အခန်း ၁၂၅
Vol. 13 Ch. 125
125
"မှန်လိုက်တာ အစ်ကိုကြီးရယ်၊ အစ်ကိုကြီးရဲ့ လက်တွေကို အညစ်အကြေး အပေမခံပါနဲ့တော့၊ ကျွန်တော့်ကို အနံ့အသက်မရှိတဲ့ လေတိုက်သလိုမျိုးပဲ သဘောထားပြီး လွှတ်ပေးလိုက်ပါဗျာ"
လီချန်သည် စော်ကားခံရသည်ဟု မခံစားရသည့်အပြင် အသက်ဘေးမှ လွတ်မြောက်တော့မည်ဖြစ်၍ ဝမ်းသာအားရ ဆိုရှာသည်။
"ဟူး"
ကျိုးဟောက်ယွီမှ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
"မင်းက ပါးစပ်နဲ့ တောင်းပန်ရုံနဲ့ ငါက လွှတ်ပေးရမယ် ဟုတ်လား၊ အဲဒါတော့ မဖြစ်နိုင်ဘူး၊ ဒီလိုလုပ်ရအောင် မင်းရဲ့ ခြေထောက်နှစ်ဖက်က ဘယ်လောက်တန်သလဲဆိုတာ မင်းကိုယ်တိုင် ဈေးဖြတ်ပြီး ပြန်ဝယ်လိုက်လေ၊ ဈေးနှုန်းကသာ သင့်တော်မယ်ဆိုရင် ငါကလည်း မင်းကို ရိုက်နှက်နေဖို့ စိတ်မဝင်စားတော့ဘူး"
"ပိုက်ဆံပေးရမယ်"
လီချန်သည် ခဏမျှ ကြောင်အသွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားကာ ခေါင်းကို တရစပ်ငြိမ့်ရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့ ပိုက်ဆံပေးပါ့မယ်၊ ကျွန်တော့်ရဲ့ ခြေလက်တွေအတွက် ယွမ်နှစ်သန်း ပေးပါ့မယ်၊ အစ်ကိုကြီး ဘယ်လိုသဘောရသလဲ"
"ဒီဈေးကတော့ အတော်အသင့် လက်ခံနိုင်စရာ ရှိပါတယ်၊ ဒါဆိုရင် ပေးချေလိုက်တော့လေ"
ကျိုးဟောက်ယွီမှ ပြုံးလိုက်သည်။ လူရိုက်ရသည်ထက် သူငွေရသည်ကို ပို၍နှစ်သက်၏။ ကားတားခံရရုံနှင့် ငွေနှစ်သန်းရမည်ဆိုလျှင် သူသည် နေ့တိုင်းပင် ကားတားခံရရန် မျှော်လင့်မိမည်ဖြစ်သည်။
"ဒါပေမဲ့ အခု ကျွန်တော့်မှာ အဲဒီလောက် အများကြီး မပါဘူး၊ အစ်ကိုကြီး ကျွန်တော်နဲ့အတူ ဘဏ်ကို လိုက်ခဲ့မလား"
လီချန် စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"တောက်!၊ မင်းက ငါ့ကို အူတူတူ အတတမှတ်နေလား"
ကျိုးဟောက်ယွီမဇာ လီချန်၏ ပါးကို ဖြတ်ခနဲ ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့် ငေါက်လိုက်သည်။
"ငါက မင်းနဲ့ ဘဏ်ကို လိုက်သွားရင် မင်းက ချက်ချင်း ရဲတိုင်တော့မှာပေါ့၊ အဲဒီက လုံခြုံရေးတွေက ငါ့ကို လက်ရဖမ်းမှာပေါ့"
"မဟုတ်ပါဘူး အစ်ကိုကြီးရယ်၊ ကျွန်တော် ရဲမတိုင်ပါဘူး၊ ကျွန်တော့်အသက်က အစ်ကိုကြီးလက်ထဲမှာ ရှိနေတာပဲ၊ ဘယ်လိုလုပ် ရဲတိုင်ရဲပါ့မလဲ"
လီချန် ပါးကို အုပ်ရင်း သနားစဖွယ် ပြောရှာသည်။
"စကားတွေ အများကြီး မပြောနဲ့၊ အခုချက်ချင်း ငွေပေးမလား၊ ဒါမှမဟုတ် ခြေလက်အင်္ဂါ အချိုးခံမလား ကြိုက်တာရွေး"
ကျိုးဟောက်ယွီမှာ ထိုစကားများကို ဂရုမစိုက်ပေ။ သူအသုံးစရိတ် ငွေအချို့သာ လိုချင်ခြင်းဖြစ်ပြီး ဘဏ်အထိ လိုက်သွားရလောက်အောင် မိုက်မဲသူမဟုတ်ပေ။ အကယ်၍ ဘဏ်သို့ လိုက်သွားပါက အမှုသဘာဝ ပြောင်းလဲသွားပြီး ပြန်ပေးဆွဲငွေညှစ်မှုဖြင့် အဖမ်းခံရနိုင်သည်မဟုတ်ပါလား။
"ဒါပေမဲ့ အစ်ကိုကြီး၊ အခုချက်ချင်းတော့ တကယ်မရှိလို့ပါ၊ အပြင်ထွက်လာတဲ့အခါ ငွေသား ယွမ် နှစ်သန်းကို ဘယ်သူက သယ်လာမှာလဲ"
လီချန်မှာ ငိုတော့မည့်အလား ဖြစ်နေသည်။
"ဒါဆိုရင် အခု မင်းဆီမှာ ရှိသမျှ အကုန်ထုတ်ပေး"
ကျိုးဟောက်ယွီမှ လက်ညှိုးညွှန်ပြကာ ဆိုသည်။ နှစ်သန်းမရသော်လည်း သောင်းဂဏန်းမျှ ရလျှင်ပင် သူကျေနပ်ပါသည်။ သူ့လိုအပ်ချက်မှာ မမြင့်မားလှဘဲ ဘာမျှမရသည်ထက်စာလျှင် ရသလောက်မှာ ပို၍ကောင်းသည်ဟု ယူဆထား၏။
"ရပါပြီ အစ်ကိုကြီး၊ အကုန်ယူပါ"
လီချန်မှ သူ့ပိုက်ဆံအိတ်ကို ထုတ်ကာ ရိုရိုသေသေ ကမ်းပေးသည်။ ကျိုးဟောက်ယွီ ထိုအိတ်ကို မကြည့်ဘဲ အိတ်ကပ်ထဲသို့ တန်းထည့်လိုက်ပြီး ဘေးမှ လူအုပ်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
"ဟိုလူတွေက မင်းနဲ့ သိတဲ့သူတွေပဲ မဟုတ်လား၊ သွားပြီး ငွေထပ်ချေးလိုက်ဦး၊ မင်းပိုက်ဆံအိတ်ထဲက ငွေက နှစ်သန်းနဲ့ အဝေးကြီးပဲ၊ ဒါနဲ့တော့ မင်းရဲ့ ခြေလက်တွေကို ပြန်ဝယ်ဖို့ မလုံလောက်သေးဘူး"
"ငွေချေးရမယ်"
လီချန်သည် အနည်းငယ် မျက်နှာပျက်သွားသည်။ သူသည် ငယ်စဉ်ကတည်းက မည်သူ့ထံမှ ငွေချေးခဲ့ဖူးသူ မဟုတ်ပေ။
"ဘာလဲ၊ မင်းက မလုပ်ချင်ဘူးလား"
ကျိုးဟောက်ယွီမှ ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
"လုပ်ပါ့မယ် လုပ်ပါ့မယ်၊ အခုချက်ချင်း သွားချေးပါ့မယ်"
လီချန်သည် မြေပြင်မှ ကုန်းရုန်းထကာ လူအုပ်ထံသို့ အပြေးအလွှား သွားတော့သည်။ နှစ်မိနစ်ခန့်အကြာတွင် လီချန်သည် အဝတ်တစ်ခုဖြင့် ထုပ်ထားသော ငွေသားအမြောက်အမြားကို ကိုင်ဆောင်ကာ ပြန်လာ၏။ ကျိုးဟောက်ယွီ ခန့်မှန်းကြည့်ရာ ယွမ် တစ်သိန်း ခန့် ရှိမည်ဟု ထင်ရသည်။
"အစ်ကိုကြီး၊ သူတို့ဆီမှာ ရှိသမျှ အကုန်ယူလာခဲ့ပါပြီ၊ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ"
"ဒါကတော့ ငါထမင်းတစ်နပ် စားဖို့လောက်ပဲ ရှိတာပေါ့"
ကျိုးဟောက်ယွီ မထူးခြားသလို ပြောဆိုရင်း ငွေထုပ်ကို လှမ်းယူလိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော် သွားလို့ရပြီလား"
လီချန်မှ ကြောက်ရွံ့စွာ မေးသည်။ ကျိုးဟောက်ယွီ၏ ခွင့်ပြုချက်မရဘဲ သူလှုပ်ရှားရန် မဝံ့ရဲပေ။
"သွားတော့ လစ်လိုက်တော့"
ကျိုးဟောက်ယွီမှာ လက်ကာပြလိုက်သည်။ သူ့အာရုံမှာ ငွေထုပ်ပေါ်တွင်သာ ရှိနေပြီး လီချန်ကို စိတ်မဝင်စားတော့ပေ။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
လီချန်သည် စိတ်သက်သာရာရသွားကာ သူ့ကားဆီသို့ အပြေးအလွှား သွားတော့သည်။ သို့သော် ကျိုးဟောက်ယွီ နောက်မှ လှမ်းခေါ်လိုက်ပြန်၏။
"ခဏနေဦး"
"ဗျာ၊ ဘာဖြစ်လို့လဲ အစ်ကိုကြီး"
လီချန်သည် တံတွေးကို ခက်ခဲစွာ မျိုချရင်း ကြောက်လန့်တကြား မေးရှာသည်။
"မကြောက်ပါနဲ့"
ကျိုးဟောက်ယွီမှ ပြုံးရင်း ပြောလိုက်သည်။
"နောက်တစ်ခါ ငါ့ကို လာရန်ရှာမယ်ဆိုရင် ငွေသားနှစ်သန်း အဆင်သင့် သယ်လာဖို့ သတိပေးချင်လို့ပါ၊ မဟုတ်ရင်တော့ မင်းရဲ့ ခြေထောက်တွေကို အရှုံးပေးလိုက်ရလိမ့်မယ်"
"မဖြစ်နိုင်တာ အစ်ကိုကြီးရယ်၊ နောက်ဆို အစ်ကိုကြီးကို မြင်တာနဲ့ ဝေးဝေးက ရှောင်ပါ့မယ်၊ အစ်ကိုကြီးရဲ့ အဖိုးတန်တဲ့ အချိန်တွေကို ထပ်ပြီး မဖြုန်းတီးရဲတော့ပါဘူး"
"အရမ်းကြီးတော့ အပိုင်မတွက်နဲ့လေ၊ ဘာပဲဖြစ်ဖြစ် ကားပေါ်မှာ ငွေသားနှစ်သန်း အမြဲဆောင်ထားတာကတော့ မင်းအတွက် အကျိုးရှိမှာပါ"
ကျိုးဟောက်ယွီမှ အဓိပ္ပာယ်ပါပါ ပြုံးရင်း ဆိုသည်။
"ဟုတ်ကဲ့ပါ အစ်ကိုကြီး၊ နားလည်ပါပြီ၊ ပြန်သွားရင် ငွေသားနှစ်သန်း အဆင်သင့် ပြင်ထားပါ့မယ်"
လီချန် အတင်းအဓမ္မ ပြုံးပြကာ ပြောဆိုပြီးနောက် သူ့ကားကို မောင်းနှင်၍ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာသွားလေတော့သည်။ ထိုညက ကျိုးဟောက်ယွီသည် ယွမ် တစ်သိန်း ရရှိခဲ့သည့်အတွက် အလွန်ပင် စိတ်ကြည်လင်နေ၏။ နောက်တစ်နေ့ နံနက်တွင် သူနိုးလာသောအခါ ငွေစက္ကူများ ဝန်းရံလျက်ရှိနေသည်။ လူအများအတွက် ယွမ် တစ်သိန်းဆိုသည်မှာ မများလှသော်လည်း ကျိုးဟောက်ယွီအတွက်မူ ဤသည်မှာ ရတနာပုံကြီးသဖွယ်ပင်။
"ပိုက်ဆံတွေနဲ့ အတူအိပ်ရတာ တကယ်ကို သက်သောင့်သက်သာ ရှိပါလား"
ကျိုးဟောက်ယွီသည် ငွေစက္ကူများကို လေထဲသို့ ကျဲပက်ရင်း ထိုခံစားချက်ထဲတွင် နှစ်မြောနေမိသည်။ သူ ကုတင်ပေါ်မှပင် မဆင်းချင်တော့ပေ။ သို့သော် ဖုန်းမြည်သံမှာ သူ့အိမ်မက်လှလှလေးကို နှောက်ယှက်လိုက်၏။
"ငါ အိမ်မှာ စောင့်နေတယ်၊ မြန်မြန်လာခဲ့"
ဝေ့ရှီယု၏ ချိုသာသော အသံကို ဖုန်းထဲမှ ကြားလိုက်ရသည်။
"ဟဲဟဲ၊ အခု ငါက ချမ်းသာနေပြီဆိုတော့ မင်းရဲ့ အစေခံလုပ်ပေးစရာ မလိုတော့ဘူး၊ မင်းရဲ့ ဘဏ်အကောင့်နံပါတ်သာ ပေးလိုက်၊ ပိုက်ဆံကို အခုပဲ လွှဲပေးလိုက်မယ်"
ကျိုးဟောက်ယွီမှ ခပ်ကြွားကြွား ပြောလိုက်သည်။
"ဘာပြောတယ်"
ဝေ့ရှီယုသည် ခဏမျှ ကြောင်အသွားသည်။
"မင်းဆီက ချေးထားတဲ့ ယွမ် လေးသောင်းကို အခု ပြန်ဆပ်မယ်လို့ ပြောတာ၊ နောက်ဆို ငါ့ကို အချိန်တိုင်း ဖုန်းမဆက်နဲ့တော့၊ ငါက အလုပ်များတယ်၊ မင်းအတွက် အချိန်မဖြုန်းနိုင်ဘူး"
ကျိုးဟောက်ယွီမှ ရယ်မောရင်း ဆိုလိုက်သည်။ ယခုအခါတွင်မူ သူသည် ငွေရှိပြီဖြစ်ရာ ဝေ့ရှီယုကို ရင်ဆိုင်ရန် ပို၍ ယုံကြည်မှုရှိလာချေပြီဖြစ်သည်။
"နင် အဲဒီပိုက်ဆံတွေ ဘယ်ကရတာလဲ"
ဝေ့ရှီယုမှ သိလိုစိတ်ဖြင့် မေးသည်။
"အဲဒါ မင်း သိဖို့မလိုပါဘူး၊ အကောင့်နံပါတ်သာ ပေးပါ"
ကျိုးဟောက်ယွီ ဝင့်ကြွားစွာ ပြောလိုက်သည်။
"နင်က ငါ့ကို အဲဒီလောက်တောင် ရွံတာလား"
ဝေ့ရှီယု၏ လေသံမှာ အေးစက်သွားသည်။
"ပိုက်ဆံရတာနဲ့ ငါ့ဆီကနေ အတင်းထွက်သွားချင်နေတာပေါ့လေ"
ကျိုးဟောက်ယွီမှာ အနည်းငယ် မျက်နှာပူသွားပြီး ပြန်လည်ဖြေရှင်းလိုက်လေတော့သည်။
"အဲဒီလိုတော့လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ သူများဆီက ငွေချေးထားရတာ စိတ်ထဲမှာ မကောင်းလို့ပါ၊ ငါက အကြွေးတင်ခံတဲ့သူ မဟုတ်တော့ ပိုက်ဆံရတာနဲ့ ချက်ချင်းပြန်ဆပ်ချင်တာ သဘာဝပဲ မဟုတ်လား"