← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

131

"သူကလည်း မကစားတတ်၊ နင်ကလည်း မသင်ပေးဘူးဆိုတော့ ငါကပဲ ဝင်သင်ပေးရတော့မှာပေါ့"

ကျန်းရှောင်ဟွာမှ တဟားဟား ရယ်မောရင်း ပြောလိုက်သည်။

"အေးပါ နင်ပဲ သင်ပေးလိုက်တော့၊ သင်ပြီးရင်လည်း သူ့ကို ခေါ်ပြီး ဖြည်းဖြည်းချင်းပဲ ကစားကြတော့၊ ငါကတော့ ကိစ္စရှိလို့ အရင်ပြန်ပြီ"

ဝေ့ရှီယုမှ ဒေါသတကြီးဖြင့် လက်ထဲမှ ဘိုလင်းဘောလုံးကို ပစ်ချလိုက်ပြီး ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ကျန်းရှောင်ဟွာမှာ အပြေးအလွှား ရှေ့သို့ တိုးသွားပြီး သူမခါးလေးကို နောက်ကနေ သိုင်းဖက်ကာ ချော့မော့ရှာ၏။

"ငါက စလိုက်တာပါဟာ၊ နင်ကလည်း တကယ်ကြီး စိတ်ဆိုးသွားတာလား"

"ငါက ဘာလို့ စိတ်ဆိုးရမှာလဲ"

ဝေ့ရှီယုမှ ဇွတ်မှိတ်ငြင်းရင်း ပြောလိုက်သည်။

"ငါ နည်းနည်း ပင်ပန်းလို့ အိမ်ပြန်ပြီး အိပ်ချင်လို့ပါဆို"

"နှစ်တွေ ဒီလောက်ကြာလာတာ နင့်အကြောင်း ငါမသိဘူးမှတ်လို့လား"

ကျန်းရှောင်ဟွာမှ နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောလိုက်သည်။

"ကဲပါ၊ ငါ့ရှေ့မှာ လာဟန်ဆောင်မနေပါနဲ့၊ ငါ သင်ပေးတာကို မကြိုက်ရင်လည်း နင်ကိုယ်တိုင်ပဲ သွားသင်ပေးလိုက်တော့"

"ငါ မသင်ပေးပါဘူး၊ ကြည့်စမ်း သူ့ပုံစံက ပေါက်ကရနဲ့၊ ဘယ်လိုမှ တတ်မှာမဟုတ်ဘူး"

ဝေ့ရှီယုမှ နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက် ရေကူးသွားတုန်းက ဘိုလင်း အတူတူကစားမယ်လို့ နင်ပြောခဲ့တာ မှတ်မိသေးတယ် မဟုတ်လား"

ကျန်းရှောင်ဟွာမှ သတိပေးလိုက်ပြီး ဝေ့ရှီယု၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကုန်းတိုက်လေသည်။

"သူ့ကိုအရမ်းအ‌ပေါက်မဆိုးပါနဲ့ဟာ၊ ကြာရင် သူ ထွက်ပြေးသွားလိမ့်မယ်၊ အဲဒီကျမှ နောင်တရမနေနဲ့ဦး"

"သူက ထွက်ပြေးသွားပြီးသားပါ"

ဝေ့ရှီယုမှ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။ သူမစိတ်အာရုံထဲတွင် ရုံးခန်းတုန်းက ကျိုးဟောက်ယွီတစ်ယောက် တခြားမိန်းကလေးတစ်ယောက်နှင့် WeChat တွင် ပျော်ပျော်ပါးပါး စာရိုက်နေခဲ့သည့် မြင်ကွင်းမှာ အလိုအလျောက် ဖျတ်ခနဲ လျှပ်စီးလက်သလို ပေါ်လာပြန်၏။

"ဘာထွက်ပြေးတာလဲ"

ကျိုးဟောက်ယွီမှာ ဘာမှနားမလည်ဘဲ ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ ကျန်းရှောင်ဟွာ၏ အသံမှာ တိုးလွန်းသဖြင့် သူ သေသေချာချာ မကြားလိုက်ရခြင်းဖြစ်၏။

"ဘာမှမဟုတ်ပါဘူး၊ ရှီယုရဲ့ ခွေးလေး ထွက်ပြေးသွားလို့တဲ့"

ကျန်းရှောင်ဟွာမှ ခပ်ဟဟ ရယ်မောလိုက်သည်။

"အိမ်ကို သံယောဇဉ်ကြီးလှပါတယ်ဆိုတဲ့ ခွေးလို တိရစ္ဆာန်မျိုးတောင် ထွက်ပြေးသွားတယ်ဆိုရင် မင်း သူ့အပေါ် တကယ် ညှာညှာတာတာ မဆက်ဆံခဲ့လို့ ဖြစ်ရမယ်"

ကျိုးဟောက်ယွီမှ ခန့်မှန်းလိုက်သည်။ ထိုစကားကို ကြားသောအခါ ကျန်းရှောင်ဟွာ သဘောကျစွာ ရယ်မောရင်း ဝေ့ရှီယု၏ ပုခုံးကို ပုတ်ကာ ပြောလိုက်၏။

"ကြားတယ် မဟုတ်လား၊ ခွေးပေါက်လေးအပေါ် ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံဦး၊ မဟုတ်ရင် သူကလည်း ငတုံးမှမဟုတ်တာ၊ နင့်ဆီက နွေးထွေးမှု မရရင် တခြားသူဆီက နွေးထွေးမှု သွားရှာမှာပေါ့"

"နင်ကတော့ စကားတွေ အရမ်းတတ်တာပဲ"

ဝေ့ရှီယုမှ စောင်းမြောင်းကြည့်ကာ မျက်နှာတစ်ခုလုံး အလိုမကျမှုများဖြင့် ပြည့်နှက်သွားသည်။ သို့သော်လည်း သူမသည် ကျိုးဟောက်ယွီ၏ အနားသို့ လျှောက်လှမ်းသွားပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်၏။

"ငါ အားနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်၊ နင် ငါ့ကို သင်ခိုင်းချင်လို့လား"

"မင်း စိတ်မရှိဘူးဆိုရင်တော့ သင်ပေးပါဦး"

ကျိုးဟောက်ယွီမှ ခပ်ဖွဖွ ရယ်မောရင်း ပြန်ဖြေသည်။

"ဟွန့်"

ဝေ့ရှီယုမှ နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း နည်းနည်းလောက် ကြိုးစားပြီး အမြန်တတ်အောင် လုပ်ဦး၊ ဒါမှ ငါစိတ်မပျက်မှာ"

ကျန်းရှောင်ဟွာ ဤမြင်ကွင်းကို ကြည့်ကာ တစ်ယောက်တည်း သဘောကျနေပြီး တိုးတိုးလေး ရေရွတ်မိသည်။

"ဒီကောင်မလေး ရှီယုကတော့ သူအဲဒီလူချောလေးကို ဘယ်လောက်တောင် သဘောကျနေလဲဆိုတာ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိသေးဘူး ထင်တယ်"

သူတို့သုံးယောက် ပျော်ပျော်ပါးပါး ကစားနေစဉ်မှာပင် အဝေးမှနေ၍ လူအုပ်ကြီးတစ်စုသည် သူတို့ဆီသို့ ရုတ်တရက် ဦးတည်လျှောက်လှမ်းလာကြသည်။ ထိုလူအုပ်ကို ဦးဆောင်လာသူမှာ တခြားသူမဟုတ် ဖန်းအန်းရှန့် ပင်ဖြစ်၏။ သူသည် အမှတ်မထင် ခေါင်းလှည့်ကြည့်လိုက်ရာမှ ကျိုးဟောက်ယွီကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ ချက်ချင်း ကျဉ်းမြောင်းသွားတော့သည်။

"ခဏနေဦး၊ ငါတို့ မကစားခင် သူတို့ကို သင်ခန်းစာ အရင်သွားပေးရအောင်"

ဖန်းအန်းရှန့်မှာ နောက်မှလိုက်လာသည့် အပေါင်းအပါများကို လက်ပြလိုက်သည်။ သူတို့အားလုံးသည် ဖန်းအန်းရှန့်၏ အလိုကျ ခေါင်းငုံ့ခံနေကြသူများဖြစ်ရာ သူ့စကားကို ဘယ်သူမှ မငြင်းဆန်ဝံ့ကြပေ။ ထို့ကြောင့် ထိုလူအုပ်ကြီးသည် ကျိုးဟောက်ယွီရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာကြတော့သည်။

"ဟင်"

ဝေ့ရှီယုသည် ဖန်းအန်းရှန့်တို့ အုပ်စုကို သတိပြုမိသွားသဖြင့် မျက်မှောင်ကြုတ်သွားကာ ဘေးတွင် ဘောလုံးကို ပျော်ပျော်ပါးပါး ကိုင်နေသည့် ကျိုးဟောက်ယွီ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျိုးဟောက်ယွီမှ အံ့သြစွာ မေးလိုက်သည်။

"ဖန်းအန်းရှန့်ကို မှတ်မိလား၊ အခု သူတို့အုပ်စု ဒီကို ရောက်နေပြီဆိုတော့ နင့်ကိုပြဿနာလာရှာတာ သေချာတယ်၊ နင်အမြန်ပြေးတော့"

ဝေ့ရှီယုမှ စိုးရိမ်တကြီး တိုက်တွန်းရှာသည်။ ထိုစကားကြောင့် ကျိုးဟောက်ယွီ လှည့်ကြည့်လိုက်ရာ လူအုပ်ကြီး တရကြမ်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။

"ဘာကြောက်စရာ ရှိလို့လဲ"

ကျိုးဟောက်ယွီမှာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး ရဲရင့်ပြတ်သားစွာ ဆက်ပြောသည်။

"ဒီလို လူမိုက်အုပ်စု မပြောနဲ့၊ ကမ္ဘာကျော် ကြေးစားစစ်တပ်ကြီး လာရင်တောင်မှ ငါက မိန်းကလေး နှစ်ယောက်ကို ပစ်ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးမယ့် ယောက်ျားမျိုး မဟုတ်ဘူး"

"ကဲပါ၊ လေကြီးမနေနဲ့တော့၊ နင် အမြန်ပြေးပါ၊ ငါတို့ မိန်းကလေး နှစ်ယောက်က ဘာမှမဖြစ်ဘူး၊ သူတို့ ငါတို့ကို ဘာမှမလုပ်ရဲပါဘူး"

ဝေ့ရှီယု အတော်လေး အူယားဖားယား ဖြစ်နေရှာသည်။ ဘေးတွင် ရပ်နေသော ကျန်းရှောင်ဟွာမှာလည်း စူးစမ်းလိုစိတ်ဖြင့် မေးလာ၏။

"ဘာဖြစ်လို့လဲဟင်၊ သူတို့ကြားထဲမှာ ဘာပြဿနာ ရှိလို့လဲ?"

"တကယ်တော့ ဒါတွေ အကုန်လုံးက ငါ့ကြောင့်ပါ"

ဖန်းအန်းရှန့်တို့ ရောက်လာသည့်တိုင် ကျိုးဟောက်ယွီမှ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ဝေ့ရှီယု စိတ်မကောင်းဖြစ်သွားရသည်။ သူမသည် ရှေ့သို့ တစ်လှမ်းတိုးကာ အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်၏။

"ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စတွေ အကုန်လုံးက ငါ့ကြောင့် ဖြစ်တာ၊ သူက ငါကားမောင်းပြိုင်ဖို့ အကူအညီတောင်းလို့ လာပေးတဲ့သူသက်သက်ပဲ၊ နင်တို့ ပြဿနာရှာချင်ရင် ငါ့ဆီပဲ လာခဲ့"

"ဟဲဟဲ"

ဖန်းအန်းရှန့်မှာ ထိုစကားကို ကြားသော် သရော်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်သည်။

"မစ္စဝေ့၊ မင်း ဘာတွေ ပြောနေတာလဲ၊ မင်းနဲ့ လီချန်က အပျော်သဘော လောင်းကြေးထပ်ကြတာလေ ဒါကပုံမှန်ပါပဲ၊ ဒါပေမဲ့ မင်းဘေးက ကောင်ကတော့ စည်းကျော်သွားပြီ၊ ဒါက တခြားကိစ္စ"

"ဘာပဲဖြစ်ဖြစ်... ငါ သူ့ကို ကာကွယ်ပေးမှာပဲ၊ နင်တို့ သူ့ကို ပြဿနာရှာရင် ငါ့ကို ပြဿနာရှာတာနဲ့ အတူတူပဲ၊ ငါ ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး"

ဝေ့ရှီယုမှ မေးစေ့ကို အသာပင့်ကာ ပြတ်သားစွာ ဆိုသည်။

"မင်း လက်ပိုက်မကြည့်နေတော့ကော ဘာလုပ်နိုင်မှာမို့လို့လဲ၊ ငါ့ကို လာရိုက်မလို့လား"

ဖန်းအန်းရှန့်မှ လှောင်ပြုံးပြုံးလိုက်သည်။ သူသည် ဝေ့ရှီယု၏ မိသားစုအာဏာကို ရှိန်သဖြင့် သူမကို တစ်ခုခုမလုပ်ဝံ့သော်လည်း သူမစကားကိုတော့ အလေးမထားပေ။

"ကဲပါ ရှီယုရာ၊ ဒါ ယောက်ျားတွေရဲ့ ကိစ္စပဲ၊ မင်း ငါ့နောက်မှာပဲ သွားနေလိုက်ပါ"

ကျိုးဟောက်ယွီမှ ရှေ့သို့ လျှောက်လှမ်းကာ ဝေ့ရှီယုကို သူ့နောက်ကွယ်တွင် အုပ်မိုးကာကွယ်ပေးလိုက်ပြီး တည်ငြိမ်ပြတ်သားစွာ ပြောလိုက်သည်။

"နင်"

ဝေ့ရှီယုသည် ကျိုးဟောက်ယွီ၏ ကျယ်ပြန့်သော ပုခုံးကို ငေးကြည့်ရင်း ခေတ္တမျှ စကားလုံးများ ပျောက်ရှသွားရသည်။ ဖန်းအန်းရှန့်မှာ ကျိုးဟောက်ယွီကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်၏။

"မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာ ပုန်းမနေဘူးဆိုတော့ မင်းက ကြည့်ရတာ ယောက်ျားတစ်ယောက်နဲ့ ပိုတူလာသားပဲ"

"ငါက ယောက်ျားစစ်စစ်မို့လို့ပေါ့"

ကျိုးဟောက်ယွီမှ ရယ်မောလိုက်ပြီး ဖန်းအန်းရှန့်ကို သရော်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

"မင်း ငါ့ကို ချီးမွမ်းပေမယ့် ငါကတော့ ပြန်ပြောရလိမ့်မယ်၊ မင်းကတော့ ယောက်ျားတစ်ယောက် မဟုတ်ဘူး"

"ဟမ်"

ဖန်းအန်းရှန့်မှ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ပြောင်းလဲသွားသည်။

"မင်း သေချင်နေတာပဲ"

"ဘာလဲ၊ အခုကတည်းက ဒေါသထွက်နေပြီလား"

ကျိုးဟောက်ယွီမှ နှာခေါင်းရှုံ့လိုက်သည်။

"မင်းက လူအုပ်ကြီးကို ခေါ်လာပြီး ငါ့တစ်ယောက်တည်းကို ဝိုင်းရိုက်ဖို့ လုပ်နေတာလေ၊ ဒါက ယောက်ျားတစ်ယောက် လုပ်မယ့် အလုပ်လား"

"ငါ့ကို လာပြီး စိတ်ဆွမနေနဲ့"

ဖန်းအန်းရှန့်မှ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း တည်ငြိမ်စွာ ဆိုသည်။

"ငါက ဘယ်သူ့ကိုမှ လျှော့မတွက်တတ်ဘူး၊ ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို ဖမ်းရင်တောင် သူ့ရဲ့ အားအင်အကုန်လုံးကို သုံးတာပဲ၊ ငါ့မှာ လူအင်အားရှိတာက ငါ့ရဲ့ အင်အားပဲ၊ မင်းက ငါ့ကို လမ်းဘေးလူမိုက်တွေလို တစ်ယောက်ချင်းစီ ချဖို့ လာပြီး လှုံ့ဆော်နိုင်မယ် ထင်နေတာလား"

"မင်း အတွေးလွန်နေပြီ၊ ငါက မင်းကို ရန်စနေတာ မဟုတ်ဘူး၊ ငါက ပွင့်ပွင့်လင်းလင်းပဲ မင်း ယောက်ျားမဟုတ်ဘူးလို့ ပြောနေတာ"

ကျိုးဟောက်ယွီမှ ခပ်အေးအေးပဲ ပြုံးပြသည်။

"မင်း တကယ်ကို စော်ကားရဲတာပဲ၊ မင်းမှာ ဒီလို စော်ကားနိုင်စွမ်း ရှိတာလည်း အမှန်ပဲလေ"

ဖန်းအန်းရှန့်မှ ကျိုးဟောက်ယွီကို အေးစက်စက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်း လီချန်နဲ့ သူ့ရဲ့ အထူးကွန်မန်ဒို သက်တော်စောင့် လေးယောက်လုံးကို အမှုန့်ကြိတ်ပစ်ခဲ့တဲ့ ကိစ္စကို ငါသိပြီးသား၊ အဲဒါကိုတောင် ငါက မင်းကို ပြဿနာလာရှာတယ်ဆိုတော့ ဒါက ဘာကို ဆိုလိုလဲဆိုတာ သိရဲ့လား"

All Chapters