← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

127

ဝေ့ရှီယုသည် ထိုအကြောင်းအရာကို ဆက်၍ မပြောတော့ဘဲ စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

“စကားပြောစရာ ကောင်မလေးတွေ ရှိနေတာပဲကို ငါ့ဆီ ဘာကိစ္စ လာရှာတာလဲ”

“ပိုက်ဆံပြန်ဆပ်မလို့လေ၊ မင်းကို ပေးစရာ ယွမ်လေးသောင်းကျော် ကျန်သေးတယ်မဟုတ်လား၊ မြန်မြန်လေး ဆပ်လိုက်ချင်လို့ပါ”

ကျိုးဟောက်ယွီမှ စိတ်မကောင်းသော မျက်နှာပေးဖြင့် ပြောလိုက်သည်။ အမှန်တော့ အိမ်မှကုတင်ပေါ်တွင် ငွေသား ယွမ်တစ်သိန်းနီးပါး ရှိနေသော်လည်း ဘာကြောင့်ရယ်မသိ စောစောက ဝေ့ရှီယု ဖုန်းချသွားသည့်အချိန်တွင် ပိုက်ဆံပြန်မဆပ်ချင်တော့သဖြင့် ပိုက်ဆံပြန်ရှုံးသွားပြီဟုသာ အလွယ်တကူ လိမ်ညာပြောဆိုလိုက်ခြင်းဖြစ်၏။

“ဒါဆိုလည်း ငါနဲ့လိုက်ခဲ့”

ဝေ့ရှီယုမှ မတ်တပ်ရပ်ရင်း တံခါးဝဆီသို့ ဦးတည်လျှောက်သွား၏။ ကျိုးဟောက်ယွီလည်း သူမနောက်မှ ကပ်လိုက်ရင်း မနေနိုင်တော့ဘဲ မေးမိသည်။

“မင်း ဒီကုမ္ပဏီကို ဘယ်တုန်းက ဖွင့်လိုက်တာလဲ၊ ငါတစ်ခါမှတောင် မကြားဖူးပါလား”

“နင်မကြားဖူးတဲ့အရာတွေ အများကြီးရှိပါသေးတယ်”

ဝေ့ရှီယုမှ ပြန်ဖြေရမှာ ပျင်းသည့်နှယ် ခပ်အေးအေးပင် ရှေ့ကနေ လျှောက်သွားလေသည်။

“ဒါပေမဲ့ မင်းအလုပ်လုပ်နေတာကို ငါတစ်ခါမှမမြင်ဖူးပါဘူး၊ ဒီနေ့ကျမှ ဘာလို့ ရုတ်တရက်ကြီး ကုမ္ပဏီတစ်ခု ရှိနေရတာလဲ”

ကျိုးဟောက်ယွီ တစ်ယောက် ဇဝေဇဝါ ဖြစ်နေရသည်။ သူ့စိတ်ထဲတွင်တော့ ဝေ့ရှီယုဆိုသည်မှာ တစ်နေ့ကုန် ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေတတ်သည့် သူဌေးသမီးလေးတစ်ယောက်သာဖြစ်၏။ ယခုလို အမျိုးသမီး CEO တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

“နင်က ငါ့နားမှာ အမြဲရှိနေတာမှ မဟုတ်တာ၊ ငါအလုပ်လုပ်တာကို မမြင်ရတာ သဘာဝပဲပေါ့”

ဝေ့ရှီယုမှ ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်သည်။ နှစ်ယောက်သား ကုမ္ပဏီထဲမှ ထွက်လာပြီးနောက် ဝေ့ရှီယုသည် ကျိုးဟောက်ယွီ၏ ကားပေါ်သို့ တန်းစီတက်ကာ တိုက်ရိုက်ပင် အမိန့်ပေးလိုက်၏။

“လျိုယွန်းကလပ်ကို မောင်း”

“ကောင်းပြီ”

ကျိုးဟောက်ယွီမှ ပြန်ထူးပြီး ကားကို မောင်းထွက်ခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် သူ ဝေ့ရှီယု၏ ကုမ္ပဏီအကြောင်းကို အဓိကထား၍ သိချင်စိတ်ဖြင့် စပ်စုမေးမြန်းနေခဲ့၏။ သို့သော်လည်း ဝေ့ရှီယုမှာ စိတ်ကြည်မနေသဖြင့် ဂရုမစိုက်သလို ခပ်အေးအေးသာ နေလေသည်။ ကျိုးဟောက်ယွီလည်း အားတက်သရော မေးသမျှ ကျောက်ရုပ်လို အေးစက်စက် အတုံ့အပြန်ကိုသာ ရရှိသဖြင့် နောက်ဆုံးတွင်တော့ ဆက်မမေးတော့ဘဲ နှုတ်ဆိတ်သွားရတော့သည်။ သူတို့ ကလပ်သို့ ရောက်ရှိချိန်တွင် လူနှစ်ယောက်မှာ ဝင်ပေါက်ဝ၌ ကြိုတင်စောင့်ဆိုင်းနေကြပြီဖြစ်သည်။ ဝေ့ရှီယုကို မြင်မြင်ချင်းပင် ထိုသူတို့မှာ အပြေးအလွှား လာရောက်နှုတ်ဆက်ကြ၏။ အသက်လတ်ပိုင်းအရွယ် အမျိုးသားမှ မျက်နှာလိုမျက်နှာရ အပြုံးဖြင့် ပြောလိုက်သည်။

“မမ‌လေးဝေ့နဲ့ ချိန်းဆိုမှုရဖို့ တကယ်မလွယ်ဘူးဗျာ၊ ဒါနဲ့ မိတ်ဆက်ပေးပါရစေ ကျွန်တော့်ဘေးက လူငယ်လေးကတော့ အခုလောလောဆယ် နာမည်ကြီးနေတဲ့ မင်းသား ဟွမ်ယိဖန် ပါ”

“သူက နာမည်ကြီးနေပြီးသားပဲ၊ ဘာ မိတ်ဆက်ပေးစရာ လိုသေးလို့လဲ”

ဝေ့ရှီယုမှာ ခပ်အေးအေးပင် တုံ့ပြန်လိုက်ပြီး ကလပ်ထဲသို့ ရှေ့မှ ဦးဆောင်ဝင်သွားလေသည်။

“အာ ဟုတ်ကဲ့၊ ဟု ဟုတ်ပါတယ်၊ မမလေးဝေ့ ပြောတာ အမှန်ပဲဗျာ”

ဖုန်းရှောက်ကွမ်းမှာ အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်သွားသော်လည်း လောကဓံကြေနေသည့် လူဟောင်းတစ်ယောက်ပီပီ ဂရုမစိုက်ဟန်ဖြင့် ဖားသည့်စကားကိုသာ ဆက်ပြောလိုက်သည်။ ဘေးတွင် ရပ်နေသော ဟွမ်ယိဖန်မှာမူ တော်တော်လေး မျက်နှာပူသွားရရှာ၏။ အကယ်၍သာ ရိုက်ကွင်းပေါ်တွင်ဆိုလျှင် သူ စိတ်တိုဒေါသထွက်မိမှာ အသေအချာပင်။ သို့သော် ယခုမူ လုပ်ငန်းရှင်ကြီး၏ ရှေ့မှောက်တွင် ဖြစ်သဖြင့် နှာခေါင်းကိုသာ ပွတ်သပ်ရင်း ဘာမှမဖြစ်သလို ဟန်ဆောင်နေရတော့သည်။ သီးသန့်ခန်းထဲတွင် အားလုံးနေရာယူပြီးကြသောအခါ ဖုန်းရှောက်ကွမ်းမှ ဟွမ်ယိဖန်ကို မျက်ရိပ်ပြလိုက်၏။ ဟွမ်ယိဖန်မှာလည်း ချက်ချင်း သဘောပေါက်ကာ ဖန်ခွက်ကို မြှောက်၍ မတ်တပ်ရပ်ရင်း ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ရုပ်ရှင်အသစ်ကို ပံ့ပိုးကူညီပေးတဲ့အတွက် မမလေးဝေ့ကို ကျေးဇူးအများကြီး တင်ပါတယ်၊ မမလေးဝေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော် အရင်ဆုံး တစ်ခွက် သောက်ပါရစေ”

“ငါ အလုပ်လုပ်နေချိန်မှာ အရက်မသောက်ဘူး”

ဝေ့ရှီယုမှ လေသံအေးစက်စက်ဖြင့် ငြင်းပယ်လိုက်သည်။ စကားပြောနေချိန်တွင် ဟွမ်ယိဖန်ကို မော့၍ပင် ကြည့်မသွားခဲ့ပေ။ ထိုအခြေအနေကို မြင်သောအခါ ဖုန်းရှောက်ကွမ်းမှ ပတ်ဝန်းကျင်အခြေအနေကို ထိန်းညှိသည့်အနေဖြင့် အလျင်အမြန်ပင် ကြားဖြတ်ပြောလိုက်သည်။

“မမလေးဝေ့ ဒီလောက် ကုမ္ပဏီအကြီးကြီး တည်ဆောက်နိုင်တာ အကြောင်းရှိတာပဲဗျာ၊ မမလေးဝေ့ရဲ့ ဒီလို အလုပ်အပေါ် စိတ်နှစ်ထားတဲ့ ပုံစံမျိုးနဲ့ဆို အောင်မြင်မှာကတော့ အသေအချာပါပဲ”

“ကဲ၊ အလုပ်အကြောင်းပဲ ပြောရအောင်”

ဝေ့ရှီယုမှ သူမအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ကာ ဖုန်းရှောက်ကွမ်းထံ ကမ်းပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဝမ် က စာချုပ်အသေးစိတ်ကို ရှင်နဲ့ ဆွေးနွေးပြီးသားပဲ၊ အစီအစဉ်ကို ဖျက်ဖို့ စိတ်ကူးမရှိရင် စာချုပ်မှာ လက်မှတ်ထိုးလိုက်ပါတော့”

“ဖျက်ဖို့ကတော့ မဖြစ်နိုင်ပါဘူးဗျာ၊ ဒါပေမဲ့ ဒီထဲက အသေးစိတ်အချက်အလက်လေး တစ်ခုလောက်ကို ကျွန်တော်တို့ နည်းနည်းလောက် ထပ်ဆွေးနွေးလို့ ရမလား"

ဖုန်းရှောက်ကွမ်းမှ ညှိနှိုင်းသည့်လေသံဖြင့် တောင်းဆိုလိုက်သည်။

“စာချုပ်က အပြီးသတ် သတ်မှတ်ထားပြီးသားမို့ ပြောင်းလဲမှာမဟုတ်ဘူး၊ လက်မှတ်ထိုးမလား၊ မထိုးဘူးလား ဆိုတာပဲ ရှင် ရွေးချယ်ရလိမ့်မယ်”

ဝေ့ရှီယုမှ ပြတ်ပြတ်သားသားပင် ဆိုလေသည်။

“ဒါကတော့ ကောင်းပါပြီ၊ ကျွန်တော် လက်မှတ်ထိုးပါ့မယ်”

ဖုန်းရှောက်ကွမ်း တစ်ယောက် မတတ်သာသည့်အဆုံး သက်ပြင်းချရင်း ဆိုလိုက်ရတော့သည်။ ဝေ့ရှီယု၏ အလုပ်လုပ်ပုံမှာ ဤမျှအထိ ပြတ်သားထက်မြက်လိမ့်မည်ဟု သူတကယ်မထင်ထားခဲ့မိပေ။ စောစောကမူ ဝေ့ရှီယုသည် ငယ်ရွယ်သောအမျိုးသမီးတစ်ယောက် ဖြစ်သဖြင့် ဟွမ်ယိဖန်၏ ရုပ်ရည်အသွင်အပြင်ကို သုံးကာ မြူဆွယ်သိမ်းသွင်းမည်အထင်ဖြင့် ခေါ်လာခဲ့ခြင်းဖြစ်သည်။ ဘယ်သူ ထင်ထားပါ့မည်နည်း။ ဝေ့ရှီယုသည် ဟွမ်ယိဖန်ကို ဖျတ်ခနဲမျှပင် လှည့်မကြည့်ခဲ့ချေ။

“အတူတူ လက်တွဲလုပ်ဆောင်ရတာ ဝမ်းသာပါတယ်”

ဝေ့ရှီယုမှ လက်မှတ်ထိုးပြီးသား စာချုပ်ကို ပြန်သိမ်းကာ မတ်တပ်ရပ်ရင်း ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအခါ ဖုန်းရှောက်ကွမ်းမှာ ဖိတ်ခေါ်လိုက်ပြန်၏။

“ကျွန်တော်တို့ အတူတူ ကာရာအိုကေ သွားဆိုကြမလား"

“စိတ်မဝင်စားဘူး”

ဝေ့ရှီယုမှ ဝတ်ကျေတန်းကျေ ပြန်ပြောကာ သီးသန့်ခန်းထဲမှ လှည့်ထွက်သွားခဲ့လေသည်။ တစ်လျှောက်လုံး အသာတကြည် စောင့်ကြည့်နေခဲ့သော ကျိုးဟောက်ယွီသည်လည်း သူမထွက်သွားသည်နှင့် နောက်မှ ခပ်သွက်သွက် လိုက်သွားတော့၏။ ကားပေါ်ရောက်သည်နှင့် ကျိုးဟောက်ယွီ မအောင့်နိုင်တော့ဘဲ ဖွင့်ဟမိသည်။

“ဒီလောက် ဩဇာအာဏာပါပါနဲ့ အလုပ်လုပ်တာမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး”

“နည်းလမ်းက ဘာပဲဖြစ်ဖြစ် အလုပ်ပြီးမြောက်သွားရင် ရပြီပဲ"

ဝေ့ရှီယုမှ ညင်သာစွာ ပြန်ပြော၏။

“ဒါလည်း ဟုတ်တာပါပဲ”

ကျိုးဟောက်ယွီမှ ထောက်ခံရင်း သိချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။

“ဒါနဲ့ မင်းတို့ကုမ္ပဏီက တကယ်တော့ ဘာလုပ်တာလဲ၊ ဖျော်ဖြေရေးလောကထဲက လူတွေနဲ့ပါ ဘယ်လိုဖြစ်ပြီး ပတ်သက်နေရတာလဲ”

“ဒါ နင်နဲ့ ဘာဆိုင်လို့လဲ”

ဝေ့ရှီယုမှ ခပ်ဆတ်ဆတ်လေး ပြန်ပက်လိုက်သည်။

“အင်းပါ အင်းပါ၊ ငါလည်း စပ်စုမိတာပါ၊ ဒါနဲ့ နောက်ထပ် ဘယ်ကို အလုပ်သွားဖို့ ရှိသေးလဲ၊ ငါ လိုက်ပို့ပေးမယ်လေ”

ကျိုးဟောက်ယွီမှ အားမလိုအားမရ လေသံဖြင့် ဆိုလိုက်သည်။ သူ့မျက်နှာအမူအရာကို မြင်သော် ဝေ့ရှီယု နှုတ်ခမ်းကို အနည်းငယ်စေ့ကာ ရှင်းပြလိုက်၏။

“ငါ့ကုမ္ပဏီက မီဒီယာလုပ်တာ၊ ရုပ်ရှင် အရောင်းမြှင့်တင်ရေးဘက်မှာလည်း အဆက်အသွယ်တွေ ရှိတယ်၊ အဲဒါကြောင့် ဖုန်းရှောက်ကွမ်းက ငါ့ကို လာဖားနေတာပေါ့”

“မီဒီယာ ကုမ္ပဏီ ဟုတ်လား၊ ထောင်ထားတာ ဘယ်လောက်ကြာပြီလဲ”

ကျိုးဟောက်ယွီသည် ရုတ်တရက်ကြီး ပေါ်လာသော သူမ၏ကုမ္ပဏီအကြောင်းကို အမှန်တကယ်ပင် စိတ်ဝင်စားနေမိသည်။

“နှစ်နှစ်၊ သုံးနှစ်လောက်တော့ ရှိပြီထင်တယ်၊ အဲဒီတုန်းက ပျင်းပျင်းရှိတာနဲ့ အဖေ့ဆီက ပိုက်ဆံတောင်းပြီး စလုပ်လိုက်တာ၊ စဖွင့်ခါစတုန်းကတော့ နေ့တိုင်း အလုပ်ရှုပ်တာပေါ့၊ အခုတော့ ကုမ္ပဏီက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတော့ တစ်ခါတလေ ရုံးတောင်မသွားတော့ဘူး၊ အလုပ်အများစုကို လက်အောက်ငယ်သားတွေကိုပဲ လွှဲပေးထားလိုက်တယ်”

ဝေ့ရှီယုမှ ခပ်အေးအေးပင် ရှင်းပြသည်။ ထိုစကားကို ကြားရသောအခါ ကျိုးဟောက်ယွီ ဝေ့ရှီယုကို အထင်ကြီးလေးစားစွာဖြင့် ကြည့်လိုက်မိပြီး ပြောလိုက်၏။

“မင်းမှာ ဒီလို ဖက်ခြမ်းရှိလိမ့်မယ်လို့ ငါ တကယ်မထင်ထားမိဘူး၊ ခုမှ အသစ်တစ်ယောက်လို ပြန်မြင်လာရသလိုပဲ”

“လူကြီးတွေရဲ့ ပိုက်ဆံနဲ့ စခဲ့တဲ့ ကုမ္ပဏီပဲဟာ၊ အောင်မြင်မှု အနည်းအကျဉ်း ရခဲ့တယ်ဆိုပေမဲ့ ကြွားဝါစရာတော့ မဟုတ်ပါဘူး”

ဝေ့ရှီယုမှ အရေးမကြီးသလို ဆိုလေသည်။ အမှန်တကယ်လည်း သူမပြောသကဲ့သို့ပင် ကျိုးဟောက်ယွီသည် သူမထံမှ ကုမ္ပဏီအကြောင်း ကြွားဝါပြောဆိုသံကို တစ်ခါမျှ မကြားဖူးခဲ့ချေ။

“စားသောက်ပျော်ပါးဖို့ပဲ သိတဲ့ တခြားသူဌေးသားသမီးတွေထက်စာရင်တော့ မင်းက အများကြီး သာပါသေးတယ်”

ကျိုးဟောက်ယွီ စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။

“တကယ်တော့ သိပ်လည်း မထူးပါဘူး၊ ငါလည်း စားတယ် သောက်တယ် ပျော်ပါးတယ်၊ နင် စောစောက ပြောသလို ငါက သူဌေးသမီး အပျင်းထူမလေး ဆိုတာလည်း မမှားပါဘူး”

ဝေ့ရှီယုမှ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ ဝေ့ရှီယု စိတ်ကြည်မနေမှန်း ကျိုးဟောက်ယွီ ရိပ်မိသဖြင့် သူမကို နှစ်သိမ့်ပေးချင်သော်လည်း မည်သို့ပြောရမှန်း မသိဖြစ်နေသည်။ ထို့ကြောင့် စကားလမ်းကြောင်းကို ပေါ့ပေါ့ပါးပါးဖြစ်အောင် လွှဲလိုက်ရင်း ပြောလိုက်သည်။

“မင်း အလုပ်တွေ ရှိသေးလား၊ မရှိရင် ငါတို့ အတူတူ ကစားကွင်း သွားကြမလား”

“ငါ့ကို အိမ်ပဲ ပြန်ပို့ပေးပါ ငါ အိပ်ချင်လို့၊ အိပ်ပဲ အိပ်ချင်တော့တယ်”

ဝေ့ရှီယုမှ တည်ငြိမ်စွာပင် ဆိုလိုက်သည်။

ကျိုးဟောက်ယွီ၏ ရှေ့မှောက်တွင် သူမသည် မိမိ၏ ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ရခြင်း ဖြစ်သည်။ အမှန်တော့ ယနေ့မနက်တွင် ကျိုးဟောက်ယွီ ပိုက်ဆံပြန်ဆပ်မည်ဟု ပြောကတည်းက သူမ စိတ်မကောင်းဖြစ်နေခဲ့ရခြင်းဖြစ်၏။ ထို့နောက်တွင် ကျိုးဟောက်ယွီ သူမကို တွေ့ရန် ဖုန်းဆက်လာသောအခါ သူမ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ရသော်လည်း ရုံးခန်းထဲတွင် တခြားကောင်မလေးတစ်ယောက်နှင့် စကားတပြောပြောဖြင့် ရိုမန်တစ်ဆန်နေသည်ကို မြင်လိုက်ရသည့်အခါတွင်မူ သူမ၏ စိတ်အစဉ်မှာ ဒေါသနှင့် စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်သွားရတော့သည်။

All Chapters