အခန်း ၁၂၈
Vol. 13 Ch. 128
128
"နေ့လည်တောင်မရောက်သေးဘူး၊ မင်းက အိပ်တော့မလို့လား၊ အိပ်တာ စောလွန်းတယ် မဟုတ်လား"
ကျိုးဟောက်ယွီမှ အံ့အားသင့်စွာ မေးလိုက်သည်။
"ပင်ပန်းလို့ပါ၊ အိပ်ပဲ အိပ်ချင်တော့တယ်"
ဝေ့ရှီယု တိုးညင်းသော လေသံဖြင့် ပြန်ဖြေသည်။
"အေးပါ၊ ငါနားလည်ပါပြီ"
ကျိုးဟောက်ယွီမှ ပြောပြောဆိုဆိုဖြင့် ဝေ့ရှီယု၏ အိမ်ဘက်သို့ ကားကို ဦးတည်မောင်းနှင်လိုက်တော့သည်။ သူမကို အိမ်သို့ ပို့ဆောင်ပြီးနောက်တွင်တော့ ကျိုးဟောက်ယွီသည် ဖုန်းထဲမှ ဒီဒီ စနစ်ကို ဖွင့်ကာ အလုပ်စလုပ်လေ၏။ လက်ထဲတွင် ယွမ် တစ်သိန်းလောက် ရှိနေပြီဆိုသော်ငြား အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့နှင့် အိမ်ထောင်ပြုဖို့အတွက်ဆိုလျှင်တော့ လိုပါသေးသည်။ ထို့ကြောင့် သူအလုပ်ကို လက်မလျှော့နိုင်သေးပေ။ ညနေ ၄နာရီခန့် ရောက်သောအခါ ငွေရာဂဏန်းအချို့ ရရှိထားပြီးဖြစ်သည်။ ယနေ့အတွက် အလုပ်သိမ်းရန် အချိန်နီးကပ်လာပြီဖြစ်၍ လင်းချိန်ချန်ကို စောင့်ရန် ဝမ်စီကုန်တိုက်ဘက်သို့ ထွက်လာဖို့ ပြင်လိုက်သည်။
"တီ"
နောက်ထပ် အော်ဒါတစ်ခု ဝင်လာပြန်သည်။ ကျိုးဟောက်ယွီ ကြည့်လိုက်မိတော့ အော်ဒါမှာသူ့အမည်မှာ မီးနတ်မင်း ဖြစ်နေ၏။
"နတ်မင်းကြီးကိုတော့ လက်လွှတ်မခံနိုင်ပါဘူးလေ"
ကျိုးဟောက်ယွီမှ တိုးတိုးရေရွတ်ရင်း အမြန်မောင်းသွားကာ ခရီးသည်ကို သွားကြိုလေသည်။ ထိုနေရာသို့ ရောက်သောအခါ မီးတောက်ကဲ့သို့ ရဲရဲနီနေသော ဝတ်ရုံကို ဆင်မြန်းထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။
"ဟိုင်း၊ မီးနတ်မင်းလားခင်ဗျ၊ ကားပေါ် အမြန်တက်ပါ"
ကျိုးဟောက်ယွီမှ လက်ဟန်ခြေဟန်ဖြင့် နှုတ်ဆက်လိုက်သည်။
"ဒီလောကကြီးက တကယ်ကို တိုးတက်စည်ပင်လာတာပဲ၊ ခဏလေးအတွင်းမှာတင် အကုန်ပြောင်းလဲသွားလိုက်တာ"
မီးနတ်မင်း ကားပေါ်တွင် ထိုင်ရင်း အမှတ်မထင် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ကျိုးဟောက်ယွီမှာ ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့်ပြောလိုက်၏။
"လူသားတွေက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတာလေ၊ နောက်နှစ်ပေါင်း ရာချီကြာရင် ကျွန်တော်တို့ ကမ္ဘာမြေကနေ ထွက်ခွာပြီး စကြဝဠာကိုပါ စူးစမ်းလေ့လာနိုင်တော့မှာ"
"စကြဝဠာကို စူးစမ်းမယ်၊ ဟက်"
မီးနတ်မင်းမှာ ဘာမှဆက်မပြောဘဲ ခေါင်းကိုသာ ခါလိုက်သည်။ သို့သော် သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုက ထင်ဟပ်နေ၏။ ကျိုးဟောက်ယွီ နောက်ကြည့်မှန်မှတစ်ဆင့် ထိုအမူအရာကို မြင်လိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားကာ မေးလိုက်သည်။
"ဘာလဲ၊ ကျွန်တော်တို့ လူသားတွေက စကြဝဠာကို မစူးစမ်းနိုင်ဘူးလို့ ပြောချင်တာလား"
"စူးစမ်းနိုင်တာပေါ့၊ ငါမစူးစမ်းနိုင်ဘူးလို့ မပြောပါဘူး"
မီးနတ်မင်းမှာ မငြင်းသော်လည်း သူ့မျက်နှာထက်မှ အပြုံးမှာ ကျိုးဟောက်ယွီကို လှောင်ပြောင်နေသယောင် ခံစားရစေသည်။
"ကောင်းပါပြီ၊ ခင်ဗျားနဲ့ စကားပြောလို့ အဆင်မပြေဘူး၊ ဘယ်ကို သွားမှာလဲသာ ပြောပါတော့"
ကျိုးဟောက်ယွီမှ မထူးခြားသလို ပြောလိုက်သည်။ ဒီနတ်မင်းမှာ လူသားများကို အထင်သေးနေသည်ဟု သူခံစားရသဖြင့် လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်တော့၏။
"ခွန်းလုံတောင်ကို သွားမှာ"
မီးနတ်မင်းမှ ခပ်အေးအေးပင် ပြန်ဖြေသည်။ ကျိုးဟောက်ယွီ ခေါင်းညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ကားမောင်းခြင်းကိုသာ အာရုံစိုက်လိုက်၏။ ရောက်ရမည့်နေရာသို့ ရောက်သောအခါ မီးနတ်မင်းသည် ကားပေါ်မှ ဆင်းကာ ခပ်တည်တည်ဖြင့် ထွက်ခွာသွားသည်။ ကျိုးဟောက်ယွီ ထိုမြင်ကွင်းကို မြင်သောအခါ လှမ်းသတိပေးလိုက်ရသည်။
"ဟေ့၊ ခင်ဗျား ဘာမှမပေးရသေးဘူးလေ၊ ကျွန်တော့်ကားက အလကားစီးလို့ရတာ မဟုတ်ဘူး"
"နောက်မှပဲ ပြောကြတာပေါ့"
မီးနတ်မင်း မရပ်မနားဘဲ ပြန်ပြောရင်း မျက်စိတစ်မှိတ်အတွင်းမှာတင် ကျိုးဟောက်ယွီ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။
"လူယုတ်မာပဲ၊ ဒီလောက် ဝေးဝေးလံလံ မောင်းလာပေးတာကို ဆီဖိုးတောင်မပေးဘူး၊ တကယ့်ကို အရှက်မရှိတဲ့ကောင်"
ကျိုးဟောက်ယွီ ဆဲရေးတိုင်းထွာနေမိသော်လည်း ထိုနတ်မင်းကို သူဘာမှမတတ်နိုင်ပေ။ နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ကားကိုလှည့်ကာ မြို့ထဲသို့သာ ပြန်လာခဲ့ရသည်။ ဝမ်စီကုန်တိုက်သို့ သူရောက်သွားချိန်တွင် မှောင်နေပြီဖြစ်သည်။
"ချန်ချန် စိတ်တိုနေလောက်ပြီ၊ ပြန်သွားပြီလား မသိဘူး"
ကျိုးဟောက်ယွီ အတော်လေး စိုးရိမ်သွားသည်။ သူသည် ကားကို အဆင်ပြေသည့်နေရာတွင် ကပျာကယာ ထိုးရပ်ခဲ့ပြီး ချိန်းထားသည့်နေရာသို့ အပြေးအလွှား သွားလိုက်၏။
"ဟေ့ ဒီမှာလေ"
ဟန်ပါပါဖြင့် ရပ်စောင့်နေသော လင်းချိန်ချန်မှ သူ့ကို လှမ်းခေါ်လိုက်သည်။ ကျိုးဟောက်ယွီ အပြေးအလွှား ရောက်လာသည်ကို မြင်သောအခါ သူမအနည်းငယ် ပြုံးမိသွားပြီး စောင့်နေရသဖြင့် ဖြစ်ပေါ်နေသော စိတ်အနှောင့်အယှက်များကလည်း အလိုအလျောက် ပျောက်ကွယ်သွားရ၏။
"တောင်းပန်ပါတယ်၊ စောင့်ခိုင်းမိသွားပြီ"
ကျိုးဟောက်ယွီမှ အနားသို့ရောက်လျှင် ရောက်ချင်း အရင်ဆုံး တောင်းပန်လိုက်သည်။
"ကားပေါ်မှာ တကယ့် ကောင်စုတ်တစ်ယောက် ပါလာလို့၊ ငါ့ကို လိမ်ပြီး အဝေးကြီး မောင်းခိုင်းရုံတင်မကဘူး၊ ကားခတောင် မပေးဘဲ ထွက်ပြေးသွားတယ်"
"ရပါတယ်၊ ကျွန်မလည်း ဒီနေ့ အချိန်ပိုဆင်းနေရတာနဲ့ အခုလေးတင်ပဲ ရောက်တာပါ"
လင်းချိန်ချန်မှ ကျိုးဟောက်ယွီ စိတ်မကောင်းဖြစ်မှာစိုး၍ မုသားအဖြူလေး သုံးလိုက်ခြင်းဖြစ်သည်။
"မင်းလည်း ဘာမှမစားရသေးဘူး မဟုတ်လား၊ တစ်ခုခု သွားစားကြမလား"
ကျိုးဟောက်ယွီမှ ဖိတ်ခေါ်လိုက်သည်။
"ရှင်ပဲ လမ်းပြလေ၊ ဟုတ်ပြီလား"
လင်းချိန်ချန် ခပ်ဖွဖွလေး ပြုံးပြသည်။ သူမသည် ကျိုးဟောက်ယွီကို တစ်နာရီနီးပါး စောင့်ခဲ့ရသည်ဖြစ်ရာ သူ့အနားတွင်သာ ဆက်ရှိနေချင်မိ၏။
"ဒီနေ့ အလုပ်လာရင်း အသစ်ဖွင့်ထားတဲ့ အီတလီစားသောက်ဆိုင် တစ်ဆိုင် တွေ့ခဲ့တယ်၊ လူတွေ အတော်စည်တာပဲ၊ ဟင်းပွဲတွေ ကောင်းပုံရတယ် အဲဒီမှာ သွားစားကြမလား"
ကျိုးဟောက်ယွီမှ သူမသဘောထားကို မေးလိုက်သည်။
"ကျွန်မက နိုင်ငံခြားစာတွေကို သိပ်မကြိုက်ဘူး၊ ကိုယ့်နိုင်ငံက အစားအစာပဲ စားရအောင်၊ ကျွန်မတို့ဆီမှာလည်း အရသာရှိတာတွေ အများကြီးပဲဟာ"
လင်းချန်ချန်မှ ဆိုသည်။
"ဒါဆို စီချွမ်းဟော့ပေါ့ကော ဘယ်လိုလဲ"
"ကောင်းတာပေါ့၊ ကျွန်မ ဟော့ပေါ့ အရမ်းကြိုက်တယ်"
လင်းချိန်ချန် ပြုံးရင်း ပြောလိုက်သည်။
"ဒါဆို သွားကြစို့"
ကျိုးဟောက်ယွီ ရှေ့မှ ဦးဆောင်ကာ ကားဆီသို့ ခေါ်သွားတော့သည်။ အနီးဆုံး စီချွမ်းဟော့ပေါ့ဆိုင်သို့ ရောက်သောအခါ သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်ကာ အစားအသောက်များကို မြိန်ယှက်စွာ စားရင်း နေ့စဉ်ဘဝ အကြောင်းအရာလေးများကို အေးအေးလူလူ ပြောဖြစ်ကြ၏။ သာမန်အကြောင်းအရာလေးများ ဖြစ်သော်လည်း သူတို့နှစ်ဦးမှာ ပျော်ရွှင်စွာ ရယ်မောနေကြသည်။ သို့သော်လည်း ဘေးဝိုင်းမှ မူးနေသော လူတစ်ယောက်သည် ဝိုင်ခွက်ကို ကိုင်ကာ ရုတ်တရက် လျှောက်လာပြီး လင်းချန်ချန်ကို နှောင့်ယှက်လေတော့သည်။
"အလှလေး၊ တစ်ခွက်လောက် အတူတူ သောက်မလား"
"ကျွန်မ ရှင်နဲ့ မသိဘူး၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
လင်းချန်ချန်မှ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အခု မသိလည်း တစ်ခွက်လောက် သောက်ပြီးရင် သိသွားမှာပေါ့ ဟဲဟဲ"
အမူးသမားမှ အရှက်မရှိ ဆက်ပြောနေသည်။ ကျိုးဟောက်ယွီ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ထိုလူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"မသိဘူးလို့ ပြောနေတယ်လေ၊ မင်း ဘာလို့ အဝေးကို မလစ်သေးတာလဲ"
"မင်းက ဘာကောင်မို့လို့လဲ"
ထိုလူမှ အထင်သေးသည့် အမူအရာဖြင့် ပြောလိုက်သည်။
"ငါက မိန်းမလှလေးနဲ့ စကားပြောနေတာ၊ မင်းနဲ့ ဘာဆိုင်လဲ၊ မင်း ကောင်းကောင်းမွန်မွန် နေချင်ရင် ဒီနေရာကနေ အမြန်ထွက်သွားလိုက်၊ မဟုတ်ရင် နောင်တရသွားမယ်"
"မင်းကတော့ အရိုက်ခံချင်နေပြီ ထင်တယ်"
ကျိုးဟောက်ယွီမှ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စကားအရှည်အဝေး မပြောတော့ဘဲ ထိုလူ၏ ခါးကို ကန်ချလိုက်ရာ အမူးသမားမှာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။
"တောက်၊ မင်းက ငါတို့လူကို လက်ဖျားနဲ့တောင် ထိရဲတယ်ပေါ့လေ"
အမူးသမားနှင့် အတူပါလာသည့် ဝိုင်းမှ လူများမှာ ကျိုးဟောက်ယွီ ရုတ်တရက် တိုက်ခိုက်လိုက်သဖြင့် ဒေါသတကြီး ထလာကြသည်။ သူတို့သည် ဝိုင်ပုလင်းများနှင့် ထိုင်ခုံများကို ဆွဲကိုင်ကာ ကျိုးဟောက်ယွီကို ဝိုင်းဝန်း ရိုက်နှက်ရန် ပြင်ကြလေတော့၏။
"ဒီလိုလူမျိုးကို အရိုက်ခံရတာ နည်းတောင် နည်းသေးတယ်"
ကျိုးဟောက်ယွီမှ ခပ်ဖွဖွ ရယ်မောရင်း ဆိုလိုက်သည်။ လူသုံးယောက်မှာ သူ့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ပြင်နေသော်လည်း သူ့မှာတော့ လုံးဝမတုန်လှုပ်ဘဲ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေဆဲပင်။
"ကောင်လေး၊ မင်း မကြာခင် ဆိုးဆိုးရွားရွား ခံစားရတော့မယ်"
ပထမဆုံး လူမှာအော်ဟစ်ကာ ဝိုင်ပုလင်းဖြင့် ကျိုးဟောက်ယွီ၏ ခေါင်းကို ရိုက်ချလိုက်သည်။
"ဒီကို ဆင်းလာခဲ့"
ကျိုးဟောက်ယွီမှ ပါးနပ်စွာ ရှောင်တိမ်းလိုက်ပြီး ထိုလူ၏ မျက်နှာကို ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်ရာ ကြမ်းပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။ ကျိုးဟောက်ယွီ၏ ပြင်းထန်သော တိုက်ခိုက်မှုကို မြင်လိုက်ရသောအခါ ကျန်ရှိနေသည့် နှစ်ဦးမှာ တုံ့ဆိုင်းသွားပြီး ရှေ့သို့မတိုးရဲတော့ပေ။ သို့သော်လည်း ကျိုးဟောက်ယွီမှာတော့ သူတို့ကို လွှတ်ပေးရန် အစီအစဉ် မရှိပေ။ ဤကဲ့သို့သော မူးယစ်ရမ်းကားတတ်သူများမှာ သင်ခန်းစာ တစ်ခုခု မပေးလျှင် နောင်တရကြမည် မဟုတ်ချေ။