အခန်း ၁၂၃
Vol. 13 Ch. 123
123
"ကောင်းပြီ ကောင်းပြီ၊ ကျွန်တော် အခုချက်ချင်း ဒူးထောက်ပါ့မယ်"
ချန်ရှင်းပိုင်သည် နာကျင်မှုကို အံတုရင်း မြေပြင်မှ ခဲရာခဲဆစ် ရုန်းထလိုက်သည်။ ထို့နောက် သူသည် မျက်လုံးများကို စုံမှိတ်ကာ မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာပေးဖြင့် ကျိုးဟောက်ယွီ၏ ရှေ့မှောက်တွင် ဒူးထောက်ချလိုက်လေတော့၏။
"အစ်ကိုကြီး၊ ကျွန်တော် မှားသွားပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်တော့်ကို သွားခွင့်ပြုပါတော့"
ချန်ရှင်းပိုင်သည် ငိုသံပါကြီးဖြင့် အသနားခံရှာသည်။ ဤအချိန်တွင် သူ့စိတ်အစုံမှာ အလွန်ပင် ရှုပ်ထွေးတုန်လှုပ်နေရုံမက နာကျည်းမှုများလည်း ပြည့်နှက်နေ၏။ ငယ်စဉ်ကတည်းက ယခုကဲ့သို့ အရှက်တကွဲ အကျိုးနည်းမျိုး တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ဝမ်ထျန်ထျန်ကို မျက်နှာသာရစေရန် အမျိုးသမီးတစ်ဦးကို အမှတ်မထင် စော်ကားမိရာမှ ယခုကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှုကို ခံစားလိုက်ရခြင်းဖြစ်သည်။ သို့သော် သူမျက်နှာသာပေးလိုသော ဝမ်ထျန်ထျန်မှာမူ သူ့ကို မဆိုင်းမတွပင် စွန့်ပစ်သွားခဲ့လေပြီ။ ဤအခြေအနေတွင် ချန်ရှင်းပိုင်တစ်ယောက် မည်သို့လျှင် ဝမ်းနည်းနာကျည်းခြင်း မရှိဘဲနေနိုင်ပါမည်နည်း။
"မင်း ဒူးထောက်တာ မှားနေတယ်၊ ငါ့ညီမလေးကို တောင်းပန်ရမှာ"
ကျိုးဟောက်ယွီမှ ချန်ရှင်းပိုင်၏ ပခုံးကို ခြေထောက်ဖြင့် ခပ်ဖွဖွကန်ကာ လီယုဝမ်ဘက်သို့ မျက်နှာမူခိုင်းလိုက်သည်။
"ဟုတ်ကဲ့ နားလည်ပါပြီ"
ချန်ရှင်းပိုင်မှ တိုးညင်းစွာ ဖြေကြားပြီးနောက် လီယုဝမ်ဘက်သို့ လှည့်ကာ ဦးခေါင်းကို မြေပြင်နှင့် ထိအောင် အားပါပါ စိုက်ချ၍ တောင်းပန်ရှာတော့သည်။
"ညီမလေး၊ စောစောက စော်ကားမိတာတွေအတွက် အစ်ကိုကြီး မှားသွားပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"ရပါပြီ သွားနိုင်ပါပြီ"
လီယုဝမ်မှာ လက်ကာပြရင်း ဆိုလိုက်သည်။ သူမသည် ချန်ရှင်းပိုင်၏ ဆဲရေးမှုကို အမှန်တကယ် စိတ်ထဲမထားသော်လည်း ကျိုးဟောက်ယွီ၏ အကာအကွယ်ပေးမှုကိုမူ အလွန်ကြည်နူးမိနေသည်။ ချန်ရှင်းပိုင်သည် ဖရိုဖရဲဖြစ်ကာ ထော့နဲ့ထော့နဲ့ဖြင့် ထွက်ခွာသွားပြီးနောက် လီယုဝမ်သည် ကျိုးဟောက်ယွီရှေ့တွင် ရပ်ကာ သူ့ကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"အစ်ကိုက ညီမအပေါ် အရမ်းကောင်းတာပဲ"
"မင်းက ငါ့ညီမပဲ၊ ငါက မင်းအပေါ် မကောင်းလို့ ဘယ်သူ့အပေါ် သွားကောင်းရမှာလဲ"
ကျိုးဟောက်ယွီမှ ရယ်မောရင်း လီယုဝမ်၏ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် လမ်းတလျှောက် ခဏမျှ လမ်းလျှောက်အနားယူကြပြီးနောက် ကျိုးဟောက်ယွီမှာ လီယုဝမ်ကို ကျောင်းသို့ ပြန်ပို့ပေးခဲ့၏။ လီယုဝမ်ကို ပို့ဆောင်ပြီးနောက် ကျိုးဟောက်ယွီသည် ဒီဒီ ယာဉ်မောင်းအဖြစ် အလုပ်ဆက်လက် လုပ်ကိုင်နေသည်။ ည ၉ နာရီကျော်အထိ ကားမောင်းပြီးနောက် ငွေအနည်းငယ်ရရှိကာ အိမ်ပြန်အိပ်ရန် ပြင်ဆင်နေစဉ် ပြိုင်ကားအစီးပေါင်းများစွာသည် သူ့ဘေးမှ ဟိန်းဟောက်ကာ ဖြတ်မောင်းသွားကြသည်။
"တောက်၊ အစောကြီး ရှိသေးတာကို ဒီလမ်းသရဲတွေကတော့ ဒုက္ခပေးဖို့ ပြင်နေကြပြန်ပြီ၊ ငါတို့လို သာမန်လူတွေကို သတ်ဖို့ ကြိုးစားနေတာလား"
ကျိုးဟောက်ယွီမှ ကျိန်ဆဲမိသည်။ သို့သော် သာမန်ပြည်သူတစ်ဦးအနေဖြင့် ကျိန်ဆဲရုံမှလွဲ၍ သူဘာမျှ မတတ်နိုင်ပေ။ ကားတန်းကြီး ဖြတ်သွားသည်ကို ကျိုးဟောက်ယွီ အထူးတလည် သတိမပြုမိသော်လည်း အံ့ဩစရာကောင်းသည်မှာ ထိုကားများမှာ ချက်ချင်းပင် နောက်ကြောင်းပြန်လှည့်လာကြခြင်းဖြစ်၏။
"ဘာဖြစ်တာလဲ"
ကျိုးဟောက်ယွီ ဝေခွဲမရဖြစ်နေစဉ်မှာပင် ထိုပြိုင်ကားများသည် သူ့ကားကို ဝိုင်းရံပိတ်ဆို့ကာ အတင်းအဓမ္မ ရပ်တန့်ခိုင်းလိုက်ကြသည်။ ကားပေါ်မှ လူငယ်တစ်ဦး ဆင်းလာပြီး ကျိုးဟောက်ယွီ၏ ကားအနားသို့ လျှောက်လာကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
"တောက်၊ မင်းကို ရှာနေတာ ကြာပြီ၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ကို ဒုက္ခပေးခဲ့သမျှ အခု ဆယ်ဆပြန်ပေးဆပ်စေရမယ်"
"ဪ မင်းကိုး"
ကျိုးဟောက်ယွီ မှတ်မိသွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ လီချန်ကို မြင်လိုက်သည်နှင့် ဤလမ်းသရဲများ အဘယ်ကြောင့် နောက်ကြောင်းပြန်လှည့်လာသည်ကို သူနားလည်သွား၏။
"ဘယ်လိုလဲ၊ ငါ့ကိုတွေ့လို့ အံ့ဩသွားတာလား"
လီချန်မှ လှောင်ပြောင်လိုက်သည်။ ကျိုးဟောက်ယွီ ရယ်မောရင်း ပြန်မေးလိုက်၏။
"တကယ်တော့ ငါသိချင်တာက ငါ့ကားကိုမြင်တာနဲ့ ထွက်မပြေးဘဲ ရပ်ခိုင်းရအောင် ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ ဆိုတာပဲ"
"ပြေးရမယ်"
လီချန်မှ နှာခေါင်းရှုံ့ရင်း ကျိုးဟောက်ယွီကို လက်ညှိုးထိုးကာ ပြောသည်။
"မင်းက ဘာကောင်မို့လို့လဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါက သတိလက်လွတ်ဖြစ်သွားလို့ မင်း လွတ်သွားတာ၊ ဒီတစ်ခါတော့ ငါက မိုက်မိုက်ကန်းကန်း ကိုယ်တိုင် မတိုက်တော့ဘူး၊ ဘေးကနေကြည့်နေရုံပဲ၊ ငါ့ရဲ့ သက်တော်စောင့်တွေက မင်းကို ပညာပေးပါလိမ့်မယ်"
ထိုစဉ် ပြိုင်ကားများပေါ်မှ လူငယ်လူရွယ် အယောက်တစ်ဆယ်ကျော်နှင့်အတူ သန်သန်မာမာရှိလှသော ကိုယ်ရံတော် လေးဦးတို့မှာ ကျိုးဟောက်ယွီကို ဝိုင်းရံလိုက်ကြသည်။
"မင်းက ငါ့ကို အနိုင်ရပြီလို့ ထင်နေတာလား"
ကျိုးဟောက်ယွီ၏ မျက်ဝန်းများမှာ အေးစက်စက် အေးခဲသွားပြီး လေသံမှာလည်း အလွန်ပင် ခက်ထန်သွားသည်။
"ငါထင်တာ မဟုတ်ဘူး၊ မင်းကို ငါနိုင်ပြီးသားပဲ"
လီချန်မှ ဝင့်ကြွားစွာ ဆိုသည်။
"ဒီသက်တော်စောင့် လေးယောက်စလုံးက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေပဲ၊ မင်းလို သာမန်ယာဉ်မောင်းတစ်ဦးကို နှိမ်နင်းဖို့က သူတို့အတွက် ကိတ်မုန့်စားရသလောက် လွယ်ပါတယ်"
ကျိုးဟောက်ယွီမှ နှာခေါင်းရှုံ့ရင်း တုံ့ပြန်လိုက်သည်။
"ကံဆိုးတာက ငါ အခုလေးတင် အထူးတပ်ဖွဲ့ဝင် နှစ်ယောက်ကို ရိုက်နှက်ခဲ့တာ မင်းမသိသေးလို့ပဲ"
"မင်းက အထူးတပ်ဖွဲ့ဝင် နှစ်ယောက်ကို ရိုက်ခဲ့တယ်"
လီချန်မှ မယုံကြည်နိုင်စွာဖြင့် ရယ်မောရင်း ပြောလိုက်သည်။
"ကြွားလုံးထုတ်တာလည်း အတိုင်းအတာ ရှိဦးမှပေါ့၊ အခုလို အလွန်အကျွံပြောတာက မင်းရဲ့ အသိဉာဏ်နည်းမှုကိုပဲ ပြတာပဲ"
"စကားတွေ အများကြီး မပြောတော့ဘူး၊ ဒီနေ့ မင်း ငါ့ကားကို ရပ်ခိုင်းလိုက်တာက မင်းရဲ့အမိုက်မဲဆုံး လုပ်ရပ်ဆိုတာ သိစေရမယ်"
ကျိုးဟောက်ယွီမှ ရဲဝံ့စွာ ပြန်ပြောပြီးနောက် ကားတံခါးကိုဖွင့်ကာ အေးဆေးစွာ ဆင်းလာခဲ့သည်။ ကိုယ်ရံတော် လေးဦးအနက်မှ ထိပ်ပြောင်နှင့် လူသန်ကြီးတစ်ဦးမှာ ကျိုးဟောက်ယွီ၏ စကားကို မခံရပ်နိုင်သဖြင့် အော်ဟစ်လိုက်တော့၏။
"မင်းကို ငါပြောပြမယ်၊ အထူးတပ်ဖွဲ့ဝင်ဆိုတာ မင်းလိုကောင်က စော်ကားချင်တိုင်း စော်ကားလို့ရတဲ့သူတွေ မဟုတ်ဘူး"
ထို့နောက် ကျိုးဟောက်ယွီ၏ ပါးပြင်ကို အားပါပါ ထိုးလိုက်သည်။
"ငါက အထူးတပ်ဖွဲ့ဝင်တွေကို စော်ကားတာ မဟုတ်ဘူး၊ အာဏာရှိသူတွေရဲ့ လက်ပါးစေလုပ်နေတဲ့ လူတွေကိုပဲ နှိမ်တာ"
ကျိုးဟောက်ယွီ ခနဲ့ရင်း ထိုသူ၏ တိုက်ခိုက်မှုကို အသာအယာ ရှောင်တိမ်းလိုက်သည်။ ကျိုးဟောက်ယွီ၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှသဖြင့် ထိုသူသည် ကျိုးဟောက်ယွီကို ထိမှန်အောင် မတိုက်ခိုက်နိုင်ပေ။
"မင်းကမှ လက်ပါးစေ"
အော်ဟစ်ကာ ထိုလူကြီးမှာ ပိုမိုဒေါသထွက်လာပြီး လေထဲသို့ ခုန်တက်၍ ကျိုးဟောက်ယွီ၏ နားထင်ကို အားပါပါ ကန်လိုက်သည်။ သို့သော် ကျိုးဟောက်ယွီမှာ လျင်မြန်စွာဖြင့် ထိုသူ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲကာ အားဖြင့် လွှဲပစ်လိုက်ရာ ထိုလူကြီးမှာ ငါးမီတာခန့်အကွာရှိ ပြိုင်ကားတစ်စီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့၏။ ကျန်ရှိနေသော သက်တော်စောင့် သုံးဦးမှာမူ ရယ်မောနေကြဆဲဖြစ်သည်။ သူတို့သည် ကျိုးဟောက်ယွီကို အထင်မကြီးကြသေးပေ။ မျက်နှာတွင် အမာရွတ်နှင့် လူတစ်ဦးမှာ လှောင်ပြောင်လိုက်သည်။
"မင်းလို ကောင်လေးတစ်ယောက်က ငါတို့လူကို လှဲပစ်နိုင်တာ တကယ့်ကို အမြင်ဆန်းတာပဲ"
"ငါ အမှတ်မထင် ဖြစ်သွားလို့ပါ"
ထိပ်ပြောင်နှင့် လူသန်ကြီးမှာ ဒေါသတကြီးဖြင့် ပြန်လည်ပြောဆိုကာ ကျိုးဟောက်ယွီထံသို့ တဟုန်ထိုး ပြေးဝင်လာပြန်သည်။
"သေလိုက်တော့"
သူသည် ကျိုးဟောက်ယွီ၏ နှာခေါင်းကို အားကုန်လွှဲထိုးလိုက်သော်လည်း ကျိုးဟောက်ယွီက အသာအယာ ရှောင်တိမ်းကာ အေးစက်စွာဆိုလိုက်သည်။
"မင်း ဒူးထောက်လိုက်တာက ပိုကောင်းလိမ့်မယ်"
ထို့နောက် ထိုသူ၏ ဆီးခုံကို အားပါပါ ကန်ထည့်လိုက်လေသည်။
"အားးးးးး"
ထိုလူကြီးသည် အသည်းခိုက်မတတ် အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ဒူးထောက်ကာ ခွေကျသွားတော့သည်။ ဆီးခုံကို ဖိထားရင်း သူ့မျက်နှာမှာ ခရမ်းရောင်သမ်းသွားပြီး နှုတ်ခမ်းများမှာလည်း နာကျင်မှုကြောင့် တုန်ရီနေရှာလေတော့၏။