အခန်း ၁၂၀
Vol. 12 Ch. 120
120
ငွေအပ်တစ်ချောင်းချင်းစီမှ ထွက်ပေါ်လာသော အသံမှာ အလွန်တိုးညင်းသော်လည်း အပ်များအားလုံး တစ်ပြိုင်နက်တည်း တုန်ခါနေချိန်တွင်မူ ထိုအသံမှာ ရှင်းလင်းစွာ ကြားနေရသည်။
"ဟင်း"
အဘိုးအိုမှ ညည်းတွားသံသဲ့သဲ့ပြုရင်း မျက်တောင်လေးများ လှုပ်ခတ်လာကာ သတိပြန်လည်လာတော့သည်။
"အဘိုး အဘိုး၊ သတိရလာပြီလားဟင်"
ချူကျင်းဖုန်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီး မြေပြင်ပေါ်တွင် လဲနေသော အဘိုးဖြစ်သူကို ထူမရန် အမြန်လက်လှမ်းလိုက်သည်။ သို့သော် ကျိုးဟောက်ယွီမှ ချူကျင်းဖုန်းကို အမြန်တားလိုက်ပြီး သတိပေးလိုက်၏။
"နေဦး၊ သူ့ကို သွားမကိုင်နဲ့ဦး"
"ဪ ဟုတ်ကဲ့၊ စိတ်မရှိပါနဲ့ ကျွန်တော် ဝမ်းသာလွန်းလို့ပါ"
ကောင်လေးမှ အားနာတကြီး ပြန်ပြောရှာသည်။ သတိရလာသော ချူကျန့်ကျွင်းသည် ရှေ့မှ အခြေအနေကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်၏။
"ဘာတွေဖြစ်ကုန်တာလဲ၊ ငါ သတိလစ်သွားတာလား"
"ဟုတ်တယ် အဘိုး၊ ခုနက အဘိုး ရုတ်တရက်ကြီး လဲကျသွားတာ၊ ကျွန်တော့်မှာ ထိတ်လန့်သွားတာပဲ၊ တော်သေးတာပေါ့ ဘေးက အစ်ကိုက အဘိုးကို ကယ်ပေးလို့၊ မဟုတ်ရင် ဘာဆက်ဖြစ်မလဲဆိုတာ ကျွန်တော် မတွေးရဲတော့ဘူး"
ချူကျင်းဖုန်းမှ ရှင်းပြလိုက်သည်။
"ငြိမ်ငြိမ်လေး လဲနေပါ၊ မလှုပ်နဲ့ဦး စကားလည်း မပြောနဲ့ဦး၊ ကျွန်တော် အလုပ်ပြီးတဲ့အထိ စောင့်ပါ"
ကျိုးဟောက်ယွီမှ အေးစက်စွာ ပြောလိုက်သည်။
"ဪ ကောင်းပါပြီ၊ ဒုက္ခပေးမိတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထိုစကားကို ကြားသောအခါ ချူကျန့်ကျွင်းသည် နောက်ထပ် စကားတစ်ခွန်းမျှ မဟတော့ဘဲ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေတော့သည်။ ကျိုးဟောက်ယွီသည် အသက်ကို အောင့်ထားပြီး အပ်များကို အမြန်ပြန်လည် နုတ်ယူတော့၏။ ဤလုပ်ငန်းစဉ်မှာ အပ်စိုက်ခြင်းထက်ပင် မလွယ်ကူလှပေ။ အကယ်၍ မတော်တဆ မှားယွင်းသွားပါက အဘိုးအို၏ ကိုယ်ခန္ဓာတွင် ခန့်မှန်း၍မရသော ထိခိုက်ဒဏ်ရာများ ကျန်ရစ်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျိုးဟောက်ယွီသည် အစွမ်းကုန် အာရုံစိုက်နေရ၏။ နောက်ထပ် တစ်မိနစ်ခန့် ကုန်ဆုံးသွားပြီးနောက် ငွေအပ်အားလုံးကို ပြန်လည် သိမ်းဆည်းလိုက်သောအခါ ကျိုးဟောက်ယွီ၏ နဖူးပေါ်တွင် ချွေးစက်လေးများ စို့နေတော့သည်။
"ပြီးပါပြီ"
ကျိုးဟောက်ယွီမှ တိုးတိုးလေးပြောရင်း နဖူးမှချွေးကို ခပ်ပေါ့ပေါ့ပင် သုတ်လိုက်ကာ ထွက်သွားရန် ထရပ်လိုက်သည်။
"လူငယ်လေး ခဏနေဦးပါဦး၊ မင်းက ငါ့ကို ကယ်တင်ခဲ့တဲ့သူပဲ၊ ဒါပေမဲ့ မင်းရဲ့ နာမည်ကိုတောင် ငါ မသိရသေးဘူး"
ချူကျန့်ကျွင်းမှ လှမ်းမေးလိုက်သည်။
"ဒါက မတော်တဆ ကူညီလိုက်တာပါပဲ၊ အသေးအဖွဲကိစ္စတွေကို ဘာလို့ အရေးလုပ်နေမှာလဲ"
ကျိုးဟောက်ယွီမှ ရယ်မောရင်း ခြေလှမ်းကို မရပ်ဘဲ နတ်သမီးလေးကို လှမ်းခေါ်ကာ အတူတူ ထွက်လာခဲ့တော့သည်။
"ဒါက တကယ့် ပညာရှင်ပဲ"
ချူကျန့်ကျွင်းသည် ကျိုးဟောက်ယွီ၏ ကျောပြင်ကို ကြည့်ရင်း လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်မိသည်။
"ဟုတ်တယ်၊ သူက တကယ့်ကို အံ့ဩဖို့ကောင်းတာ၊ အဘိုးရဲ့ကိုယ်ထဲကို အပ်လေးတွေနဲ့ ခဏလေး စိုက်လိုက်ရုံနဲ့ အဘိုးက နိုးလာတာပဲ၊ သူက ဒဏ္ဍာရီထဲက ဆေးဆရာကြီး အတိုင်းပဲ"
ချူကျင်းဖုန်းမှာလည်း ထပ်ဆင့်ချီးကျူးလိုက်ပြန်သည်။ ကျိုးဟောက်ယွီမှာမူ သူတစ်ပါး သူ့အပေါ် မည်သို့ထင်မြင်သည်ကို ဂရုမစိုက်ပေ။ သူနှင့် နတ်သမီးလေးတို့သည် မုန့်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားကြသည်။
"နည်းနည်းလောက် မြည်းကြည့်မလား၊ ဒီဆိုင်က မုန့်တွေက တကယ် အရသာရှိတယ်"
ကျိုးဟောက်ယွီမှ အကြံပြုလိုက်သည်။
"ကြည့်ရတာတော့ တော်တော် အရသာရှိမယ့်ပုံပဲ"
နတ်သမီးလေးမှာ စိတ်ဝင်စားသွားပုံရသော်လည်း လိုချင်သည်ဟု တိုက်ရိုက်မပြောပေ။ သူမသည် ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါး ဖြစ်သည်မဟုတ်ပါလား။ သိက္ခာလေးတော့ ထိန်းရပေမည်။ ကျိုးဟောက်ယွီ ပြုံးလိုက်ပြီး ဆိုင်ထဲသို့ဝင်ကာ မုန့်အချို့ ဝယ်ယူလိုက်သည်။ ထို့နောက် နတ်သမီးလေးထံ ကမ်းပေးရင်း ပြောလိုက်၏။
"မြည်းကြည့်လိုက်ပါ၊ စိတ်ပျက်စေမှာ မဟုတ်ဘူး"
"ဟင်း၊ ဒါက တကယ့်ကို အရသာရှိတာပဲ"
နတ်သမီးလေးသည် မုန့်တစ်လုပ် စားလိုက်ရပြီးနောက် ပျော်ရွှင်သော အပြုံးလေးများ မျက်နှာပေါ်တွင် ပေါ်လွင်လာတော့သည်။
"မင်း ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်၊ အားတဲ့အခါ လူ့ပြည်ကို ခဏခဏ လာလည်ဦးနော်၊ ဒီမှာက စားစရာတွေ၊ ကစားစရာတွေ အများကြီး ရှိတယ်"
ကျိုးဟောက်ယွီမှ ရယ်မောရင်း ပြောလိုက်သည်။ သူသည် နတ်သမီးလေးနှင့်အတူ နာရီဝက်ခန့် ဈေးဝယ်ထွက်ခဲ့၏။ ပြန်ခါနီးအချိန်တွင် သူမ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး မေးရှာသည်။
"ခုနက မုန့်ဆိုင်ကို ပြန်သွားပြီး နောက်ထပ် နည်းနည်းလောက် ထပ်ဝယ်ကြမလားဟင်"
"ဟင်၊ ခုနက ဝယ်ထားတာတွေ အကုန်ကုန်သွားပြီလား"
ကျိုးဟောက်ယွီ အံ့ဩသွားသည်။ သူ တော်တော်များများ ဝယ်ပေးခဲ့သည် မဟုတ်ပါလား။
"ဟုတ်တယ်၊ အကုန် စားလိုက်ပြီ"
နတ်သမီးလေးမှာ ရှက်ရှက်ဖြင့် ပြန်ဖြေသည်။ ကျိုးဟောက်ယွီနှင့် ဈေးဝယ်နေစဉ်အတွင်း သူမ၏ ပါးစပ်မှာ မနားတမ်း လှုပ်ရှားနေခဲ့ရာ မုန့်တွေ ဘယ်လောက်များများ ကုန်သွားမည်မှာ မဆန်းတော့ပေ။
"ဒါဆိုရင် ဒီတစ်ခါတော့ အများကြီး ထပ်ဝယ်ပေးမယ်"
ကျိုးဟောက်ယွီမှ ပြောကာ မုန့်ဆိုင်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။
သူတို့မုန့်ဆိုင်နှင့် သိပ်မဝေးသဖြင့် မိနစ်ပိုင်းအတွင်း ရောက်ရှိသွား၏။ ကျိုးဟောက်ယွီသည် ယွမ်ခြောက်ရာခန့် အသုံးပြုပြီး နတ်သမီးလေးအတွက် မုန့်အိတ်ကြီးတစ်အိတ် ဝယ်ပေးလိုက်ရာ သူမမှာ ကလေးတစ်ယောက်လို ပျော်ရွှင်သွားတော့သည်။
"ကျေးဇူးတင်ပါတယ်၊ ရော့ ဒီပဝါလေးကို ယူထားလိုက်ပါ၊ ဒါက သိပ်ပြီး အဖိုးတန်တာမျိုး မဟုတ်ပေမဲ့ ဒါကို လည်ပင်းမှာ ပတ်ထားရင် အသားအရေကို စိုပြေနေစေလိမ့်မယ်"
နတ်သမီးလေးမှာ မုန့်အိတ်ကို တစ်ဖက်မှကိုင်ပြီး ကျန်တစ်ဖက်ဖြင့် သူမ၏ လည်ပင်းမှ ပဝါလေးကို ဖြုတ်ကာ ကျိုးဟောက်ယွီထံ ကမ်းပေးလိုက်သည်။
"အသားအရေကို စိုပြေစေမယ်"
ကျိုးဟောက်ယွီ ကြောင်သွားသည်။ ယောင်္ကျားရင့်မကြီးတစ်ယောက်မှာ အသားအရေ စိုပြေဖို့ ဘာလို့ လိုမည်နည်း။ နတ်သမီးလေးမှာ အနည်းငယ် အားနာသွားသော်လည်း သူမထံတွင် အစွမ်းထက်သော ရတနာများ မရှိသဖြင့် ကောင်းမွန်သော လက်ဆောင်မျိုး မပေးနိုင်ရှာပေ။
"ကျွန်မမှာ တခြား အဖိုးတန်တာ ဘာမှ မရှိတော့ဘူး၊ ရှင့်အနေနဲ့ ဒီပဝါကို မကြိုက်ဘူးဆိုရင် ကျွန်မ ဆံပင်က ဆံထိုးလေးကို ပေးရမလား"
နတ်သမီးလေးမှ မေးလိုက်သည်။
"ဒါဆိုရင်တော့ ထားလိုက်ပါတော့၊ ဒီပဝါပဲ ကောင်းပါတယ်"
ကျိုးဟောက်ယွီ ခေါင်းယမ်းရင်း ရယ်မောလိုက်သည်။ ပဝါသညိ လည်ပင်းမှာ ပတ်ထားလို့ ရသေး၏။ ဆံထိုးဆိုလျှင်မူ သူ့အတွက် တကယ့်ကို အသုံးမဝင်ပေ။ နတ်သမီးလေးမှာ လက်ဝေ့ယမ်းပြလိုက်ရာ သူမ၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး လေတစ်ချက်အဝေ့တွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ကျိုးဟောက်ယွီသည် လက်ထဲမှ ပဝါလေးကို ကြည့်ရင်း မနေနိုင်ဘဲ နှာခေါင်းနားသို့ ကပ်ကာ အသာအယာ အနံ့ခံကြည့်လိုက်၏။
"ဟင်း၊ လန်းဆန်းတဲ့ ရနံ့လေးပဲ တကယ့်ကို မွှေးတာပဲ"
ကျိုးဟောက်ယွီမှ ရေရွတ်လိုက်မိသည်။ အတွေးထဲတွင် နစ်မျောနေစဉ်မှာပင် တစ်စုံတစ်ဦးမှ သူ့နာမည်ကို ခေါ်သံကြားလိုက်ရ၏။ လှည့်ကြည့်လိုက်သောအခါ လီယုဝမ် မလှမ်းမကမ်းတွင် ရပ်ကာ လက်ဝေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
"အစ်ကို ဟောက်ယွီ၊ တိုက်ဆိုင်လိုက်တာ ဒီမှာ လာဆုံမယ်လို့ မထင်ထားဘူး"
လီယုဝမ်မှ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ရောက်လာသည်။ ကျိုးဟောက်ယွီ ရယ်မောရင်း မေးလိုက်၏။
"ဟုတ်ပါရဲ့ တိုက်ဆိုင်လိုက်တာ၊ မင်းမှာ အတန်းမရှိဘူးလား၊ ဘယ်လိုဖြစ်လို့ ဈေးလာဝယ်နေတာလဲ"
"ဒီနေ့ နေ့လယ်ပိုင်းက အတန်းမရှိဘူးလေ၊ ပြီးတော့ သူငယ်ချင်းက အင်္ကျီဝယ်ချင်တယ်ဆိုပြီး အတင်းခေါ်လာတာနဲ့ လိုက်လာတာ"
လီယုဝမ်မှ ရှင်းပြသည်။ ကျိုးဟောက်ယွီ သူမအနောက်သို့ ကြည့်လိုက်ရာ ကောင်မလေးတစ်ဦး အေးအေးလူလူ လိုက်လာသည်ကို တွေ့လိုက်ရ၏။
"ယုဝမ်၊ ဘာလို့ အဲဒီလောက် မြန်မြန် ပြေးသွားရတာလဲ"
ဝမ်ထျန်ထျန်မှာ ညည်းညည်းညူညူ ပြောရင်း ကျိုးဟောက်ယွီကို ညွှန်ပြကာ စပ်စုလိုက်သည်။
"ဒါ နင့်ရဲ့ ရည်းစားလား၊ တော်တော် ချောတာပဲ"
"လျှောက်မပြောနဲ့၊ သူက ငါ့ရည်းစား မဟုတ်ဘူး၊ ငါ့ရဲ့ အစ်ကိုပါ"
လီယုဝမ်မှ လေးလေးနက်နက် ငြင်းလိုက်သည်။ ကျိုးဟောက်ယွီ၏ ရည်းစားဟု အထင်ခံရခြင်းကို သူမ မကန့်ကွက်သော်လည်း ကျိုးဟောက်ယွီ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးသဖြင့် အမြန်ပင် ရှင်းပြလိုက်ခြင်းဖြစ်၏။
"နင်ကလည်း"
ဝမ်ထျန်ထျန်မှ ရယ်မောလိုက်သည်။
"ဒါဆိုရင်လည်း နင့်ရဲ့ရင်နှစ်သည်းချာပေါ့၊ အဲဒါနဲ့ ရည်းစားနဲ့ ဘာထူးလို့လဲ"
"အို မဟုတ်ပါဘူးဆို၊ လျှောက်မပြောပါနဲ့"
လီယုဝမ်မှ အနည်းငယ် စိတ်တိုသွားပုံရသည်။ ထိုအခါမှ ဝမ်ထျန်ထျန် အလျော့ပေးကာ ခေါ်လိုက်၏။
"ကဲပါ ကဲပါ၊ ငါ နောက်မပြောတော့ဘူး ဟုတ်ပြီလား၊ သူက နင့်ရည်းစား မဟုတ်ဘူးဆိုရင်လည်း သူ့ကို ထားခဲ့ပြီး ငါတို့တွေ ဈေးဆက်ဝယ်ရအောင်"
"နင်ပဲ သွားဝယ်တော့၊ ငါကတော့ အစ်ကိုဟောက်ယွီနဲ့ပဲ လိုက်သွားတော့မယ်"
လီယုဝမ်မှာ တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ သူငယ်ချင်းနှင့် ကျိုးဟောက်ယွီကြားတွင် ရွေးချယ်စရာရှိလာလျှင် သူမအတွက်ကတော့ ဆုံးဖြတ်ရသိပ်မခက်လှပေ။