← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

132

"ဒါက မင်းကလည်း လီချန်လိုမျိုး ငါ့ဆီမှာ သင်ခန်းစာအကြီးအကျယ် အပေးခံချင်လို့လား"

ကျိုးဟောက်ယွီမှ သရော်သော လေသံဖြင့် မေးလိုက်သည်။

"မဟုတ်ဘူး"

ဖန်းအန်းရှန့်မှ ခေါင်းကို ခါယမ်းလိုက်ပြီး ယုံကြည်ချက်အပြည့်ရှိသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါက ငါမင်းကို အလဲထိုးနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့် ယုံကြည်မှုရှိတာကို ပြောတာ"

"ဒီလို ရောက်တတ်ရာရာ လူမိုက်အုပ်စုလေးနဲ့လား"

ကျိုးဟောက်ယွီမှ ရယ်မောရင်း ခေါင်းခါလိုက်မိသည်။ သူဖန်းအန်းရှန့်တို့အုပ်စုကို တမင်အထင်သေးလွန်း၍ မဟုတ်ပေ။ သို့သော်လည်း နတ်မင်းနှင့် ဆုံတွေ့ပြီးကတည်းက တန်ခိုးစွမ်းအားများစွာ ရရှိထားသဖြင့် စကားပြောသည့်အခါတိုင်း သူ့အလိုလို ရဲရင့်ဝင့်ကြွားသော အငွေ့အသက်များ လွှမ်းမိုးနေခြင်းဖြစ်၏။

"ရောက်တတ်ရာရာ ဟုတ်လား၊ ဟက် အခုအချိန်မှာတော့ မင်း ကြိုက်သလို လေထွားနိုင်တာပေါ့၊ ခဏနေလို့ ငါ့ရှေ့မှာ ဒူးထောက်ရတဲ့အခါကျရင်လည်း ဒီလို စော်ကားချင်တဲ့ အမူအရာမျိုးကို ဆက်ပြီး ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်"

ဖန်းအန်းရှန့်မှ လှောင်ပြောင်လိုက်သည်။ ထို့နောက် သူနောက်သို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သာမန်အရပ်သားနှင့်တူသော လူငယ်ခုနစ်ဦးသည် လူအုပ်ထဲမှ ရှေ့သို့ လျှောက်ထွက်လာကြ၏။ သူတို့သည် အရပ်အမောင်း သိပ်မမြင့်မားလှသော်လည်း ထိုလူခုနစ်ဦးလုံး၏ တစ်ကိုယ်လုံးမှ ထက်မြက်ပြတ်သားသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါမှာမျက်စိဖြင့် မမြင်နိုင်သော်ငြား ကျိုးဟောက်ယွီမှာတော့ ရှင်းရှင်းလင်းလင်းကြီး ခံစားလိုက်ရသည်။

"ကြည့်ရတာ ဒီလူတွေက သိုင်းပညာ တတ်ထားတဲ့သူတွေပဲ"

ကျိုးဟောက်ယွီ တိုးတိုးလေး ရေရွတ်မိသည်။ သူ့မျက်နှာထက်မှ စနောက်လိုသော အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အမူအရာမှာ တစ်ခဏချင်းအတွင်းမှာပင် တည်တံ့လေးနက်သွားတော့၏။

"တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြ"

ထိုခုနစ်ဦးထဲမှ ခေါင်းဆောင်ဖြစ်သူမှ အော်ဟစ်လိုက်ပြီး ကျိုးဟောက်ယွီဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။ ကျိုးဟောက်ယွီ အသက်ကို အောင့်၊ သိန်းငှက်မျက်လုံးကျင့်စဉ် ကို လှုပ်နှိုးလိုက်ပြီး ထိုလူ၏ လက်သီးချက်ကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ သူတန်ပြန်တိုက်ခိုက်ရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင် ဘေးဘီဝဲယာမှ နောက်ထပ် လူနှစ်ဦးမှ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လာပြန်၏။ သူတို့၏ တွဲဖက်ညီမှုမှာ ကွက်တိကျလှပြီး တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် တိုက်ခိုက်လာသဖြင့် ကျိုးဟောက်ယွီမှာ ခုခံရုံသက်သက်ဖြင့်ပင် အတော်လေး ရုန်းကန်နေရတော့သည်။ အမှန်ပင် လက်နှစ်ဖက်မှာ လက်လေးဖက်ကို မယှဉ်နိုင်ပါဆိုမှ ယခုမှာ လက်တစ်ဆယ့်လေးဖက်တောင် ဖြစ်နေသည် မဟုတ်ပါလား။

"ဗုန်း"

ကျိုးဟောက်ယွီသည် အကာအကွယ်မဲ့သွားခိုက် ရင်ဘတ်ကို ခြေထောက်ဖြင့် အရှိန်အဟုန်ပြင်းစွာ ကန်ခံလိုက်ရသဖြင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရလေသည်။

"ဒါ မင်းတို့ ငါ့ကို အကျပ်ကိုင်တာနော်"

ကျိုးဟောက်ယွီမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။ နောက်ဆုံးတွင် အခြားရွေးချယ်စရာ မရှိတော့သဖြင့် နတ်ကျင့်စဉ် ကို ထုတ်သုံးလိုက်ရတော့၏။ အမှန်တော့ သူသည် ဤကဲ့သို့သော နတ်မင်းတို့၏ စွမ်းအားကို လူအများရှေ့တွင် ခဏခဏ မထုတ်သုံးချင်ပေ။ တစ်ကြိမ်၊ နှစ်ကြိမ်ဆိုလျှင်တော့ မျက်လှည့်ပြသယောင် လှည့်စား၍ ရနိုင်သော်လည်း ခဏခဏ သုံးနေပါက မသမာသောစိတ်ရှိသူများမှာ ဤပညာရပ်၏ လျှို့ဝှက်ချက်ကို သတိထားမိသွားကြလိမ့်မည်။ ထိုအခါကျလျှင် တားဆီးရခက်သော ပြဿနာပေါင်းစုံမှာ သူ့ထံသို့ တရစပ် ရောက်ရှိလာနိုင်ပေသည်။

"ဒီအတိုင်း လိမ္မာပါးနပ်စွာနဲ့ ဒူးထောက်အရှုံးပေးလိုက်စမ်းပါ၊ ဘာလို့ အလကားနေရင်း ရုန်းကန်နေရတာလဲ"

ဖန်းအန်းရှန့်မှ ဘေးမှနေ၍ လှောင်ပြောင်နေသည်။ သူသည် ကျိုးဟောက်ယွီနှင့် တိုက်ရိုက်ပတ်သက်သော ရန်ငြိုးမရှိသော်လည်း ရှောင်မင်တောင်တုန်းက ကျိုးဟောက်ယွီ သူ့ကိုအလေးမထားခဲ့သည့်အပြင် လီချန်ကိုပါ ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ခြင်းကို သူလုံးဝသည်းမခံနိုင်ခြင်းဖြစ်၏။ လူအများစုအတွက်တော့ တစ်ခါတရံတွင် သိက္ခာနှင့် မျက်နှာမှာ အသက်ထက်ပင် ပို၍ အရေးကြီးသည် မဟုတ်ပါလား။ ကျိုးဟောက်ယွီသည် ပြင်းထန်သော တိုက်ပွဲအလယ်တွင် ရောက်ရှိနေသဖြင့် ဖန်းအန်းရှန့်ကို စကားပြန်ပြောရန် အချိန်မရှိပေ။ သူကျဟိန်းလိုက်သည်။

"ကြယ်ပျံလက်သီး"

ရှေ့တည့်တည့်မှ လူဆီသို့ ပြင်းထန်လှသော လက်သီးချက်တစ်ချက်ကို ပစ်သွင်းလိုက်တော့သည်။

"တကယ်ကြီး မြင်းပျံကြီးပါလား"

ကျိုးဟောက်ယွီ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသူမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ စောစောကတော့ ကျိုးဟောက်ယွီ၏ ကလေးဆန်သော အော်ဟစ်သံကို သူအဖက်မလုပ်ခဲ့သော်လည်း ယခုသူ့ဆီသို့ တကယ်ကြီး တစ်ဟုန်ထိုး ပြေးဝင်လာသော မြင်းပျံကြီး၏ အရှိန်အဝါကို မြင်လိုက်ရချိန်တွင်တော့ လုံးဝ ဆွံ့အသွားရရှာ၏။

"ဗုန်း"

ထိုလူ ကြောင်အမ်းနေခိုက်မှာပင် ကျိုးဟောက်ယွီ၏ ပြင်းထန်သော လက်သီးချက်မှာ သူ့နှာခေါင်းတည့်တည့်သို့ ကျရောက်သွားတော့သည်။ နှာခေါင်းသွေးများ ပန်းထွက်သွားကာ ထိုလူသည် နောက်သို့ လန်လျက် ကြမ်းပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားလေ၏။

"အားလုံး သတိထားကြ"

ရုတ်တရက် အခြေအနေ ပြောင်းလဲသွားသဖြင့် ကျန်ရှိနေသော ခြောက်ဦးမှာ အနည်းငယ် ယိမ်းယိုင်သွားကြသည်။ သို့သော်လည်း သူတို့၏ ကြွယ်ဝလှသော တိုက်ပွဲအတွေ့အကြုံများကြောင့် သတိကို ချက်ချင်းပြန်စုစည်းကာ မိမိကိုယ်ကိုယ် အကာအကွယ်ယူရန် ပြင်ကြ၏။ တိုက်ပွဲမှာ အရှိန်အဟုန် အပြင်းဆုံး အခြေအနေသို့ ရောက်ရှိနေစဉ်မှာပင် အဝေးမှနေ၍ အံ့သြတုန်လှုပ်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"အစ်ကိုကြီး နတ်သမားတော်မဟုတ်လား၊ ဒီနေရာမှာ ဆုံရလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး၊ ခင်ဗျားတို့ ခြောက်ယောက်လုံး ချက်ချင်း လက်နက်ချပြီး တိုက်ပွဲကို ရပ်လိုက်ကြ"

"ဟင်"

ကျိုးဟောက်ယွီ အံ့အားသင့်သွားသည်။ သူ ဘာဖြစ်လို့ ဘာလဲဆိုတာကို မစဉ်းစားရသေးခင်မှာပင် ထိုလူခြောက်ဦးလုံးမှာ တစ်ပြိုင်နက်တည်း နောက်သို့ ဆုတ်ခွာသွားကြသည်ကို သတိပြုမိလိုက်၏။ အသံလာရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ ကျိုးဟောက်ယွီ အံ့သြသွားရသည်။ ထိုသို့ လှမ်းအော်လိုက်သူမှာ တခြားသူမဟုတ် သူပဉ္စမမြောက် နတ်သမီးနှင့်အတူ ဈေးဝယ်ထွက်စဉ်က ကယ်တင်ပေးခဲ့ဖူးသော အဘိုးအို၏ မြေးဖြစ်သူ ဖြစ်နေသောကြောင့်ပင်။

"နင် သူတို့ကို သိလို့လား"

ဝေ့ရှီယုမှ ဇဝေဇဝါဖြင့် လှမ်းမေးသည်။

"သိတာပေါ့၊ သူတို့ အားလုံးက ငါ့အဖေရဲ့ တပည့်တွေလေ"

ချူကျင်းဖုန်းမှ ပြန်ဖြေလိုက်ပြီးနောက် ကျိုးဟောက်ယွီဘက်သို့ လှည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးသည်။

"အစ်ကိုကြီး နတ်ဆေးသမားတော်၊ သူတို့နဲ့ ဘယ်လိုဖြစ်ပြီး ပြဿနာတက်နေရတာလဲ"

"ငါက သူတို့နဲ့ ပြဿနာတက်တာ မဟုတ်ဘူး၊ ဒီကောင်နဲ့ တက်တာ"

ကျိုးဟောက်ယွီမှ ပြုံးရင်း ဖန်းအန်းရှန့်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဖန်း‌ကော ဘာတွေ ဖြစ်နေတာလဲ"

ချူကျင့်ဖုန်းမှ ဖန်းအန်းရှန့်ကို စူးစိုက်ကြည့်ကာ အဖြေတောင်းလိုက်သည်။

"ငါ သူ့အပေါ် ရန်ငြိုးအနည်းငယ် ရှိလို့ သင်ခန်းစာပေးမလို့ပါ၊ ဒါပေမဲ့ ကျင််းဖုန်းနဲ့ သိတဲ့သူဆိုမှတော့ ငါနောက်ဘယ်တော့မှ ပြဿနာမရှာတော့ပါဘူး"

ဖန်းအန်းရှန့်မှ လေသံအေးအေးဖြင့် ကပျာကယာ ပြန်ဖြေရှာသည်။

"ဘာရန်ငြိုးလဲ"

ချူကျင်းဖုန်းမှ လက်မလျှော့ဘဲ အကျိုးအကြောင်းကို ထပ်မံ မေးမြန်းသည်။ ဖန်းအန်းရှန့်၏ နှုတ်ခမ်းများ တုန်လှုပ်သွားသော်လည်း မဖြေဘဲမနေဝံ့သဖြင့် ရှောင်မင်တောင်တွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ်၍ သေသေချာချာ ရှင်းပြလိုက်ရတော့၏။ အကြောင်းစုံကို နားထောင်ပြီးနောက် ချူကျင်းဖုန်းမှ အသာအယာ ခေါင်းညိတ်လိုက်ပြီး ဖန်းအန်းရှန့်ကို လျစ်လျူရှုကာ ကျိုးဟောက်ယွီဘက်သို့ လှည့်၍ မေးသည်။

"အစ်ကိုကြီး နတ်ဆေးသမားတော်၊ သူပြောတာ တကယ်ပဲလား"

"အေး အဲဒီအတိုင်းပါပဲ၊ ဒါနဲ့ မင်းကဒါကို ဘာလို့မေးတာလဲ?"

ကျိုးဟောက်ယွီမှ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိသည်။

"ဖြန်း"

ပြင်းထန်လှသော ရိုက်သံနှင့်အတူ ကျိုးဟောက်ယွီ အံ့အားသင့်သွားရလောက်အောင်ပင် ချူကျင်းဖုန်းသည် ရှေ့သို့ တစ်လှမ်းတိုးကာ ဖန်းအန်းရှန့်၏ ပါးကို အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်တော့သည်။

"ကျင်းဖုန်း မင်း"

ဖန်းအန်းရှန့် သူ့ပါးကို လက်ဖြင့်အုပ်ကာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားပြီး ချူကျင်းဖုန်းကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေမိသည်။

"ငါမင်းကို အဲဒီလီချန်နဲ့ ဝေးဝေးနေဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီးသား၊ မင်းက ငါ့စကားကို မနားထောင်ဘူး၊ အဲဒီကောင်နဲ့ ပေါင်းတာက ထားလိုက်ပါဦး၊ အခုတော့ မင်းက ဘာမဟုတ်တဲ့ 'မျက်နှာ' ဆိုတဲ့ ကိစ္စလေးအတွက်နဲ့ ငါ့ရဲ့ကျေးဇူးရှင် နတ်သမားတော်ကိုတောင် ပြဿနာလာရှာရဲတယ်ပေါ့လေ၊ အဲဒီလို ဖြစ်မှတော့ ငါလည်း မညှာနိုင်တော့ဘူး၊ ဒီပါးရိုက်ချက်က နောက်နောင် မင်းကို ပိုပြီး နှိမ့်ချတတ်အောင် သင်ခန်းစာပေးလိုက်တာပဲ"

ချူကျင်းဖုန်းမှ အေးစက်စက် ဆိုသည်။

"ဟုတ်ကဲ့၊ ကျွန်တော် မှားမှန်း သိပါပြီ"

ဖန်းအန်းရှန့်သည် ရင်ထဲတွင် ဒေါသအိုးပေါက်ကွဲမတတ် ဖြစ်နေသော်လည်း ချူကျင်းဖုန်း၏ ရှေ့မှောက်တွင်တော့ ဒေါသမထွက်ဝံ့ရုံတင်မကဘဲ မကျေနပ်သည့် အမူအရာလေးကိုပင် အနည်းငယ်မျှ မပြဝံ့ရှာပေ။ သူလုပ်နိုင်သည်မှာ လိမ္မာပါးနပ်စွာဖြင့် ခေါင်းကို ငုံ့ကာ အပြစ်ကို ဝန်ခံရန်သာ ဖြစ်သည်။ မဟုတ်ပါက ချူကျင်းဖုန်းမှ သူ့ကို မကျေနပ်သေးဘူးဟု ထင်မြင်သွားလျှင် သူ့အခြေအနေမှာ ယခုထက် ပိုမို ဆိုးရွားသွားနိုင်ပေသည်။

"ပြီးတော့ မင်းတို့ ခုနစ်ယောက်လည်း နောက်တစ်ခါ ဖန်းကောနဲ့ အတူတူ လျှောက်သွားနေတာကို ငါမမြင်ချင်တော့ဘူး၊ မင်းတို့ ကူညီပေးနေလို့ သူက ပိုပြီး စော်ကားရဲ၊ ရမ်းကားရဲ ဖြစ်နေတာ သဘောပေါက်လား"

ချူကျင်းဖုန်းမှ ကျိုးဟောက်ယွီနှင့် တိုက်ခိုက်ခဲ့သော သိုင်းသမား ခုနစ်ဦးကို လှည့်၍ ငေါက်လိုက်သည်။

"ဟုတ်ကဲ့၊ သဘောပေါက်ပါတယ်"

ထိုခုနစ်ဦးမှာ စနစ်တကျ လေ့ကျင့်ထားသူများပီပီ တစ်ပြိုင်နက်တည်း ညီညီညာညာ ပြန်ဖြေကြသည်။

"အစ်ကိုကြီး နတ်ဆေးသမားတော်၊ သူတို့ ခင်ဗျားကို ဒဏ်ရာရအောင် မလုပ်လိုက်မိဘူး မဟုတ်လား"

လူမိုက်များကို ဆုံးမပြီးနောက် ချူကျင်းဖုန်းမှ ကျိုးဟောက်ယွီကို စိုးရိမ်တကြီးဖြင့် လှမ်းမေးရှာသည်။

"ဘာမှမဖြစ်ပါဘူးကွာ၊ မင်းပဲ ငါ့ကို နတ်သမားတော်လို့ ခေါ်နေတာပဲ၊ ငါ့မှာ ဘာပြဿနာ ရှိနိုင်မှာမို့လို့လဲ"

ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောလိုက်သည်။ သူသည် ချူကျင်းဖုန်း၏ နောက်ခံအကြောင်းအရာနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို အလွန် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေမိသော်လည်း တိုက်ရိုက် မမေးမြန်းခဲ့ပေ။ အမှန်ပင် သူနှင့် ချူကျင်းဖုန်းသည် ရင်းနှီးလှသည် မဟုတ်သေးသဖြင့် သူ့နောက်ခံကို လိုက်လံ စုံစမ်းနေခြင်းမှာ ယဉ်ကျေးမှုမရှိရာ ကျရောက်နိုင်သောကြောင့်ဖြစ်သည်။

All Chapters