← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

116

"ဖယ်စမ်း"

ကျိုးဟောက်ယွီမှာ ဝေ့ရှီယုကို ဘေးသို့ တွန်းထုတ်လိုက်သည်။ ထိုလူနှစ်ဦးသည် ဝေ့ရှီယုကို ရန်ပြုမည်မဟုတ်မှန်း သူသိသော်လည်း အနီးကပ်ရှိနေပါက မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။

"မဖယ်နိုင်ဘူး"

ဝေ့ရှီယုက ပြန်ပြောရင်း ကျိုးဟောက်ယွီကို တားဆီးကာကွယ်ရန် အတင်းလှမ်းဖက်ဖို့ ကြိုးစားပြန်သည်။ သို့သော် ကျိုးဟောက်ယွီ၏ လှုပ်ရှားမှုများမှာ သူမထက် အဆပေါင်းများစွာ သွက်လက်လှရာ ဝေ့ရှီယု၏ လက်ထဲမှ လွတ်အောင် လှိမ့်၍ ရှောင်ထွက်သွားတော့၏။ သူသည် ခေါင်းမော့ကြည့်လိုက်ရာ ထိုလူကောင်ကြီးနှစ်ဦးမှာ သူ့ထံသို့ အရှိန်ဖြင့် ပြေးဝင်လာသည်ကို တွေ့ရသဖြင့် ဘေးဘက်သို့ အမြန်ပြေးထွက်လိုက်သည်။ သူသည် ထိုသူတို့ကို ကြောက်၍မဟုတ်ဘဲ ဝေ့ရှီယုနှင့် ဝေးရာသို့ သွားလို၍ဖြစ်၏။ သို့မှသာ သူသည် လက်ရည်ကို စိတ်ကြိုက် ထုတ်နိုင်မည် မဟုတ်ပါလား။

"စောစောကတော့ ဘဝင်မြင့်နေပြီး အခုကျတော့ ဘာလို့ ထွက်ပြေးနေတာလဲ"

မလှမ်းမကမ်းတွင် ရပ်နေသော လုဟန်မှာ လှောင်ပြောင်အော်ဟစ်လိုက်သည်။ ကျိုးဟောက်ယွီ သူ့ကို လှည့်ပင်မကြည့်ဘဲ အေးအေးလူလူပင် ပြန်ပြောလိုက်၏။

"မပူပါနဲ့၊ ငါ မင်းနဲ့ ကစားဖို့ ခဏနေရင် ပြန်လာခဲ့ပါ့မယ်"

သူသည် မိနစ်ဝက်ခန့် ပြေးပြီးနောက် ဝေ့ရှီယုနှင့် အတန်ငယ် ဝေးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် ချက်ချင်းပင် နောက်မှ ကပ်လိုက်လာသော လီဟူကို ကိုယ်ကိုလှည့်၍ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

"တောက်၊ ကောက်ကျစ်လှချည်လား"

လီဟူမှ ကျိန်ဆဲလိုက်သည်။ ကျိုးဟောက်ယွီ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် သူအငိုက်မိသွားကာ ရင်ဘတ်ကို လက်သီးဖြင့် အားပါပါ ထိမှန်သွား၏။ ကံကောင်းထောက်မစွာဖြင့် သူ့ကိုယ်လုံးမှာ ထွားကျိုင်းသန်မာလှသဖြင့် ထိုလက်သီးချက်မှာ သူ့အတွက် အပန်းမကြီးလှပေ။

"ဒါတော့ မဟုတ်သေးဘူး"

ကျိုးဟောက်ယွီ စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူသည် လက်သီးတစ်ချက် ထိုးပြီးသည်နှင့် အနောက်သို့ အမြန်ပြန်ဆုတ်ရင်း အကြံထုတ်နေမိ၏။

"ကြည့်ရတာ ရှစ်ဆယ့်ကိုးသွယ် အံ့ဖွယ်အတတ် ကိုပဲ စမ်းသုံးကြည့်ရတော့မယ်ထင်တယ်"

ကျိုးဟောက်ယွီသည် အကြံကုန်နေပြီဖြစ်သည်။ အမှန်စင်စစ် သူသည် ဤကျင့်စဉ်ကို စောစောစီးစီး မသုံးလိုခြင်းမဟုတ်ပေ။ သို့သော် ဤကျင့်စဉ်မှာ အသွင်ပြောင်းခြင်း အတတ်ပညာဖြစ်ပြီး သူကိုယ်တိုင်မှာလည်း တစ်ညမျှသာ ကျင့်ကြံထားရသေးသဖြင့် အပေါ်ယံမျှပင် မသိသေးသောကြောင့် ဖြစ်သည်။ ယခုမူ အကျပ်အတည်းနှင့် တွေ့နေရပြီဖြစ်ရာ မည်သို့ပင်ဖြစ်စေ စမ်းသပ်ကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့၏။

"ဒါကို ခံစားကြည့်စမ်း"

ကျိုးဟောက်ယွီမှ ဟစ်ကြွေးလိုက်ရင်း ကျန်းလုံ၏ ပျံလွှားကန်ချက်ကို ဦးစွာရှောင်လိုက်သည်။ ထို့နောက် လီဟူ၏ မျက်နှာဆီသို့ လက်သီးတစ်ချက်ကို ခပ်ပေါ့ပေါ့ပင် ဝေ့ယမ်းလိုက်တော့၏။

"ဟာ၊ ဒီမြွေကြီးက ဘယ်ကရောက်လာတာလဲ"

လီဟူ ထိတ်လန့်သွားသည်။ သူ့မျက်စိထဲတွင် ကျိုးဟောက်ယွီ ထိုးလိုက်သည်မှာ လက်သီးတစ်ချက်မဟုတ်ဘဲ လူ့လက်မောင်းခန့် တုတ်ခိုင်သော မြွေကြီးတစ်ကောင်မှာ သူ့မျက်နှာဆီသို့ အဟုန်ဖြင့် ပြေးဝင်လာသည်ဟု မြင်ယောင်သွားခြင်ဖြစ်၏။ လီဟူမှာ အသည်းအသန် ရှောင်တိမ်းလိုက်ရသည်။ ထို့နောက်မှ ထိုမြွေကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် ကြောင်အသွားစဉ်မှာပင် သူ့ပေါင်ကြားဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ကျိုးဟောက်ယွီက အခွင့်ကောင်းယူ၍ အားကုန် ကန်လိုက်ခြင်းပင်။

"အား"

လီဟူ၏ အသည်းခိုက်မတတ် အော်ဟစ်သံမှာ ဟိန်းထွက်သွားတော့သည်။ သူသည် မည်မျှပင် သန်မာထွားကျိုင်းပါစေဦးတော့ ခန္ဓာကိုယ်၏ အနုနယ်ဆုံးသော နေရာကို အားပါပါ အကန်ခံလိုက်ရသဖြင့် မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားတော့၏။ သူသည် ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး ပေါင်ကြားကို လက်ဖြင့်ဖိရင်း တုန်ရီနေရှာသည်။

"မင်း၊ ပေါင်ကြားကို ကန်တာက တော်တော်ရက်စက်တာပဲ"

ကျန်းလုံမှ ဒေါသတကြီး ဟောက်လိုက်သည်။

"မင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို ဝိုင်းတိုက်တာကျတော့ သိက္ခာရှိတယ်လို့ ခေါ်မလား"

ကျိုးဟောက်ယွီမှ နှာခေါင်းရှုံ့ရင်း လှောင်ပြောင်လိုက်သည်။

"ငါက မင်းတို့ရဲ့ ခြေထောက်တွေကို အချိုးခံလိုက်မှပဲ မရက်စက်ဘူးလို့ ခေါ်မှာလား"

"ဟင်း၊ မင်းနဲ့ စကားအများကြီး ပြောမနေတော့ဘူး၊ ဒီနေ့တော့ မင်း ပြန်ပေးဆပ်ရမယ်"

ကျန်းလုံ ဟစ်ကြွေးရင်း သူ့ခွန်အားအားလုံးကို စုစည်းကာ ကျိုးဟောက်ယွီ၏ နားထင်ဆီသို့ လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်တော့သည်။

"ပြန်ပေးဆပ်ရမယ် ဟုတ်လား၊ အဲဒါက မင်းနိုင်မှ ပြောရမယ့် စကားပါ"

ကျိုးဟောက်ယွီမှ အေးစက်စွာ ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ရှောင်တိမ်းခြင်းမပြုတော့ဘဲ လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်လိုက်၏။

"မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ"

ကျန်းလုံ၏ နှုတ်ခမ်းတွင် အထင်သေးသော အပြုံးတစ်ခု ပေါ်လာသည်။ ကျိုးဟောက်ယွီသာ အရင်လို ရှောင်တိမ်းနေပါက သူကိုင်တွယ်ရ ခက်နေဦးမည် ဖြစ်သော်လည်း ယခုကဲ့သို့ လက်သီးချင်း ယှဉ်ထိုးလာခြင်းမှာ သေတွင်းထဲသို့ သက်ဆင်းလာခြင်းပင် မဟုတ်ပါလား။ သို့သော် ထိုအပြုံးမှာ ကြာရှည်မခံလိုက်ပေ။ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် အစားထိုးခံလိုက်ရသည်။

"ဟမ် ကျားတစ်ကောင်ပါလား"

ကျန်းလုံသည် ထိတ်လန့်တကြား အော်ဟစ်ရင်း အနောက်သို့ အသည်းအသန် ပြန်ဆုတ်လိုက်ရာ ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သို့သော် သူသည် ထိုလဲကျမှုကို ဂရုမစိုက်နိုင်တော့ပေ။ သူ့မျက်စိထဲတွင် ကျိုးဟောက်ယွီ၏ လက်သီးမှာ တောင်ပေါ်မှ ဆင်းလာသော ကျားကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ပါးစပ်ကို အဟောင်းသားဖြင့် သူ့ကို အပိုင်းပိုင်း ဆွဲဖြတ်တော့မည့်အတိုင်း မြင်နေရသောကြောင့် ဖြစ်သည်။ ထိုကျားကြီးမှာ တကယ့်အစစ်ကဲ့သို့ အသက်ဝင်နေရုံသာမက ကျား၏ ပါးစပ်မှ ထွက်ပေါ်လာသော အနံ့ဆိုးများကိုပင် ကျန်းလုံမှ ပြတ်ပြတ်သားသား ရရှိနေသဖြင့် မည်သို့လျှင် မထိတ်လန့်ဘဲ နေနိုင်ပါမည်နည်း။

"ဟဲဟဲ"

ကျိုးဟောက်ယွီမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ရယ်မောလိုက်သည်။ ရှစ်ဆယ့်ကိုးသွယ် အံ့ဖွယ်အတတ်မှာ တကယ့်ကို နာမည်ကျော်ထိုက်ပေသည်။ သူသည် တစ်ညမျှသာ ကျင့်ကြံရသေးသော်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ အမှန်စင်စစ် သူ ပြောင်းလဲလိုက်သော သတ္တဝါမှာ အမြင်အာရုံကို လှည့်စားသော မှော်အတက်တစ်ခုသာ ဖြစ်ပြီး တကယ်တမ်း တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။ သို့သော် ထိုလှည့်ကွက်ဖြင့် ကျန်းလုံနှင့် လီဟူတို့ကို အကြီးအကျယ် ခြောက်လှန့်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်းလုံမှာ ထိတ်လန့်မှုကြောင့် ကြောင်အနေရာမှ မနိုးသေးစဉ်မှာပင် ကျိုးဟောက်ယွီမှာ ရှေ့သို့ လှမ်းတက်လိုက်ကာ သူ့ရင်ဘတ်ကို ခြေဖြင့်နင်းလိုက်ပြီးလှောင်လိုက်၏။

"ငါ့ကိုယ်ငါ အထင်ကြီးနေတာလား၊ အခုတော့ ဘယ်သူက အထင်ကြီးနေလဲဆိုတာ မင်းသိပြီ မဟုတ်လား"

"မင်း ခုနက ဘာအတတ်ကို သုံးလိုက်တာလဲ၊ မှော်ပညာလား"

ကျန်းလုံမှ ကြောင်စီစီဖြင့် မေးမိသည်။ သူ့စိတ်ထဲတွင် ကျားကြီး၏ ပုံရိပ်နှင့် အနံ့ဆိုးမှာ ယခုထက်တိုင် စွဲထင်နေဆဲဖြစ်သည်။

"ဒါ မှော်ပညာမဟုတ်လို့ ဘာဖြစ်ရမှာလဲ"

ကျိုးဟောက်ယွီမှ ရွဲ့ပြောလိုက်သည်။

"မင်းက တော်တော်စွမ်းတယ် ထင်နေတာ၊ ဒီလောက် လှည့်ကွက်လေးတစ်ခုနဲ့တင် မြေပေါ်လဲကျသွားတဲ့အထိ ကြောက်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး"

"ငါ ငါရှုံးပါပြီ"

ကျန်းလုံမှ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ သူသည် ခန္ဓာကိုယ်တွင် ဒဏ်ရာအနာတရ မရှိသဖြင့် ပြန်ထတိုက်၍ ရနိုင်သော်လည်း ကျိုးဟောက်ယွီ၏ ထူးဆန်းနက်နဲလှသော အတတ်ပညာများကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ပျက်စီးသွားပြီဖြစ်သည်။

ကျိုးဟောက်ယွီသည် ကျန်းလုံကို အရေးမလုပ်တော့ဘဲ လှည့်ကြည့်လိုက်ရာ အဝေးသို့ ထွက်ပြေးရန် ကြိုးစားနေသော လုဟန်ကို မြင်လိုက်ရ၏။

"ငါက မင်းကို သွားလို့ရပြီလို့ ပြောလို့လား"

ကျိုးဟောက်ယွီ အော်ဟစ်လိုက်ရင်း အနောက်မှ အမြန်လိုက်တော့သည်။ လုဟန်မှာ သူဌေးသားတစ်ဦး ဖြစ်သဖြင့် ကိုယ်ခံအား မကောင်းလှရာ မီတာနှစ်ရာခန့် ပြေးပြီးသည်နှင့် အသည်းအသန် မောဟိုက်လာတော့၏။ ကျိုးဟောက်ယွီမှာမူ မကြာခင်မှာပင် လုဟန်၏ အနောက်သို့ ကပ်လျက် ရောက်ရှိသွားတော့သည်။

All Chapters