အခန်း ၁၁၅
Vol. 12 Ch. 115
115
"လူကိုရိုက်တာက မှားတယ်ဟုတ်လား၊ ဟမ့်"
လုဟန်၏ နှုတ်ခမ်းဖျားတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသော်လည်း ဘာမှတော့ ထပ်မရှင်းပြတော့ပေ။ ကျိုးဟောက်ယွီကို သတ်ပစ်ရန် လူလွှတ်ခဲ့သည့် လျှို့ဝှက်ချက်ကို သူမည်သို့လျှင် လူပုံအလယ်တွင် ထုတ်ပြောနိုင်ပါမည်နည်း။
"ကဲ စိတ်မပူပါနဲ့၊ ငါ့ကိုယုံ ဒီလူနှစ်ယောက်ကို ငါကိုင်တွယ်နိုင်ပါတယ်"
ကျိုးဟောက်ယွီမှ ဝေ့ရှီယု၏ ပုခုံးကို အသာအယာ ပုတ်ရင်း အားပေးလိုက်သည်။
"ဘယ်သူက နင့်အတွက် စိတ်ပူနေလို့လဲ၊ ဟွန့် လူကသာ သေးသေးလေးနဲ့ အပြောကတော့ ကြီးသားပဲ၊ သေချင်တယ်ဆိုလည်း နင့်သဘောပဲလေ"
ဝေ့ရှီယုမှ စိတ်ဆိုးမာန်ဆိုးဖြင့် ရန်တွေ့ကာ အခြားတစ်ဖက်သို့ လှည့်ထွက်သွားတော့သည်။ ကျိုးဟောက်ယွီ ထိုပုံစံကိုကြည့်ပြီး ပြုံးနေမိ၏။ သို့သော် သူမကို အာရုံစိုက်နေရန် အချိန်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထွားကျိုင်းသော လူကောင်ကြီးနှစ်ဦးထဲမှ တစ်ဦးမှာ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ အားနည်းသူကို နှစ်ယောက်ပေါင်း၍ မတိုက်လို၍လားမသိ၊ ကျန်တစ်ဦးမှာမူ ဝင်မတိုက်သေးဘဲ ဘေးမှသာ အကဲခတ်နေ၏။
"လာစမ်း"
ကျိုးဟောက်ယွီမှ ဟစ်ကြွေးလိုက်သည်။ သူသည် စိတ်စွမ်းအားကို စုစည်းကာ သိန်းငှက်မျက်လုံး ကို အသက်သွင်းလိုက်ရာ ရှေ့မှ ပြေးဝင်လာသော လူကောင်ကြီး၏ လှုပ်ရှားမှုများမှာ သူ့မျက်စိထဲတွင် နှေးကွေးသွားတော့၏။ ကျိုးဟောက်ယွီသည် ထိုသူ၏ တိုက်ခိုက်မှုကို ပါးနပ်စွာ ရှောင်တိမ်းလိုက်ပြီးနောက် ထိုသူ၏ မေးစေ့ဆီသို့ ပင့်လက်သီးဖြင့် အားပါပါ ထိုးနှက်လိုက်သည်။
"ဟက်၊ မင်းက အတော်လေး ပညာပါသားပဲ"
ကျန်းလုံမှ ရယ်မောရင်း ပြောလိုက်သည်။ သူ့တုံ့ပြန်မှုမှာလည်း လျင်မြန်လှရာ ကျိုးဟောက်ယွီ၏ လက်သီးကို လှမ်းဖမ်းကာ လှုပ်ရှားမရအောင် ချုပ်ကိုင်လိုက်၏။
"ခွန်အားကတော့ တကယ့်ကို ကြီးတာပဲ"
ကျိုးဟောက်ယွီ စိတ်ထဲမှ ချီးကျူးမိသွားသည်။ သူသည် တိုက်ခိုက်ရာတွင် သိန်းငှက်မျက်လုံး ကိုသာ အဓိက အားကိုးနေရခြင်းဖြစ်သည်။ လောင်ဇီ၏ဆေးလုံးကြောင့် သူ့ခွန်အားမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သော်လည်း ကျန်းလုံ၏ အားအင်နှင့် ယှဉ်လျှင်မူ အဝေးကြီး လိုနေသေး၏။ သူ့လက်မှာ ဖမ်းဆုပ်ခံထားရသဖြင့် ပြန်ရုန်း၍ မရနိုင်တော့ရာ ကျိုးဟောက်ယွီသည် လေထဲသို့ ခုန်တက်ကာ ပျံလွှားကန်ဖြင့် ကျန်းလုံ၏ ဝမ်းဗိုက်ဆီသို့ အားကုန် စောင့်ကန်လိုက်တော့မှ ကျန်းလုံသည် လက်ကို လွှတ်လိုက်ရတော့သည်။
"ကြည့်ရတာ ငါလည်း အစွမ်းကုန် မထုတ်ရင်တော့ မင်းကို နိုင်ဖို့ မလွယ်ဘူးပဲ"
ကျန်းလုံ သူ့လည်ပင်းကို တစ်ချက်နှစ်ချက် အသံမြည်အောင် လှည့်လိုက်ပြီးနောက် သူ့အမူအရာမှာ တည်ကြည်လေးနက်သွားတော့သည်။ သူ ပြေးလိုက်ရာ မြေပြင်မှ ဖုန်မှုန့်များပင် လွင့်စင်သွား၏။ ထို့နောက် ကျန်းလုံသည် ကျိုးဟောက်ယွီထံသို့ အတင်းဝင်တိုက်တော့သည်။ သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေသဖြင့် ဘေးမှကြည့်နေသူများအဖို့ ကျန်းလုံသည် ကျိုးဟောက်ယွီ၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားပြီး ဦးခေါင်းကို အားပါသော လက်သီးဖြင့် ထိုးနှက်လိုက်သကဲ့သို့ ထင်မှတ်ရသည်။ သို့သော် ခပ်သိမ်းသောအရာတို့ကို ဖောက်ထွင်းမြင်နိုင်သည့် စွမ်းအားရှိသော ကျိုးဟောက်ယွီအဖို့မူ ကျန်းလုံ၏ လှုပ်ရှားမှုများမှာ မည်မျှပင် လျင်မြန်ပါစေဦးတော့ အနှေးပြကွက်ဗီဒီယိုကဲ့သို့သာ မြင်နေရသည်။ ကျိုးဟောက်ယွီသည် ဝပ်ချလိုက်ကာ ထိုပြင်းထန်သော လက်သီးချက်ကို ရှောင်လိုက်ပြီးနောက် ကျန်းလုံ၏ ခြေထောက်များကို ခြေထိုးကန်ဖြင့် တုံ့ပြန်လိုက်၏။
“ဘုန်း"
ယခုတစ်ကြိမ်တွင်မူ ကျန်းလုံ မရှောင်နိုင်တော့ဘဲ သူတို့ခြေထောက်ချင်း ပြင်းထန်စွာ ရိုက်မိသွားကြသည်။ တိုက်စစ်ဆင်သူဖြစ်သည့် ကျိုးဟောက်ယွီမှာ အားသာချက်ရှိရမည် ဖြစ်သော်လည်း ကျန်းလုံ၏ အောက်ပိုင်းမှာ အလွန်ခိုင်မာလွန်းလှသဖြင့် ကျိုးဟောက်ယွီ၏ ပြင်းထန်သော ကန်ချက်ကြောင့် ကျန်းလုံ လဲကျမသွားခဲ့ပေ။
"မင်းရဲ့ အရှိန်က တကယ့်ကို မြန်တယ်၊ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ မင်းရဲ့ ခွန်အားက အရမ်းပျော့လွန်းနေတာပဲ"
ကျန်းလုံမှ ရိုးသားစွာပင် ချီးကျူးလိုက်သည်။ ထို့နောက် သူကျိုးဟောက်ယွီ၏ လက်မောင်းတစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ အဝေးသို့ အားဖြင့် လွှင့်ပစ်လိုက်တော့၏။ ကျိုးဟောက်ယွီတွင် အရာရာကို ဖောက်ထွင်းမြင်နိုင်သော စွမ်းအားရှိသော်လည်း အကွာအဝေး အလွန်နီးကပ်နေသဖြင့် အချိန်မီ မရှောင်နိုင်ခဲ့ပေ။
"ခွန်အားချင်းက အရမ်းကွာနေတာပဲ၊ ဒါကို ရင်ဆိုင်ရတာ တကယ်မလွယ်ဘူး"
ကျိုးဟောက်ယွီသည် လွှင့်ပစ်ခံရပြီးနောက် မြေပြင်ပေါ်တွင် ယိုင်တိယိုင်တိုင်ဖြင့် ပြန်ထရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ့အကွက်များမှာ မှန်ကန်လှသော်လည်း ကျန်းလုံ၏ ခွန်အားမှာ သူနှင့် တန်းတူသာဖြစ်ပါက ထိုအကွက်ဖြင့် ကျန်းလုံ လဲကျသွားမှာ သေချာ၏။
"လီဟူ၊ မင်းလည်း ဝင်တိုက်လေ၊ ငါ မင်းကို တစ်လ ယွမ်သုံးသောင်းပေးထားတာ ဘေးကရပ်ကြည့်ပြီး ပွဲကြည့်ဖို့ မဟုတ်ဘူး"
လုဟန်မှ အော်ဟစ်လိုက်သည်။ သူသည် ကျိုးဟောက်ယွီကို ကြည့်မရသည်မှာ ကြာပြီဖြစ်ရာ ကိုယ်ရံတော်နှစ်ဦးမှာ သူ့ကို မြေပြင်ပေါ် လှဲသိပ်ထားစေပြီးမှ သူကိုယ်တိုင် အားရပါးရ သွားကန်ကာ ဒေါသဖြေလိုခြင်းဖြစ်၏။
"ကောင်းပါပြီ"
လီဟူမှ စကားအများကြီး မပြောဘဲ လုဟန်၏ စကားအတိုင်း ကျန်းလုံနှင့် ပူးပေါင်းကာ ကျိုးဟောက်ယွီထံသို့ ဘယ်ညာညှပ်၍ ပြေးဝင်လာတော့သည်။
"တောက်၊ ဒါတော့ ဒုက္ခပဲ"
ကျိုးဟောက်ယွီမှ စိတ်ပျက်လက်ပျက် ရေရွတ်မိသည်။ တစ်ယောက်တည်းကိုပင် မနည်းရင်ဆိုင်နေရချိန်တွင် နှစ်ယောက်ပေါင်းလာသည်ကို သူ မည်သို့မျှ မကိုင်တွယ်နိုင်တော့ပေ။ ထို့ကြောင့် ကျိုးဟောက်ယွီသည် သူ၏ စူးရှသော အမြင်နှင့် လျင်မြန်သော လှုပ်ရှားမှုများကို အသုံးချကာ ထိုသူနှစ်ဦး၏ တိုက်ခိုက်မှုများကိုသာ တတ်နိုင်သမျှ ရှောင်တိမ်းနေရတော့သည်။ ပြန်လည်တိုက်ခိုက်ရန်မှာမူ သူလုံးဝ မစဉ်းစားနိုင်တော့ပေ။ ထိုသူတို့၏ ခုခံမှုကို မဖောက်နိုင်ရုံသာမက တန်ပြန်တိုက်ခိုက်ရန် ကြိုးစားပါက သူကိုယ်တိုင် အကွက်ချောင်းခံရနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ကျိုးဟောက်ယွီသည် ပါးနပ်စွာဖြင့် ရှောင်တိမ်းခြင်းကိုသာ ပြုလုပ်နေတော့၏။
"ဟားဟား၊ မင်း ငါ့ကို ထပ်ပြီး အံတုရဲသေးလား"
လုဟန်သည် ကျိုးဟောက်ယွီ၏ အားကိုးရာမဲ့နေသော အခြေအနေကို ကြည့်ပြီး ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ ဝေ့ရှီယုမှာမူ စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး လုဟန်ကို အော်ဟစ်တားမြစ်လိုက်၏။
"သူတို့ကို အခုချက်ချင်း ရပ်ခိုင်းလိုက်စမ်း၊ သူ ရှုံးသွားပြီပဲ ဆက်လုပ်နေလို့ ဘာထူးမှာလဲ"
"မင်းက သူ့အတွက် အဲဒီလောက်တောင် စိတ်ပူနေတာလား"
လုဟန်၏ မျက်လုံးများထဲတွင် မနာလိုဝန်တိုမှုများ ဝင်းခနဲ ပေါ်လာသည်။
"အရင်ဆုံး သူတို့ကို ရပ်ခိုင်းလိုက်"
ဝေ့ရှီယုမှ လုဟန်၏ မေးခွန်းကို ဂရုမစိုက်ဘဲ အသည်းအသန် အော်ဟစ်နေမိသည်။ သူမကိုယ်တိုင်လည်း ထိုမေးခွန်းကို မည်သို့ ဖြေရမည်မှန်း မသိသောကြောင့်ဖြစ်၏။
"ရပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒီနေ့တော့ သူ့ကို ပညာပေးမှ ဖြစ်မယ်"
လုဟန်မှ ဒေါသတကြီး ဟောက်လိုက်သည်။ ယနေ့ လူအများရှေ့တွင် ကျိုးဟောက်ယွီကို သတ်ပစ်၍ မရနိုင်သော်လည်း သူ့ခြေထောက်နှစ်ဖက်ကို ချိုးပစ်ရန်မှာမူ သူအသေအချာ ဆုံးဖြတ်ထားပြီးဖြစ်၏။
“ဘုန်း"
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဟိုဘက်မှ တိုက်ပွဲမှာ အရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။ ကျိုးဟောက်ယွီသည် အချိန်ကြာမြင့်စွာ ခုခံနေရသဖြင့် အားနည်းချက် ဖြစ်ပေါ်လာရာ လီဟူမှ အခွင့်ကောင်းယူ၍ သူ့ရင်ဘတ်ကို အားပါပါ ကန်လိုက်တော့၏။ ကျိုးဟောက်ယွီသည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး မီတာအနည်းငယ်အကွာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
"ဒီကောင် လီဟူ၊ အဟွတ် အဟွတ် အဲဒီကန်ချက်က တော်တော်နာတာပဲ"
ကျိုးဟောက်ယွီမှ ရင်ဘတ်ကို ဖိရင်း မနည်းထကာ ရယ်မောရင်း ပြောလိုက်သည်။ သူ နာကျင်နေသော်လည်း သူ့နှုတ်ခမ်းထက်မှ အပြုံးမှာမူ ပျောက်ကွယ်မသွားပေ။ ကျန်းလုံနှင့် လီဟူတို့မှာမူ ထိုအပြုံးကို မြင်လိုက်ရသောအခါ ကျောချမ်းသွားကြသည်။
"နင် အဆင်ပြေရဲ့လား"
ဝေ့ရှီယုမှ အော်ဟစ်ရင်း ကျိုးဟောက်ယွီ၏ အနားသို့ အမြန်ပြေးသွားကာ သူ့ပုခုံးကို ထိန်းမပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
"ဆက်မတိုက်ပါနဲ့တော့၊ ငါ့နောက်မှာပဲ ပုန်းနေလိုက်၊ သူတို့ ငါ့ကိုတော့ လက်ဖျားနဲ့တောင် တို့ရဲမှာ မဟုတ်ပါဘူး"
"မင်းနောက်မှာ ပုန်းရမယ် ဟုတ်လား"
ကျိုးဟောက်ယွီမှ ဝေ့ရှီယုကို ကြည့်လိုက်သည်။ သူမ စေတနာထားမှန်း သိသော်လည်း သူခေါင်းကို ခိုင်မာစွာ ခါယမ်းရင်း ငြင်းဆန်လိုက်၏။
"ငါက အရပ် ခြောက်ပေကျော်တဲ့ ယောင်္ကျားတစ်ယောက်ပဲ၊ မတ်တတ်ရပ်ရင်း အသေခံနိုင်ပေမဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာတော့ ဘယ်တော့မှ ပုန်းမနေဘူး"
"နင် ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ"
ဝေ့ရှီယုမှာ ငိုတော့မလိုပင် ဖြစ်နေရှာသည်။ ထိုမြင်ကွင်းကို အနီးအနားမှ မြင်လိုက်ရသော လုဟန်မှာ ဒေါသများ ချက်ချင်း ပေါက်ကွဲသွားတော့၏။ သူကျန်းလုံနှင့် လီဟူကို လက်ညှိုးထိုးပြကာ ဒေါသတကြီး ဟောက်လိုက်သည်။
"မင်းတို့နှစ်ယောက် သူ့ကို အပြတ်ရှင်းစမ်း၊ သူ့ခြေထောက်နှစ်ဖက်လုံးကို ချိုးပစ်လိုက်၊ ငါ မင်းတို့တစ်ယောက်ချင်းစီကို ဆုကြေး ယွမ်ငါးသောင်းစီ ထပ်ပေးမယ်"
ကျန်းလုံနှင့် လီဟူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လက်သီးများကို တင်းတင်းဆုပ်ကာ ကျိုးဟောက်ယွီထံသို့ ပြေးဝင်သွားကြတော့သည်။ ငွေကြေး၏ မြှူဆွယ်မှုအောက်တွင် သူတို့သည် ယခုတစ်ကြိမ်၌ အချိန်ဆွဲမနေတော့ဘဲ အမြန်ဆုံး အဆုံးသတ်ကာ ဆုကြေးငွေ ရယူရန်သာ ပြင်ဆင်လိုက်ကြတော့၏။