← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

117

ကျိုးဟောက်ယွီ လုဟန်၏ ပုခုံးကို လှမ်းဆွဲလိုက်ပြီးနောက်ပြောင်လိုက်သည်။

“မင်းကပဲ ငါ့ခြေထောက်နှစ်ဖက်လုံးကို ချိုးပစ်မယ်လို့ ပြောခဲ့တာ မဟုတ်လား၊ အခုတော့ ငါ့ခြေထောက်တွေက ကောင်းကောင်းကြီး ရှိနေသေးပါလား၊ ဘာလို့ ထွက်ပြေးနေတာလဲ”

“ငါက နောက်တာပါ၊ ငါတို့တွေက သူငယ်ချင်းဟောင်းတွေပဲဟာ၊ အဲဒါကို အတည်ကြီး လိုက်မလုပ်ပါနဲ့”

လုဟန်မှ မျက်နှာပျက်ပျက်ဖြင့် တောင်းပန်တိုးလျှိုးလိုက်သည်။

“ဪ နောက်တာလား”

ကျိုးဟောက်ယွီမှ ပြုံးလိုက်ပြီး လုဟန်၏ ခြေသလုံးရိုးကို အားပါပါ ကန်ထည့်လိုက်တော့သည်။

“ကောင်းပြီလေ၊ ငါလည်း နောက်ရတာ ဝါသနာပါတာပဲ၊ မင်းနဲ့အတူ လိုက်နောက်ပေးရတာပေါ့”

ခြေသလုံးရိုး၏ အလယ်ဗဟိုမှာ အလွန်နုနယ်လှရာ ကျိုးဟောက်ယွီ၏ ကန်ချက်တစ်ချက်အောက်မှာပင် “ဂျွတ်စ်” ခနဲ အသံနှင့်အတူ လုဟန်၏ ဘယ်ဘက်ခြေထောက် ကျိုးသွားတော့သည်။

“အား"

လုဟန်၏ အသည်းခိုက်မတတ် အော်ဟစ်သံမှာ ပတ်ဝန်းကျင်တစ်ခုလုံး ဟိန်းထွက်သွားရာ နားထောင်ရသူအပေါင်း စိတ်မသက်မသာ ဖြစ်သွားကြရသည်။

“ဘာလို့ ဒီလောက် အကျယ်ကြီး အော်နေတာလဲ၊ ငါက မင်းကို နောက်နေတာပဲဟာ၊ ငါတို့တွေက သူငယ်ချင်းဟောင်းတွေပဲ၊ ငါနဲ့တွေ့လို့ ဒီလောက်တောင် ဝမ်းသာအားရ ဖြစ်နေစရာ မလိုပါဘူး”

ကျိုးဟောက်ယွီမှာ လုဟန်၏ ပါးကို အသာအယာပုတ်ရင်း ခပ်အေးအေးပင် သရော်လိုက်သည်။

“အစ်ကိုကြီး၊ ကျွန်တော် တော်တော်ခံစားနေရလို့ပါ၊ ကျေးဇူးပြုပြီး လွှတ်ပေးပါ၊ ကျွန်တော် အခုချက်ချင်း ဆရာဝန်ဆီ သွားရမှာမို့လို့ပါ”

“မလောပါနဲ့ဦး၊ မင်းက နောက်ရတာ ဝါသနာပါတာ မဟုတ်လာ၊ ငါကလည်း အလိုက်သိတတ်တဲ့သူဆိုတော့ မင်းကို လက်ဆောင်တစ်ခု ပြန်ပေးရမှာပေါ့၊ မင်းခြေထောက်နှစ်ဖက်လုံး ကျိုးသွားတဲ့အကြောင်း နောက်ပြောင်ရင်းနဲ့ပဲ ငါတို့တွေ သူငယ်ချင်းဆက်ဖြစ်ကြတာပေါ့”

ကျိုးဟောက်ယွီ၏ အပြုံးမှာ အလွန်နွေးထွေးလှသော်လည်း သူ့အပြုအမူမှာမူ တကယ့်ကို ရက်စက်လှပေသည်။

“ဂျွတ်စ်"

နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခုနှင့်အတူ လုဟန်၏ ကျန်ရှိသော ခြေသလုံးရိုးမှာလည်း ကျိုးပျက်သွားတော့သည်။

“အား ရှီး"

လုဟန်မှာ နာကျင်လွန်းသဖြင့် အသက်ရှူပင် မှားသွားရှာသည်။ သူ့မျက်စိထဲတွင် ပြုံးနေသော ကျိုးဟောက်ယွီ၏ မျက်နှာမှာ ငရဲပြည်မှ မိစ္ဆာတစ်ကောင်ထက်ပင် ပို၍ ထိတ်လန့်စရာ ကောင်းနေတော့၏။

“အစ်ကိုကြီး၊ ကျွန်တော် မှားပါပြီ တကယ်ကို မှားပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျွန်တော် အခုချက်ချင်း ဆေးရုံသွားဖို့ လိုနေပြီ၊ မဟုတ်ရင် ကျွန်တော့်ခြေထောက်တွေ မသန်စွမ်းဖြစ်သွားမှာ ကြောက်လို့ပါ”

လုဟန်မှ ငိုယိုကာ တောင်းပန်နေတော့သည်။ သူသည် တကယ့်ကို နောင်တရနေမိ၏။ သို့သော် ထိုနောင်တမှာ ကျိုးဟောက်ယွီကို ရန်စမိသည့်အတွက်မဟုတ်ဘဲ ကိုယ်ရံတော်များများစားစား မခေါ်လာခဲ့မိသည့်အတွက်သာဖြစ်သည်။

“မသန်စွမ်း ဖြစ်သွားမှာ ကြောက်တယ် ဟုတ်လား”

ကျိုးဟောက်ယွီမှ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ လုဟန်၏ စကားမှာ သူ့ကို သတိပေးလိုက်သလို ဖြစ်သွား၏။ နေ့ခင်းကြောင်တောင် လူအများရှေ့တွင် လုဟန်ကို သတ်ပစ်၍ မရနိုင်သော်လည်း လွန်ခဲ့သောတစ်ခေါက်က သူ့ကို အန္တရာယ်ပြုခဲ့သည့်အတွက် လက်စားချေရန်မှာမူ သူအကြံရှိပြီးသားဖြစ်သည်။ ကျိုးဟောက်ယွီသည် ငွေအပ်တစ်ချောင်းကို လက်ထဲတွင် လျှို့ဝှက်စွာ ကိုင်ဆောင်ထားပြီး ဘာမှမဖြစ်သလိုပုံစံဖြင့် လုဟန်၏ ခြေထောက်ကို အသာအယာ ပုတ်လိုက်ရင်း ပြောလိုက်သည်။

“ခြေထောက်ကျိုးသွားတယ်ဆိုပေမဲ့ ကွင်းထဲမှာ ပတ်ဖို့နဲ့ ခွေးလိုဟောင်ဖို့ကိုတော့ မတားဆီးနိုင်ပါဘူး၊ ဒါကြောင့် ရှက်မနေပါနဲ့ စလိုက်ရအောင်”

“အစ်ကိုကြီး၊ ကျွန်တော် အပြစ်ပေးခံရပြီးပြီပဲ၊ ခြေထောက်နှစ်ဖက်လုံး ကျိုးသွားတာက စောစောက အလောင်းအစားထက်တောင် ပိုပြင်းထန်နေပါပြီ၊ ဒါကြောင့် အဲဒါတွေကို ဆက်မလုပ်ခိုင်းပါနဲ့တော့၊ ကျွန်တော် ဆေးရုံပဲ အမြန်သွားပါရစေ၊ နောက်ကျသွားရင် ဒဏ်ရာက ပိုဆိုးသွားပါလိမ့်မယ်”

ကျိုးဟောက်ယွီမှ ရယ်မောလိုက်ပြီး လုဟန်၏ ပါးကို ရိုက်လျက် အေးစက်စွာ ပြောလိုက်သည်။

“မင်းကသာ ကတိမဖျက်ဘူးဆိုရင် ငါက ဘာလို့ မင်းခြေထောက်တွေကို ချိုးရမှာလဲ၊ အခုလည်း မင်းကတိဖျက်ချင်သေးရင် ဖျက်နိုင်ပါတယ်၊ ငါက ကိစ္စမရှိပါဘူး၊ မင်းရဲ့ လက်နှစ်ဖက်ကိုပါ ထပ်ချိုးပေးရုံပေါ့”

“မလုပ်ပါနဲ့ အစ်ကိုကြီး၊ ကျွန်တော် မှားမှန်းသိပါပြီ၊ အခုချက်ချင်း သွားပါ့မယ်”

လုဟန်မှာ တုန်တုန်ရင်ရင်ဖြင့် ငိုသံကို အမြန်ရပ်လိုက်ကာ မြေပြင်ပေါ်သို့ ဝပ်ချပြီး အားယူကာ ရှေ့သို့ တရွေ့ရွေ့ လှမ်းသွားတော့သည်။

“စကားတွေ များမနေနဲ့၊ ဟောင်စမ်း"

ကျိုးဟောက်ယွီမှ လုဟန်၏ တင်ပါးကို ခြေဖြင့်ကန်ကာ တိုက်တွန်းလိုက်သည်။

“ဝုတ် ဝုတ် ဝုတ်"

လုဟန်၏ မျက်နှာတွင် အရှက်ရမှုကြောင့် မျက်ရည်များ စီးကျလာတော့သည်။ မလှမ်းမကမ်းရှိ သိကျွမ်းသူ အများအပြား၏ ရှေ့မှောက်တွင် သူသည် အရှက်တကွဲ အကျိုးနည်း ဖြစ်နေရပြီဖြစ်၏။ လူအများစုမှာ လုဟန်၏ သနားစဖွယ် အခြေအနေကို ကြည့်ကာ ဝိုင်းဝန်း လှောင်ပြောင်နေကြသော်လည်း လုဟန်၏ သူငယ်ချင်း ယန်ထျန်းရှင်းမှာမူ ကြည့်မနေနိုင်တော့ပေ။ သူသည် မျက်မှောင်ကြုတ်လျက် လုဟန်၏ အနားသို့ အမြန်လျှောက်လာပြီးဆိုကာ တွဲထူပေးလိုက်သည်။

“ကဲ မြန်မြန်ထ၊ ဒီလိုမျိုးကြီး မလုပ်ပါနဲ့”

“ငါ ငါ"

လုဟန်မှာ ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ ရောပြွမ်းနေရှာသည်။ အမှန်စင်စစ် သူလည်း ဤကဲ့သို့ မဖြစ်လိုသော်လည်း ကျိုးဟောက်ယွီ၏ အေးစက်လှသော အကြည့်များကို ပြန်မြင်လိုက်ရသောအခါ ကိုယ်ခန္ဓာမှာ တုန်ရီသွားပြီး မတ်တတ်မရပ်ရဲတော့ပေ။ ထိုမြင်ကွင်းကိုကြည့်ပြီး ယန်ထျန်းရှင်းမှာ လုဟန်ကို ဂရုမစိုက်တော့ဘဲ ကျိုးဟောက်ယွီထံသို့ လျှောက်လာကာ ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။

“မင်းလုပ်နေတာက တော်တော်လေး စော်ကားရာ ရောက်နေပြီ၊ တော်သင့်တဲ့အချိန်မှာ ရပ်လိုက်ဖို့ ငါ အကြံပေးချင်တယ်၊ မဟုတ်ရင် မင်း နောက်မှ နောင်တရနေရလိမ့်မယ်”

“သူက နောက်မှ ပြဿနာရှာဦးမှာလား”

ကျိုးဟောက်ယွီမှ ရယ်မောရင်း ပြန်လည် ချေပလိုက်သည်။

“ငါကလည်း နောက်မှ ပြဿနာရှာဦးမှာပဲ”

ကျိုးဟောက်ယွီသည် လုဟန်ကို အသည်းထဲအထိ နာကျည်းနေသူဖြစ်ရာ ဤမျှလွယ်လွယ်နှင့် လွှတ်ပေးရန် အကြောင်းမရှိပေ။

“မင်းက တော်တော်လေး ဘဝင်မြင့်နေတာပဲ၊ မင်း ဘယ်လိုသေမလဲဆိုတာ ငါ ခုကတည်းက မြင်နေရပြီ”

ယန်ထျန်းရှင်းမှ မျက်မှောင်ကြုတ်ကာ ခြိမ်းခြောက်လိုက်သည်။

“ငါ ဘယ်လိုသေမလဲဆိုတာ မြင်ရတယ် ဟုတ်လား၊ မင်းက ဗေဒင်ဆရာလား”

ကျိုးဟောက်ယွီ နှာခေါင်းရှုံ့ရင်း အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ငါ အမုန်းဆုံး လူစားမျိုးက မင်းလို ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတဲ့လူပဲ”

“စောင့်ကြည့်နေလိုက်၊ မင်းအလှည့် ရောက်လာမှာပါ”

ယန်ထျန်းရှင်းမှ ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။ လုဟန်၏ ကိစ္စကိုလည်း သူ ဆက်ပြီး ဂရုမစိုက်တော့ဘဲ လူမမြင်သည့်နေရာသို့ သွားကာ တစ်စုံတစ်ဦးထံသို့ ဖုန်းဆက်၍ အကူအညီ တောင်းနေတော့၏။ ကျိုးဟောက်ယွီမှာမူ ယန်ထျန်းရှင်းကို ဂရုမစိုက်ဘဲ လုဟန်ကိုသာ အာရုံစိုက်ထားသည်။

“မြန်မြန်သွားစမ်း၊ ဆေးရုံသွားချင်တယ် ဆိုတာ မဟုတ်ဘူးလား၊ ဒီအရှိန်နဲ့ဆိုရင် မင်း ပတ်သွားပြီးတဲ့အချိန်မှာ ခြေထောက်တွေက အသုံးမရတော့တဲ့အထိ ဖြစ်သွားလိမ့်မယ်”

လုဟန်၏ တင်ပါးကို ထပ်မံ ကန်လိုက်ပြန်သည်။

“အစ်ကိုကြီး၊ ကျွန်တော့်ခြေထောက်တွေ ကျိုးနေတာပါ၊ တကယ်ကို မြန်မြန်မသွားနိုင်လို့ပါ"

လုဟန်မှ ရှိုက်ကြီးတငင် ငိုယိုနေတော့သည်။ သူ့တစ်သက်တာတွင် စည်းစိမ်ချမ်းသာများကြားမှာ ကြီးပြင်းလာခဲ့ရပြီး ယခုကဲ့သို့ အရှက်တကွဲ အကျိုးနည်းဖြစ်မှုမျိုးကို တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ဝေ့ရှီယုမှာ ကျိုးဟောက်ယွီ၏ ဘေးသို့ လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

“နင်သူ့ကို ပညာပေးပြီးပြီပဲ၊ ငါတို့တွေ အမြန်ထွက်သွားကြရအောင်၊ ဒီနေရာမှာနေရတာ တစ်ခုခု မလုံခြုံသလို ခံစားနေရလို့ပါ”

“ငါက သူ့ကို ရိုက်တာပဲ၊ မင်းနဲ့ ဘာမှမဆိုင်ပါဘူး၊ ဘာကို ကြောက်နေတာလဲ”

ကျိုးဟောက်ယွီမှ ပြန်ပြောလိုက်သည်။ ဝေ့ရှီယုမှာ စိတ်တိုသွားရှာ၏။ သူမကိုယ်တိုင် ကြောက်နေခြင်းမဟုတ်ဘဲ ကျိုးဟောက်ယွီအတွက် စိုးရိမ်နေခြင်း ဖြစ်သော်လည်း ထိုစကားကို ထုတ်ပြောရန် ခက်ခဲနေသဖြင့် ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အမြန်ထွက်သွားရအောင်ပါ၊ နင့်ရဲ့ သေနတ်ပစ်စွမ်းရည်က တော်တော်ကောင်းတာပဲ၊ ငါလည်း နင့်ကို မပြိုင်ချင်တော့ဘူး၊ ဒီမှာ ဆက်နေနေလည်း ဘာထူးမှာလဲ”

“ဝုတ် ဝုတ် ဝုတ်"

လုဟန်၏ သနားစဖွယ် ဟောင်သံများမှာ အဝေးမှ အဆက်မပြတ် ထွက်ပေါ်နေသည်။ ကျိုးဟောက်ယွီသည် ထိုအသံကိုကြားရသဖြင့် အလွန်ကျေနပ်သွားကာ ဝေ့ရှီယုကို ကြည့်ပြီး ပြောလိုက်၏။

“မင်းအရင် ပြန်နှင့်လေ၊ ငါကတော့ သူ ကွင်းတစ်ပတ်ပြည့်အောင် သွားတာကို ကြည့်ပြီးမှ ပြန်မယ်”

All Chapters