← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

121

"တကယ့်ကို အသည်းနှလုံးမရှိတဲ့ဟာမလေး၊ ဆန့်ကျင်ဘက်လိင်နဲ့ တွေ့လိုက်ရင် လူသားဆန်မှုဆိုတာ အစအနတောင် မရှိတော့ဘူး"

ဝမ်ထျန်ထျန်မှ နှာခေါင်းရှုံ့ရင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"ငါတစ်ယောက်တည်း ဈေးဝယ်ရမှာကလည်း သနားစရာကြီးပါ၊ အတူတူသွားကြရအောင်လေ၊ နင့်ရဲ့ အစ်ကိုဆိုတဲ့တစ်ယောက်က ငါတို့တွေဝယ်တာတွေကို ကူသယ်ပေးလို့ရတာပဲ"

"မရပါဘူး၊ ငါ့အစ်ကိုဟောက်ယွီက နင့်ရဲ့ ပိုးပန်းနေတဲ့သူတွေထဲက တစ်ယောက်မဟုတ်ဘူး၊ သူက နင့်ပစ္စည်းတွေကို ကူသယ်ပေးဖို့ စိတ်ဝင်စားမှာ မဟုတ်တာတော့ အသေအချာပဲ"

လီယုဝမ်မှ တိုက်ရိုက်ပင် ငြင်းလိုက်သည်။

"ဟင်း၊ နင်ကတော့ ငါ့ရင်ကို တကယ် နာကျင်အောင် လုပ်တာပဲ"

ဝမ်ထျန်ထျန်မှ ဟန်ပါပါ သက်ပြင်းချရင်း လက်ဝေ့ယမ်းကာ ပြောလိုက်သည်။

"ကဲပါ သွားကြတော့ သွားကြတော့၊ ငါ့ရဲ့ အရန်လူကိုပဲ ဖုန်းဆက်ခေါ်ပြီး ပစ္စည်းသယ်ခိုင်းလိုက်တော့မယ်"

"ဒါဆိုရင် သွားပြီနော်"

လီယုဝမ်မှ နှုတ်ဆက်ကာ ကျိုးဟောက်ယွီ၏ လက်မောင်းကို ဆွဲပြီး အမြန်ပင် ထွက်လာခဲ့တော့သည်။ သူတို့ ဝေးရာသို့ ရောက်သောအခါ ကျိုးဟောက်ယွီမှ ဇဝေဇဝါဖြင့် မေးလိုက်၏။

"မင်းက သူမကို သိပ်မကြိုက်တဲ့ပုံပဲနော်၊ အဲဒါကို ဘာလို့ အတူတူ ဈေးလာဝယ်နေတာလဲ"

"မကြိုက်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အစ်ကို့ကို မြင်လိုက်ရတဲ့အချိန်မှာတော့ အစ်ကိုနဲ့ပဲ အတူရှိချင်တာ သဘာဝပဲလေ"

လီယုဝမ် ရှက်ကိုးရှက်ကန်း ပြောသည်။

"ဒီကလေးမလေးကတော့"

ကျိုးဟောက်ယွီမှ ရယ်မောရင်း ခေါင်းယမ်းလိုက်မိသည်။ ထို့နောက် မသိစိတ်မှနေ၍ လီယုဝမ်၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်မိသည်။ ထိုသို့ ပြုမူလိုက်ချိန်တွင်မှ သူ့လက်ထဲတွင် ကိုင်ထားသော ပိုးပဝါလေးကို သတိပြုမိသွားကာ ပြုံးရင်း ပြောလိုက်၏။

"ဪ ဒါနဲ့၊ ဒီပဝါလေးက မင်းအတွက်ပဲ"

"ဟင်၊ ညီမ အတွက်လား"

လီယုဝမ်မှာ အလွန်အမင်း အံ့ဩဝမ်းသာသွားရသည်။ အမှန်တော့ သူမသည် ကျိုးဟောက်ယွီကို စတွေ့ကတည်းက ထိုပဝါလေးကို သတိထားမိနေခြင်းဖြစ်သည်။ သို့သော် တခြားမိန်းကလေးတစ်ဦးအတွက် ဝယ်ထားသော လက်ဆောင်ဟု ထင်မှတ်ထားသဖြင့် သူမ မမေးဘဲ နေခဲ့ခြင်းပင်။

"မင်းအတွက် မဟုတ်ရင် ဘယ်သူ့အတွက် ဖြစ်ရမှာလဲ၊ ကဲ ဟိုဘက်လှည့်လိုက်ဦး၊ ငါ ပတ်ပေးမယ်"

ကျိုးဟောက်ယွီမှ သူမပုခုံးလေးကို အသာပုတ်ရင်း ပြောလိုက်သည်။ သူသေချာစဉ်းစားကြည့်ပြီးနောက် ယောင်္ကျားရင့်မာကြီးတစ်ယောက်အနေဖြင့် ဤပဝါကို လည်ပင်းမှာ ပတ်ထားရန် မသင့်တော်ဟု ယူဆကာ လီယုဝမ်ကို ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ ဘာပဲဖြစ်ဖြစ် အသားအရေ စိုပြေစေသည်ဆိုသော ပစ္စည်းမှာ မိန်းကလေးတစ်ယောက်နှင့်သာ ပို၍ လိုက်ဖက်သည် မဟုတ်ပါလား။

"အင်း"

လီယုဝမ်မှ ချိုသာစွာ ထူးလိုက်ပြီး ကျိုးဟောက်ယွီကို ကျောပေးကာ အမြန်လှည့်လိုက်သည်။ လက်ဆောင်မှာ အဖိုးတန်ပုံ မပေါ်သော်လည်း ကျိုးဟောက်ယွီကိုယ်တိုင် ပေးခြင်းဖြစ်သဖြင့် လီယုဝမ်၏ ရင်ထဲတွင် အတိုင်းအထက်အလွန် ချိုမြိန်နေတော့၏။

"မင်းရဲ့ ဆံပင်လေးတွေက တော်တော် မွှေးတာပဲ"

ကျိုးဟောက်ယွီသည် လီယုဝမ်၏ နောက်တွင်ရပ်ကာ သူမလည်ပင်းမှာ ပဝါကို စည်းပေးနေသည်။ သူ့နှာခေါင်းထဲသို့ သင်းပျံ့သော ရနံ့လေးမှာ တိုးဝင်လာခြင်းပင်။

"အင်း"

လီယုဝမ်မှ ရှက်ရှက်ဖြင့် ပြန်ဖြေရင်း မလှုပ်မယှက် ရပ်နေရှာသည်။ ပဝါစည်းပေးပြီးနောက် ကျိုးဟောက်ယွီသည် သူမရှေ့သို့လာကာ ဆံပင်လေးများကို သေချာကြည့်ပြီး အသာအယာ ပြန်လည် ပြင်ဆင်ပေးလိုက်၏။

"ဒီလိုဆိုရင် ပိုကြည့်ကောင်းသွားပြီ"

ကျိုးဟောက်ယွီမှ ပြုံးကာ ပြောလိုက်သည်။

"ဟုတ်ကဲ့၊ အစ်ကိုကြည့်ကောင်းတယ်ဆိုရင် ပြီးတာပါပဲ"

လီယုဝမ်မှာ အခုတော့ အလွန်အမင်း ရှက်သွေးဖြန်းနေပြီဖြစ်သည်။ ကျိုးဟောက်ယွီ ဆံပင်ပြင်ပေးနေစဉ်တွင် သူ့လက်ကြီးများမှာ သူမရင်ဘတ်နှင့် အလွန်နီးကပ်နေသဖြင့် သူမမှာ အသက်ကို အောင့်ထားမိ၏။ အကယ်၍ အသက်ပြင်းပြင်းရှူလိုက်ပါက သူမ၏ ရင်ဘတ်မှာ မြင့်တက်သွားပြီး သူ့လက်နှင့် ထိမိသွားမည်ကို စိုးရိမ်နေခြင်းပင်။

"ကဲ၊ ငါတို့တွေ အတူတူ ဈေးဆက်ဝယ်ကြမလား"

ကျိုးဟောက်ယွီမှ ဖိတ်ခေါ်လိုက်သည်။

"သေချာပေါက်ပေါ့၊ အစ်ကိုဟောက်ယွီနဲ့ အတူရှိနေရင် ဘာပဲလုပ်လုပ် အဆင်ပြေပါတယ်"

သူတို့နှစ်ဦးသည် ဘေးချင်းယှဉ်လျက် ကုန်တိုက်ကြီးအတွင်း လျှောက်လည်ခဲ့ကြသည်။ ဘာပစ္စည်းမှ မဝယ်ဖြစ်သော်လည်း စကားတပြောပြောနှင့် ပျော်ရွှင်နေကြ၏။ အင်္ကျီဆိုင်တစ်ဆိုင် ရှေ့ကို ဖြတ်အသွားတွင် ဝမ်ထျန်ထျန်နှင့် ပြန်ဆုံပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူမဘေး၌ ဈေးဝယ်အိတ်များစွာ သယ်ထားသော လူငယ်တစ်ဦးလည်း ပါလာသည်။

"ဟေး ယုဝမ်၊ နင်ပတ်ထားတဲ့ ပဝါလေးက လှသားပဲ၊ နင့်ရဲ့ အစ်ကိုဆိုတဲ့သူက ပေးတာလား"

ဝမ်ထျန်ထျန်မှ စပ်စုလိုက်သည်။

"အစ်ကိုပေးတာပါ၊ ဒါပေမဲ့ 'အစ်ကိုဆိုတဲ့သူ' လို့ မခေါ်ပါနဲ့ဦး"

လီယုဝမ်မှ အနည်းငယ် ပြတ်ပြတ်ပင် တုံ့ပြန်လိုက်သည်။

"အေးပါ အေးပါ၊ ငါ အဲဒီလို မခေါ်တော့ဘူး၊ စိတ်မဆိုးပါနဲ့"

ဝမ်ထျန်ထျန်မှ ချော့လိုက်ရင်း လီယုဝမ်၏ ပဝါလေးကို အားကျတကြီး ကိုင်ကြည့်ကာ မေးလိုက်သည်။

"ဒါက ဘာတံဆိပ်လဲဟင်၊ ငါလည်း တစ်ထည်လောက် ဝယ်ချင်လို့"

"မကိုင်နဲ့၊ ဘာတံဆိပ်လဲဆိုတာ ငါလည်း မသိဘူး၊ ဒီမှာတော့ တံဆိပ်နာမည် ပါပုံမရဘူး"

လီယုဝမ်မှ ဝမ်ထျန်ထျန်၏ လက်ကို အသာဖယ်လိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"ဘာလို့ အဲဒီလောက်တောင် ကပ်စေးနည်းနေရတာလဲ၊ ကိုင်ကြည့်ရုံနဲ့ မပျက်စီးသွားပါဘူး"

ဝမ်ထျန်ထျန် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသည်။ သူမဘေးမှ လူငယ်မှာ ဝင်ပြောလိုက်၏။

"ဒါက လမ်းဘေးဈေးသည်တွေဆီက ဝယ်လာတဲ့ အပေါစား ပစ္စည်းတစ်ခုပါပဲ၊ ထူးခြားတာ ဘာမှ မရှိပါဘူး၊ အချစ်လေး မင်းလိုချင်ရင် ကိုယ်မင်းကို Dior ဆိုင်ခေါ်သွားပေးမယ်၊ သူတို့ရဲ့ ပဝါတွေက ကမ္ဘာမှာ အကောင်းဆုံးပဲ"

လီယုဝမ်မှာ ထိုလူငယ်၏ အပြောကို ဂရုမစိုက်သော်လည်း ဝမ်ထျန်ထျန် တကယ် စိတ်ဆိုးသွားမှာစိုးသဖြင့် အမြန်ပင် ရှင်းပြလိုက်သည်။

"နင် ကိုင်လို့ ပျက်စီးသွားမှာကို စိုးရိမ်တာ မဟုတ်ပါဘူး၊ ဒါက ဟောက်ယွီ ငါ့ကို ပေးထားတာမို့လို့ တခြားဘယ်သူ့ကိုမှ မကိုင်စေချင်တာပါ"

"နင်က 'ဟောက်ယွီ ဟောက်ယွီ' နဲ့ တကယ့်ကို ချိုချိုသာသာ ခေါ်နေပြီးတော့မှ ရည်းစားမဟုတ်ဘူးလို့ လိမ်နေသေးတယ်၊ ငါ့ကို သူငယ်ချင်းလို့တောင် မသတ်မှတ်ဘူးပဲ"

ဝမ်ထျန်ထျန်မှ နှုတ်ခမ်းစူကာ စိတ်ကောက်သွားတော့သည်။

"သူ့ကို ဂရုမစိုက်နဲ့ အချစ်လေး၊ သူမက အပေါစား ပစ္စည်းတွေကို ရတနာလို သဘောထားနေတဲ့ ငတုံးပါပဲ၊ သူမရဲ့ ဉာဏ်ရည်က တော်တော် နိမ့်ပုံရတယ်၊ ယောင်္ကျားတွေရဲ့ လှည့်စားတာကို အမြဲ ခံနေရမှာ သေချာတယ်၊ သွားရအောင် သူမအတွက်နဲ့ အချိန်ဖြုန်းမနေနဲ့"

ချန်ရှင်းပိုင်မှ မထီမဲ့မြင် ပြောလိုက်သည်။ လီယုဝမ်မှာ ဝမ်ထျန်ထျန်ထက်ပင် ပို၍ လှပနေသော်လည်း ချန်ရှင်းပိုင်မှာမူ ဂရုမစိုက်ပေ။ သူ့အတွေးမှာ တကယ့်ကို လက်တွေ့ကျသည်။

'မိန်းကလေးတစ်ယောက် လှနေလို့ ဘာထူးမှာလဲ၊ ကိုင်လို့မရရင် သုညပဲ'

ထို့ကြောင့် နတ်မိမယ်လေးကဲ့သို့ လှပသော လီယုဝမ်ထက် ဝမ်ထျန်ထျန်ကိုသာ သူ ပို၍ အလေးထားသည်။ ထိုသို့ အလေးထားကြောင်း ပြရန်အတွက် လီယုဝမ်ကိုပင် နှိမ့်ချပြောဆိုလိုက်ခြင်းဖြစ်၏။

"အခုချက်ချင်း ရပ်လိုက်စမ်း"

ကျိုးဟောက်ယွီမှ အော်ဟစ်လိုက်သည်။

"တစ်ဖက်လူကို စော်ကားပြီး ဒီတိုင်း ထွက်သွားလို့ ရမယ် ထင်နေတာလား"

"ငါက အမှန်အတိုင်း ပြောတာပဲ၊ ဘာမှားလို့လဲ"

ချန်ရှင်းပိုင်မှ တုံ့ဆိုင်းမနေဘဲ ပြန်ပြောလိုက်သည်။ သူသည် သူ့နတ်ဘုရားမလေးရှေ့တွင် အားနည်းသောပုံစံကို မည်သို့မျှပြမည်မဟုတ်ပေ။

"ငါ့မှာတော့ ပြဿနာရှိတယ်၊ မင်းရဲ့ မိန်းကလေးကို မင်းအလိုလိုက်တာ ငါ့ကိစ္စ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့ညီမကိုတော့ လုံးဝ မနှိမ့်ချသင့်ဘူး၊ မင်း ဒါကို သေသေချာချာ ရှင်းပြမသွားမချင်း ဒီကနေ ထွက်သွားလို့ မရဘူး"

ကျိုးဟောက်ယွီမှ တရားမျှတစွာ ပြောလိုက်သည်။

"ဟိုး လူစွမ်းကောင်းကြီး လုပ်ချင်နေတာပေါ့ ဟုတ်လား"

ချန်ရှင်းပိုင်မှ လှောင်ပြုံးပြုံးလိုက်သည်။

"ငါ့ကို လာခြိမ်းခြောက်လို့ မရဘူးဆိုတာ မှတ်ထားလိုက်ဦး၊ မင်းမှာ ဘာပညာရှိလဲ ထုတ်ပြစမ်း၊ ငါ အကုန် ရင်ဆိုင်ပေးမယ်"

"ကဲပါ ရှင်းပိုင်၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ သူက ငါ့သူငယ်ချင်းရဲ့ အစ်ကိုလေ။ နင်သူ့ကို ထိုးလိုက်ရင် ငါ အဆောင်မှာ ယုဝမ်နဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ"

ဝမ်ထျန်ထျန််မှာ ချန်ရှင်းပိုင်၏ လက်မောင်းကို ဆွဲကာ ဖျောင်းဖျလိုက်သည်။ သူမ ကျိုးဟောက်ယွီကို အထင်သေး၍ မဟုတ်ဘဲ ကျိုးဟောက်ယွီ၏ ခန္ဓာကိုယ်မှာ ချန်ရှင်းပိုင်နှင့် ယှဉ်လျှင် သိသိသာသာပိန်လှီ အားနည်းနေသောကြောင့် ဖြစ်သည်။ ထို့အပြင် ချန်ရှင်းပိုင်မှာ ကျောင်းတွင် အမြဲ ရန်ဖြစ်လေ့ရှိသော လူမိုက်တစ်ဦး ဖြစ်သဖြင့် ကျိုးဟောက်ယွီ ရှုံးနိမ့်သွားမည်ကို သူမ စိုးရိမ်နေခြင်းပင်။

"ဟမ့်"

ချန်ရှင်းပိုင်မှ ဝင့်ကြွားစွာ ရယ်မောလိုက်ပြီး ကျိုးဟောက်ယွီကို မထီမဲ့မြင် လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ထျန်ထျန်က ပြောလာလို့ ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလိုက်မယ်၊ နောက်ခါဆိုရင်တော့ သတိထားနေဦး၊ လမ်းဘေးဈေးသည်ဆီက အပေါစားတွေဝယ်တဲ့ကောင်က ဘာတွေ လာဟန်ဆောင်နေတာလဲ"

All Chapters