← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

133

"ဩော် ဟုတ်သားပဲ ကျွန်တော်မေ့သွားလို့၊ ခင်ဗျားက ဒီလောက်တောင် စွမ်းတာပဲ ဒဏ်ရာအသေးအမွှားလေး ရရင်တောင် ချက်ချင်း ပြန်ကောင်းသွားမှာပေါ့"

ချူကျင့်ဖုန်းမှ ရေရွတ်လိုက်ပြီးနောက် အရင်ဆုံး မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

"ကျွန်တော့်နာမည်က ချူကျင့်ဖုန်းပါ၊ နတ်သမားတော်ကြီးရဲ့ နာမည်ကို သိပါရစေ"

"ငါ့မျိုးရိုးက ကျိုး၊ နာမည်က ဟောက်ယွီပါ၊ မင်း အဆင်ပြေသလို ခေါ်နိုင်ပါတယ်"

ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ပြန်ဖြေသည်။

"ဒါဆိုရင် ကျွန်တော် ကျိုးကောလို့ပဲ ခေါ်ပါ့မယ်"

ချူကျင့်ဖုန်းမှ ရိုရိုသေသေ ပြောဆိုပြီးနောက် တောင်းပန်စကား ဆိုလာသည်။

"ဖန်းကော ခင်ဗျားအပေါ် ပြစ်မှားမိသွားတဲ့အတွက် ကျွန်တော်ကပဲ သူ့ကိုယ်စား တောင်းပန်ပါတယ်၊ ခင်ဗျား စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"

"တောင်းပန်ဖို့ မလိုပါဘူးကွာ၊ ဒါက ရန်ငြိုးအသေးအမွှားလေးပဲဟာကို၊ ပါးတစ်ချက် ရိုက်လိုက်တာနဲ့တင် သူသင်ခန်းစာရသွားလောက်ပါပြီ၊ ဒါနဲ့တင် လုံလောက်ပါတယ်"

ကျိုးဟောက်ယွီမှ ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။ သူ့မျက်လုံးထဲတွင်တော့ ဖန်းအန်းရှန့်ဆိုသည်မှာ ဘာမှမဟုတ်သည့် နှံကောင်တစ်ကောင်မျှသာ ဖြစ်ပြီး၊ ကနဦးကတည်းက သူ့ကို အရေးတယူ စိတ်ထဲမထားခဲ့ချေ။

"ဒါဆိုရင်တော့ ကျိုး‌ကောရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်"

ချူကျင့်ဖုန်းမှ ပြုံးရင်း ဆိုလိုက်ပြီး ကျိုးဟောက်ယွီဘက်မှ မိန်းကလေးနှစ်ဦးကို လက်ပြနှုတ်ဆက်ကာ ပြောလိုက်သည်။

"ကျိုးကော ပျော်ပျော်ပါးပါး ကစားခဲ့ဦးနော်၊ သွားလိုက်ဦးမယ် ကျွန်တော်က ယူလုံဥယျာဉ်ရဲ့ အဆောင်၁ မှာနေတာပါ၊ အားရင် လာလည်ဦးလေ"

"အေးအေး၊ နောက်မှ ဆုံကြတာပေါ့"

ကျိုးဟောက်ယွီလည်း ပြန်လည် လက်ပြလိုက်သည်။ ချူကျင့်ဖုန်းနှင့် သူ့လူအုပ်ကြီး ထွက်သွားပြီးနောက် ကျန်းရှောင်ဟွာမှ ကျိုးဟောက်ယွီအနားသို့ တိုးကပ်လာကာ စူးစမ်းလိုစိတ်ဖြင့် မေးတော့၏။

"ရှင်က သခင်လေးကျင့်ဖုန်းနဲ့ ဘယ်လိုလုပ်ပြီး သိနေတာလဲ"

"သခင်လေးကျင့်ဖုန်း ဟုတ်လား"

ကျိုးဟောက်ယွီမှ မျက်ခုံးတစ်ချက်ပင့်ကာ မေးလိုက်သည်။

"ကျင့်ဖုန်းက ကျင့်ဖုန်းပေါ့၊ ဘာလို့ သခင်လေးဆိုတာကြီး ထည့်ခေါ်နေရတာလဲ၊ မင်းက ရှေးခေတ် ဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်နေတာလား"

"အမလေး၊ တကယ်ကြီးလား"

ကျန်းရှောင်ဟွာမှ ကျိုးဟောက်ယွီကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ရှင် သခင်လေးကျင့်ဖုန်းအကြောင်း တကယ်မကြားဖူးဘူးလား၊ အဲဒီဘွဲ့နာမည်က ကျွန််မပေးထားတာ မဟုတ်ဘူးနော်၊ ဒီလောကထဲမှာ လူတိုင်း သတ်မှတ်ထားကြတာ"

"သခင်လေးဆိုတာကို လူတိုင်းက သတ်မှတ်ပေးရတယ် ဟုတ်လား၊ ဘာတွေ လာလျှောက်ပြောနေတာလဲ"

ကျိုးဟောက်ယွီမှာ ကျန်းရှောင်ဟွာ၏ စကားကြောင့် လုံးဝ ဝေခွဲမရ ဖြစ်သွားရသည်။

"သူက ကျန်းတုန်းရဲ့ နာမည်အကြီးဆုံး သခင်လေး လေးယောက်ထဲက တစ်ယောက်လေ၊ ကျန်တဲ့ သုံးယောက်က ကျန်းဟန်မြို့မှာ ရှိကြပြီး ကျင့်ဖုန်းသခင်လေး တစ်ယောက်တည်းပဲ ပင်းဟိုင်မြို့က၊ ပြီးတော့ အဲဒီလေးယောက်ထဲမှာ သူက အငယ်ဆုံးပဲ၊ လူအများစု ပြောတာတော့ နောင်တစ်ချိန်ကျရင် ကျန်းတုန်းဒေသကြီးတစ်ခုလုံးက သူ့ရဲ့ လက်ဝါးကြီးအုပ်မှုအောက် ရောက်သွားလိမ့်မယ်တဲ့"

ကျန်းရှောင်ဟွာမှ အိန္ဒြေမရသော မျက်နှာပေးဖြင့် စွဲလန်းတကြီး ပြောရှာသည်။ ဘေးတွင် ရပ်နေသော ဝေ့ရှီယုမ ဆက်ပြီး ကြည့်မနေနိုင်တော့ဘဲ သူမပုခုံးကို ပုတ်လိုက်၏။

"နင် နည်းနည်းလောက် အိန္ဒြေဆယ်ပါဦးဟာ၊ ချူကျင့်ဖုန်းက ကလေးပဲ ရှိသေးတာကို သူ့အကြောင်း ပြောတိုင်း ဘာလို့ အဲဒီလောက်အထိ မျက်စိမျက်နှာ ပျက်နေရတာလဲ"

"ဘာကလေးလဲ၊ သူက မငယ်တော့ဘူးနော်၊ နောက်နှစ်နှစ်လောက်ဆိုရင် မိန်းမတစ်ယောက်ကို သေချာပေါက်ရှာတော့မှာပဲ"

ကျန်းရှောင်ဟွာမှ ရှက်ပြုံးပြုံးရင်း ပြန်ပြောသည်။

"သူက နင့်ကိုတော့ ရှာမှာ မဟုတ်ဘူး၊ အဲဒီလို ပေါက်ကရတွေ လျှောက်တွေးမနေနဲ့တော့၊ မဟုတ်ရင် နင့်ဘေးမှာ ရပ်နေရတာ ငါပဲအရှက်ရလွန်းလို့"

ဝေ့ရှီယုမှ သူမနဖူးကို လက်ဖြင့်အုပ်ကာ စိတ်ပျက်လက်ပျက် ဆိုရှာသည်။ ဘေးမှ ကြည့်နေသော ကျိုးဟောက်ယွီနှာတော့ ပို၍ ကြောင်အမ်းအမ်း ဖြစ်သွားကာ ပြောလိုက်၏။

"ဟေ့၊ မင်းတို့ ပြောပုံအရဆိုရင် အဲဒီ ချူကျင့်ဖုန်းက တကယ်ကို အကြမ်းကြီးနော်၊ သူ့မိသားစုက ဘာလုပ်တာလဲ"

"သူ့မိသားစုက ဘာလုပ်တာလဲလို့ မေးရမလား၊ ရှင်က စကားကို သေချာမမေးတတ်ဘူးပဲ၊ သူ့မိသားစုက ဘာအလုပ်မလုပ်တာလဲလို့ မေးရမှာ"

ကျန်းရှောင်ဟွာမှ ပြန်လည် ပြန်ပြောလိုက်သည်။ ဝေ့ရှီယုမှာတော့ ခပ်ဖွဖွ ရယ်မောရင်း ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"ကျန်းရှောင်ဟွာ၊ နင် တစ်ခါလောက်ဖြစ်ဖြစ် သာမန်လူလို မနေနိုင်ဘူးလား၊ သူ့မိသားစုက အာဏာရှိတာ မှန်ပေမယ့် နင်ပြောသလောက်အထိတော့ မပိုပါဘူးဟာ၊ သူ့မိသားစု မလုပ်တဲ့ အလုပ်တွေလည်း အများကြီး ရှိပါသေးတယ်"

"အဲဒါက အဓိက မဟုတ်ဘူး၊ အဓိကက သူ့မိသားစုက အရမ်းအာဏာရှိတာ၊ ချမ်းသာရုံတင်မကဘူး သိုင်းပညာ မိသားစု မျိုးရိုးလည်း ဖြစ်တယ်၊ မျိုးဆက်တိုင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ သိုင်းပညာရှင် တပည့်တွေ အမြဲ ထွက်ပေါ်လေ့ရှိတယ်လို့ ပြောကြတယ်"

ကျန်းရှောင်ဟွာမှ အားကျတကြီး ဆိုသည်။

"ထူးချွန်ပြောင်မြောက်တာကတော့ အမှန်ပဲ၊ ချူကျင့်ဖုန်းအဖေရဲ့ တပည့်တွေက တကယ်ကို တိုက်ခိုက်ရေး ကောင်းကြတယ်"

ကျိုးဟောက်ယွီမှာ လေးလေးနက်နက် ချီးမွမ်းလိုက်သည်။ ကျန်းရှောင်ဟွာမှ ကျိုးဟောက်ယွီကို ကြည့်ပြီး ဆက်လက် စစ်ဆေးမေးမြန်းပြန်၏။

"ရှင် ကျွန်မကို မပြောရသေးဘူးနော်၊ သခင်လေးကျင့်ဖုန်းနဲ့ ဘယ်လို သိသွားတာလဲဆိုတာ"

"တကယ်တော့ ရိုးရိုးလေးပါပဲ၊ သူ့အဘိုးက ရုတ်တရက် သတိလစ်လဲကျသွားလို့ ငါက ဝင်ကယ်ပေးလိုက်တာ၊ အဲဒီကနေ သိသွားကြတာပဲ"

ကျိုးဟောက်ယွီမှ မထူးခြားသလို ပြန်ဖြေသည်။

"ဝါး"

ကျန်းရှောင်ဟွာမှ အံ့အားသင့်စွာ ရေရွတ်လိုက်သည်

"ရှင်က ချူမိသားစုရဲ့ အကြီးအကဲ အသက်ကို ကယ်တင်ခဲ့တာပေါ့၊ ဒါက ကောင်းမှုကုသိုလ် အကြီးကြီးပဲ၊ သူ့ဆီကနေ ယွမ်သန်းပေါင်း တစ်သောင်း၊ နှစ်သောင်းလောက် တောင်းရင်တောင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး၊ အဲဒီကျရင် ရှီယုဆီမှာ တင်နေတဲ့ အကြွေးလေးက ဘာမို့လို့လဲ၊ အလွယ်လေး ပြန်ဆပ်နိုင်တာပေါ့"

"ငါ သူ့ကို ကယ်ခဲ့တာက အသက်တစ်ချောင်းကို တန်ဖိုးထားလို့ ကယ်ခဲ့တာပါ၊ ပိုက်ဆံအတွက် မဟုတ်ဘူး"

ကျိုးဟောက်ယွီမှ ခေါင်းခါလိုက်သည်။ ထိုငွေကြေး ပမာဏအပေါ် စိတ်ကူးယဉ်မိသည်မှာ မှန်သော်လည်း သူသည် ထိုစဉ်ကတည်းက ဂုဏ်သိက္ခာရှိရှိ ထွက်ခွာလာခဲ့ပြီးသား ဖြစ်၏။ အခုမှ ပိုက်ဆံသွားတောင်းရမည်ဆိုပါက အလွန် အရှက်သိက္ခာ ကင်းမဲ့ရာ ကျပေလိမ့်မည်။ ထို့ကြောင့် သူ ဘယ်လိုမှ မလုပ်ရဲပေ။

"ရှင်က ထင်ထားတာထက် ပိုပြီး ရိုးသားဖြောင့်မတ်တာပဲ"

ကျန်းရှောင်ဟွာမှ တဟားဟား ရယ်မောသည်။ ဘေးတွင် ရပ်နေသော ဝေ့ရှီယုမှာတော့ ထိုစကားကို ကြားမှ ရင်ထဲတွင် သက်ပြင်းချနိုင်တော့၏။ ဘာကြောင့်ရယ်မသိ အခုအချိန်တွင် သူမသည် ကျိုးဟောက်ယွီ ချမ်းသာသွားမည်ကို အထူးပင် စိုးရိမ်နေမိခြင်းဖြစ်သည်။ သူတို့သုံးယောက် ဘိုလင်းကို အကြာကြီး ကစားပြီးနောက် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်သွားကြသည်။ ကျန်းရှောင်ဟွာမှ အကြုံပြုလာ၏။

"ငါတို့ ရေကူးသွားရအောင်၊ ငါ တကယ် ရေကူးချင်လာပြီ"

"ကောင်းသားပဲ၊ ငါလည်း တစ်ကိုယ်လုံး စေးကပ်ကပ်နဲ့ နေလို့မကောင်းဘူး ဖြစ်နေတာ"

ဝေ့ရှီယုမှလည်း သဘောတူလိုက်သည်။ ကျိုးဟောက်ယွီ ပုခုံးတစ်ချက်တွန့်ကာ ပြောလိုက်၏။

"မင်းတို့ပဲ သွားကြပါတော့၊ ဘာပဲဖြစ်ဖြစ် မင်းတို့က ငါ့ကို ကစားခွင့်ပေးမှာမှ မဟုတ်တာ၊ ငါ မလိုက်တော့ဘူး"

"ဟေ့ လူချောလေး၊ အဲဒီလောက်အထိ အေးစက်မနေပါနဲ့ဦး၊ ရှီယုကို စကားကောင်းကောင်းလေး နည်းနည်းပြော၊ နည်းနည်းလောက် ချော့လိုက်ရင် သူ ရှင့်ကို အတူတူ ရေကူးဖို့ ခွင့်ပြုရင် ခွင့်ပြုမှာပေါ့"

ကျန်းရှောင်ဟွာမှ စနောက်ပြန်သည်။

"မလိုတော့ပါဘူး၊ ရေကူးရတာက ဒုက္ခများလွန်းလို့၊ ငါ့အလုပ်ပဲ ငါ ပြန်သွားလုပ်တော့မယ်"

ကျိုးဟောက်ယွီမှ လက်ပြနှုတ်ဆက်ရင်း ထွက်ခွာသွားတော့သည်။ သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းရှောင်ဟွာမှာ ဝေ့ရှီယုကို စလိုက်ပြန်၏။

"နင့်ရဲ့ ခွေးပေါက်လေး ထွက်ပြေးသွားပြီနော်၊ နင် လိုက်မဖမ်းတော့ဘူးလား"

"ဖမ်းစရာလား"

ဝေ့ရှီယုမှ မာန်မဲပစ်လိုက်သည်။ ကျိုးဟောက်ယွီ၏ ဝေးကွာသွားသော ကျောပြင်ကို ကြည့်ရင်း သူမ၏ စောစောက တက်ကြွပျော်ရွှင်နေသော စိတ်အခြေအနေမှာ တစ်ခဏချင်းအတွင်းမှာပင် ပကျဆင်းသွားရတော့၏။ ကျိုးဟောက်ယွီသည် ထိုနေရာမှ ထွက်လာပြီးနောက် ဖုန်းထဲမှ ဒီဒီစနစ်ကို ပြန်ဖွင့်ကာ အလုပ်ဆက်လုပ်လေသည်။ အငှားယာဉ်မောင်းရခြင်းမှာ ပင်ပန်းလှသည်မှာ မှန်သော်လည်း အလုပ်ချိန် လွတ်လပ်မှု ရှိခြင်းမှာတော့ ရှားရှားပါးပါး အားသာချက်တစ်ခု ဖြစ်သည်။

"တီ"

တစ်ယောက်ယောက်မှ အော်ဒါတင်လိုက်သည်။ ကျိုးဟောက်ယွီ ဖုန်းကို ကြည့်လိုက်ရာ မျက်နှာပြင်ပေါ်တွင် ပေါ်နေသော အမည်မှာ ထိုက်ရှန်းလောင်ဇီ ဖြစ်နေသည်။

"လောင်ဇီနဲ့ ထပ်ဆုံပြန်ပြီပဲ၊ ဒါက တကယ်ကို ရှားရှားပါးပါးပဲ"

ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ထိုနေရာသို့ အမြန်မောင်းသွားတော့သည်။ ရောက်ရမည့်နေရာသို့ ရောက်သောအခါ ကျိုးဟောက်ယွီသည် ကားပေါ်မှ ဆင်းကာ ဘေးတံခါးကို ဖွင့်ပေးပြီး ထိုက်ရှန်းလောင်ဇီကို ရိုရိုသေသေ ဖိတ်ခေါ်လိုက်၏။

"ဟေ့၊ ဒီနေ့ မင်း ဘာတွေ ဖြစ်နေတာလဲ?"

ထိုက်ရှန်းလောင်ဇီမှ အနည်းငယ် မလုံမလဲ ဖြစ်စွာဖြင့် မေးလိုက်သည်။ သူသည် ကျိုးဟောက်ယွီကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်ကာ ကြားထဲမှ ခြောက်ထဲသို့ ကျသွားသယောင် ခံစားနေရ၏။

"ဘာဖြစ်လို့လဲ"

ကျိုးဟောက်ယွီမှ ကားကို စတင်မောင်းနှင်ရင်း စစ်မှန်သော အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်တော်က လူကြီးသူမကို အရိုအသေပေးတာပါ၊ အဘိုးက အသက်ကြီးပြီဆိုတော့ ကျွန်တော် တံခါးဖွင့်ပေးတာ ပုံမှန်ပါပဲ"

"မဟုတ်ဘူး၊ မင်း ပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ၊ စကားကို ကွေ့ပတ်မနေနဲ့"

ထိုက်ရှန်းလောင်ဇီမှ ဒဲ့ပင် ပြောချင်တော့သည်။ သူသည် ယခင်ကလည်း ကျိုးဟောက်ယွီနှင့် တစ်ကြိမ်မက ဆုံဖူးထားသဖြင့် ယနေ့တွင် ထူးထူးခြားခြား ပြောင်းလဲနေသော ကျိုးဟောက်ယွီ၏ အပြုအမူကြောင့် တစ်ခုခု ဒုက္ခပေးလာမည်ကို အလွန် စိုးရိမ်နေမိခြင်းဖြစ်၏။

All Chapters