ ရတာပဲ"
လုဟန်မှ လှောင်ပြောင်လိုက်ပြီးနောက် မောက်မာစွာ ဆိုပြန်သည်။
"ဒီနေ့ ငါတို့ သေနတ်ပစ်ကွင်းကို ရောက်နေကြတာပဲ၊ တခြားဟာတွေကို ခဏထားလိုက်ဦး မင်းရဲ့ သေနတ်ပစ်စွမ်းရည်က ဘယ်လောက်ရှိလဲဆိုတာ ငါ့ကို ပြစမ်းပါဦး"
"ကောင်းပြီလေ၊ မင်းကိုတော့ အလကား ပြလို့မရဘူး၊ မင်းက အဲဒီလောက်တောင် ယုံကြည်မှုရှိနေမှတော့ အလောင်းအစားတစ်ခု လုပ်ကြမလား၊ ရှုံးတဲ့လူက ဒီသေနတ်ပစ်ကွင်းကို ဒူးထောက်ပြီး တစ်ပတ်ပတ်ရမယ်၊ ဘယ်လိုလဲ လုပ်ရဲ့လား"
ကျိုးဟောက်ယွီမှ စိန်ခေါ်လိုက်သည်။ လုဟန် ပြန်မပြောရသေးမီမှာပင် ဝေ့ရှီယုမှ ကျိုးဟောက်ယွီကို မယုံနိုင်သလို ကြည့်ကာ အော်လိုက်၏။
"နင် ရူးနေတာလား၊ သေနတ်တောင် တစ်ခါမှ မကိုင်ဖူးဘဲနဲ့ သူ့ကို ဒီလောက်ပြင်းထန်တဲ့ အလောင်းအစားနဲ့ သွားစိန်ခေါ်ရလား၊ နင် သေချင်နေတာလား၊ သူက သေနတ်ပစ်ပြိုင်ပွဲတွေမှာ ဆုတွေတောင် ရထားဖူးတာနော်"
ဘေးတွင် ရပ်နေသော လုဟန်သည် ဝေ့ရှီယုမှ ကျိုးဟောက်ယွီကို စိုးရိမ်နေသည်ကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်သွားတော့သည်။ သူသည် ကျိုးဟောက်ယွီကို ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်ရင်း အသံကျယ်ကြီးဖြင့် ပြန်ဖြေလိုက်၏။
"ဘာလို့ မလုပ်ရဲရမှာလဲ၊ မင်းက သေချင်နေမှတော့ ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
ကျိုးဟောက်ယွီ စကားပြန်ပြင်မှာကို စိုးရိမ်သဖြင့် လုဟန်သည် သေနတ်ပစ်စင်ပေါ်သို့ အမြန်လျှောက်သွားကာ M16 ရိုင်ဖယ်သေနတ်တစ်လက်ကို ကောက်ကိုင်လိုက်သည်။ မောင်းဖြုတ်ကာ အဝေးက ပစ်မှတ်ကို ချိန်ရွယ်လိုက်၏။
"ဒိုင်း ဒိုင်း ဒိုင်း"
လုဟန်သည် သုံးချက်ဆင့် ပစ်လိုက်ရာ တစ်ချက်မှ မလွဲပေ။ ပထမတစ်ချက်မှာ ၆မှတ်၊ ဒုတိယတစ်ချက်မှာ ၇ မှတ်ဖြစ်ပြီး တတိယတစ်ချက်မှာမူ ပစ်မှတ်အလယ်ဗဟိုနားအထိ ရောက်သွားကာ ၉မှတ် ရရှိခဲ့သည်။ ဒါ သူ၏သေနတ်ပစ်စွမ်းရည် မသေးလှကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။