← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

119

"အဆင်မပြေစရာ ဘာရှိလို့လဲ"

ကျိုးဟောက်ယွီမှ ဘာမှမဟုတ်သလိုပုံစံနဲ့ ပြန်ပြောလိုက်သည်။

"ငါတို့တွေ ဘယ်ခေတ်ကြီးထဲ ရောက်နေပြီလဲ၊ အများသုံး ရေကူးကန်တွေမှာ ယောင်္ကျားလေးရော မိန်းကလေးရော အများကြီးပဲဟာ၊ ဘယ်သူမှလည်း အဆင်မပြေဘူးလို့ ပြောတာ မကြားမိပါဘူး"

"ငါက အဆင်မပြေဘူးလို့ ထင်လို့ အများသုံး ရေကူးကန်ကို မသွားတာပေါ့၊ ဘာပဲဖြစ်ဖြစ် နင့်ကို အင်္ကျီချွတ်ခွင့် မပြုနိုင်ဘူး၊ ဒီမှာရပ်ပြီးတော့လည်း ချောင်းကြည့်လို့ မရဘူး"

ဝေ့ရှီယု ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ချောင်းကြည့်ရမယ် ဟုတ်လား၊ ငါက မင်းကို အဲဒီလောက်တောင် ကြည့်ချင်နေတယ်လို့ ထင်နေတာလား"

ကျိုးဟောက်ယွီ နှာခေါင်းရှုံ့ရင်း ကားပေါ်သို့ ပြန်တက်လိုက်ကာ ပြောလိုက်သည်။

"မင်းက ငါ့ကို ရေမကူးစေချင်ရင်လည်း တည့်တည့်ပြောလိုက်ပါ၊ ငါက အားနေတဲ့သူ မဟုတ်ဘူး၊ မင်းတို့နဲ့ လိုက်ရအောင်လည်း အရှက်မရှိ အတင်းကပ်နေမယ့်သူ မဟုတ်ဘူး"

"ဟေး မသွားပါနဲ့ဦး"

ကျိုးဟောက်ယွီ တကယ်ထွက်သွားတော့မည်ကို မြင်သောအခါ ဝေ့ရှီယုမှ အနားသို့ အပြေးအလွှား လာပြီး ဆွဲထားရှာသည်။

"ရေကူးပြီးရင် ငါတို့တွေ ဘိုလင်း သွားကစားကြမှာလေ၊ အဲဒီကျရင် လိုက်ခဲ့လို့ ရတာပဲ"

"မလိုက်တော့ဘူး စိတ်မဝင်စားဘူး၊ ဖယ်ဦး မင်းကို တိုက်မိသွားဦးမယ်"

ကျိုးဟောက်ယွီမှ ကားပြတင်းပေါက်မှ လက်ဝေ့ယမ်းပြရင်း ဝေ့ရှီယုကို အဝေးသို့ ဖယ်ခိုင်းလိုက်သည်။

"ဟွန့်"

ဝေ့ရှီယုလည်း ဒေါသထွက်သွားပြီး ငေါ့ကာ ပြောလိုက်တော့သည်။

"သွားချင်ရင်လည်း သွားတော့၊ နင်က ဘာမှတ်နေလဲ၊ ငါကပဲ တောင်းပန်နေရသလိုလိုနဲ့"

"ဒါဆိုလည်း နှုတ်ဆက်ခဲ့ပါတယ်"

ကျိုးဟောက်ယွီမှ ရယ်မောရင်း ကားကို ချက်ချင်းပင် အရှိန်ဖြင့် မောင်းထွက်သွားတော့သည်။ ဝေ့ရှီယုသည် ကျိုးဟောက်ယွီ၏ ကားလေး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေပြီးမှ မြေပြင်ကို ခြေဆောင့်ကာ တိုးတိုးလေး ကျိန်ဆဲနေမိ၏။

"သွား သွားတော့၊ ဝေးဝေးကို သွားလိုက်၊ နင့်ကို နောက်တစ်ခါ ဘယ်တော့မှ မတွေ့ချင်တော့ဘူး"

"ဟဲဟဲ၊ နင့်ကို ဘယ်သူက အပိုတွေ လုပ်ခိုင်းလို့လဲ၊ ရေကူးဝတ်စုံနဲ့ ကြည့်တာတောင် အကြည့်မခံနိုင်ဘူးတဲ့လေ၊ ငါသာဆိုရင်လည်း စိတ်ဆိုးမှာပဲ"

ကျန်းရှောင်ဟွာမှ ရယ်မောရင်း နောက်ပြောင်လိုက်သည်။

"နင်က အပိုတွေ မလုပ်ဘူးဆိုရင်လည်း သူ့ကို ပြလိုက်လေ"

ဝေ့ရှီယု စိတ်ပျက်လက်ပျက် ပြောရင်း ကျန်းရှောင်ဟွာ၏ ကားပေါ်သို့ တက်လိုက်ကာ အမိန့်ပေးလိုက်သည်။

"ငါ့ကို အိမ်ပဲ အမြန်ပြန်ပို့ပေးတော့"

"ဘာလို့လဲ၊ ရေမကူးတော့ဘူးလား"

ကျန်းရှောင်ဟွာမှ ကြောင်စီစီဖြင့် မေးမိသည်။

"စိတ်ရှုပ်ဖို့ကောင်းလိုက်တာ၊ ဘာလို့ ကူးရမှာလဲ အိမ်ပြန်ပြီး အိပ်တော့မယ်"

ဝေ့ရှီယုမှ ထိုင်ခုံကို မှီချလိုက်ရင်း ဒေါသတကြီး ပြောလိုက်တော့သည်။ ကျိုးဟောက်ယွီသည် ထွက်လာပြီးနောက် သူ့ဖုန်းထဲမှ ဒီဒီ စနစ်ကို ဖွင့်ကာ အငှားယာဉ်မောင်းအဖြစ် အလုပ်စတင်လိုက်၏။ နှစ်မိနစ်ပင် မကြာလိုက်ဘဲ အော်ဒါတစ်ခု တက်လာတော့သည်။

“တီ"

ကျိုးဟောက်ယွီ ဖုန်းကို ကြည့်လိုက်ရာ ခရီးသည်အမည်မှာ "ပဉ္စမမြောက် နတ်သမီး" ဟု ပေါ်နေသည်။

"ခုနစ်ဖော် နတ်သမီးအကြောင်းတော့ ကြားဖူးပါတယ်၊ ဒါကဘာလဲ ပဉ္စမမြောက် နတ်သမီးတဲ့လား၊ ခုနစ်ဖော် နတ်သမီးရဲ့ အစ်မများလား"

ကျိုးဟောက်ယွီမှ တစ်ယောက်တည်း ရေရွတ်ရင်း ခရီးသည်ရှိရာသို့ မောင်းထွက်လာခဲ့သည်။ ခရီးစဉ်အဆုံးသို့ ရောက်သောအခါ လမ်းဘေးတွင် ရပ်နေသော ကျော့ရှင်းလှပသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသဖြင့် ကျိုးဟောက်ယွီ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။ ကောင်းကင်ပြာရောင် ဂါဝန်ရှည်ကို ဆင်မြန်းထားသော ထိုအလှပဂေးလေးမှာ အဝေးတစ်နေရာသို့ ငေးမောရင်း အေးအေးလူလူ ရပ်နေခြင်းပင်။

"ဟိုင်း၊ ပဉ္စမမြောက် နတ်သမီးလားခင်ဗျာ၊ ကားပေါ် တက်ပါဦး"

ကျိုးဟောက်ယွီမှ လှမ်းခေါ်လိုက်သည်။ နတ်သမီးလေး လှည့်ကြည့်လိုက်ပြီး ကျိုးဟောက်ယွီကို ပြုံးပြရင်း ပြောလိုက်၏။

"ရှင်က ကျွန်မကို လာကြိုတဲ့သူပေါ့၊ ရှင့်ရဲ့ ကားလေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ"

"တစ်ခါမှ မစီးဖူးဘူး မဟုတ်လား၊ တက်ခဲ့လေ အတွေ့အကြုံသစ်ပေါ့"

ကျိုးဟောက်ယွီမှ ပြုံးပြလိုက်သည်။

"ဒါပေမဲ့၊ ဘယ်လို ဝင်ရမလဲ မသိဘူး ဖြစ်နေတယ်"

နတ်သမီးလေးမှ တံခါးပိတ်ထားသော ကားကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးရှာသည်။

"ဪ ခဏလေးနော်၊ ကျွန်တော် ဖွင့်ပေးပါ့မယ်"

ကျိုးဟောက်ယွီမှ ကားပေါ်မှ အမြန်ဆင်းကာ နောက်ဖုံးတံခါးကို ဖွင့်ပေးရင်း ဖိတ်ခေါ်လိုက်သည်။

"ကြွပါ"

နတ်သမီးလေးသည် သူမ၏ ဂါဝန်လေးကို အသာအယာ ဖိလိုက်ရင်း နောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။ ကျိုးဟောက်ယွီ တံခါးကို အသာအယာ ပိတ်ပေးပြီးနောက် ကားမောင်းသူနေရာတွင် ပြန်ထိုင်ကာ ရယ်မောရင်း မေးလိုက်၏။

"နတ်သမီးလေးက လူ့ပြည်ကို တစ်ယောက်တည်း ဆင်းလာတာလား၊ ဘယ်ကို သွားချင်လို့လဲ"

"ဘယ်သွားရမှန်း ကျွန်မလည်း မသိဘူး၊ ဒီအတိုင်းပဲ လျှောက်ပို့ပေးပါ"

နတ်သမီးလေးမှ တိုးတိုးလေး ဖြေရှာသည်။

"ဒါဆိုရင် ကုန်တိုက်ကြီးတစ်ခုဆီ လိုက်ပို့ပေးမယ်လေ၊ အဲဒီနေရာက လူ့ပြည်မှာ စည်ကားဆုံး နေရာတွေထဲက တစ်ခုပဲ၊ ဘယ်လိုလဲ"

"ရှင့်သဘောပါပဲ"

နတ်သမီးလေးမှ ခေါင်းညိတ် သဘောတူလိုက်သည်။ သူမသည် လူ့လောကအကြောင်း နားမလည်သဖြင့် ဘာမှ ထပ်မပြောတော့ပေ။ ကျိုးဟောက်ယွီသည် သူမကို အနီးဆုံး ကုန်တိုက်ကြီးဆီသို့ ခေါ်ဆောင်သွားပြီး နှစ်ဦးသား ဘေးချင်းယှဉ်လျက် လမ်းလျှောက်ခဲ့ကြသည်။ စကားလေးတပြောပြောနှင့် သူတို့သည် တဖြည်းဖြည်း ရင်းနှီးလာကြ၏။

"ကျွန်တော် သိချင်လို့ပါ၊ မင်းရဲ့ညီမ ခုနစ်ဖော် နတ်သမီးနဲ့ တုန်းယုံတို့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ"

ကျိုးဟောက်ယွီမှ မနေနိုင်ဘဲ မေးမိသည်။

"ဘာဖြစ်ရမှာလဲ၊ တုန်းယုံ သေဆုံးသွားတာ နှစ်ပေါင်း နှစ်ထောင်တောင် ရှိပါပြီ၊ ညီမလေး ခုနစ်ကတော့ အခုထိ အချုပ်အနှောင်ခံထားရတုန်း၊ လွတ်လပ်ခွင့် မရသေးဘူး"

နတ်သမီးလေးမှ ဝမ်းနည်းစွာ ပြောလိုက်သည်။

"သေသွားတာ နှစ်ပေါင်း နှစ်ထောင်"

ကျိုးဟောက်ယွီ အံ့ဩသွားသည်။ သို့သော် ပြန်စဉ်းစားကြည့်လိုက်သောအခါ တုန်းယုံမှာ သာမန်လူသားတစ်ဦးသာဖြစ်ရာ သက်တမ်းမှာ ကန့်သတ်ချက် ရှိနေမည်သာ။ နတ်သမီးတစ်ပါးနှင့် ချစ်ကြိုက်မိခြင်းမှာ မကောင်းသော နိဂုံးနှင့်သာ ကြုံရမည်ဖြစ်ကြောင်း သူနားလည်လိုက်သည်။

"ဒါကို ဘာလို့ မေးတာလဲ၊ ရှင်လည်း ကြိုက်နေတဲ့ နတ်သမီး ရှိလို့လား"

နတ်သမီးလေးမှာ ပြန်မေးရင်း လေးနက်စွာ သတိပေးလိုက်သည်။

"တကယ်လို့ ရှိတယ်ဆိုရင်တော့ အမြန်ဆုံး စွန့်လွှတ်လိုက်ဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ်ရော တခြားသူကိုပါ ထိခိုက်စေလိမ့်မယ်"

"ကျွန်တော်ကတော့ လက်မလျှော့နိုင်ဘူး"

ကျိုးဟောက်ယွီမှ စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူသည် သာမန်လူသားတစ်ဦး ဖြစ်နေသေးသော်လည်း ချန်အယ်အတွက် သူ ကြိုးစား ကျင့်ကြံသွားမည်ဖြစ်၏။ ရှစ်ဆယ့်ကိုးသွယ် အံ့ဖွယ်အတတ်ကို ကျွမ်းကျင်သွားပါက သူ့သက်တမ်းမှာ နှစ်တစ်ရာမျှနှင့် ကုန်ဆုံးသွားမည် မဟုတ်တော့ပေ။ ထိုစဉ်မှာပင် အနီးအနားမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"အဘိုး အဘိုး၊ ဘာဖြစ်တာလဲဟင်"

ကျိုးဟောက်ယွီ လှည့်ကြည့်လိုက်ရာ အသက် ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့်ရှိသော အဘိုးအိုတစ်ဦး မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။ ဘေးတွင် ရှစ်နှစ်၊ ကိုးနှစ်ခန့်ရှိသော ကောင်လေးတစ်ဦးမှာ အဘိုးအို၏ ကိုယ်ကို အတင်းလှုပ်ယမ်းရင်း ပျာပျာသလဲ အော်ဟစ်နေရှာ၏။

"မလှုပ်နဲ့"

ကျိုးဟောက်ယွီမှ အော်ဟစ်တားမြစ်ရင်း အနားသို့ အမြန်ပြေးသွားလိုက်သည်။

"ခင်ဗျားက ဆရာဝန်လား"

ချူကျင်းဖုန်း အမည်ရှိသော ထိုကောင်လေးမှာ ကျိုးဟောက်ယွီကို ဆရာဝန်ဟု ထင်မှတ်ကာ မေးလိုက်သည်။

"ဟုတ်တယ် ငါကဆရာဝန်ပဲ၊ သူ့ကို မလှုပ်နဲ့ အခြေအနေ ပိုဆိုးသွားလိမ့်မယ်၊ အနောက်ကို ခဏဆုတ်ပေးပါ ငါကြည့်ပေးမယ်"

ကျိုးဟောက်ယွီမှ မလွှဲမရှောင်သာ လိမ်ပြောလိုက်ရသည်။ ဆရာဝန်ဟု မပြောပါက ထိုကောင်လေးမှာ သူ့ကို ယုံကြည်မည်မဟုတ်သောကြောင့်ဖြစ်၏။ လူတစ်ယောက်ကို ကယ်တင်ရန်အတွက် သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

"ဒါဆိုရင် ကျွန်တော့်အဘိုးကို မြန်မြန် ကြည့်ပေးပါဦး၊ ကျေးဇူးပြုပြီး သူ့ကို နိုးလာအောင် လုပ်ပေးပါ"

ကောင်လေးမှ တောင်းပန်ရှာသည်။

"ငါ အရင်ကြည့်ပါရစေဦး"

ကျိုးဟောက်ယွီ အာမခံချက် မပေးရဲပေ။ သူသည် နတ်ဘုရား မဟုတ်သောကြောင့် လူတစ်ယောက်ကို နိုးလာအောင် သေချာပေါက် လုပ်ပေးနိုင်မည်ဟု မည်သို့ ပြောနိုင်ပါမည်နည်း။ သူသည် အဘိုးအို၏ လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်လိုက်ရာ ရောဂါအခြေအနေကို ချက်ချင်းပင် နားလည်သွား၏။ သူ့အဝတ်ထဲမှ ငွေအပ်များကို ထုတ်ယူလိုက်ပြီး ကျွမ်းကျင်စွာ အသုံးပြုလိုက်တော့သည်။

"ကောင်းကင်ကိုးသွယ် အသက်ဆက်အပ်စိုက်နည်း"

အပ်တစ်ချောင်းချင်းစီမှာ သာမန်အတိုင်း ထင်ရသော်လည်း တစ်မိနစ်ခန့်အကြာ နောက်ဆုံးတစ်ချောင်းကို စိုက်လိုက်သောအခါ အဘိုးအို၏ ကိုယ်ပေါ်ရှိ အပ်များအားလုံးမှာ တစ်ပြိုင်နက်တည်း တုန်ခါသွားတော့သည်။

“ဝီ ဝီ"

အပ်ပေါင်း သုံးဆယ့်ခြောက်ချောင်းမှာ တစ်ချိန်တည်းမှာပင် ထူးဆန်းသော အသံများကို မြည်ဟီး ထွက်ပေါ်စေတော့သည်။

All Chapters