အခန်း ၁၃၀
Vol. 13 Ch. 130
130
"ကျွန်မ အိပ်ချင်လှပြီ၊ အခုချက်ချင်း အိမ်ပြန်ပြီး အိပ်တော့မယ်"
လင်းချန်ချန်သည် ကျိုးဟောက်ယွီ၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲတော့ဘဲ ပြောပြောဆိုဆိုဖြင့် ကားဆီသို့ သုတ်ခြေတင် ပြေးသွားတော့သည်။
"ဒီကောင်မလေးကတော့လေ၊ တကယ်ကို အရှက်သည်းလွန်းတယ်"
ကျိုးဟောက်ယွီမှ ခပ်ဖွဖွ ရယ်မောမိသည်။ လင်းချန်ချန်ကို အိမ်သို့ လိုက်ပို့ပြီးနောက် ကျိုးဟောက်ယွီသည် အိမ်ပြန်ကာ ရေမိုးချိုး သန့်စင်လိုက်ပြီး ကုတင်ပေါ်တွင် နေရာယူကာ ရှစ်ဆယ့်ကိုးသွယ် အံ့ဖွယ်အတတ်ကို စတင်ကျင့်ကြံလေတော့၏။ ဤသည်မှာ အလွန်တရာ တန်ဖိုးကြီးမားလှသော နတ်မင်းတို့၏ ပညာရပ်ဖြစ်ရာ ကြိုးကြိုးစားစား မကျင့်ကြံလျှင် နှမြောဖို့ ကောင်းလှသည် မဟုတ်ပါလား။ နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ ကျိုးဟောက်ယွီသည် ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေမှုကို ခံစားလိုက်ရသည်။ သို့သော်လည်း မနက်ပိုင်း ကားထွက်မောင်းပြီး နာရီဝက်ခန့် ကြာလာသောအခါ တစ်ခုခု လိုအပ်နေသလိုလိုဖြင့် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရ၏။
"ဟုတ်သားပဲ၊ ဒီနေ့ ရှီယု ငါ့ဆီဖုန်းမဆက်ပါလား"
ကျိုးဟောက်ယွီ တစ်ယောက် အတော်ကြာ စဉ်းစားပြီးမှ ဝေ့ရှီယုထံမှ ယနေ့နံနက်တွင် ဖုန်းခေါ်ဆိုမှု မရှိသည်ကို သတိပြုမိသွားသည်။ ဤသည်မှာ ပုံမှန်မဟုတ်ပေ။ သူသည် ကားကို လမ်းဘေးတွင် ခဏထိုးရပ်လိုက်ပြီး ဖုန်းကို ထုတ်ကာ ဝေ့ရှီယု၏ ဖုန်းနံပါတ်ကို ရှာလိုက်သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဖုန်းခေါ်ဆိုလိုက်တော့၏။
"ဘာကိစ္စရှိလို့လဲ"
ဖုန်းထဲမှ ထွက်ပေါ်လာသော ဝေ့ရှီယု၏ လေသံမှာ အေးစက်စက်နှင့် အကွာအဝေးတစ်ခု ခြားထားသယောင် ရှိလှသည်။
"ဟိုလေ၊ ငါ မင်းကို ပိုက်ဆံ ယွမ်လေးသောင်းကျော် ပေးဖို့ ကျန်သေးတယ်လေ၊ အဲဒါ မင်းငါ့ကို ခိုင်းစရာ ကိစ္စများ ရှိမလားလို့ လှမ်းမေးတာပါ"
ကျိုးဟောက်ယွီမှ အနေရခက်စွာဖြင့် ပြောလိုက်သည်။
"ငါ့အိမ်ကို လာခဲ့"
ဝေ့ရှီယုမှ တိုးညင်းစွာ ပြောပြီးသည်နှင့် ဖုန်းကိုချက်ချင်း ချပစ်လိုက်တော့သည်။
"တူ တူ တူ"
ကျိုးဟောက်ယွီမှ ပြတ်တောက်သွားသော ဖုန်းသံကို နားထောင်ရင်း ခပ်ဟဟ ရယ်မောလိုက်ပြီး လေချွန်ကာ ကားကို ဝေ့ရှီယု အိမ်ဘက်သို့ မောင်းနှင်ခဲ့တော့သည်။ သူရောက်သွား၍ ကားရပ်လိုက်သောအခါ အိမ်အကူဖြစ်သူနှ သူ့ကို ပြုံးပြရင်း ပြော၏။
"မမလေးက အပေါ်ထပ် အခန်းထဲမှာ စောင့်နေပါတယ်၊ တက်သွားလိုက်ပါဦး"
"ဟုတ်ကဲ့"
ကျိုးဟောက်ယွီမှ ခေါင်းညိတ်ပြပြီး လမ်းကျွမ်းကျင်နေသည့်အတိုင်း ဝေ့ရှီယု၏ အခန်းဆီသို့ လျှောက်လာခဲ့သည်။ အနည်းငယ်ပွင့်နေသော အခန်းတံခါးဝတွင် ရပ်ရင်း ကျိုးဟောက်ယွီမှ ယဉ်ကျေးစွာဖြင့် တံခါးကို ခေါက်လိုက်၏။
"ငါ ဝင်လာပြီနော်၊ အဝတ်အစား မလဲရသေးရင်တော့ စောင်ပုံထဲ အမြန်ပုန်းနေလိုက်တော့"
"မပူပါနဲ့၊ နင်လာမယ်ဆိုတာ သိလို့ ဒီအချိန်မှာ အဝတ်လဲတာမျိုး လုံးဝမလုပ်ပါဘူး"
ဝေ့ရှီယု၏ ခပ်ဖွဖွ ရယ်မောသံလေး ထွက်ပေါ်လာသည်။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျိုးဟောက်ယွီ အကဲခတ်ကြည့်လိုက်ရာ ဝေ့ရှီယုသည် စန္ဒရားကြီးတစ်ခု၏ ရှေ့တွင် တည်ငြိမ်စွာ ထိုင်နေပြီး လက်ထဲတွင် သီချင်းနုတ်စာရွက်ကို ကိုင်ထားသည်ကို တွေ့လိုက်ရ၏။
"စန္ဒရား တီးနေတာလား၊ မင်းလက်ရာက ဘယ်လိုလဲ"
ကျိုးဟောက်ယွီမှ စိတ်ဝင်တစား မေးလိုက်သည်။
"ဒီလိုပါပဲ၊ ဒါပေမဲ့ နင့်ထက်တော့ အပြတ်အသတ် သာတာ သေချာတယ်"
ဝေ့ရှီယု မထူးခြားသလို လေသံဖြင့် ခပ်နောက်နောက် တုံ့ပြန်လိုက်သည်။ ကျိုးဟောက်ယွီမှ ခေါင်းကို ခါယမ်းကာ ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်၏။
"ငါက ဒါမျိုးကို တစ်ခါမှတောင် မထိဖူးတာ၊ ငါ့ထက်သာတာက ဂုဏ်ယူစရာကြီးလား"
"ငါက ဂုဏ်ပြိုင်နေတာ မဟုတ်ဘူး၊ အနည်းငယ်လေး ကြွားရုံတင်ပါ"
ဝေ့ရှီယုမှ ဂုဏ်ယူဝင့်ကြွားစွာ ဆိုသည်။
"ဒါဆိုရင်လည်း မင်းရဲ့အပိုင်ဆုံး သီချင်းတစ်ပုဒ်လောက် တီးပြပါလား၊ ငါ နားထောင်ချင်လို့"
ကျိုးဟောက်ယွီမှ ဝေ့ရှီယု၏ စန္ဒရားလက်ရာကို စူးစမ်းလိုစိတ်ဖြင့် အသာအယာ တောင်းဆိုလိုက်သည်။
"ကောင်းပြီလေ၊ ငါ့ရဲ့ စွမ်းရည်ကို ပြရတာပေါ့"
ဝေ့ရှီယုမှ သဘောကျစွာ ရယ်မောရင်း လက်ကလေးနှစ်ဖက်ကို စန္ဒရားခလုတ်များပေါ်သို့ တင်ကာ စိတ်အာရုံကို စုစည်းပြီး စတင်တီးခတ်လေတော့သည်။ သူမ၏ လက်ချောင်းလေးများမှာ သွက်လက်လှပြီး အဖြူအမဲ ခလုတ်များပေါ်တွင် ရေမြွေလေးများအလား ကူးခတ်သွားကာ သာယာနာပျော်ဖွယ် ရတုသံစဉ်များမှာ အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားစေ၏။ သီချင်းဆုံးသွားသည့်တိုင်အောင် ကျိုးဟောက်ယွီမှာ ထိုသာယာလှပသော သံစဉ်များထဲတွင် နစ်မြောနေဆဲဖြစ်ပြီး စိတ်အာရုံကို ပြန်မစုစည်းနိုင်သေးပေ။ ခဏအကြာမှ သူ အသံတိုးတိုးလေးဖြင့် မေးလိုက်သည်
"ဒီသီချင်းလေးရဲ့ နာမည်ကဘာလဲ"
"အိပ်မက်ထဲက ချစ်သူ"
ဝေ့ရှီယုမှ တိုးညင်းစွာ ဖြေသည်။
"နာမည်လေးက လှလိုက်တာ"
ကျိုးဟောက်ယွီမှ အံ့သြချီးမွမ်းရင်း ပြောလိုက်သည်။
"မင်း တကယ် တီးနိုင်တာပဲ၊ ငါ့စိတ်တွေကို လုံးဝ ဖမ်းစားသွားတာပဲ"
"ကဲ တော်ပြီ၊ အချိန်တန်ပြီ သွားကြစို့"
ဝေ့ရှီယု သူ၏ချီးမွမ်းစကားများကို လျစ်လျူရှုကာ မတ်တပ်ရပ်ပြီး အခန်းပြင်သို့ ထွက်လာခဲ့သည်။ ကျိုးဟောက်ယွီ နောက်မှလိုက်လာခဲ့၏။ ကားပေါ် ရောက်သည်အထိ ဝေ့ရှီယု ဘယ်သွားမည်ကို မပြောသေးသဖြင့် မေးလိုက်သည်။
"ငါတို့ ဘယ်ကို သွားကြမှာလဲ"
"ဟွမ်းယု ကလပ်ကို သွားမယ်"
ဝေ့ရှီယုမှ ခပ်အေးအေးပင် ပြန်ဖြေသည်။ လမ်းတစ်လျှောက်လုံးတွင် ကျိုးဟောက်ယွီ စကားစမြည်ပြောရန် အကြောင်းအရာများ ရှာဖွေခဲ့သော်လည်း သူမမှ အေးစက်စက်နိုင်လှသဖြင့် နောက်ဆုံးတွင် သူလည်း စကားမပြောတော့ဘဲ ငြိမ်သွားတော့၏။ ဟွမ်းယုကလပ်သို့ ရောက်သောအခါ ဝေ့ရှီယုမှာ ကားပေါ်မှ အရင်ဆင်းကာ ရင်းနှီးကျွမ်းဝင်စွာဖြင့် အတွင်းသို့ လျှောက်လှမ်းသွားသည်။ ကျိုးဟောက်ယွီ နောက်မှ လိုက်ရင်း ဟိုဟိုဒီဒီ ကြည့်မိမှ ဤနေရာသည် ဘိုလင်းကစားကွင်းကြီးတစ်ခု ဖြစ်ကြောင်း သိလိုက်ရ၏။
"ဟေ့ ရှီယု ဒီမှာလေ"
အဝေးမှနေ၍ ကျန်းရှောင်ဟွာမှာ သူတို့ကို လှမ်းခေါ်ရင်း လက်ပြနေသည်ကို ကျိုးဟောက်ယွီ မြင်လိုက်ရသည်။
"လာပြီ လာပြီ"
ဝေ့ရှီယုမှ ပြန်ထူးရင်း အမြန်ပြေးသွားတော့သည်။
"လူချောလေး၊ အတူတူ ကစားရအောင်လေ၊ လူများများနဲ့မှ ပိုပျော်စရာကောင်းတာ"
ကျန်းရှောင်ဟွာမှ ကျိုးဟောက်ယွီကို တက်တက်ကြွကြွ နှုတ်ဆက်သည်။ သို့သော် ကျိုးဟောက်ယွီမှာ ခေါင်းကိုသာ ခါယမ်းရင်း အားနာစွာပြော၏။
"မင်းတို့ပဲ ကစားကြပါ၊ ငါ ဒါမျိုးကို မကစားတတ်ဘူး"
"လွယ်လွယ်လေးပါ၊ ဒီအတိုင်း လှိမ့်ပစ်လိုက်ရုံပဲကို၊ မကစားတတ်ဘူးဆိုတာ မရှိပါဘူး"
ကျန်းရှောင်ဟွာမှ မထူးခြားသလို ပြောရင်း ခပ်ဟဟ ရယ်မောလိုက်ပြန်သည်။
"တကယ်လို့ ရှင်မကစားတတ်ရင်လည်း ရှီယုကို သင်ခိုင်းလိုက်ပေါ့"
"ဘယ်သူက သူ့ကို သင်ပေးဖို့ အချိန်ရှိမှာလဲ၊ သူ့ဘာသာ ဘေးကနေပဲ ကြည့်နေပါစေ"
ဝေ့ရှီယုမှ အေးစက်စက် ဖြတ်ပြောလိုက်ပြီး ဘိုလင်းဘောလုံးကို ကောက်ယူကာ အနေအထားပြင်ပြီး ပစ်လိုက်တော့သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ကျန်းရှောင်ဟွာမှ ကျိုးဟောက်ယွီကို မျက်စိတစ်ချက် မှိတ်ပြကာ စနောက်လိုက်၏။
"လူချောလေး၊ ကြည့်ရတာ ရှင်က ရှီယုရှေ့မှာ ဘာအဆင့်မှ မရှိပါလား၊ ဒါမျိုးတော့ ဘယ်ဖြစ်မလဲ ယောက်ျားပီပီ သတ္တိလေး ဘာလေး ပြဦးမှပေါ့"
"ငါက အကြွေးသမားသက်သက်ပါပဲ၊ ဘာအဆင့် ရှိရမှာလဲ"
ကျိုးဟောက်ယွီမှ မိမိကိုယ်ကို နှိမ့်ချကာ ဆိုသည်။
"အဲလိုလည်း ပြောလို့မရဘူးလေ၊ ရှီယုဆီမှာ ပိုက်ဆံကြွေးတင်နေတဲ့လူတွေ အများကြီးပဲဟာကို၊ ရှင့်ကိုကျမှ အပြင်ခေါ်လာတယ်ဆိုတော့ ရှင့်ကို တခြားသူတွေထက် ထူးထူးခြားခြား ဆက်ဆံတာ နေမှာပေါ့"
ကျန်းရှောင်ဟွာမှ ဆက်ပြီး စလိုက်ပြန်သည်။
"နင်ကတော့လေ၊ စကား အရမ်းများတာပဲ၊ ဘိုလင်း ကစားမှာလား မကစားဘူးလား၊ တတွတ်တွတ်နဲ့ နားငြီးစရာလိုက်တာ"
ဝေ့ရှီယု တစ်ယောက် ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ငေါက်လိုက်သည်။
"ဝါး၊ ငါက ဒီအတိုင်း စကားစမြည် ပြောနေတာကို နင်က ငါ့ကို အော်ဟစ်နေပါလား"
ကျန်းရှောင်ဟွာမှာ အံ့သြပြရင်း ပြောလိုက်သည်။
"ငါ လောင်းရဲတယ်၊ နင်တို့နှစ်ယောက်ကြားထဲမှာ တစ်ခုခု ရှိနေလို့သာ နင်ဒီလောက် ဒေါသထွက်နေတာနေမှာ"
"အေးပါ နင် ကြိုက်သလို ပြောတော့၊ ငါ နင့်ကို မပြောချင်တော့ဘူး"
ဝေ့ရှီယုမှ သက်ပြင်းချရင်း သူမ၏ စိတ်အာရုံအားလုံးကို ဘိုလင်းကစားခြင်းပေါ်၌သာ ပုံအောပစ်လိုက်တော့သည်။ ကျန်းရှောင်ဟွာ ထိုမြင်ကွင်းကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်ပြီး ကျိုးဟောက်ယွီ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်၏။
"လာပါ၊ အတူတူ ကစားရအောင်၊ ရှီယုနဲ့ ကျွန်မ ကစားနေတာကို ရှင်က ဘေးကနေ ဒီအတိုင်း ရပ်ကြည့်နေရင် မကောင်းဘူးလေ"
"ဒါပေမဲ့ ငါတကယ် မကစားတတ်ဘူး"
ကျိုးဟောက်ယွီ အနည်းငယ် အနေရခက်သွားသည်။ သူယခင် လူမှုပတ်ဝန်းကျင်တွင် ဘိုလင်းကစားခြင်းကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
"ဒါဆို ကျွန်မ သင်ပေးမယ်လေ"
ကျန်းရှောင်ဟွာမှ သဘောကောင်းလှစွာဖြင့် ကျိုးဟောက်ယွီကို ကစားကွင်းလမ်းကြောင်းရှေ့သို့ ဆွဲခေါ်သွားပြီး သူ့နောက်တွင် ရပ်ကာ တစ်ဆင့်ချင်းစီ သေသေချာချာ သင်ကြားပေးလေတော့သည်။ ဤကဲ့သို့ သင်ကြားပေးသည့် ဖြစ်စဉ်တွင် ခန္ဓာကိုယ်ချင်း အနည်းငယ် ထိမိမိခြင်းမှာတော့ ရှောင်လွှဲ၍ မရနိုင်ပေ။ ဘေးတွင် ရပ်ကြည့်နေသော ဝေ့ရှီယုသည် သွားကို တင်းတင်းကြိတ်ကာ အတော်ကြာအောင် အောင့်အီးသည်းခံနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဆက်ပြီး မအောင့်နိုင်တော့ဘဲ လှမ်း၍ အော်ပစ်လိုက်လေတော့သည်။
"ကျန်းရှောင်ဟွာ၊ နင်က ငါ့ကို ကစားဖို့ ခေါ်တာလား၊ ဒါမှမဟုတ် သူ့ကို ကစားဖို့ ခေါ်တာလား"